You are on page 1of 27

တော်လန

ွ ေ
် ရးဆန်းစစ်ချက်နင
ှ့် BARD O’NEILL’S FRAMEWORK

(၂၀) ရာစုကာလတလျှောက်ဟာ စစ်ပွဲတွေနဲ့ ပြည့်လွှမ်းနေတဲ့ ရာစုနှစ်ကြီး တခုပါ။ ကမ္ဘာစစ်ကြီးတွေ၊

စစ်အေးတိုက်ပွဲတွေ၊ နယူးကလီးယား ထုတ်လုပ်အားပြိုင်မှုတွေက နိုင်ငံတကာ အဆင့်မှာ

ဖြစ်ပွားနေခဲ့သလို၊ ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ၊ အာဏာရှင်စနစ်

အသွင်အမျိုးမျိုးကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု

လှိုင်းလုံးကြီးတွေကနေ ပေါ်ထွက်လာခဲ့တဲ့ လူထုတော်လှန်ရေးတွေကလဲ နိုင်ငံပေါင်းများစွာမှာ

ဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ်ပွဲကြီးတွေထဲမှာ လူပေါင်းများစွာရဲ့ သွေးတွေ မြေမှာကျခဲ့ရပါတယ်။

လူသားတွေရဲ့ အသက်တွေဟာလဲ ပန်းပွင့်တွေပမာ တဖြုတ်ဖြုတ်နဲ့ ကြွေကျခဲ့ရပါတယ်။

စစ်ပွဲတွေကြောင့် မြေမှာကျခဲ့တဲ့ သွေးစက်တွေသာ ပေါင်းစုသွားပြီး သမုဒ္ဒရာထဲကို စီးဝင်သွားခဲ့မယ်ဆိုရင်

ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာကြီးတွေဖြစ်တဲ့ ပစိဖိတ်၊ အတ္တလန္တိတ်နဲ့ အိန္ဒိယသမုဒ္ဒရာကြီးတွေထဲက

ပင်လယ်ရေတွေဟာ ရဲရဲများ နီနေလိမ့်လေမလားလို့ ဆိုရမလိုပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာစစ်ကြီးတွေနဲ့ အင်အားကြီးနိုင်ငံကြီးတွေရဲ့ အားပြိုင်မှုတွေကတော့ ယနေ့ခေတ်

အခြေအနေနဲ့ အချိန်ကာလတခုမှာ ခေတ္တငုပ်လျှိုးနေပါပြီ။ ငြိမ်းချမ်းရေးလေ့လာသူတွေက

ကမ္ဘာစစ်ကြီးတွေနဲ့ စစ်အေးတိုက်ပွဲလို အားပြိုင်မှုကြီးတွေ ထပ်ပြီး မပေါ်ပေါက်လာအောင်

ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာဖော်ထုတ်နေကြပါတယ်။ တပြိုင်နက်တည်းမှာပဲ

စစ်ရေးလေ့လာသူတွေကတော့ ထွက်ပေါ်နေတဲ့ ခြေလှမ်းတွေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး

အားပြိုင်မှုတွေကို အကဲခတ်စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလေ့လာသူတွေ၊

စစ်ရေးလေ့လာသူတွေ၊ ပဋ္ဋိပက္ခရေးရာ ကျွမ်းကျင်သူ ဆိုသူတွေကို ပကတိ အခြေအနေမှာ

စိန်ခေါ်နေမှုတွေက ကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲတွေ မဟုတ်ပါဘူး။ နိုင်ငံတော်အကြမ်းဖက်မှုတွေ

ဖြစ်ပွားနေတဲ့ နိုင်ငံတွေ၊ ဖွံ့ဖြိုးတိုးတက်မှုမရှိပဲ Failed state ဖြစ်နေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေး တည်ငြိမ်မှု

မရှိတဲ့ အာဏာရှင် နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ အင်အားကြီးနိုင်ငံတွေက ပါဝါဂိမ်းတွေ

ဝင်ကစားကြပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု အခြေအနေကြောင့် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု၊

လူကုန်ကူးမှုတွေစတဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေကလဲ ကြီးစိုးနေကြပါတယ်။ ရာဇ၀တ်


ဂိုဏ်းတွေကလဲ အသွင်အမျိုးမျိုးနဲ့ ပေါ်ထွက်နေပါတယ်။ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘဝ

အခြေအနေတွေကလဲ တနေ့တခြား ဆိုးရွားလာနေကြတယ်။ နိုင်ငံကို စွန့်ခွာထွက်ရသူတွေ၊ နိုင်ငံကနေ

ထွက်ပြေးရသူတွေ ပိုပြီး များလာပါတယ်။ အဖိနှိပ်ခံ ပြည်သူတွေထဲကနေ ဖိနှိပ်သူတွေကို တော်လှန်ဖို့

ပေါက်ဖွားလာတဲ့ တော်လှန်ရေးတွေကလဲ ပန်းတိုင်နဲ့ မနီးပဲ ကြန့်ကြာမှုတွေ ရှိနေကြတယ်။ ဒီမိုကရေစီ

ကနဦးအသွင်ကူးမှု စပြီးမှ ဒီမိုကရေစီ စနစ် အမြစ်တွယ် ရှင်သန်ခိုင်မာမှု အဆင့်ကို မကူးပြောင်းနိုင်ပဲ

ရှေ့မတိုး၊ နောက်မဆုတ် ဖြစ်နေတဲ့ နိုင်ငံတွေကလဲ ရှိနေတယ်။ နောက်ပြန်ဆွဲသွားပြီး အာဏာရှင်စနစ်

ပြန်ဖြစ်သွားတဲ့ နိုင်ငံတွေကလဲ ရှိပြန်တယ်။ လူသားတွေရဲ့ ရှင်သန်ရပ်တည်ရမှုအပိုင်းမှာ မတူညီ

ကွဲပြားမှုတွေကလဲ တစတစ ပိုကြီးထွားလာနေတယ်။

ကြန့်ကြာနေသော တော်လန
ွ ေ
် ရးများ

အခြေအနေ၊ အမျိုးမျိုးကြောင့် တော်လှန်ရေးကြန့်ကြာနေတဲ့ နိုင်ငံတွေမှာဆိုရင် တော်လှန်ရေး

သမားတွေနဲ့ ပြည်သူလူထုဟာ အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်မှုဒဏ်တွေကို စက္ကန့်နဲ့အမျှ

ခံစားနေကြရတယ်။ နံနက်မိုးလင်းတာနဲ့ စပြီးကြုံတွေ့ရတဲ့ ရေ၊ မီး ပြဿနာတွေ၊ ကူးသန်းသွားလာရေး

ပြဿနာတွေ၊ ပညာရေး အခက်အခဲတွေ၊ ကျန်းမာရေး အခက်အခဲ၊ ပေါင်နှံရောင်းချငွေတိုးပေးရတဲ့

အခက်အခဲတွေ၊ စာရိတ္တပျက်စီးမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ လောင်းကစားဝိုင်းတွေ၊

စတာတွေဟာ ဘ၀အကျိုးပေးတွေကြောင့် မဟုတ်ပဲ အာဏာရှင်စနစ်ဆိုးရဲ့ နောက်ဆက်တွဲ

ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ဒီနောက်ဆက်တွဲ ဆိုးကျိုးတွေကို လူထုကြီး တရပ်လုံး

ခါးစည်းခံနေကြရသလို တော်လှန်ရေးသမားတွေမှာလဲ အကျဉ်းထောင်တွေထဲမှာ ငရဲပြည်တမျှ

ညှဉ်းပမ်းနှိပ်စက် မှုတွေကို ခံစားနေကြရပြန်ပါတယ်။

တော်လှန်ရေးတွေမှာ အချိန်တိုအတွင်း အောင်မြင်သွားတဲ့ တော်လှန်ရေးတွေ ရှိသလို၊

ဆယ်စုနှစ်ပေါင်းများစွာကြာမှ အောင်မြင်သွားတဲ့ တော်လှန်ရေးတွေ ရှိပါတယ်။ အောင်မြင်ဖို့ဆိုတာမှာ

အခြေအနေ၊ အချိန်အခါ၊ နိုင်ငံရေး အခင်းအကျင်း၊ မဟာဗျူဟာ အားသာချက်၊ အဂါင်္ရပ်ပြည့်စုံမှု၊

ခေါင်းဆောင်မှုအရည်အချင်း စတာတွေပေါ်မှာ မူတည်တာ ဖြစ်တာကြောင့် မအောင်မြင်သေးခင်မှာ


ခေါင်းဆောင်မှု တခုတည်းကိုပဲ လက်ညှိုးထိုး အပြစ်ပုံချလို့ မရပါဘူး။ မဟာဗျူဟာ တခုတည်းကိုပဲ

ပုံချပြီး အပြစ်ဆိုလို့ မရပါဘူး။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတခုတည်းကိုပဲ လက်ကိုင်ထားပြီး တည်မှီ

ဆုံးဖြတ်နေလို့လဲ မဖြစ်ပြန်ပါဘူး။ ဘက်ပေါင်းစုံ အားနည်းချက်တွေ ရှိနေနိုင်လို့ပဲ ဖြစ်ပါတယ်။

အားနည်းချက်တွေ ရှိတာဟာ အပြစ်ဆိုဖွယ်ရာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှိတဲ့ အားနည်းချက်တွေကို

ဖော်ထုတ်ဆန်းစစ်မှု မရှိတာနဲ့ လိုအပ်တဲ့ ပြင်ဆင်ဖြည့်ဆည်းမှု မရှိဘူးဆိုရင်တော့ ဒါဟာ

အပြစ်ဆိုဖွယ်ရာပဲ ဖြစ်ပါတယ်။ သင်္ချာပုစ္ဆာတွေကို မှားပြီး တွက်ထားလို့ စာမေးပွဲကျထားတဲ့

နှစ်ကျကျောင်းသားတယောက်ဟာ ဒီတွက်နည်းတွေကိုပဲ တခါပြန်တွက်နေပြီး၊ အသစ်တက်လာတဲ့

ကျောင်းသားတွေကိုလဲ ငါက ကျောင်းတနှစ် ပိုနေဖူး တာကြောင့် ငါတွက်တာ မှန်တယ်ဆိုတဲ့ ပုံစံနဲ့

တွက်နည်းအမှားတွေပဲ လမ်းညွှန်ပေးနေမယ်ဆိုရင် ဒီကျောင်းသားရဲ့ အနာဂတ်နဲ့ သူပြောတာ ယုံပြီး

လိုက်တွက်မိတဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ ဖြစ်ပါမယ်။ အမှန်တကယ်

နှစ်ကျကျောင်းသား လုပ်သင့်တာကတော့ အသစ်တက်လာတဲ့ ကျောင်းသားတွေကို “ညီလေးတို့၊

ညီမလေးတို့ရေ။ အစ်ကိုတော့ ဒီပုစ္ဆာတွေကို ဒီလိုမှားတွက်မိတယ်။ ဒါကြောင့် စာမေးပွဲကျတာ။

အစ်ကို့တို့ စုပြီး တွက်နည်းအမှန်ကို အဖြေထုတ်ကြည့်ရအောင်။ ဆရာမကို သွားမေးကြည့်ရအောင်”

ဆိုတာပဲ ဖြစ်သင့်ပါတယ်။ ဟန်ကိုယ့်ဖို့ ဆိုပြီး၊ တောပြောတောင်ပြောနဲ့ တွက်နည်းအမှားကိုပဲ

လက်ဆုပ်လက်ကိုင်ပြုထားတာတွေဟာ အနာဂတ်မှာ ဘယ်သူ့အတွက်မှ အကျိုး မရှိနိုင်ပါဘူး။

စာသင်ခန်းရှေ့က ဆရာခုံမှာ ထိုင်နေတိုင်းလဲ ဆရာမဖြစ်ပါဘူး။ ကျောင်းသားတွေက ဆရာလို့

သတ်မှတ်မှ ဆရာဖြစ်ပါတယ်။ ခေါင်းဆောင်လို့ ထိုင်အော်တိုင်းလဲ ခေါင်းဆောင်မဖြစ်ပါဘူး။

ခေါင်းဆောင်လို့ သတ်မှတ်သူရှိမှ ခေါင်းဆောင်ဖြစ်ပါတယ်။ ပွင့်လင်းမှုနဲ့ အခြေအနေကို အမှန်အတိုင်း

မြင်တတ်နိုင်မှုက ဆုံးဖြတ်ချက်ချမှတ်သူတွေအတွက် အရေးကြီးဆုံး အရည်အချင်းတွေပါ။

ဒါကြောင့် တော်လှန်ရေးတခုမှာ တော်လှန်ရေးသမားတွေဟာ ကိုယ်ဘာလဲ၊ ကိုယ်ဘယ်လဲ၊

တော်လှန်ရေး အခြေအနေက ဘယ်အဆင့်ကို ရောက်နေပြီလဲ ဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ဆန်းစစ်ချက်တွေကနေ ထွက်ပေါ်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ ဘေးက


ထိုင်ကြည့်နေသူတွေကလဲ ဘေးထိုင်ဘုပြောလုပ်နေတာထက် ဘယ်လိုအပ်ချက်မှာ ကိုယ်က

ပါဝင်ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့ လိုပါမယ်။ အဖိနှိပ်ခံပြည်သူတွေက

ဖိနှိပ်သူတွေကို တော်လှန်တဲ့ တော်လှန်ရေးဆိုတာ လှေလှော်ပြိုင်ပွဲ ကျင်းပနေတာ မဟုတ်ပါဘူး။

