You are on page 1of 11

100th Anniversary U Thant

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ ၁၉ဝ၉ ဇန်နဝါရီလ ၂၂ ရက်


သောကြာနေ့ဖွားမို့ အခုအချိန်အထိ အသက်ထင်ရှား ရှိနေဦးမယ်ဆိုရင် အသက် ၁ဝဝ ပြည့်ပါပြီ။
ရာပြည့်အထိမ်းအမှတ်ပွဲတွေလည်း ကမ္ဘာအနှံ့ရောက် မြန်မာတွေက ကျင်းပကြတာလည်း
ကြားနေရပါပြီ။

တကယ်တော့ ဦးသန့်ဟာ ကမ္ဘာနဲ့ မြန်မာ နိုင်ငံရေးသမိုင်းစဉ် တခုလုံးမှာ


အမြဲတမ်းတောက်ပနေတဲ့ ကြယ်တစ်ပွင့်အဖြစ် မှတ်တိုင်စိုက်ထူခဲ့သူပါ။

ကမ္ဘာ့သမိုင်း ဇာတ်ခုံကြီးရဲ့ အခက်အခဲဆုံး ပြဿနာတွေ၊ အရှုပ်ထွေးဆုံး ပုစ္ဆာတွေနဲ့


နပန်းလုံးခဲ့ရတဲ့ (၁၉၆ဝ - ၇ဝ တဝိုက်က) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ အထွေထွေ
အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ခေါင်းဆောင်မှုအောက်မှာ သိက္ခာတက်ခဲ့ရတယ်။ ကမ္ဘာတလွှားမှာ
စစ်မီးပွားတွေဟာ မီးဟုန်းဟုန်းမတောက်ခင် ဦးသန့်ကြောင့် အစွယ်ကျိုး ငြိမ်းကုန်ကြတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးဟာ တစထက်တစ ပိုပြီး ခိုင်မာလာခဲ့တယ်။ အခုနေအခါ ကမ္ဘာ့ဒေသကြီးတွေက
ဘယ်သမိုင်းစာအုပ်ကို လှန်လှန် ‘ဦးသန့်’ဆိုတဲ့ အမည်ကို ထင်းခနဲနေအောင် တွေ့ရမှာပါ။ သူ့ကို
လေးစားကြည်ညိုစရာကောင်းတဲ့ အမြင့်မားဆုံး စကားလုံးတွေနဲ့ ချီးကျူးကြတယ်။
တက္ကသိုလ်ကြီးတွေက အမြင့်မားဆုံး ဂုဏ်ထူးဆောင်ဘွဲ့တွေ အပ်နှင်းကြတယ်။ နိုင်ငံတကာက
အမွန်မြတ်ဆုံး အတော်ဆုံး လူချွန်လူကောင်းဆုတွေ ပေးအပ်ကြတယ်။

၁၉၆၄ ခုနှစ်မှာ အယ်လ်ဂျီးရီးယားနိုင်ငံကို အလည်အပတ်သွားတော့ အဲဒီနိုင်ငံ သမ္မတက


သူ့အစိုးရတစ်ဖွဲ့လုံးနဲ့ လေဆိပ်မှာ ဆင်းကြိုတယ်။ ကော်ဇောနီ၊ ဂုဏ်ပြုတပ်ဖွဲ့နဲ့အတူ အမြောက် ၂၁
ချက် ပစ်ဖောက်ပြီး ကြိုတာမျိုးကို ခမ်းခမ်းနားနား လုပ်ခဲ့တယ်။ (တကယ်တော့ အဲဒီလို အမြောက် ၂၁
ချက် ဖောက်တယ်ဆိုတာမျိုးက နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်၊ သမ္မတတွေလာမှ
လုပ်လေ့ရှိတာမျိုးပါ။ ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ် ခရီးစဉ်မျိုးမှာ ဘယ်နိုင်ငံကမှ မလုပ်ခဲ့ဖူးဘူး။)
နောက်ပြီး အဲဒီ သမ္မတက မိန့်ခွန်းချွေတော့ “ကျနော်တို့ အယ်လ်ဂျီးရီးယားနိုင်ငံ
လွတ်လပ်ရေးရဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဦးသန့်ကို ကျေးဇူး အထူးတင်ရှိတဲ့အကြောင်း
ဒီနည်းနဲ့ ကျနော်တို့ ပြသချင်လို့ပါ” တဲ့။ (အဲဒီနောက်ပိုင်းက စပြီး ကမ္ဘာ့ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်အဆက်ဆက် အဖွဲ့ဝင်နိုင်ငံတွေကို လာလည်ကြတဲ့အခါ အမြောက် ၂၁ ချက်
ပစ်ဖောက်တဲ့ အစဉ်အလာ ဖြစ်သွားတော့တယ်။)

ကနေဒီနှင့်

ဦးသန့်ကြောင့် မြန်မာပြည်ကို ပိုပြီး လူသိများလာတယ်။ ကမ္ဘာ့မြေပုံပေါ်မှာ Burma


ဘယ်နားမှာမှန်း မသိရှာကြတဲ့ နိုင်ငံခြားသားတွေကို (ရှည်ရှည်ဝေးဝေး ရှင်းပြ ပြောပြနေမယ့်အစား)
‘ဦးသန့်ရဲ့ တိုင်းပြည်’ လို့ တစ်ခွန်းတည်း ပြောလိုက်ရုံနဲ့ ကိစ္စပြတ်တယ်။ “ကမ္ဘာမှာ ဗမာဟေ့” လို့
(ဘယ်သူကြားကြား မကြားကြား) နောက်လူတွေက လက်ဆင့်ကမ်းပြီး အသံကုန်ဟစ်နိုင်ခဲ့ကြတယ်။
မြန်မာ့နိုင်ငံရေးကိစ္စတွေမှာလည်း (အတွင်းရေးမှူးချုပ် မဖြစ်ခင်က) ဆောင်ရွက်ခဲ့တာတွေဟာ
စာပေအရေး၊ အမျိုးသားရေးအပါအဝင် နည်းတာတွေမှ မဟုတ်ဘဲ။ ဦးသန့်အရေးအခင်းဆိုတဲ့
(၁၉၇၄) မှတ်တိုင် လှုပ်ရှားမှုကြီးနဲ့ (ကွယ်လွန်ပြီးတဲ့တိုင်အောင်) တို့တိုင်းပြည်ရဲ့ သမိုင်းကြောင်းကို
ကောင်းကောင်းကြီး ကျေးဇူးပြုသွားခဲ့ရှာတယ်။

အဲဒီလို ဂုဏ်ယူစရာကောင်းလှတဲ့ မြန်မာ့လူချွန်လူကောင်း ဦးသန့်ရဲ့အကြောင်း


ကျောင်းတွေမှာ အလေးထားပြီး သင်ကြားပေးဖို့လိုတယ်။ ဦးသန့်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ
ရေးသားထုတ်ဝေခွင့် ပိတ်ပင်ထားတာကို ခံနေရတယ်။ အဲဒါကြောင့် လက်လှမ်းမီသလောက်
စာအုပ်တွေထဲက ကောင်းနိုးရာရာတွေကို ဟိုတစ ဒီတစ ရေးပြလိုက်ရပါတယ်။ ဦးသန့်ရာပြည့်နှစ်မှာ
သူ့ရဲ့ ကျေးဇူးကို အောက်မေ့ သတိရကြရအောင်ပါ။

x x x x x

(က)
“ကျွန်ုပ်တို့ကမ္ဘာကြီး၏ အဖိုးတန် ပိုင်ဆိုင်မှုများအနက် လူသားအဖြစ်ကို ရရှိခြင်းသည်သာ
အမွန်မြတ်ဆုံး တန်ဖိုးတစ်ခု ဖြစ်သည်ဟု ကျနော် စွဲစွဲမြဲမြဲ ပိုခံစားနေမိပါသည်။ ထို
လူသားအဖြစ်သည်သာ ကျနော်တို့၏ ရည်မှန်းကြိုးပမ်းမှု အစနှင့် အဆုံး ဖြစ်ရမည် မဟုတ်ပါလော။
ယခု ကမ္ဘာပေါ်ရှိ အစိုးရများ၊ စနစ်များ၊ ဝါဒများ၊ အဖွဲ့များသည်ကား ခုမြင် ခုပျောက် သင်္ခါရ
သဘောအရ ကွယ်ပျောက်သွားမည်ဖြစ်ပြီး လူသားအဖြစ်သည်သာ တည်တံ့ခိုင်မြဲမည် ဖြစ်ပေသည်။
လူသားများ၏ အရေးပါမှုနှင့် အသင်္ချေအနန္တ (စွမ်းပကား) အဖုံဖုံကို လျစ်လျူရှု ဖယ်ထုတ်ထားမည် (ဝါ)
ရှင်သန်ခွင့်မရအောင် တားဆီးပိတ်ဆို့ထားမည်ဆိုပါက ဤလူ့အဖွဲ့အစည်း သတ္တလောကကြီးသည်
အဓိပ္ပာယ်မဲ့ ဟင်းလင်းပြင်ပမာ ဖြစ်ချေတော့မည်။ ထို့ကြောင့်ပင် လူသားအဖြစ် သဘာဝနှင့်
အရေးပါမှုကို တိုး၍ တိုး၍ လက်ခံ တန်ဖိုးထား၊ နှစ်သက်လေးစားနေကြရပြီ မဟုတ်ပါလော။”