နှစ်ဘက်အသင်း ဘောလုံးကန်နေတာ မဟုတ်ပါဘူး။ လေယာဉ်ကြီးတစင်း ပြန်ပေးဆွဲခံထားရတဲ့

အခြေအနေမျိုးပါ။ ပြန်ပေးသမားတွေကို ပြန်တိုက်ခိုက်ဖို့ ကြိုးပမ်းနေသူတွေကို ဝေဖန်ရင်း

ကိုယ်ငုတ်တုတ်ထိုင်နေတာကပဲ သူတို့ ကြောင့်လိုလို ပြောလိုက်၊ ပြန်ပေးသမားတွေကို ကြောက်ပြီး

ပြုံးပြလိုက်၊ ကိယ
ုနဲ့ မဆိုင်ဘူးဆိုပြီး သီချင်းလေး နားထောင်လိုက် လုပ်နေလို့ မရပါဘူး။

ပြန်ပေးသမားတွေကို ပြန်ခုခံနေသူတွေမှာ အားနည်းချက်တွေ ရှိမှာလဲ အမှန်ပါပဲ။ ဘယ်လိုဖြည့်

ဆည်းပေးမလဲ စဉ်းစားကြည့်ဖို့ လိုပါတယ်။ ပြန်ခုခံနေသူတွေကလဲ ပုံစံတမျိုးနဲ့ မရရင်

အားနည်းချက်တွေကို ပြန်ဆန်းစစ်ဖို့ လိုပါမယ်။ သူများတွေ ဝေဖန်ထောက်ပြတဲ့အခါ ပြန်ဆန်းစစ်ပြီး

မဟုတ်ရင် လျစ်လျူရှု၊ ဟုတ်နေရင်တော့ ပြင်သင့်ပါတယ်။ ဒါမှလဲ တိုးတက်မှာပါ။ မျက်စိစုံမှိတ်၊

နားပိတ်ပြီး ခုန်ဆွခုန်ဆွ လုပ်နေလို့ မရပါ။

လေယာဉ်ပြန်ပေးဆွဲခံထားရတဲ့အခါ ခုခံမယ်ဆိုရင် လေယာဉ်နောက်ပိုင်းမှာ ခုခံနေသူတွေ ရှိဖို့သလို

လေယာဉ်မှူးခန်းထဲကို ဘယ်လိုရအောင် ၀င်ပြီး လေယာဉ်မောင်းတံကို ကိယ


ု့်လက်ထဲ ရောက်အောင်

ဘယ်လိုလုပ်မလဲ။ မြေပြင်နဲ့ ဆက်သွယ်မှုကို ဘယ်လိုပြန်ရအောင်ယူပြီး လေယာဉ်ကြီးကို အထိအခိုက်

အနည်းဆုံးနဲ့ မြေပေါ်ဆင်းနိုင်အောင် လုပ်မလဲ ဆိုတာတွေ ကြိုတင်တွက်ချက်ဖို့ လိုပါတယ်။ ခုခံရေးပဲ

ဦးစားပေးလုပ်တဲ့အခါ ထိန်းချုပ်ရေးက ကိုယ့်လက်ထဲမှာ မရှိတာကြောင့် နောက်ဆုံး လေယာဉ်ကြီး

ပျက်ကျသွားတာမျိုးလဲ ရှိတတ်ပါတယ်။ ခုခံပြီး အရာမထင်တာတွေလဲ ရှိတတ်ပါတယ်။ ဘက်မျှ ဖို့

လိုပါတယ်။ ပြန်ပေးသမားတွေကို ၀ိုင်းဖမ်းပြီး တရားစွဲတာတွေ ဘာတွေက ကြိုတွေးထားဖို့ လိုပေမယ့်

နောက်မှလုပ်ရမယ့် ကိစ္စတွေပါ။ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ပေါ်ကနေထိုင်ပြီး ဖုန်းလေးတဂွမ်ဂွမ်နဲ့

ပြန်ပေးသမားတွေကို တရားစွဲပေးနော်လို့ ထိုင်အော်နေလဲ ပြောရုံပဲ အဖတ်တင်မှာပါပဲ။ ကူပါ၊ ကယ်ပါဦး

ပြောနေပြန်ရင်လဲ တိုက်လေယာဉ်တွေ ဘေးက ၀န်းရံပြီး တက်လာပေးတာပဲ လုပ်လို့ ရမှာပါ။

ဘေးကနေ တက်လာတဲ့အခါမှာလဲ ဆက်သွယ်ရေးကိရိယာကနေတဆင့် ပြန်ပေးသမားတွေနဲ့

ညှိနှိုင်းမှုတွေ၊ ဖိအားပေးမှုတွေပဲ လုပ်နိုင်မှာပါ။ ပြန်ပေးသမားတွေချည်းကိုပဲ သီးသန့်ပစ်ချလို့


ရသည်ကလဲ မဟုတ်၊ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ကြီးထဲ ၀င်လာလို့ကလဲ ရတာ မဟုတ်တာကြောင့်

“ပြန်ပေးဆွဲ ခံထားရတဲ့ လူတွေကို သနားပါကြောင်း၊ ကိယ


ုချင်းစာပါကြောင်း” ပဲ ပြင်ပကနေ

ပြောနိုင်မှာပါ။ ဒါကို ပြန်ပေးဆွဲခံထားရသူတွေထဲက ဖုန်းရှိတဲ့ လူတွေက “အဲဒီပြန်ပေးတွေလေ၊ ခုပဲ

လူတယောက်ကို ရိုက်ပစ်လိုက်ပြန်ပြီ။ ခုပဲ ကိုယ်ဝန်ဆောင်ခရီးသည် မေ့လဲသွားပြီ။ ငါတို့တွေမှာ

စားစရာလဲ မရှိဘူးသိလား” လို့ ပြင်ပက လူကို ပြောလိုက်၊ ပြင်ပလူက “ဟုတလ


်ား။ ငါတို့ ကိုယ်ချင်းစာ

သနားပါတယ်လို့ လေယာဉ်ပေါ်က လူတွေကို ပြောလိုက်ပါ” လို့ ပြန်ပြောတဲ့အခါ ၀မ်းသာအားရ

ဖြစ်သွားပြီး “ဟေ့။ ငါတို့ဘေးမှာ ပါလာတဲ့ ဟိုလေယာဉ်က လူကလေ ငါတို့ကို သနားတယ်လို့

ပြောခိုင်းလိုက်တယ်” ဆြို ပီး ပြန်အော်ပြောပေးလိုက်နဲ့ လုပ်နေကြလို့ မရပါ။

ဒီကြားထဲ တခြားဘာလုပ်ရမလဲဆိုတာတွေ မစဉ်းစားတော့ပဲ လေယာဉ်မှူးအခန်းထဲမှာ

ပိတ်လှောင်ခံထားရတဲ့ ပိုက်လော့ကို အမြန်လွှတ်ပေးပါလို့ ပြန်ပေးသမားတွေကို ပြောသူကပြော၊

လေယာဉ်အပြင်က ၀န်းရံလိုက်လာပေးတဲ့ တိုက်လေယာဉ်တွေကို လေယာဉ်မှူးထုတ်လာပေးဖို့

ပြောပေးပါ ဆြို ပီး ဖုန်းတလုံးနဲ့ အော်နေသူကအော် ဖြစ်တတ်ပြန်ပါတယ်။ ဒီလေယာဉ်မှူးရှိနေရင်

ပြန်ပေးဆွဲထားရမှာ အခက်အခဲရှိလို့ ကြိုးတုပ်ပိတ်လှောင်ထားကာမှ လှောင်ထားသူကို လွှတ်ပေးပါလို့

အော်နေတာဟာ လက်တွေ့နဲ့ အပ်စပ်မှု ရှိမရှိ သိဖို့ လိုပါတယ်။

ဒီကြားထဲ “မင်းတို့လဲ ငါတို့နဲ့အတူတူ လေယာဉ်မောင်းရမှာပါကွာ” ဆိုပြီး ပြန်ပေးသမားတွေက

လေယာဉ်မောင်းခန်းထဲ ၀င်လာဖို့ ကမ်းလှမ်းတာနဲ့ပဲ ဘယ်ရောက်လို့ ဘယ်ဆိုက်မယ်မှန်းမသိတဲ့

လေယာဉ်ကို ပြန်ပေးသမားတွေနဲ့ အတူမောင်းဖို့ ဖင်တကြွကြွ ဖြစ်နေတတ်သူတွေကလဲ

ရှိပါသေးတယ်။ ပြုသင့်တဲ့ လုပ်ငန်းဆောင်တာတွေကတော့ လူတစုက ခုခံရေး လုပ်နေချိန်မှာ လူတစုက

လေယာဉ်မှူးခန်းကို ပြန်စီးနင်းပြီး လေယာဉ်မောင်းတံကို လေယာဉ်မှူးလက်ထဲ ရောက်အောင်

လုပ်ပေးဖို့၊ လိုအပ်တဲ့ ပြင်ပဆက်သွယ်မှုတွေနဲ့ လေယာဉ်မြေပြင်ဆင်းနိုင်ဖို့ အကူအညီတွေ ရယူဖို့

စတာတွေ ဖြစ်ပါတယ်။

လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှန်ကို ပကတိအတိုင်း သိနေပြီး လုပ်သင့်တဲ့အလုပ်တွေကို


ဦးစားပေးစနစ်နဲ့ လုပ်ဖို့က တိုက်ပွဲအောင်မြင်ရေးရဲ့ သော့ချက်ပါ။ ဒီလိုမဟုတ်ပဲ ဗျာများပြီး

ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ်နဲ့ လူအင်အား၊ ငွေအင်အားတွေကို ဖြန့်ကျဲသုံးနေရင် ဘာမှာမှ မထိရောက်ပဲ

အချိန်တွေကြာလာတဲ့အခါ လေယာဉ်ဆီ ကုန်လို့ပဲဖြစ်ဖြစ်၊ ပြန်ပေးသမားတွေရဲ့ စိတ်ဖောက်ပြန်မှု

ပိုဆိုးသွားလို့ပဲဖြစ်ဖြစ် လေယာဉ်ကြီးတခုလုံး ပျက်ကျသွားနိုင်ပါတယ်။ ပြင်ပမှာ ပါလာတဲ့

တိုက်လေယာဉ်မှူးတွေကလဲ လေယာဉ်ပေါ်က လူတွေက သနားလွန်းလို့ ၀င်ကယ်ဖို့

လုပ်နေသူတွေချည်းပါလို့ ဘယ်သူမှ အာမမခံနိုင်ပါ။ ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းမှု တစုံတရာ ရသွားပြီး၊

ဘယ်လိုအခြေအနေမျိုးတွေကို သဘောတူရင် လေယာဉ်ပေါ်က ခရီးသည်တွေကို လုပ်ချင်တာ လုပ်လို့

ရတယ်။ သတ်ပစ်ချင်သူ သတ်ပစ်လိုက်လို့ ရတယ်၊ မသိချင်ယောင် ဆောင်နေကြမယ် လို့

ဆိုသွားခဲ့ရင်ရော မခက်ပါဘူးလား။ ဒါတွေကို မတွက်ချက်ပဲ လေယာဉ်ပေါ်မှာ ပြန်ပေးဆွဲ

ခံထားရသူတွေထဲက ဖုန်းရှိသူတွေဟာ ဖုန်းပြောရတာလေးတွေ၊ နှစ်သိမ့်ခံရတာလေးတွေ ခုံမင်ပြီး

ဘာမှန်းမသိတဲ့ ပြင်ပက မရေမရာ အခြေအနေပေါ်မှာ ပုံအပ်ထားကြတဲ့အခါ၊ လေယာဉ်တွင်းမှာ

တကယ်ရှိနေသူတွေရဲ့ အင်အားကို မစုစည်းနိုင်ကြတော့တဲ့ အခါ၊ မရနိုင်တဲ့ တောင်းဆိုချက်တွေကို

ထိုင်အော်တဲ့ အလုပ်ပဲ လုပ်နေကြတဲ့အခါ ကျရင် ဒီလေယာဉ်ကြီး ပျက်ကျဖို့ ရာခိုင်နှုန်း

တော်တော်များနေပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် တော်လှန်ရေး ဆန်းစစ်ချက်နဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်ဆည်းမှုဆိုတာတွေက

အလွန်အရေးကြီးပါတယ်။ ကိုယ်တိုင်ပါဝင်နေတဲ့ တော်လှန်ရေးရဲ့ အခြေအနေတွေကို

ဆန်းစစ်မှုပြုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ တခြားတော်လှန်ရေးတွေကို လေ့လာဆန်းစစ်ချက် ပြုတာမှာပဲဖြစ်ဖြစ်

စနစ်တကျ ဆန်းစစ်ချက်ပြုလုပ်ဖို့ အတွက် လိုအပ်တဲ့ Framework တခုကို စစ်ရေးနဲ့

တော်လှန်ရေးစစ်ပွဲတွေကို လေ့လာသူ ပညာရှင် Dr. Bard O’Neill က ဖော်ထုတ်ပေးခဲ့ပါတယ်။

တကမ္ဘာလုံးက စစ်ဦးစီးတက္ကသိုလ်တွေနဲ့ စစ်မဟာဗျူဟာ လေ့လာရေး သင်တန်းတွေတိုင်းမှာ BARD

O’NEILL’S FRAMEWORK ဆိုတာ မပါမဖြစ်တဲ့ သက်ရိုးညွှန်းတန်း သင်ခန်းစာ တခုပါ။

တော်လှန်ရေးလုပ်နေသူတွေ အတွက် အရေးကြီးတဲ့ သင်ခန်းစာတခုဖြစ်သလို၊ တော်လှန်ရေးကို

နှိမ်နင်းသူတွေအတွက်ကလဲ ဒါကို သုံးပြီး တော်လှန်ရေး အားနည်းချက်ကို ဆန်းစစ်လေ့လာမှုတွေ


ပြုလုပ်ကြပါတယ်။ တဘက်နဲ့ တဘက် ဂိမ်းကစားတဲ့အခါ တဘက်ရန်သူကို လျှော့တွက်ပြီး

ကိုယ့်ကိုယ်ကို အထင်ကြီးတာဟာ အဆိုးဆုံး အားနည်းချက်ပါပဲ။ သူ့ဗျူဟာအခင်းအကျင်း၊

ကိုယ့်ဗျုဟာအခင်းအကျင်းကို သိအောင် အရင်လုပ်ပြီး ကိုယ့်ဘက်က ဟာကွက်တွေကို သူက

ဘယ်ဗျူဟာသုံးပြီး ဆန်းစစ်သွားနိုင်တယ်၊ ဘယ်ဗျူဟာသုံးပြီး ချေမှုန်းသွားနိုင်တယ် ဆိုတာ

ကြိုတင်ခန့်မှန်းနိုင်ရင် ကိုယ့်ဘက်က ဟာကွက်တွေကို ကြိုဖြည့်ထားနိုင်ပါတယ်။

BARD O’NEILL’S FRAMEWORK

ဒီ Framework မှာ အရေးကြီးဆုံး အချက်ကတော့ တော်လှန်ရေးရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။

တော်လှန်ရေးကို နားလည်ဖို့ တော်လှန်ရေးရဲ့ သဘောသဘာဝကို နားလည်ဖို့ လိုအပ်ပါတယ်။

တော်လှန်ရေးသဘောသဘာဝကို နားလည်ဖို့ တော်လှန်ရေးရဲ့ ပန်းတိုင်၊ အခြေခံရပ်တည်ချက်၊

သုံးသပ်စဉ်းစားချက်၊ တော်လှန်ရေး ဗျူဟာတွေကို တိတိကျကျ သတ်မှတ်ဖော်ထုတ်ပြီး၊

နားလည်သိရှိနေဖို့ လိုပါတယ်။ အခုဖော်ပြမယ့် Framework ဟာ လေ့လာဆန်းစစ်သူတွေကို

တော်လှန်ရေးရဲ့ ပန်းတိုင်၊ လမ်းကြောင်း၊ ဗျူဟာပိုင်းဆိုင်ရာတွေထဲက အားသားချက်၊

အားနည်းချက်တွေကို ဖော်ထုတ်ထောက်ပြပေးရုံသာမက တော်လှန်ရေးတခုရဲ့ အောင်မြင်မှု

ဖြစ်နိုင်ချေကိုပါ တွက်ချက်ပေးနိုင်ပါတယ်။

တော်လှန်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်သူတွေကို တော်လှန်တဲ့ အင်အားစုတွေအကြားက Political

Struggle တခုပါ။ တော်လှန်တဲ့ အင်အားစုတွေဟာ အဖွဲ့အစည်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊

ဝါဒဖြန့်ချိရေးနဲ့ လူထုလှု ပ်ရှားမှု စတဲ့ နိုင်ငံရေး အရင်းအမြစ်တွေနဲ့ လက်နက်ကိုင်လှု ပ်ရှားမှုတွေကို

ပေါင်းစပ်အသုံးပြုပြီး၊ အုပ်ချုပ်သူတွေရဲ့ နိုင်ငံရေး မျက်နှာစာတွေကို ဖျက်ဆီးတာ၊ ရပ်ဆိုင်းတာ၊

ပြောင်းလဲတာတွေ ပြုလုပ်ကြပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအရင်းအမြစ်နဲ့ လက်နက်ကိုင်လှုပ်ရှားမှု

ပေါင်းစပ်အသုံးပြုမှု လို့ ဆိထ


ုားပါတယ်။ လက်နက်ကိုင်လှုပ်ရှားမှုဆိုတာမှာ တောခိုပြီး

ပုန်ကန်လှုပ်ရှားတာတွေအပြင် မြို့ပြပုန်ကန်မှုတွေလဲ ပါဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းက

တော်လှန်ရေးတွေမှာ လက်နက်ကိုင်လှုပ်ရှားမှု မပါပဲ အောင်မြင်သွားတဲ့ တော်လှန်ရေးတွေလဲ


ရှိတတ်ပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုတွေကို လူထုတိုက်ပွဲပဲဖြစ်ရမယ်၊ လက်နက်ကိုင်လှုပ်ရှားမှုပဲ

ဖြစ်ရမယ် စသဖြင့် ကန့်သတ်လို့တော့ မရပါဘူး။ တော်လှန်ရေး တခုမှာ ပန်းတိုင်က

တိကျပြတ်သားရမယ်။ မဟာဗျူဟာက စနစ်တကျ ချမှတ်ရပါမယ်။ နည်းဗျူဟာပိုင်းကျတော့ အသုံးပြုလို့

ရနိုင်တဲ့ နည်းလမ်းမှန်သမျှကို အသုံးပြုနိုင်ရပါတယ်။ ဒီသဘောတရားကို သွေဖည်ပြီး ပန်းတိုင်ကျတော့

ဟိုလိုလို၊ ဒီလိုလိုနဲ့ မသဲမကွဲ၊ မဟာဗျူဟာကျတော့ ရှေ့တိုးမရ၊ နောက်ဆုတ်ခက်၊ နည်းဗျူဟာကျတော့

ဒါမှဒါ လုပ်လို့ အောင်ပွဲနဲ့ ဝေးသွားခဲ့တဲ့ တော်လှန်ရေးတွေ အများအပြားပါပဲ။ ဘာနဲ့ တူလဲဆိုတော့

ဘယ်ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတာလဲ မရေမရာ၊ ဘယ်လမ်းကြောင်းနဲ့

သွားမယ်ဆိုတာကလဲ မတိမကျနဲ့ လှေလှော်ရင်တော့ တက်ကို ဘယ်ဘက်မှာ မထားရဘူး။

ညာဘက်မှာပဲ ထားရမယ်လို့ ကန့်သတ်နေတာနဲ့ အတူတူပါပဲ။

နိုင်ငံရေးမျက်နှာစာဆိုရာမှာ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ယန္တရားကို ဆိုလိုပါတယ်။ ဒီယန္တရားမှာ မျက်နှာစာ

လေးခုရှိပါတယ်။ နိုင်ငံရေးအသိုင်းအ၀ိုင်း၊ နိုင်ငံရေးစနစ်၊ အာဏာရှင်တွေနဲ့ မူဝါဒတွေ ဖြစ်ပါတယ်။

နိုင်ငံရေးအသိုင်းအ၀ိုင်းထဲမှာ အစိုးရရေးရာ ဆုံးဖြတ်ချက်တွေကို နေ့စဉ်နဲ့အမျှ ချမှတ်အကောင်အထည်

ဖော်ပေးနေရသူတွေ ပါဝင်ပါတယ်။ နိုင်ငံရေးစနစ်ထဲမှာ တန်ဖိုး၊ စည်းမျဉ်းဥပဒေနဲ့ အုပ်ချုပ်ရေးယန္တရား

ဖွဲ့စည်းထားပုံတွေ ပါဝင်ပါတယ်။ နိုင်ငံရေး စနစ်ဆိုတာမှာ ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်

(traditional autocracy)၊ ခေတ်မှီအော်တိုကရေစီစနစ် (Modernizing autocracy)၊ အာဏာရှင် စနစ်

(authoritarian) နဲ့ Pluralistic စနစ်တွေ ပါဝင်ပါတယ်။

ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်ဟာ မွေးရာပါအခွင့်အလမ်းနဲ့ ဘာသာရေးယုံကြည်မှုပေါ်

မူတည်ပြီး အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်ဖြစ်ခွင့် အခွင့်အလမ်းကို တန်ဖိုးထားပါတယ်။ ဥပမာ-

ဘုရင့်သားက ဘုရင်ဖြစ်ခွင့် ရှိတာမျိုးတွေ၊ နိုင်ငံရေးမိသားစုကနေ မွေးဖွားလာပြီး နိုင်ငံရေးထဲ

ရောက်လာသူတွေအနေနဲ့ နိုင်ငံရေးလောကထဲမှာ အခွင့်အာဏာ ပိုရှိမှုတွေနဲ့ ဘာသာရေး

ယုံကြည်ချက်အရ ဘာသာရေးခေါင်းဆောင်အနေနဲ့ နိုင်ငံရေးခေါင်းဆောင်ပါ ဖြစ်လာတာ မျိုးတွေ

ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်ရဲ့ တန်ဖိုးတွေကတော့ ရေပေါ်ဆီဖြစ်မှုနဲ့ ပုဂ္ဂိုလ်ရေး

ကိုးကွယ်မှုတွေ ဖြစ်ပါတယ်။ ခေတ်မှီသော အော်တိုကရေစီ စနစ်မှာကျတော့ တန်ဖိုးထားမှုက


နိုင်ငံတော်အာဏာကို တည်ဆောက်ရယူမှု ဖြစ်ပါတယ်။ အဲဒီမှာ မွေးရာပါ အခွင့်အလမ်း၊ ရေပေါ်ဆီ

ဖြစ်မှုနဲ့ ဘာသာရေးခေါင်းဆောင်အနေအထားတွေကို အကြောင်းပြုပြီး နိုင်ငံတော်အုပ်ချုပ်ရေးအာဏာ

တရားဝင်ဖြစ်အောင် လုပ်ဖို့နဲ့ အများပြည်သူတွေ အစိုးရထဲမှာ မပါဝင်လာနိုင်အောင် ထိန်းချုပ်ရေးတွေ

ပါဝင်ပါတယ်။ အာဏာရှင်စနစ်မှာကျတော့ နိုင်ငံသားတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘ၀တွေကို

ထိန်းချုပ်နိုင်မှုကို တန်ဖိုးထားပါတယ်။ Pluralistic စနစ်မှာကျတော့ တဦးချင်း လွတ်လပ်ခွင့်၊

ညှိနှိုင်းဆောင်ရွက်မှု၊ အပေးအယူရှိမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် စတာတွေကို တန်ဖိုးထားပြီး၊

ဒီတန်ဖိုးတွေကို ဒီမိုကရေစီ အစိုးရသဏ္ဍာန်နဲ့ အကောင်အထည်ဖော် ပြီးမြောက်စေပါတယ်။

နိုင်ငံရေးရဲ့ တတိယမျက်နှာစာကတော့ အုပ်ချုပ်သူတွေ ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေ ဆိုတာမှာ

အုပ်ချုပ်ရေးအာဏာကို အမိန့်ပေးကျင့်သုံးသူတွေ ပါဝင်သလို၊ အာဏာကို အသက်ဝင်စေတဲ့

ဒေါက်တိုင်တွေလဲ ပါပါတယ်။ အုပ်ချုပ်ခံရတဲ့ ပြည်သူလထ


ူုကနေ အုပ်ချုပ်နေသူတွေဟာ

“လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ်၊ တိုင်းပြည်တိုးတက်ရေးကို မဆောင်ကျဉ်းပေးနိုင်ဘူး၊

ပြည်သူလူထုကို ဖိနှိပ်နေတယ်” ဆိုပြီး စဉ်းစားလာတဲ့အခါတွေကျရင် အာဏာဖီဆန်မှုနဲ့

ပုန်ကန်ခြားနားမှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။

နိုင်ငံရေးရဲ့ စတုတ္တ မျက်နှာစာကတော့ ပေါ်လစီ မူဝါဒတွေ ဖြစ်ပါတယ်။ ဒီမူဝါဒတွေထဲမှာ အစိုးရရဲ့

ပန်းတိုင်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စီမံချက်တွေ

ပါဝင်ပါတယ်။ ဒီပေါ်လစီတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်နဲ့ စီးပွားရေး

ရပ်တည်မှုတွေမှာ မျှမျှတတ ရေးဆွဲထားခြင်း မရှိပဲ ခွဲခြားသတ်မှတ်ခံရတယ်လို့ အုပ်ချုပ်ခံရတဲ့

ပြည်သူလူထုတွေထဲက လူထု လူတန်းစားတွေ၊ လူမျိုးစုတွေက ယုံကြည်လာတဲ့အခါ တော်လှန်ရေးတွေ

စတင်ပေါက်ဖွားလာနိုင်ပါတယ်။

တော်လှန်ရေးတွေ ပေါ်ပေါက်လာတဲ့အခါ တော်လှန်ရေးအင်အားစုတွေ သဏ္ဍာန်အမျိုးမျိုးနဲ့

ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးပညာရှင်တွေက တော်လှန်ရေးအင်အားစု အမျိုးအစားတွေကို ခုနစ်မျိုး

ခွဲခြား ဖော်ပြခဲ့ပါတယ်။ ပထမလေးမျိုးဖြစ်တဲ့ anarchist, egalitarian, traditionalist, and pluralist


သဏ္ဍာန်လေးမျိုးရဲ့ ပန်းတိုင်ကတော့ ရှိနေတဲ့ နိုင်ငံရေးစနစ်ကို လုံးဝ ပြောင်းလဲဖို့ ဖြစ်ပါတယ်။

Anarchist တွေရဲ့ ပန်းတိုင်ကတော့ institutionalized လုပ်ထားတဲ့ နိုင်ငံရေးအစီအမံတွေကို

ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ Egalitarian တွေကတော့ distributional equality နဲ့ ဗဟိုထိန်းချုပ်မှု

ဖွဲ့စည်းပုံကို အခြေခံပြီး လူမှုအဖွဲ့အစည်းကို ပြောင်းလဲနိုင်မယ့် နိုင်ငံရေးစနစ်သစ်ကို အစားထိုးဖို့