"I feel more strongly than ever that the worth of the individual humam being is the most
unique and precious of all our assets and must be the beginning and the end of all our efforts.
Govemments, systems, ideologies and institutions come and go, but humanity remains. Then
nature and value of this most precious asset is increasingly appreciated as we see how empty
organized life becomes when we remove or suppress the infinite variety and vitality of the
individual.”

အဲဒီစာပိုဒ်ကို ဦးသန့်က (၁၉၇၁ ခုနှစ်မှာ) ကုလသမဂ္ဂကို တင်သွင်းတဲ့ သူ့ရဲ့


နောက်ဆုံးအစီရင်ခံစာရဲ့ နိဒါန်းပိုင်းမှာ ထည့်သွင်းရေးသားခဲ့တာပါ။ ဘယ်လောက် လူသားဘဝကို
တန်ဖိုးထားတဲ့ စာသားတွေလဲ။ တနည်းအားဖြင့် ပြောရရင်တော့ “ဒီကမ္ဘာကြီးမှာ ခင်ဗျားတို့
ဘယ်သူခေါင်းဆောင်လုပ်လုပ်၊ ဘယ်ဝါဒပဲ ကျင့်သုံးကျင့်သုံး ကျနော်တို့လူသားတွေရဲ့ တန်ဖိုးကို
အချင်းချင်းလေးစားမှုတွေ ပျောက်ကွယ်ကုန်ရင်တော့ ဘာမှ ဖြစ်မလာဘဲ ဘာအဓိပ္ပာယ်မှလည်း
ရှိမှာမဟုတ်ဘူး”လို့ ရဲရဲဝံ့ဝံ့ ပြောချလိုက်တာပါပဲ။

x x x x x

(ခ)

ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် ဗုဒ္ဓ၊ ဓမ္မ စာပေအရပ်ရပ်နဲ့ ကြီးပြင်းလာခဲ့တဲ့ ဦးသန့်အဖို့


လူသားသစ္စာနဲ့ ဗြဟ္မစိုရ်တရားတွေဟာ အလျဉ်းသင့်တိုင်း သူ့ရဲ့ မိန့်ခွန်းတွေ၊ အစီရင်ခံစာတွေမှာ
ထင်ဟပ် ပေါ်လွင်ခဲ့တယ်။ နှစ်နှစ်ကာကာ ယုံကြည်ထားတဲ့တရားတွေ ဆိုတော့လည်း ကိုယ် စိတ် ၂
ပါးစလုံးမှာ အမြဲ ခြုံလွှမ်းနေတော့တာပေါ့။ ကုလသမဂ္ဂရဲ့ နှစ် ၂ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားကို
၁၉၆၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာ လုပ်တော့ သူ့ရဲ့မိန့်ခွန်းထဲမှာ
ဘယ်လိုထည့်ပြောခဲ့သလဲ ဆိုတော့ -
“ဤအခမ်းအနားတွင် လူသားအားလုံးအကျိုး မျှော်ကိုး၍ ကျနော်၏ ဆုတောင်း
ဆန္ဒပြုချက်များကို ဖော်ပြချင်ပါသည်။ ဤကမ္ဘာမြေပေါ်မှ လူသားများတွင် အာဃာတ
အမုန်းတရားများ ကွယ်ပျောက်ပါစေ။