ရည်ရွယ်ပါတယ်။ traditionalist တွေကတော့ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို အာဏာရှင်စနစ်နဲ့

စစ်တပ်၊ ဘာသာရေး အသိုင်းအ၀ိုင်း၊ ရေပေါ်ဆီ လူတန်းစားတွေ ထောက်ခံတဲ့ ခေါင်းဆောင်တွေနဲ့

အစားထိုးဖို့ ရည်ရွယ်ပါတယ်။ pluralist တွေကတော့ လွတ်လပ်မှု၊ တရားမျှတမှု၊

အပေးအယူရှိမှုတွေအပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့

ရည်ရွယ်ပါတယ်။ secessionists တွေကတော့ သူတို့နယ်မြေဒေသတွေကို တိုင်းပြည်ကနေ

လုံးဝခွဲထွက်ပြီး သီးခြားနိုင်ငံတော်နဲ့ အစိုးရတည်ထောင်ဖို့ ရည်ရွယ်ပါတယ်။ reformists ကတော့

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ အခွင့်အလမ်းတွေ ရရှိဖို့ပဲ မူတည်ပါတယ်။

preservationist တွေကတော့ တော်လှန်ရေး လုပ်နေပေမယ့် လက်ရှိအခြေအနေနဲ့ နိုင်ငံရေးစနစ်

ဆက်ပြီး တည်ရှိနေမှုကိုပဲ လိုချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး မတည်ငြိမ်မှု

အခြေအနေတွေကနေ အကျိုးအမြတ် ရနေလို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတခုမှာ

ဒီလိုတော်လှန်ရေးအင်အားစု အမျိုးအစားတွေ တခု (သို့မဟုတ်) တခုထက် မက ပါဝင်နိုင်ပါတယ်။

အမျိုးအစားတွေ ကွဲပြားလေလေ၊ ပန်းတိုင်နဲ့ ရည်မှန်းချက်တွေ ကွဲပြားလေလေ ဖြစ်ပါတယ်။ ညီညွတ်မှု

တည်ဆောက်ရေးက အလွန်ခက်ခဲပါတယ်။ ပန်းတိုင်တခုမှာ ညီညွတ်ရေးရဖို့ အချိန်ပေး

တည်ဆောက်နေရတဲ့အတွက် တော်လှန်ရေးမှာ အင်အားတွေ စုစည်းပြီး အားမယူနိုင်ပါဘူး။

အင်အားတွေ ဖြာထွက်နေတတ်ပါတယ်။ တော်လှန်ရေးမှာ အဲဒီလို အခြေအနေမျိုးတွေဖြစ်နေရင်

အာဏာပိုင်တွေဘက်က မဟာဗျူဟာကျွမ်းကျင်သူတွေအတွက် အခွင့်အလမ်းပါပဲ။ အင်အားစုတွေကို

စည်းရုံးသိမ်းသွင်းရန် လွယ်ကူသောအင်အားစု၊ အမြစ်ဖြတ် ချေမှုန်းရန် လိုအပ်သော အင်အားစု၊

ချေမှုန်းရန် မလိုအပ်ပဲ အလိုလို ပြိုကွဲသွားနိုင်သော အင်အားစု၊ နိုင်ငံရေး မတည်ငြိမ်မှုကို

အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေသောကြောင့် ပွဲပြီးအောင် မတိုက်ပဲထားနေမည့် အာဏာ

တည်မြဲရေးကို တဘက်တလမ်းမှ ထောက်ကူပေးနိုင်သော အင်အားစု စသည်ဖြင့် ခွဲခြားသတ်မှတ်ပြီး

တော်လှန်ရေးကို ဖြိုခွဲချပစ်လေ့ရှိပါတယ်။ လူထုနဲ့ တော်လှန်ရေးကို ကွင်းဆက်ဖြတ်ပစ်လေ့ ရှိပါတယ်။


ဒါကြောင့် အမျိုးအစားသဏ္ဍာန်နဲ့ ရည်မှန်းချက် ပန်းတိုင် ကွဲပြားတဲ့ တော်လှန်ရေးအင်အားစု

တွေအကြားမှာ တပ်ပေါင်းစု ညီညွတ်ရေး လုပ်ငန်း လုပ်တာဟာ ရေပေါ်မှာ အရုပ်ရေးတာနဲ့ အတူတူပဲ

ဖြစ်ပါတယ်။ တော်လှန်ရေး လမ်းကြောင်းကို ချပြပြီး ချိတ်ဆက်လှုပ်ရှားမှုကနေ တဆင့် ကျစ်လျစ်အောင်

တည်ဆောက်မှုအပိုင်းပဲ အမြင့်ဆုံးလုပ်လို့ရနိုင်ပါတယ်။

ညီညွတ်ရေးပဲ အာရုံစိုက် လုပ်နေတဲ့ တော်လှန်ရေးတွေ မအောင်မြင်ပဲ ကြန့်ကြာတတ်ပါတယ်။

တဘက်က ညီညွတ်ရေးရဖို့ ခေါင်းဆောင်တွေ ဆွေးနွေးငြင်းခုံနေကြတုန်းမှာ တော်လှန်ရေးတကယ်

လုပ်ရမယ့် အချိန်အခါ၊ အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံးသွားတတ်လို့ပဲ ဖြစ်ပါတယ်။

ချိတ်ဆက်လှုပ်ရှားမှုကို အကောင်အထည်ဖော်တာက အချိန်အခါနဲ့အညီ ချိန်ကိုက်လှုပ်ရှားမှု

လုပ်နိုင်ပါတယ်။ စစ်မဟာဗျူဟာအရတော့ ဒါကို အန်စီဒဗလျူ (Network centric Warfare) လို့

ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒီသဏ္ဍာန်ကနေ Effects- Based Operations (EBO) ဆိုတဲ့

လုပ်ဆောင်လိုက်တဲ့ လှုပ်ရှားမှုကနေ ထွက်ပေါ်လာမယ့် ရလာဒ်ကို ဦးစားပေးသော အော်ပရေးရှင်းတွေ

အကောင်အထည် ဖော်နိုင်လာပါတယ်။ ညီညွတ်မှုကို နှုတ်ကတိတွေ၊ ကြေငြာချက်တွေ၊

ညီလာခံကြီးတွေနဲ့ ရယူတာမဟုတ်ပဲ တော်လှန်ရေး လှုပ်ရှားမှု တခုချင်းဆီက ထွက်ပေါ်လာမယ့်

အကျိုးရလဒ်ကို အခြေခံပြီး case by case အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရယူခြင်းပါ။ အဲဒီကနေ

တဆင့် ပူးပေါင်းဆောင်ရွက်လို့ ရလာတဲ့ အကျိုးရလဒ်တွေအတွက် ယုံကြည်မှု တည်ဆောက်မှု

အဆင့်ကို ထပ်မံ တိုးတက်အောင် လုပ်ယူသွားလို့ ရနိုင်ပါတယ်။ တော်လှန်ရေးနဲ့ ညီညွတ်ရေးကို

တပြိုင်တည်း အကောင်အထည် ဖော်ဆောင်သွားမှု ဖြစ်ပါတယ်။

ဒီလိုနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ အာဏာပိုင် ယန္တရားရဲ့ မျက်နှာစာလေးခုကို

ဖယ်ရှားတိုက်ခိုက်တာ၊ အသွင်ပြောင်းယူတာတွေ လုပ်ရပါမယ်။ ဒီလိုလုပ်နိုင်ဖို့အတွက်

နိုင်ငံရေးစစ်မျက်နှာနဲ့ စစ်ရေး စစ်မျက်နှာ နှစ်ခုကို ဖွင့်ရပါမယ်။ တချို့ကတော့ နိုင်ငံရေးစစ်မျက်နှာမှာ

နိုင်ငံတကာပံ့ပိုးထောက်ကူမှုကို စစ်မျက်နှာတခုအနေနဲ့ ထည့်သွင်း ပြောဆိုတတ်ပါတယ်။

စစ်ရေးစစ်မျက်နှာမှာလဲ မြို့ပြပြောက်ကျားအသွင်နဲ့ အစိုးရအုပ်ချုပ်ရေးယန္တရားကို တတိတိ ဖြိုချမှုတွေ၊

တောတောင်လျှိုမြောင်မှာ လက်နက်လူသူ စုဆောင်းပြီး ပြောက်ကျားပုန်ကန်မှုတွေကနေ


တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး အာဏာပိုင် တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုတွေ ဆိုပြီး

လူအင်အား၊ လက်နက်အင်အား၊ အခြေစိုက်စခန်း တည်နေရာ စတာတွေပေါ် မူတည်ပြီး အမျိုးမျိုး

ကွဲပြားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိရောက်တဲ့ အမိန့်ပေးစနစ်နဲ့ ထိန်းချုပ်မှုတွေ၊ logistics

ရေးရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ လှုပ်ရှားမှုတွေမှာ အမိန့်ပေးစနစ် ဖရိုဖရဲဖြစ်ရင်

ဟန်ချက်ပျက်ပါတယ်။ ပစ်မှတ်ကို မထိရင် ကျည်ဆံ တတောင့်သုံးသုံး၊ အတောင့်တရာသုံသုံး အတူတူပဲ

ဖြစ်တာမို့ ငွေအင်အား၊ လူအင်အားတွေ သုံးနိုင်ပေမယ့် အမိန့်ပေးစနစ် မကောင်းလို့

အင်အားကျဆင်းသွားတဲ့ တော်လှန်ရေးတွေ အများကြီးပါပဲ။

တော်လှန်ရေးအင်အားစုတွေဟာ တော်လှန်ရေးပန်းတိုင်တွေ ချမှတ်ပြီးတဲ့အခါ (သို့မဟုတ)်

ရလဒ်အခြေပြု အော်ပရေးရှင်းတွေ အကောင်အထည်ဖော်မယ်လို့ စဉ်းစားပြီးတဲ့အခါ စစ်မျက်နှာတွေ

ဖွင့်ပါတယ်။ ဒီလိုဖွင့်ကြပြီးတဲ့အခါမှာလဲ အောင်ပွဲရဖို့အတွက် ဘယ်လို မဟာဗျူဟာတွေ ချမှတ်မလဲ

ဆိုတာက အရေးကြီးပါတယ်။ မဟာဗျူဟာ မဲ့နေတဲ့ တော်လှန်ရေးတခုဟာ တောင်ယိမ်းမြောက်ယိမ်း၊

ရှေ့ယိမ်း၊ နောက်ယိမ်းနဲ့ လမ်းလျှောက်ရင်း လမ်းပျောက်သလို ဖြစ်နေတတ်ပါတယ်။

မဟာဗျူဟာဆိုတာက လှုပ်ရှားမှုကို ကြိုးကိုင်ပေးနိုင်တဲ့ လမ်းညွန်ချက်တွေပဲ ဖြစ်ပါတယ်။ Dr. Bard

O’Neill ရဲ့ Framework ထဲမှာ မဟာဗျူဟာ လေးမျိုးကို ဖော်ပြထားပါတယ်။ ပထမ မဟာဗျူဟာက

conspiratorial strategy ဖြစ်ပါတယ်။ သေးငယ်၊ လျှို့ဝှက်ပြီး စည်းကမ်းနဲ့ စနစ်တကျရှိတဲ့

အုပ်စုငယ်လေးတခုကို အသုံးပြုပြီး နိုင်ငံတော်အာဏာကို သိမ်းယူတာဖြစ်ပါတယ်။ ပဋ္ဋိပက္ခဖြစ်မှု၊

ထိပ်တိုက်ရင်ဆိုင်ရမှုတွေ နည်းပါးပါတယ်။ စစ်အာဏာရှင် နိုင်ငံတွေမှာ တပ်တွင်း အာဏာပြန်သိမ်းပြီး မှ

အာဏာသိမ်းအစိုးရသစ်က အတိုက်အခံတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့

အကောင်အထည်ဖော်တတ်တာတွေ ရှိပါတယ်။ သွေးထွက်နည်းစေတဲ့ တော်လှန်ရေး မဟာဗျူဟာ

တရပ်ပါ။

နောက်ထပ် မဟာဗျူဟာ တမျိုးကတော့ protracted popular war strategy ဖြစ်ပါတယ်။

ဒီမဟာဗျူဟာက လူထုထောက်ခံမှုကနေ တော်လှန်ရေးစစ်ပွဲဆီကို ဦးတည်စေပါတယ်။ ဒီမဟာဗျူဟာမှာ

အဆင့်သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ဖြစ်တဲ့ strategic defensive မှာ တော်လှန်ရေးသမားတွေဟာ


လူထုထောက်ခံမှု ရယူခြင်း၊ အဖွဲ့အစည်းများ တည်ထောင်ခြင်း၊ ရန်သူချေမှုန်းရေးစတင်ခြင်းနဲ့

လှုပ်ရှားမှု ခိုင်မာအောင် တည်ဆောက်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ strategic

stalemate ကတော့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲပြီး အစိုးရကို တော်လှန်တာ ဖြစ်ပါတယ်။

အောင်ပွဲတွေ၊ အဖွဲ့အစည်း တိုးချဲ့မှုတွေ၊ အခြေစိုက်စခန်း တည်ဆောက်မှုတွေ၊

လေ့ကျင့်သင်တန်းပေးမှုတွေ ပြုလုပ်တာကြောင့် ကြာရှည်တည်ဆောက်ရတဲ့ အဆင့်တခုပါ။ အဲဒီကနေမှ

strategic offensive အဆင့်ကို တက်ပါတယ်။ ဒီအဆင့်မှာ တော်လှန်ရေးအင်အားစုတွေက open war

ဆင်နွှဲတာ ဖြစ်ပြီး နိုင်ငံရေး ဦးတည်ချက်ကတော့ အုပ်ချုပ်နေတဲ့ အစိုးရယန္တရားကို ဖြုတ်ချပြီး

အစားထိုးတာဖြစ်ပါတယ်။ စစ်ရေးဦးတည်ချက်ကတော့ တဘက်ရန်သူရဲ့ စစ်တပ်တွေကို ချေမှုန်းတာ

ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကို မော်စီတုန်းက ကျင့်သုံးဖော်ဆောင်ခဲ့တာဖြစ်ပြီး အဆုံးသတ် အောင်ပွဲကို

ရရှိခဲ့ပါတယ်။

နောက်ထပ် မဟာဗျူဟာ တခုကတော့ military-focus strategy ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကတော့

စစ်ရေးအရ ချေမှုန်း တိုက်ပွဲဝင်နိုင်ရေးကိုပဲ ဦးစားပေးပါတယ်။ protracted popular war strategy နဲ့

မတူညီတဲ့အချက်ကတော့ လူထုထောက်ခံမှုရဖို့ စနစ်တကျ စဉ်ဆက်မပြတ်

ကြိုးပမ်းအားထုတ်မှုမရှိပါဘူး။ လက်ရှိထောက်ခံမှုဟာ လုံလောက်ပြီလို့ ယူဆပြီး၊ စစ်မြေပြင်မှာ

အောင်ပွဲရရေးကိုပဲ ဦးတည်ဆောင်ရွက်ပါတယ်။ အမေရိကန် ပြည်တွင်းစစ်တုန်းက Confederacy က

ဒီမဟာဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။ နောက်ထပ် မဟာဗျူဟာ တခုကတော့ urban-warfare strategy

ဖြစ်ပါတယ်။ မြို့ပြမှာ ပြောက်ကျားလှုပ်ရှားမှုတွေ၊ ပုန်ကန်ခြားနားမှုတွေနဲ့ အစိုးရယန္တရားကို

တိုက်ခိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအများစုမှာ တော်လှန်ရေးသမားတွေဟာ

ဒီမဟာဗျူဟာလေးခုလုံးကို ပေါင်းစပ်အကောင်အထည် ဖော်လေ့ရှိကြပါတယ်။ အပျော့အမာလိုင်း၊

အအေး အပူလိုင်းတွေ ကွာခြားပေမယ့် ပေါင်းစပ်နိုင်မှုကတော့ အရေးကြီးပါတယ်။

အခုဆက်လက်ပြီး တော်လှန်ရေးအောင်ပွဲ သော့ချက်များကို တင်ပြပါမယ်။


တော်လန
ွ ေ
် ရး အောင်ပွဲ၏ သော့ချက်များ

Bard O’Neill ရဲ့ Framework မှာ တော်လှန်ရေး အောင်ပွဲကို ဆန်းစစ်နိုင်မယ့် သော့ချက်

ခြောက်ချက်ကို ဖော်ပြထားပါတယ်။ လူတယောက်ကိုပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း တရပ်ကိုပဲ ဖြစ်ဖြစ်၊

တော်လှန်ရေး တခုကိုပဲ ဖြစ်ဖြစ် အောင်မြင်နိုင်မယ့် ရာခိုင်နှုန်းကို ဆန်းစစ်နိုင်မယ့် စံနှု န်းစံထားတွေ၊

တွက်ချက် တိုင်းတာမှုတွေ ရှိပါတယ်။ ဒါတွေကို အသုံးပြုပြီး ဆန်းစစ်လေ့လာလို့ ရပါတယ်။

အလုပ်လုပ်နေတိုင်း ထိရောက်မှု ရှိနေတာ မဟုတ်ပါဘူး။ ထိရောက်နိုင်တဲ့ အလုပ်တွေကို လုပ်မှ

ထိရောက်တာ ဖြစ်ပါတယ်။ သင်ရိုးစာအုပ်တခုလုံးကို အာဂုံဆောင်ထားတဲ့ ကျောင်းသားတိုင်း

စာမေးပွဲအောင်မယ်လို့ မဆိုနိုင်ပါဘူး။ စာမေးပွဲကို အောင်မြင်အောင် ဖြေတတ်မှ စာမေးပွဲအောင်ပါမယ်။

အင်္ဂလိပ်- မြန်မာ အဘိဓာန်ကြီးကို အလွတ်ကျက်နေသူတွေလဲ တွေ့ဖူးပါတယ်။ အကျိုးမရှိမဟုတ်ပါ။

တစုံတရာတော့ အကျိုးရှိပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတကာက ကျင်းပတဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေကို

ဝင်ဖြေရင်တော့ မအောင်ဖို့က များပါတယ်။ အချိန်ကုန်၊ လူပမ်းရုံပဲ ရှိမှာပါ။ တကယ်အရေးကြီးတဲ့

အခြေအနေနဲ့ အချိန်အခါ တခုမှာ ဘာကို လုပ်သင့်သလဲ၊ ဘာကို ဦးစားပေးသင့်သလဲ ဆိုတာ

ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်လှပါတယ်။ ကိုယ်လုပ်နေတာတွေ ထိရောက်မှုရှိမရှိ သိနိုင်ဖို့

ပြန်လည်ဆန်းစစ်ချက် လိုအပ်ပါတယ်။ Bard O’Neil ရဲ့ သော့ချက် ခြောက်ချက်ဟာ ကမ္ဘာတ၀ှမ်းများ

အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာဆန်းစစ်ပြီး အနှစ်သာရတွေကို ပြန်လည်စုစည်း

ပေးထားတာ ဖြစ်တဲ့အတွက် တော်လှန်ရေးတရပ်ရဲ့ နိုင်ငံရေး ထိရောက်မှုနဲ့ မဟာဗျူဟာ

ထိရောက်မှုတွေကို ပြန်လည်ဆန်းစစ် အကဲဖြတ်ရာမှာ အသုံးဝင်တဲ့ စံညွှန်းတွေပဲ ဖြစ်ပါတယ်။

(၁) လူထုထောက်ခံမှု

တော်လှန်ရေးတခု အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိနေလား၊ မရှိနေဘူးလား ဆိုတာ ဆန်းစစ်တဲ့အခါ

တော်လှန်ရေးနဲ့ လူထုကြီးနဲ့ ဘယ်လောက်အထိ နီးကပ်မှု ရှိနေလဲ ဆိုတာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ဘယ်တော်လှန်ရေးခေါင်းဆောင်မဆို ပထမဆုံးစဉ်းစားရမယ့် အချက်က လူထုထောက်ခံမှုကို

ဘယ်လိုရအောင် ယူမလဲ ဆိုတာပါပဲ။ အာဏာပိုင် အစိုးရဘက်မှာ စစ်တပ်၊ ရဲ၊ ဒေါက်တိုင်အင်အားစု၊


သတင်းပေးတွေနဲ့ တိုင်းပြည်ဘဏ္ဍာတွေကို လိုသလို အသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိပါတယ်။

ဒီအားသာချက်တွေကို ပါဝါချိန်ခွင်တဘက်ကနေ ထိန်းညှိနိုင်ဖို့က လူထုထောက်ခံမှုပဲ ဖြစ်ပါတယ်။

လူထုထောက်ခံမှု ဆိုရာမှာ လူထုထောက်ခံမှု အမျိုးအစားတွေ၊ ပညာရှင်တွေနဲ့ ပြည်သူလူထုရဲ့

အခန်းကဏ္ဍတွေနဲ့ လူထုထောက်ခံမှု ရဖို့အတွက် တော်လှန်ရေးသမားတွေ အသုံးပြုရမယ့်

နည်းလမ်းတွေကို နားလည်ဖို့ လိုအပ်ပါတယ်။

လူထုထောက်ခံမှု အမျိုးအစားမှာ တိုက်ရိုက်ထောက်ခံမှုနဲ့ သွယ်ဝိုက်ထောက်ခံမှုဆိုပြီး

အမျိုးအစားနှစ်မျိုး ရှိပါတယ်။ တိုက်ရိုက်ထောက်ခံသူတွေက တော်လှန်ရေးအတွက်ဆိုရင် အသက်တွေ၊

ဘ၀တွေနဲ့ ရင်းပြီး စွန့်စားဖို့အထိ အဆင်သင့် ရှိနေသူတွေဖြစ်ပါတယ်။ သူတို့ တွေဟာ

တော်လှန်ရေးအတွက် လိုအပ်မယ့် ထောက်လှမ်းရေးသတင်း အချက်အလက်တွေ၊

တော်လှန်ရေးသမားတွေ ပုန်းခိုနိုင်ဖို့ ၀ပ်ကျင်းတွေ၊ ထောက်ပံ့ကြေးတွေ၊ မြေအောက်လှုပ်ရှားမှု

နေရာထိုင်ခင်းတွေကို ပံ့ပိုးပေးတတ်ပါတယ်။ တခါတရံမှာ တော်လှန်ရေးသမားအချင်းချင်း

ချိတ်ဆက်လှုပ်ရှားမှုတွေအတွက် ဆက်သားတာဝန်တွေကို ထမ်းဆောင်ပေးတတ်ပါတယ်။

သွယ်ဝိုက်ထောက်ခံသူတွေကတော့ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်နဲ့ တော်လှန်ရေးသမားတွေရဲ့

လှုပ်ရှားမှုတွေ၊ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ကိုယ်ချင်းစာနာပြီး တော်လှန်ရေးကို စိတထ


်ဲက

ထောက်ခံနေသူတွေဖြစ်ပါတယ်။ သူတို့တတွေဟာ တော်လှန်ရေးကို တိုက်ရိုက်ပံ့ပိုးမှု မရှိပေမယ့်

အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလဲ တတ်နိုင်သမျှ ငြင်းဆန်လေ့ရှိပါတယ်။

ဒီလိုတိုက်ရိုက်ထောက်ခံသူတွေနဲ့ သွယ်ဝိုက်ထောက်ခံသူတွေ တော်လှန်ရေးနဲ့အတူ ရှိနေတာဟာ

အာဏာပိုင်တွေရဲ့ တော်လှန်ရေး ဖြိုခွင်းမှုတွေကို ထိရောက်မှုမရှိအောင် တားဆီးနိုင်ပါတယ်။

တော်လှန်ရေးတရပ်မှာ တိုက်ရိုက်ထောက်ခံမှုကော၊ သွယ်ဝိုက်ထောက်ခံမှုပါ အရေးကြီးတယ်ဆိုတာကို

ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တိုက်ရိုက်ထောက်ခံမှုမရှိသေးပဲ သွယ်ဝိုက်ထောက်ခံနေသူတွေကို

တော်လှန်ရေးသမားတွေက မစော်ကားမိစေဖို့ အထူးသတိထားရပါလိမ့်မယ်။ လူထုထောက်ခံမှုဆိုတာ

စည်းရုံးရေးနဲ့ ၀ါဒဖြန့်ချိရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ပြီး ရယူရတာ

ဖြစ်ပါတယ်။ အတင်းအကြပ်ထောက်ခံမှု ယူလို့ ရတာမျိုး မဟုတ်ပါ။ လူထုရဲ့ တိုက်ရိုက်ထောက်ခံမှု၊


သွယ်ဝိုက်ထောက်ခံမှုတွေ ရရှိဖို့နဲ့ တော်လှန်ရေးသမားအဖြစ် တက်တက်ကြွကြွ ပါဝင်လာဖို့အတွက်

လူ့အဖွဲ့အစည်းထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ယုံကြည်မှုတွေ၊ တန်ဖိုးတွေ၊ အမြင်သဘောထားတွေ၊

စိတ်ခံစားမှုတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးသမားတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ

အမြစ်တွယ်နေတဲ့ အယူအဆတွေ၊ ဘ၀ အမြင်တွေ၊ ရည်မှန်းချက်တွေကို လေ့လာဖို့လဲ လိုအပ်ပါတယ်။

တော်လှန်ရေးမှာ ပညာရှင်တွေနဲ့ အများပြည်သူတွေရဲ့ အခန်းကဏ္ဍတွေက အရေးကြီးတဲ့ အချက်တွေ

ဖြစ်တာမို့ တော်လှန်ရေးအတွက် စည်းရုံးမှုမှာ intelligentsia နဲ့ masses ဆိုပြီး နှစ်ပိုင်းခွဲ စည်းရုံးဖို့

လိုအပ်ပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးတွေမှာ တော်လှန်ရေးသမားတွေဟာ

တက္ကသိုလ်ကျောင်းသားတွေနဲ့ အစိုးရယန္တရားအတွင်းက အလယ်အလတ် ရာထူးအဆင့်ရှိသူတွေကို

intelligentsia အခန်းကဏ္ဍအနေနဲ့ စည်းရုံးလေ့ရှိကြပါတယ်။ သူတို့တတွေဟာ တော်လှန်ရေး

ခေါင်းဆောင်တွေကို မဟာဗျူဟာ အမြင်၊ အဖွဲ့အစည်းရေးရာ အတွေ့အကြုံနဲ့ ပညာရပ်ပိုင်းဆိုင်ရာ

ကျွမ်းကျင်မှုတွေ ပံ့ပိုးပေးနိုင်သူတွေ ဖြစ်တာမို့ သီးခြားပရောဂျက်နဲ့ စနစ်တကျ စည်းရုံးသိမ်းသွင်းမှု