- တစ်ဦးနှင့်တစ်ဦး၊ တစ်ယောက်နှင့်တစ်ယောက် မတူကွဲပြား ခြားနားသော လူမျိုး၊


အသားအရောင်၊ နိုင်ငံရေး၊ ဘာသာရေး၊ အယူဝါဒ၊ အစွဲအလမ်းများကြောင့် မုန်းတီးခြင်း၊
သတ်ဖြတ်ခြင်းများ ကင်းဝေးကြပါစေ။

- ကံတရား၏ အစီအမံကြောင့် ယခုဘဝတွင် ချမ်းသာသုခနှင့် ပြည့်စုံ ကြွယ်ဝသူများကလည်း


ကံမွဲရှာသူ ဆင်းရဲသား ကျောမွဲများအား စာနာထောက်ထားကာ မျှဝေခံစား သဒ္ဓါတရား
ထားနိုင်ကြပါစေ။

- အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များအနေဖြင့်လည်း (အချင်းချင်း ရန်စောင်မှု ကင်း၍)


သင့်သင့်မြတ်မြတ် ညီညီညွတ်ညွတ်ဖြင့် လူသားထုအကျိုးအတွက် ရည်ရွယ်ဆောင်ရွက်နိုင်ကြပါစေ။

“On the occasion of the twentieth anniverary of the Urited Nations, I would like to express the
following wishes for humanity:

- I wish that men cease to hate and kill their fellow-men for reasons of race, colour, religion,
nationalism or ideology;

- I wish that the rich and privileged share their blessings with the poor;

- I wish that the leaders of the great nations of our time surmount their differences and unite
their efforts for the benefits of all mankind. ...”

x x x x x

(ဂ)

ကမ္ဘာ့ဘာသာတရားတွေအပေါ်မှာ ရှင်းလင်း ပြတ်သားတဲ့အမြင် ဦးသန့်မှာ ရှိတယ်။


ဘာသာတရားရဲ့ အခန်းကဏ္ဍဟာ လူ့ဘဝခရီးအတွက် (တနည်း) ငြိမ်းချမ်းရေးခရီးအတွက်
အဓိကသော့ချက်တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း ကောင်းကောင်းသဘောပေါက်တယ်။

၁၉၆၄ ဇူလိုင်လ ၁၉ ရက်နေ့မှာ ပြောခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းတစ်ခုထဲမှာ ဘယ်လို


ထည့်သွင်းပြောကြားခဲ့သလဲ ဆိုတော့

“ကမ္ဘာကြီးပေါ်တွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် မိတ်ဆွေ ပီပီသသ အတူယှဉ်တွဲ နေထိုင်ရန်အတွက်


မည်သို့သော အခြေခံစိတ်ထားမျိုး မွေးမြူထားရပါမည်နည်း။
ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး ထူထောင်ရန်အတွက် ကျွန်ုပ်တို့၏ ဆန္ဒစွမ်းအင်ကို
မည်ကဲ့သို့ မယိုင်မလဲ ခိုင်မြဲအောင် လုပ်ဆောင်ရပါမည်နည်း။

ထိုပုစ္ဆာ မေးခွန်းများအတွက် အဖြေသည် (ကျွန်ုပ်အမြင်ကို တင်ပြရမည်ဆိုပါက) ကျွန်ုပ်တို့


လူသားများ၏ အကောင်းဆုံး လုံ့လဥဿဟ ပြုနိုင်မှုအပေါ်တွင်လည်းကောင်း၊ ဘာသာတရား
အရပ်ရပ်၏ အခြေခံအဆုံးအမ၊ တရားဓမ္မ ပညတ်ချက်များအား လိုက်နာကျင့်သုံးနိုင်မှု
အပေါ်တွင်လည်းကောင်း လုံးဝ ဥဿုံ တည်နေပေသည်။ ထို့ကြောင့် မူဆလင်ဘာသာဝင်များ
အနေဖြင့် ပို၍ကောင်းမွန်သော မူဆလင်များ ဖြစ်လာအောင်၊ ဟိန္ဒူဘာသာဝင်များအနေဖြင့်
ပို၍ကောင်းမွန်သော ဟိန္ဒူများဖြစ်လာအောင်၊ ခရစ်ယာန်ဘာသာဝင်များအနေဖြင့်
ပို၍ကောင်းမွန်သော ခရစ်ယာန်များ ဖြစ်လာအောင်၊ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ပို၍ကောင်းမွန်သော
ဗုဒ္ဓဘာသာဝင်များ ဖြစ်လာအောင် အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ကြရန်သာ ရှိကြောင်း ဆန္ဒပြု
တိုက်တွန်းရပါသည်။

“What states of mind are necessary for all of us to live together in peace with anolher as
good neighbours? How are we to unite our strength to maintain internalional peace and
security? The answers to these questions lie, it seems to me, in our ability to bring out the
best in us and to return the basic moral and ethical principles of all great religions. Let us,
therefore, dedicate ourselves anew to a new pledge: to make Muslims better Muslims, Hindus
better Hindus, Christians better Christians and Buddhists better Buddhists.”

ရွှေတိဂုံဘုရားပေါ်တွင်
(ဃ)

မြန်မာ့သာသနာရေး အာဇာနည် အရှင်သူမြတ်တစ်ပါးဖြစ်တဲ့ (တောင်မြို့)အမရပူရ


မဟာဂန္ဓာရုံ ဆရာတော်ကြီး (၁၉ဝဝ-၁၉၇၇) ရဲ့ ‘အနာဂတ် သာသနာရေး’ စာအုပ်ဟာ ၁၉၄၉ ခုနှစ်
(လွတ်လပ်ရေးရပြီး ၁ နှစ်အကြာ) မှာ ပေါ်ထွက်လာခဲ့တယ်။

“(လွတ်လပ်ပြီးစ) ဤအချိန်မျိုး၌ ငါတို့သာသနာဝင် အရှင်မြတ်တို့သည် ကိုယ်စီကိုယ်င


ဣနြေ္ဒရရနှင့် ထထကြွကြွ ရှိလိုက်ကြမည်ဆိုလျှင် လွတ်လပ်ပြီးနောက် ၁ဝ နှစ်လောက် အကြာဝယ်
ကမ္ဘာက လေးစားရသော တိုင်းပြည်ကလေး တပြည် မဖြစ်နိုင်ဘူးဟု မည်သူ ကန့်ကွက်ရဲအံ့နည်း။
ထိုကဲ့သို့ အကျိုးကို မြော်မြင်ကာ ယခုအချိန်မှာ ဤကျမ်းစာမျိုး ရှိသင့်ပြီဟု
ထင်မြင်လာပေသည်” ဟု ရဲရဲဝံ့ဝံ့ နိဒါန်းချီကာ သာသနာရေးအတွက် ပြုပြင်သင့်တာတွေကို
ရေးသားခဲ့ရှာတယ်။ ဆရာတော်ကြီးနဲ့ သဘောထားတူညီတဲ့ ဦးသန့်က လက်မလွှတ်တမ်း
ဖတ်ရှုသင့်တယ် ဆိုပြီး တိုက်တွန်းထားပြန်သေးတယ်။ တိုင်းပြည် တိုးတက်ရေးမှာ သာသနာရေး
ပြုပြင်မှုဟာ အရေးကြီးတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ဘာသာခြားတွေ (ဒီစာအုပ်ကို ဖတ်မိပြီး) ဗုဒ္ဓရဲ့
အခြေခံတရား အနှစ်သာရကို သိရှိစေချင်တဲ့ စေတနာ သူ့မှာ ရှိခဲ့တယ်ဆိုတာ ပေါ်လွင်တယ်။
အနာဂတ်သာသနာရေး နိဒါန်းမိတ်ဆက်

အဲဒီနိဒါန်းကို ရေးတဲ့ ၁၉၅၁ မှာ ဦးသန့်ဟာ (ဦးနုရဲ့ အစိုးရလက်ထက်မှာ)


ပြန်ကြားရေးဌာနဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ၆ နှစ်အကြာ(၁၉၅၇)မှာ
မြန်မာအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်လာခဲ့တယ်။ ၁၉၆၁ မှာတော့
အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးအထိ တက်လှမ်းနိုင်ခဲ့ပြီး ၁ဝ နှစ်ကြာ လုပ်ဆောင်ခဲ့တာပါ။ အဲဒီ
အနာဂတ် သာသနာရေးစာအုပ်ကို အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ထုတ်ဝေနေဆဲပါ။ ဒါပေမယ့် ဦးသန့်ရဲ့
အဲဒီ အမှာစာကလေးတော့ စစ်အစိုးရရဲ့ ‘မတော်မတရား စိစစ်ရေး’ကြောင့် ပါမလာရှာတော့ဘူး။

xxxxx

(င)