လုပ်ဖို့ လိုအပ်ပါတယ်။ Masses ဆိုတဲ့ အများပြည်သူတွေကို စည်းရုံးတဲ့အခါမှာလဲ

တော်လှန်ရေးသမားတွေအနေနဲ့ စနစ်တကျ လှေကားချပြီး စည်းရုံးဖို့ လိုပါတယ်။ လူထုရဲ့

နိုင်ငံရေးရေချိန်ပေါ် မူတည်ပြီး အချိန်အခါနဲ့အညီ ချိန်ကိုက်လှုပ်ရှားဖို့ လိုအပ်ပါတယ်။

လူထုထောက်ခံမှု ရရှိဖို့နဲ့ တော်လှန်ရေးသမားတွေ ပေါ်ထွက်လာဖို့ စည်းရုံးလှုပ်ရှားမှုတွေမှာ

နည်းလမ်းအမျိုးမျိုး ရှိပေမယ့် အောင်ပွဲအတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းခြောက်ခုရှိပါတယ်။

Charismatic attraction ဆိုတဲ့ နည်းလမ်းကတော့ ခေါင်းဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အသုံးပြုပြီး

စည်းရုံးရေး ဖြစ်ပါတယ်။ ခေါင်းဆောင်ဟာ လူထုနဲ့ တသားတည်း ရှိနိုင်ဖို့ လိုပါတယ်။ လူထုရဲ့ အတွေး၊

လူထုရဲ့ အမြင်နဲ့ တထပ်တည်း ကျနေရပါမယ်။ လူထုထဲမှာသာ တော်လှန်ရေးရဲ့

အဆုံးသတ်အောင်ပွဲကို ရယူနိုင်မယ့် အင်အားရှိနေတယ်ဆိုတာ နားလည်နေရပါမယ်။ ခေါင်းဆောင်နဲ့

လူထုအကြားမှာ ကွင်းဆက်မပြတ်ဖို့ လိုအပ်ပါတယ်။ လက်ဆင့်ကမ်းခေါင်းဆောင်မှုကို အကောင်

အထည် ဖော်နိုင်ရမယ်။ ဒီလိုမဟုတ်ရင် ကွင်းဆက်ပြတ်သွားပြီး တော်လှန်ရေး ခါးဆက်ပြတ်ပါလိမ့်မယ်။

နောက်ထပ်နည်းလမ်းတခုကတော့ Esoteric appeals ဖြစ်ပါတယ်။ ဒီနည်းလမ်းက ပညာတတ်


လူ့အဖွဲ့အစည်းကို အာရုံစိုက်စည်းရုံးမှု ဖြစ်ပါတယ်။ ဒီလိုစည်းရုံးတဲ့အခါမှာ သီအိုရီသဘောတရားတွေနဲ့

အယူအဆ၊ အတွေးအခေါ်တွေ၊ အခြေအနေတွေကို သပ်သပ်ရပ်ရပ်နဲ့ တိတိကျကျ ရှင်းလင်းဖော်ပြဖို့

လိုအပ်ပါတယ်။

Exoteric appeals ဆိုတာကတော့ လူထုထဲမှာ အမှန်တကယ် ခံစားနေရတဲ့ ဘ၀အခြေအနေတွေကို

မီးမောင်းထိုးပြပြီး စည်းရုံးလှုံ့ဆော်တာ ဖြစ်ပါတယ်။ လူထုကို စည်းရုံးလှုံ့ဆော်မှုမှာ

အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ အလုပ်လက်မဲ့ပြဿနာ၊

လာဒ်ပေးလာဒ်ယူမှုတွေ၊ မြေယာပိုင်ဆိုင်မှုရေးရာတွေကို အာရုံစိုက်ရပါမယ်။ intelligentsia

စည်းရုံးမှုမှာတော့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ အာဏာပိုင်တွေရဲ့ ပညာတတ်တွေကို တန်ဖိုး

မထားမှု၊ အသိအမှတ် မပြုမှု စတာတွေကို အာရုံစိုက်ဖော်ပြရပါမယ်။

စတုတ္တနည်းလမ်းကတော့ လှုပ်ရှားမှုတွေကို ပြောက်ကျားတိုက်ပွဲတွေ အနေနဲ့ အကောင်

အထည်ဖော်တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို အမြစ်ဖြတ်

နှိမ်နင်းလို့ မရနိုင်ဘူးဆိုတာကို လူထုကြီးကို အသိပေးနိုင်ဖို့လိုအပ်ပါတယ်။ ပဉ္စမ နည်းလမ်းကတော့

အာဏာပိုင်တွေရဲ့ တော်လှန်ရေးအပေါ် ဖိနှိပ်မှုတွေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။

နောက်ဆုံးနည်းလမ်းဖြစ်တဲ့ demonstration of potency ကတော့ အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်။

တော်လှန်ရေးသမားတွေဆီမှာ တိုင်းပြည်အုပ်ချုပ်ရေးကို ဆောင်ရွက်နိုင်မယ့် အရည်အချင်းနဲ့

အလားအလာ ရှိတယ်လို့ လူထုက မယုံကြည်ရင် လက်ရှိနိုင်ငံရေးစနစ်ကို မကျေနပ်ပေမယ့်

တော်လှန်ရေးအပေါ်မှာ စိတ်ရောကိုယ်ပါ ထောက်ခံမှု မလုပ်ကြပါဘူး။ တော်လှန်ရေးသမားတွေဘက်က

ဒီလိုအရည်အချင်းနဲ့ အလားအလာကို လူထုကို ပြနိုင်ဖို့ လိုပါတယ်။

(၂) ပတ်ဝန်းကျင်အနေအထား

တော်လှန်ရေးအောင်မြင်မှုရဲ့ ဒုတိယ သော့ချက်ကတော့ တော်လှန်ရေးလှုပ်ရှားမှု အခြေတည်နေတဲ့

ပတ်ဝန်းကျင်အနေအထားပဲ ဖြစ်ပါတယ်။ အဲဒီမှာ physical aspect နဲ့ human dimension ဆိုပြီး

နှစ်မျိုးရှိပါတယ်။ physical aspect အနေနဲ့ နယ်မြေအနေအထား၊ ရာသီဥတုအခြေအနေ၊


လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးစနစ် တွေ ပါဝင်ပြီး၊ human dimension ကတော့ လူဦးရေ၊

လူမှုအဆောက်အအုံ၊ စီးပွားရေး၊ နိုင်ငံရေးယဉ်ကျေးမှု စတာတွေ ပါဝင်ပါတယ်။

လူမှုအဆောက်အအုံဟာ တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာ

ဒေါင်လိုက်စုဖွဲ့မှုနဲ့ အလျားလိုက် စုဖွဲ့မှု သဏ္ဍာန်နှစ်မျိုး ရှိပါတယ်။ ဒေါင်လိုက်အနေနဲ့မှာ လူမျိုးစုနဲ့

ဘာသာရေးကွဲပြားမှုတွေ ရှိပြီး၊ အလျားလိုက် စုဖွဲ့မှုမှာ လူတန်းစားအလွှာ အမျိုးမျိုး ကွဲပြားမှုတွေ

ပါဝင်ပါတယ်။ ဒီလိုကွဲပြားမှုတွေနဲ့ Societal cleavages တွေဟာ တော်လှန်ရေးတွေ

ထွက်ပေါ်လာရခြင်းရဲ့ ပင်မအကြောင်းတရားတွေပါ။ ၀ါဒဖြန့်ချိရေးနဲ့ အိုင်ဒီယော်လော်ဂျီတွေ

လူ့အဖွဲ့အစည်းအတွင်းမှာ စတင်တဲ့အခါ ဒီလိုကွဲပြားမှုတွေကို တခုချင်း အာရုံစိုက်ပြီး

သီးခြားဝါဒဖြန့်ချိရေး အစီအစဉ်တွေ လုပ်ဖို့ လိုအပ်ပါတယ်။ အုပ်စုခွဲပြီး ၀ါဒဖြန့်ချိရေး မလုပ်ပဲ

အားလုံးကို ခြုံငုံလုပ်လို့ မရပါဘူး။ လူတွေရဲ့ စိတ်ခံစားမှုနဲ့ တုန့် ပြန်မှုတွေကို နားလည်ဖို့

လိုအပ်ပါတယ်။

အီသီးယိုးပီးယားမှာ လူတွေငတ်သေတာ ကြားရရင် ကျွန်မတို့ မြန်မာတွေရဲ့ စိတ်ထဲမှာ သနားသလို

ခံစားရပေမယ့် အကူအညီပေးဖို့ စိတ်ဝင်စားချင်မှ ၀င်စားပါမယ်။ ဒါပေမယ့်

မြန်မာကလေးလေးတယောက် တောင်းစားနေတဲ့ ဓာတ်ပုံတပုံကြောင့် ရင်ထဲမှာ ဆို့ နင့်ပြီး

တော်လှန်ရေးသမား ဖြစ်လာသူတွေလဲ အများအပြားပါ။ Human touch ဖြစ်မှ ၀ါဒဖြန့်ချိရေးယန္တရား

အောင်မြင်မှာ ဖြစ်ပါတယ်။ ၀ါဒဖြန့်ချိရေးယန္တရားဆိုတာ စနစ်တကျ အကောင်အထည်ဖော်ရတာပါ။

ဒီကဏ္ဍအားနည်းနေတဲ့ တော်လှန်ရေးတွေကတော့ မလွဲမသွေ နှောင့်နှေးကြန့်ကြာမှာ အမှန်ပါပဲ။

Physical aspect တခုဖြစ်တဲ့ ဆက်သွယ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ပဲ

တော်လှန်ရေးသမားတွေက အားသန်လေ့ရှိပါတယ်။ ဆက်သွယ်ရေးစနစ်ရှိပြီး ကိုယ်ပြောချင်တာတွေပဲ

စွပ်ပြီးပြောနေ၊ သတင်းအချက်အလက်တွေ ပေးနေရုံနဲ့ အောင်မြင်မှာ မဟုတ်ပါ။ အိုင်တီ

နည်းပညာခေတ်မှာ အီးမေးလ်အုပ်စုတွေ၊ ဘလော့တွေ နဲ့ လူထုကြီးကို သတင်းတွေပေးဖို့

အလွန်အားသန်ကြပါတယ်။
ဒီသတင်းစကားတွေဟာ လူဦးရေရဲ့ ရာခိုင်နှုန်း ဘယ်လောက်ကို စီးဆင်းသွားနိုင်မလဲ ဆိုတာရယ်၊

သတင်းစကားကို လက်ခံရရှိသူတွေဆီက active support, passive support ဘယ်လောက်ထိ

ရနိုင်မလဲဆိုတာရယ်ကို တွက်ချက်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ပဲ ၀ါဒဖြန့်ချိရေးနဲ့

သတင်းစကားပေးတာတွေက တော်လှန်ရေးသမားတွေအကြားမှာပဲ ပြန်ပြီး လည်ပတ်နေတာဆိုရင်တော့

အားနည်းချက်ရှိနေပါပြီ။ ဖြည့်ဆည်းရမယ့် အချက်ဖြစ်နေပြီဆိုတာ နားလည်ရပါမယ်။ Human

Dimension ဖြစ်တဲ့ လူမှု အဆောက်အအုံကို ထည့်သွင်း မစဉ်းစားရင် တော်လှန်ရေး

နှောင့်နှေးပါလိမ့်မယ်။

(၃) အဖွဲ့အစည်း

တော်လှန်ရေးအောင်မြင်မှုရဲ့ တတိယသော့ချက်ကတော့ တော်လှန်ရေးအင်အားစုတွေပဲ ဖြစ်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ဖွဲ့စည်းမှုရေးရာအရ structural dimension တွေဖြစ်တဲ့ Scope နဲ့

Complexity ဆိုတာ တွေရှိပါတယ်။ Scope ဆိုတာက နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ အရေးပါတဲ့

နေရာတွေကနေ တက်တက်ကြွကြွ လုပ်နေသူတွေဖြစ်တဲ့ ကေဒါတွေ၊ မြေအောက်ယူဂျီအုပ်စုတွေ၊

တောခိုပုန်ကန်နေသူနဲ့ လှုပ်ရှားမှုရဲ့ active supporters တွေပါ။ Complexity ဆိုတာကတော့

တော်လှန်ရေးအဖွဲ့အစည်းရဲ့ စုဖွဲ့မှု သဏ္ဍာန် organizational structure ဖြစ်ပါတယ်။

တော်လှန်ရေးခေါင်းဆောင်တယောက်ဟာ organizational structure နဲ့ ပတ်သက်တဲ့

အရည်အချင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ လူများအောင် လိုက်စည်းရုံးနေရုံနဲ့ အလုပ်လုပ်လို့ ရတာ

မဟုတ်ပါ။ ရှိတဲ့ လူကို ဘယ်ကဏ္ဍတွေမှာ ဘာလုပ်ငန်းဆောင်တာတွေအတွက်

ဘယ်လိုတာဝန်တွေပေးမှာလဲ ဆိုတာက အဓိက ကျပါတယ်။ တိုက်ခိုက်ရေးတာဝန်၊

မြို့ပြပြောက်ကျားတာဝန်၊ ဆက်သားတာဝန်၊ သယ်ယူပို့ဆောင်ရေးတာဝန်၊ ထောက်ပံ့ရေးတာဝန်၊

သတင်းရယူစုဆောင်းရေးတာဝန်၊ ပြန်ကြားရေးတာဝန်၊ ၀ါဒဖြန့်ချိရေးတာဝန်၊ ကွန်ယက်ချိတ်ဆက်

လှုပ်ရှားမှု တာဝန်၊ မဟာဗျူဟာနဲ့ စီမံကိန်းရေးဆွဲရေး တာဝန်၊ ဘဏ္ဍာရေး တာဝန်၊

တည်ဆောက်စည်းရုံးရေး တာဝန်၊ နိုင်ငံခြားဆက်ဆံရေး တာဝန်တွေမှာ ဘယ်လိုတာဝန်မှာ

ဘယ်သူတွေနဲ့ သင့်တော်လဲဆိုတာ ခွဲခြားဆုံးဖြတ်နိုင်စွမ်း ရှိရပါမယ်။


ဒီနေရာမှာ ခေါင်းဆောင်တွေရဲ့ အရည်အချင်းကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။