ကုလသမဂ္ဂရဲ့ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ဆွီဒင်ပြည်သား


ဒက်ဟမ္မားရှိုး ၁၉၆၁ မှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတော့ တတိယမြောက်
အတွင်းရေးမှူးချုပ် နေရာအတွက် ယှဉ်ပြိုင် အရွေးခံတာတွေ၊ အရှေ့အနောက် အုပ်စုတွေ သူ့လူ
ကိုယ့်လူ အကြိတ်အနယ် မဲဆွယ်တာတွေ စည်းရုံးတာတွေ ရှိတာပေါ့။ အဲဒီအချိန်မှာ ဦးသန့်ကို
(ကုလသမဂ္ဂရဲ့ ကဏ္ဍအတော်များများမှာ သံတမန်အသိုင်းအဝိုင်းမှာ သူ့ရဲ့ အရည်အချင်းကို
ပြသခဲ့ပြီးပြီမို့) တညီတညွတ်တည်း ရွေးကောက်တင်မြှောက်ခဲ့ကြတယ်။ အဲဒီ ရွေးကောက်ပွဲ
မတိုင်ခင်ကလေးမှာပဲ သူ့အပေါ် တီးတိုးတီးတိုး ခနဲ့သံတွေ ပေါ်လာတယ်။ ခြေခြေမြစ်မြစ်လည်း
မရှိပါဘူး။ အမှန်ကတော့ သံတမန်လောကမှာ ဒါဟာ ကလေးကလား စကားပါ။ (“ပြင်သစ်တွေက
ဦးသန့်ဟာ အရပ် သိပ်ပုလွန်းတယ်လို့ ပြောနေကြသတဲ့”) အဲဒါလည်း ကြားရော ခပ်တည်တည်
ခပ်ပြတ်ပြတ် (သံတမန် ဆန်မနေတော့ဘဲ) တုံ့ပြန် ပြောချလိုက်တာကတော့ -

“ကျနော် ပြင်သစ်ဘုရင် နပိုလီယံထက်တော့ အရပ်ပိုရှည်ပါတယ်။ နောက်ပြီး နပိုလီယံက


အင်္ဂလိပ်လိုလည်း မပြောတတ်ဘူးဗျ”

(“I am taller than Napoleon, who did not speak English.”)

ပြင်သစ်ဘုရင် နပိုလီယံက အရပ်ပုတာ ၅ ပေ ၂ လက်မပဲ ရှိတယ်လို့ ဆိုကြတယ်။ ဦးသန့်က


၅ ပေ ၇ လက်မ ရှိတယ်။ ၅ လက်မတောင် ပိုမြင့်သေးတယ်။

အဲဒါကို ရယ်စရာလိုလို ချက်ကျကျ ပြန်ပြောလိုက်တာပါ။ သံကြီးတမန်ကြီးဆန်ဆန်


နှိုင်းနှိုင်းချိန်ချိန် ပြောလေ့ရှိတဲ့ ကုလသမဂ္ဂလို နေရာမျိုးမှာ ဒဲ့ဒိုး ပြောခဲ့တာတွေလည်း
အခါအားလျော်စွာ ရှိခဲ့ပါတယ်။

ကနေဒါနိုင်ငံမှာ ၁၉၆၄ ခုနှစ်ကပါ။ သတင်းထောက်တွေက (ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သက်ပြီး)


အမေရိကန် အမတ်တစ်ယောက်က လောလောဆယ် အဆိုတင်သွင်းထားတဲ့ အနုမြူဗုံး ချပစ်ဖို့ကိစ္စကို
ထင်မြင်ချက် ပေးပါဦးလို့ ဦးသန့်ကို ပြောတယ်။

“ခင်ဗျားတို့ သိပြီးဖြစ်တဲ့အတိုင်း ကျနော်ဟာ အနုမြူလက်နက်ကို ဘယ်နေရာမှာဖြစ်ဖြစ်၊


ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် လူသတ်လက်နက်အနေနဲ့ သုံးတာကို ကန့်ကွက်သူပါ။ ဗီယက်နမ်မှာ
အနုမြူဗုံး သုံးဖို့ စိတ်ကူးပေါက်တဲ့သူဟာ (ကျနော့်အမြင်မှာတော့) ရူးသွပ်တဲ့သူပါ။
လူစိတ်ပျောက်တဲ့သူပါ။ နည်းနည်း အကျယ်ချဲ့ပြီး ပြောပါရစေဦး။ ၁၉၄၅ ခုနှစ်မှာ ဂျပန်ပြည်
ဟီရိုရှီးမားနဲ့ နာဂါးစကီမြို့တွေကို ရက်ရက်စက်စက် အနုမြူဗုံး ချခဲ့တာနဲ့ပတ်သက်ပြီး “ဂျပန်တွေဟာ
အဖြူမဟုတ်တဲ့ အာရှသားတွေ ဖြစ်နေလို့ အနုမြူဗုံးနဲ့ အသတ်ခံရတာ။ မဟာမိတ်တွေနဲ့ တချိန်တည်း၊
တပြိုင်တည်း စစ်ဖြစ်နေတဲ့ နာဇီဂျာမနီပြည်ကိုတော့ (အဖြူတွေ ဖြစ်နေလို့) အနုမြူဗုံး မချခဲ့ဘူး”
ရယ်လို့ အာရှတိုက်သား တော်တော်များများက နားလည်ခံစားမိကြတယ်။ လူမျိုးရေးဟာလည်း
အကြောင်းတရပ်ဖြစ်တယ်လို့ ကျနော် ဆိုချင်တယ်။ အဲဒါကြောင့် စောစောက ကျနော်ပြောတဲ့
အနုမြူဗုံး ဗီယက်နမ်မှာ သုံးဖို့စိတ်ကူးနေတဲ့သူတွေဟာ အဲဒီအချက်ကို အလေးအနက်ထားပြီး
စဉ်းစားစေချင်တယ်။

" As you are no dout aware, I am against the use of atomic weapons for destructive
purpose anywhere, under any circumstances. Any ody who proposes the use of
atomic weapons is, in my view, out of his mind. Let me elaborate there is, in my view a
RACIAL FACTOR in such a projected operation.... In 1945, when atomic bombs were
dropped over Hiroshima and Nagasaki in Japan, there was a widespreaded feeling in
my many parts of Asia that these deadly atomic weapons were dropped on Japanese
cities because the Japanese were non-whites, and it was also argued at that time that
atomic bombs would never have been dropped over cities in Nazi Germany, which was
also at war with the allies. So there is a RACIAL ELEMENT which I would commend to
the attention of those who are thinking of launching such atomic blasts.”

အဲဒီပြောကြားချက်တွေဟာ နောက်နေ့ထုတ်တဲ့ အမေရိကန်နဲ့ ကနေဒါက သတင်းစာတွေမှာ


မျက်နှာဖုံးသတင်းအဖြစ် ဝေဝေဆာဆာ ပါလာပြီးတော့ ဦးသန့်ကို ဝိုင်းပြီး ‘တွယ်ကြလိမ့်မယ်’လို့
ထင်ထားပေမယ့် ဘယ်သူက ဘာမှ ပြန်မပြောဘဲ ငြိမ်သွားကြတော့တယ်။

xxxxx

အထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့ ဝါရင့်ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးသန့်ရဲ့


ပြန်ကြားရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့ဖူးတဲ့သူရဲ့ ရေးသားချက်တွေထဲမှာ ဦးသန့်ကို
‘သတင်းထောက်တွေနဲ့ တွေ့ရမှာ၊ အမေးအဖြေ လုပ်ရမှာကို နှစ်သက်တဲ့ အတွင်းရေးမှူးချုပ်’ တဲ့။
အရှေ့ခြမ်းတိုင်းပြည်မှာ မွေးတဲ့ နှိုင်းနှိုင်းဆဆ ချင့်ချင့်ချိန်ချိန် လူတစ်ယောက်၊ အောက်သက်ကြေတဲ့
ဟောဟောဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်း လူတစ်ယောက် (ဦးသန့်)ဟာ တကယ့် အနောက်နိုင်ငံသား
ရင့်မကြီးတွေလို ကျင့်နိုင်သတဲ့ (‘Direct And Almost Western’)။ ဦးသန့်အရင် ကွယ်လွန်သူ
ဒက်ဟမ္မားရှိုးကတော့ သူ့လိုမဟုတ်ဘဲ ပြောင်းပြန် တဲ့။ အနောက်နိုင်ငံ(ဆွီဒင်)သား
တကယ့်ဆွေကြီးမျိုးကြီးက ပေါက်ဖွားလာပြီး မပွင့်တပွင့်နဲ့ ကြောက်သလိုလို ရွံ့သလိုလို၊
သတင်းထောက်တွေရှေ့မှာ အိုးနင်းခွက်နင်း ဖြစ်မှာ စိုးရိမ်လွန်နေရှာတဲ့ ဒက်ဟမ္မားရှိုးကတော့
အရှေ့တိုင်းက ဈာန်ရသူလိုပဲ (Eastern Mystic)တဲ့။