ခေါင်းဆောင်တယောက်ရဲ့ စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကို သူဦးဆောင်နေတဲ့ အဖွဲ့အစည်းမှာ

ဘယ်လိုရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်ထားပြီး၊ ဘယ်လို မဟာဗျူဟာတွေနဲ့

ချဉ်းကပ်ခေါင်းဆောင်နေတယ်ဆိုတာ အကဲဖြတ်လေ့လာကြည့်နိုင်ပါတယ်။ မဟာဗျူဟာ

အခင်းအကျင်းနဲ့ ခေါင်းဆောင်မှုမလုပ်ရင် အောင်မြင်မှုအတွက် အားနည်းချက်တွေ ရှိပါတယ်။ urban-

warfare strategy နဲ့ conspiratorial strategy ကို အကောင်အထည်ဖော်နေတဲ့

ခေါင်းဆောင်တွေအတွက် Organizational complexity က နည်းနိုင်သမျှ နည်းရပါမယ်။ သေးငယ်ပြီး

လျှို့ဝှကတ
်ဲ့ အစုအဖွဲ့လေးတွေကို ဖြန့်ကျဲဖွဲ့စည်းပေးရတဲ့အတွက်ပါ။ Protracted popular နဲ့ military-

focus strategies တွေကို အကောင်အထည်ဖော်နေတဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေကတော့

အဖွဲ့အစည်းရဲ့ သဘောသဘာဝအရ Organization structure ကို ရှင်းရှင်းလင်းလင်း

အကောင်အထည် ဖော်နိုင်ရပါမယ်။ ဒီနေရာမှာ မဟာဗျူဟာ မျိုးစုံကို ကိုင်စွဲနေတဲ့ ခေါင်းဆောင်တွေဟာ

အားလုံးမရောယှက်ပစ်မိစေဖို့ သတိထားရပါမယ်။

ဥပမာ- Protracted popular strategy ကို ကိုင်စွဲမှုမှာ ပြည်သူ့ဆက်ဆံရေးယန္တရားတွေ

အသုံးပြုရပါတယ်။ နည်းပညာတွေ တိုးတက်လာတော့ မီဒီယာတွေကို အသုံးပြုရပါတယ်။ အဲဒီလို

အသုံးပြုမှုဟာ ကိုယ့်အဖွဲ့အစည်းက အကောင်အထည်ဖော်ဆောင်နေတဲ့ urban-warfare strategy

နဲ့ conspiratorial strategy အရ ဖော်ဆောင်မှုတွေကို အနှောင့်အယှက်၊ အဟန့်အတားတွေ

မဖြစ်စေဖို့ လိုအပ်ပါတယ်။ မီဒီယာနဲ့ မြေအောက်လှုပ်ရှားမှုကို ရောစပ်လို့ မရပါ။ ပေါင်းစပ်လိုက်တာနဲ့

သတင်းလုံခြုံရေး ထိခိုက်ပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အများကြီး ထွက်လာတတ်ပါတယ်။

လူအများက စိတ်ဓာတ်တက်ကြွ ထောက်ခံပြီး တော်လှန်ရေးထဲ ပါဝင်လာဖို့ အတွက် သတင်းတခုကို

ထုတ်ပြန်တဲ့အခါနဲ့ လှုပ်ရှားမှုဓာတ်ပုံတပုံကို ထုတ်တင်ပေးတဲ့အခါ ဒီသတင်းနဲ့ ပုံတွေထဲမှာ

တခြားမဟာဗျူဟာ ဖော်ဆောင်ရေးကို ထိခိုက်စေမယ့် သတင်းအချက်အလက်တွေ

ပါသွားနိုင်မလားဆိုတာကို သတိပြုစဉ်းစားပြီးမှ လုပ်သင့်ပါတယ်။ ဒီအချက်ဟာ

ခေါင်းဆောင်တွေအတွက် အလွန်အရေးကြီးတဲ့ စည်းတခုပါ။ ဒီစည်းကို ကျော်ပြီး ခေါင်းဆောင်မှု ရှိတဲ့


တော်လှန်ရေးတိုင်းမှာ strategic conflict ဖြစ်ပါတယ်။ ဒါတွေဖြစ်လာရင် တော်လှန်ရေး ထိရောက်မှုမှာ

အားနည်းတတ်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေအတွင်းမှာ သဘောသဘာဝ ကွဲပြားမှု ရှိနေတဲ့ အခါမှာတော့

တပ်ပေါင်းစုသဏ္ဍာန် ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို အကောင်

အထည်ဖော်ရပါတယ်။ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုလို့ ဆိုထားပါတယ်။ တော်လှန်ရေး

အဖွဲ့အစည်းတွေ စုပေါင်းပြီး လှုပ်ရှားမှု လမ်းကြောင်းတခုပေါ်မှာ ရလဒ်အခြေပြု လှုပ်ရှားတာကို

ဆိုလိုတာပါ။ အဖွဲ့တွေစုပြီး လုပ်ငန်းဖော်ဆောင်မှုမပါတဲ့ နှုတ်ကတိ၊ ကြေငြာချက် အခြေပြု ညီညွတ်ရေး

လှုပ်ရှားမှုကို ဆိုလိုတာ မဟုတ်ပါ။ ညီညွတ်ရေးဆိုတာ တိုက်ပွဲရှိမှ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

တိုက်ပွဲမဖော်ဆောင်ပဲ ညီညွတ်ရေးပဲ လုပ်နေရင် ခေါင်မိုးတခုပေါ်မှာ ခေါင်မိုးတထပ် ဆင့်ရင်းဆင့်ရင်း

ခေါင်မိုးဒဏ်ပိပြီး အဆောက်အဦး ပြိုကျတတ်ပါတယ်။ ခေါင်မိုးတွေနဲ့ အုတ်မြစ်တွေအကြားမှာ

တည်ဆောက်ထားတဲ့ framework ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ခေါင်မိုးရောင်စုံတွေပဲ ရှိရုံနဲ့

အလုပ်ဖြစ်မှာ မဟုတတ
်ာကတော့ အသေအချာပါပဲ။ ကွင်းလယ်ခေါင်မှာ ထီးထီးကြီးရှိနေတဲ့ အိမ်ကြီး

တလုံးပေါ်မှာ ခေါင်မိုးတွေ တဆင့်ပြီးတဆင့် ထပ်ဖို့ ကြိုးပမ်းမှုထက် မြေလွတ်တဲ့ နေရာတွေမှာ

အုတ်မြစ်တွေ ချပြီး၊ အဆောက်အဦးတွေ လိုက်တည်ဆောက်ပေးပြီးမှ ခေါင်းမိုးသစ်တွေ တင်ပေးတာ၊

ခေါင်မိုးတွေအချင်းချင်း ချိတ်ဆက်ပေးတာက လက်တွေ့မှာ ပိုအသုံးဝင်နိုင်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အရေးပါတဲ့ အချက်တခုကတော့

အစိုးရယန္တရားအတွင်းကို ထိုးဖောက်ဝင်ရောက်မှုပါပဲ။ ရန်သူရဲ့ အလယ်အလတ်ခေါင်းဆောင်တွေနဲ့

ဒေါက်တိုင်တွေကို ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်တာထက် အခွင့်သာသလို စည်းရုံးသိမ်းသွင်းပြီး သူ့လူ

ကိုယ့်ဘက်သားဖြစ်အောင် စည်းရုံးနိုင်မှုဟာ အခရာကျပါတယ်။ တော်လှန်ရေးအတွက်

အဖိုးမဖြတ်နိုင်တဲ့ critical information ကို ရနိုင်ပါတယ်။ ဒါပေမယ့် ဒီသတင်းအချက်အလက်တွေကို

ဘယ်လို စီမံချက်တွေအတွက် အသုံးပြုမှာလဲ ဆိုတာက အရေးကြီးပါသေးတယ်။ တော်လှန်ရေးဆိုတာ

“နင်က ငါ့ကို ဖွက်ပြီး လုပ်နေတယ်ပေါ့လေ။ ဘယ်ရမလဲ။ နင်လုပ်တာ ငါသိတယ်။ ငါဘယ်လောက်ထိ

သိထားလဲ ပြောရမလား” ဆြို ပီး ရန်ဖြစ်နေကြတဲ့ လေးတန်းကျောင်းသား ကစားပွဲ မဟုတ်ပါဘူး။


သတင်းအချက်အလက်ဆိုတာမှာ ပြည်သူကို ထုတ်ပြန်ပေးရမယ့် သတင်းအချက်အလက်၊ မဟာဗျူဟာ

ဆုံြး့ဖတ်ချက်အတွက် အရေးပါတဲ့ သတင်းအချက်အလက်၊ လှုပ်ရှားမှု အကောင်အထည်ဖော်ရေး

စီမံချက်တွေမှာ ထည့်သွင်းရေးဆွဲရမယ့် သတင်းအချက်အလက်ဆိုပြီး သီးခြားရှိပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေမှာ Strategic Intelligence Process နဲ့ ပတ်သက်တဲ့ မူဝါဒတွေ မရှိပဲ

ထင်ရာမြင်ရာ လုပ်နေကြရင် ရန်သူအင်အားစုတွေအကြားမှာ ရေရှည်မြှုပ်နှံထားတဲ့ ကိုယ့်လူတွေကို

ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိခိုက်မှု တွေ များလာရင် တော်လှန်ရေးနဲ့ ပူးပေါင်းချင်တဲ့ ရန်သူ့ လူတွေက

ယုံကြည်စိတ်ချမှု မရှိတော့ပဲ ရှောင်ဖယ်မှုတွေ လုပ်သွားတတ်ပါတယ်။ သတင်းအချက်အလက်ကို

မဟာဗျူဟာ သတင်းအချက်အလက်၊ နည်းဗျူဟာ သတင်းအချက်နဲ့ မီဒီယာသတင်းအချက်အလက်

ဆိုပြီး ခွဲခြားနိုင်ဖို့က သတင်းနဲ့ နည်းပညာခေတ်မှာ အရေးကြီးဆုံး ပညာတရပ်ပါ။

သတင်းအချက်အလက် တင်ပြမှုမှာ Source Reliability နဲ့ Data Validity နှစ်ချက်ကိုပဲ အာရုံစိုက်ဖို့

လိုအပ်ပါတယ်။ Intelligence Process မှာ

A. Reliable

B. Usually Reliable

C. Fairly Reliable

D. Not Usually Reliable

E. Unreliable

F. Cannot be Judged

ဆိုတဲ့ သင်္ကေတ အကောင်အထည်ဖော်မှု သဏ္ဍာန်တွေနဲ့ Source Reliability ကို သုံးလေ့ရှိပါတယ်။

Data Validity ကိုတော့

1. Confirmed

2. Probably True

3. Possibly True
4. Doubtfully True

5. Improbable

6. Cannot be Judged

ဆိုတဲ့ သင်္ကေတတွေနဲ့ သတင်းတင်ပြမှု လုပ်လေ့ရှိကြပါတယ်။

သတင်းတင်ပြမှုမှာ

(၁) သတင်းအမှတ်စဉ်

(၂) Source

(၃) သုံးသပ်ချက်

(၄) အကြောင်းအရာ

(၅) ဖော်ပြချက်

ပြီးဆုံး

ဆိုတဲ့ အချက်အလက်ပုံစံနဲ့ သတင်းပေးမှု၊ သတင်းတင်ပြမှုတွေ လုပ်ကြရပါတယ်။ ဒီတော့ သတင်းကို

လက်ခံရရှိသူတယောက်ဟာ သတင်းသုံးသပ်ချက်မှာ 1 (2) ဆိုတဲ့ စာကြောင်းလေးတခုကို တွေ့တာနဲ့

ဒီသတင်းကို ရရှိတဲ့ source က ယုံကြည်စိတ်ချရတယ်၊ သတင်းအချက်အလက်ကတော့

မှန်ကန်နိုင်ချေများတယ် ဆိုတာ ချက်ချင်းသိသွားမှာ ဖြစ်ပါတယ်။ ဘယ်က ဘယ်လိုရတယ်၊ ဘယ်သူက

ပြောတယ်၊ ဘယ်လိုအခြေအနေမှာ ပြောတယ် ဆိုတာတွေကို critical information တွေအတွက်

အသုံးမပြုသင့်ပါဘူး။ သတင်းနဲ့ပတ်သက်တဲ့ မူဝါဒကို စနစ်တကျ မချရင် ရန်သူယန္တရားမှာ

ကိုယ်မြှုပ်နှံထားသူတွေကို ကိုယ်ကပြန်ပြီး ဖော်ကောင်လုပ်ပေးသလို ဖြစ်တတ်ပါတယ်။

ရန်သူယန္တရားထဲက တော်လှန်ရေးကို ပူးပေါင်းလိုသူတွေက တော်လှန်ရေးသမားတွေအပေါ်

ယုံကြည်စိတ်ချမှု မရှိပဲ ဖြစ်တတ်ပါတယ်။ သိတာကို သိတယ်လို့ ထားပြီး မိနစ် မဆိုင်းခင် မေ့သွားမယ့်