သြော် - ဘယ်အရပ်မှာ မွေးမွေး လူသာပဓာန မဟုတ်ပါလား။


ဒက်ဟမ္မားရှိုး၏ ဂူပေါ်တွင် ပန်းခွေချနေပုံ

xxxxx

ကမ္ဘာတလွှားက ကျော်ပေ့ မော်ပေ့ တော်ပေ့ ဆိုတဲ့ ပညာရှင် သုခမိန်တွေကြားထဲမှာ


ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်၊ ခေါင်းဆောင် လုပ်ထိုက်ပါပေတယ်လို့ သောင်းသောင်းဖြဖြ
တညီတညာတည်း မွန်မွန်မြတ်မြတ် အပ်နှင်းခဲ့တဲ့ ရာထူးတာဝန်ကို ထိုက်ထိုက်တန်တန်နဲ့
အကောင်းဆုံး ပြောင်ပြောင်မြောက်မြောက် ဆောင်ရွက်ခဲ့တဲ့ တို့မြန်မာပြည်သား ဦးသန့်အတွက်
တို့တတွေ အကြီးအကျယ် ဂုဏ်ယူတတ်ကြဖို့ လိုတယ်။ (ဂုဏ်ပြုရမှာ ပျက်ကွက်ခဲ့တဲ့ အစိုးရကို
ကျောင်းသားနဲ့လူထုက မခံမရပ်နိုင်ဖြစ်လို့ ၁၉၇၄ ဒီဇင်ဘာလမှာ ဦးသန့်အရေးအခင်း ဆိုပြီး
အုံကြွလှုပ်ရှား ဆန္ဒပြမှုကြီး ဖြစ်ပွားခဲ့တာကို မမေ့သင့်ကြဘူး။)

အခုခေတ်အချိန်အခါမှာ တို့တိုင်းပြည်က မလွတ်လပ်သေးတော့ (တို့ပြည်သူရဲ့ စိတ်တွေကို


အတင်းချုပ်ချယ် ပိတ်ဆို့ထားလေတော့) ဦးသန့်ရဲ့ ကျေးဇူးတရားတွေကို ထုတ်ဖော်ပြသဖို့
အခွင့်မကြုံကြရရှာဘူး။ ဒါပေမယ့်လည်း တချိန်ချိန်ကျရင်တော့

“ဗမာ့သားကောင်းများကို အဆိုအတီးအမှုတ်နဲ့ပင်

ရိုသေခင်မင်၊ အားတက် အလေးပြုလျက်ပဲ အစဉ်” ဆိုတဲ့ မြို့မငြိမ်းရဲ့ ‘လူချွန်လူကောင်း’


သီချင်းထဲကလိုပဲ ဂုဏ်ပြုခွင့်၊ အလေးပြုခွင့် ရကြမှာ မလွဲပါဘူး။ ။
ဦးအုန်းကျော်

ရည်ညွှန်း -

၁၊ U THANT: THE SEARCH FOR PEACE ( by June bingham)

၂၊ U THANT: THE SEARCH FOR PEACE ( by June Bingham)

၃၊ U THANT IN NEW YORK( 1961-1971) (By RsnsesN assif)

၎၊ U THANT : DIVINITY'S SMILE, HUMANITY'S CRY

(by Sri Chimoy)

၅၊ AN INSIDE LOOK AT THE UNITED NATIONS (UN First 50 years)

(by Stanley Meisler)

၆၊ THE RIVER OF LOST FOOTSTEPS (By Thant Myinr-U)

ဦးအုန်းကျော်

You might also like