အခြေအနေတခုအတွက် ပေးဆပ်ရမယ့် နောက်ဆက်တွဲတန်ဖိုးတွေကို မထုတြ် ပန်ခင်မှာ သတိထားဖို့

လိုအပ်လှပါတယ်။

(၄) ကွင်းဆက်မပြတ်မှု
တော်လှန်ရေးရဲ့ စတုတ္တ အချက်ကတော့ ကွင်းဆက် မပြတ်မှုပါ။ လူထုနဲ့ ခေါင်းဆောင်အကြား၊

တော်လှန်ရေးဦးဆောင်မှုနဲ့ လှုပ်ရှားမှုအဖွဲ့တွေအကြား၊ လူထုနဲ့ တော်လှန်ရေးအကြားမှာ

ကွင်းဆက်ပြတ်ရင် တော်လှန်ရေး ခါးဆက် ပြတ်ပါလိမ့်မယ်။ ကွင်းဆက်ပြတ်ပြီး လှုပ်ရှားလိုင်းတွေ

ပူးတာဟာ တပ်ပေါင်းစု ချိတဆ


် က်လှုပ်ရှားမှုမှာ အလွန်ကြောက်စရာကောင်းတဲ့ အခြေအနေတခုပါ။

မြေအောက်လှုပ်ရှားမှု အကောင်အထည်ဖော်ဆောင်တဲ့အခါ ကိုယ်နဲ့ လှုပ်ရှားနေသူထဲက

နောက်ထပ်မျိုးဆက်တခုကို သိထားရပါတယ်။ တိုက်ရိုက်ချိတ်ဆက်သူ အဖမ်းခံရရင်၊ ပျောက်ဆုံးသွားရင်

ချက်ချင်းအကြောင်းကြားပြီး လိုအပ်တာတွေ ဆက်ပြီး လုပ်ရပါမယ်။ ဒီလိုမဟုတ်ရင် ကြားက

ကွင်းဆက်တွေ ပြတ်သွားတဲ့အခါ ကွန်ယက်တွေ ပျက်ကုန်ပါတယ်။ လှုပ်ရှားနေသူတွေကိုလဲ ကိုယ်နဲ့

ဆက်သွယ်လို့ မရတော့တဲ့အခါ၊ ကိုယ်က ဖမ်းဆီးခံရတဲ့အခါ နောက်က မျိုးဆက်တခုကို ချိတ်ဖို့

ပြောထားသင့်ပါတယ်။ မဟုတ်ရင် ကြားထဲမှာ ကွင်းဆက်ပြတ်ပြီး တခြားလှုပ်ရှားမှုလိုင်းတွေကို

သွားချိတ်တတ်ကြပါတယ်။ လိုင်းတွေပူးပြီး ရှော့ခ်တွေ မိတတ်ပါတယ်။ ရန်သူရဲ့ ထောင်ချောက်ထဲ

တပုံတပင်ကြီး ကျသွားတတ်ပါတယ်။ ကွင်းဆက်မပြတ်ဖို့က တော်လှန်ရေးမှာ

အလွန်အရေးကြီးပါတယ်။ ကွင်းဆက်ပြတ်ပြီး လိုင်းပူးတတ်မှုက တော်လှန်ရေးကြီး တခုလုံးကို

ဖျက်ဆီးပစ်တတ်ပါတယ်။ တဘက်က လိုင်းပူးလာရင်လဲ အပူးမခံဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

မြေအောက်လှုပ်ရှားမှုကို တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေ သတိပြုရပါမယ်။ မြေအောက်လှုပ်ရှားမှု

လုပ်နေတာဟာ ရုပ်ရှင်မင်းသား လုပ်နေတာ မဟုတ်ပါ။ မိတ်ဆက်လာသမျှ အော်တိုပြန်ရေးပေးနေလို့

မရသလို၊ စာနယ်ဇင်းအင်တာဗျူးပွဲမှန်သမျှ လက်ခံနေလို့ မရပါ။ အထူးသတိပြုရမယ့် အချက်တွေ

ဖြစ်ပါတယ်။

(၅) ပြည်ပထောက်ခံမှု

တော်လှန်ရေးတခုရဲ့ အောင်မြင်မှုသော့ချက်တွေထဲမှာ နိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။

နိုင်ငံတကာထောက်ခံမှုဆိုတာမှာ စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှု (Moral Support) ၊ နိုင်ငံရေးထောက်ခံမှု

(Political Support)၊ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု (Material Support) နဲ့ နယ်မြေဒေသ၊ အခြေစိုက်


စခန်း ပံ့ပိုးပေးမှု (Sanctuary Support) တွေ ပါဝင်ပါတယ်။ Moral support ဆိုတာက

နိုင်ငံခြားအစိုးရ(သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီ တော်လှန်ရေးကို ထောက်ခံမှုကို

စတိတ်မင့်တွေ၊ ကြေငြာချက်တွေ တရားဝင် ထုတ်ပြန်ကြေငြာတာ ဖြစ်ပါတယ်။ Political support

ဆိုတကာကတော့ နိုင်ငံရပ်ခြား အစိုးရတွေက တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံတကာ

ရည်မှန်းချက်တွေကို ပြည့်မှီလာအောင် အကူအညီ ပေးတာ ဖြစ်ပါတယ်။ ဥပမာ- ကုလသမဂ္ဂမှာ

ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ကူညီပေးတာမျိုး စတာတွေပါ။ Material support ဆိုတာကတော့

တော်လှန်ရေးအတွက် ငွေကြေး၊ လက်နက်ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို ပံ့ပိုးပေးတာပါ။

Sanctuaries ဆိုတာကတော့ တော်လှန်ရေးသမားတွေကို လေ့ကျင့်သင်ကြားပေးရေး၊ လက်နက်များ

သိုလှောင်သိမ်းဆည်းရေး၊ အော်ပရေးရှင်းများ စီမံရေးဆွဲရေးနဲ့ ခေတ္တဆုတ်ခွာလာနိုင်မှုတွေအတွက်

လိုအပ်မယ့် နယ်မြေဒေသ ပံ့ပိုးပေးထားခြင်းပါ။

တော်လှန်ရေးတခုမှာ ဒီလိုနိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။ ဒါပေမယ့် နိုင်ငံတကာ

တော်လှန်ရေးရဲ့ အောင်ပွဲကို နိုင်ငံတကာ ထောက်ခံမှုတခုတည်းနဲ့ ယူလို့ မရပါ။ နိုင်ငံတကာ

ထောက်ခံမှုနောက် တကောက်ကောက်လိုက်ရင်း လူထုထောက်ခံမှုနဲ့ ဝေးကွာသွားလို့ ကျရှုံးနေတဲ့

တော်လှန်ရေးတွေ အများအပြားပဲ ဖြစ်ပါတယ်။ ဟင်းတခုမှာ အစပ်အဟပ်တည့်ဖို့ လိုပါတယ်။

ဆားမပါတဲ့ ဟင်းကို အရသာမရှိဘူးဆိုပြီး ဆားတွေအများကြီး ဖြူးလိုက်တော့ စားလို့ မရတော့တဲ့

ဟင်းပဲ ထွက်ပါတယ်။ နိုင်ငံတကာထောက်ခံမှုကို မရှိမဖြစ်ဆိုပြီး၊ နေရာတကာမှာ နိုင်ငံတကာကင်ပိန်းပဲ

လုပ်နေကြရင်တော့ ကျန်တဲ့ကဏ္ဍတွေမှာ ဟန်ချက်ပျက်ပြီး၊ ကြန့်ကြာနေတဲ့ တော်လှန်ရေးပဲ

ထွက်လာမှာ အသေအချာပါ။

(၆) အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုခြေလှမ်းများ

တော်လှန်ရေးတခုရဲ့ အောင်မြင်ရေးသော့ချက်မှာ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့

အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုတွေ ဖြစ်ပါတယ်။ တဘက်ရဲ့ ခြေလှမ်းတွေကို ကြိုပြီး

သုံးသပ်လေ့လာနေရပါမယ်။ သားကောင်နဲ့ မုဆိုး အပြန်အလှန် ချောင်းနေကြတာ ဖြစ်ပါတယ်။


သားကောင်ဖြစ်လိုက်၊ မုဆိုးဖြစ်လိုက်၊ ပြေးလိုက်၊ လိက
ုလိုက်နဲ့ အသက်နဲ့ ဘ၀တွေကို ထပ်ပြီး

ကစားနေကြတဲ့ ပွဲပါ။ တောချောက်တာကို ထပြေးပြီး ထောင်ချောက်ထဲ တိုးဝင်တဲ့ သားကောင်တွေလို

ပြုမူလို့ မရပါဘူး။ ဆိုင်းတီးပေးတိုင်း ထကကြရမယ့် မျောက်ကပွဲလဲ မဟုတ်ပါဘူး။ ရန်သူရဲ့

မဟာဗျူဟာ၊ နည်းဗျူဟာတွေ၊ ပရိယာယ်တွေ၊ ခြေလှမ်းတွေကို သေချာသုံးသပ်ပြီးမှ

ခြေလှမ်းတလှမ်းချင်းကို သတိနဲ့ တိုးဖို့ လိုအပ်လှပါတယ်။ ရန်သူရဲ့ တုန့်ပြန်မှုတွေ၊ ခြေလှမ်းတွေကို

အကဲမဖြတ်နိုင်တဲ့ တော်လှန်ရေးဟာ ကျဆုံးလေ့ရှိပါတယ်။

ရန်သူကို တိုက်မယ်၊ တိုက်မယ်နဲ့ အလံထောင်နေရင်း နောက်လှည့်ကြည့်လိုက်တော့

လူထုထောက်ခံမှုရအောင်လဲ ပြည့်ပြည့်၀၀ မလုပ်ထား၊ ပတ်ဝန်းကျင် အနေအထားကလဲ မဟန်၊

စနစ်တကျ စုဖွဲ့ထားမှုတွေကလဲ မရှိ၊ ကွင်းဆက်တွေကလဲ ပြတ်တောက်၊ နိုင်ငံတကာ ထောက်ခံမှု

ဆိုတာကလဲ ဟန်ပြထောက်ခံမှုဆိုသလို ဖြစ်နေတဲ့ တော်လှန်ရေးတွေ ကမ္ဘာတ၀ှမ်းမှာ အများကြီးပါပဲ။

နိဂုးံ

နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ တော်လှန်ရေးတွေရဲ့ အလားအလာ၊ အောင်မြင်မှု

အတိုင်းအတာတွေကို ဆန်းစစ်ဖို့အတွက် စစ်ဦးစီးတက္ကသိုလ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး

သင်တန်းကျောင်းတွေ၊ စစ်ရေးလေ့လာတဲ့ သုတေသန အဖွဲ့အစည်းတွေမှာ အသုံးပြုတဲ့ BARD

O’NEILL’S FRAMEWORK ကို အခြေခံပြီး၊ တော်လှန်ရေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေ၊

ဆောင်ရန်ရှောင်ရန်တွေ၊ သင်ခန်းစာယူစရာ အချက်အလက်တွေကို ယေဘုယျအနေနဲ့ ပေါင်းစပ်တင်ပြ

ထားတာဖြစ်ပါတယ်။ မည်သည့် တော်လှန်ရေးကိုမှ ဆန်းစစ်လေ့လာချက် ပြုလုပ်ထားခြင်း မရှိပါဘူး။

ဆန်းစစ်လေ့လာချက်တွေလုပ်တဲ့အခါ အားသာချက်၊ အားနည်းချက်တွေကို ဖော်ထုတ်ပြီး

အလားအလာကို ကောက်ချက်ချမှတ်ချက်ပေးရပါတယ်။ ဒီမှတ်ချက်တွေ မပေးလိုပါ။ မတရားတဲ့ စနစ်ကို

တိုက်ဖျက်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် တစုံတရာအကျိုးကျေးဇူး ရှိစေရန်သာ

မျှော်လင့်မိပါကြောင်း။

ခင်မမမျိုး (၁၀၊ ၁၊ ၂၀၁၀)


-ရည်ညန
ွှ်းကိုး ကား-

Applegate, Melissa (2002) Preparing for Asymmetry: As Seen Through the Lens of Joint Vision 2020 . Carlisle,

PA: Strategic Studies Institute.

Dubik, James M. (2003) “Effects-based Decisions and Actions.” Military Review, 83: p. 33-36. (January-

February 2003.)

Gurr, Ted Robert. (1970) Why Men Rebel. Princeton, NJ: Princeton University Press.

Hatch, Mary Jo.(1997) Organization Theory: Modern, Symbolic, and Postmodern Perspectives. Oxford:

Oxford University Press

Mann, Edward C., Endersby, Gary and Searle, Thomas R.(2002) Thinking Effects: Effects-Based Methodology

for Joint Operations. Maxwell Air Force Base, AL, Air University Press. (CADRE paper, no. 15).

Mintzberg, Henry. (1994) The Rise and Fall of Strategic Planning. New York: The Free Press.

O’Neill, Bard E. (1990) Insurgency and Terrorism: Inside Modern Revolutionary Warfare. Dulles, VA:

Brassey’s Inc.

O’Neill, Bard E., William R. Heaton, Donald J. Alberts, Vincente Collazo-Davila, Richard MacLeod, Don

Mansfield, James Miller, and Paul Viotti. (1980) Insurgency in the Modern World. CO: Westview Press, 1980.

Roper, Daniel S. (2004) A Dual-edged Sword: Operational Risk and “Efficiency”-Based Operations (EBO) . Fort

Leavenworth, KS, School of Advanced Military Studies, 2004, 62 p.

Tse-Tung, Mao. (1961) On Guerilla Warfare. New York, NY: Fredrick A. Praeger Inc., 1961.

U.S. Department of Defense (2003) Military Transformation: A Strategic Approach. Washington, DC: Office of

the Secretary of Defense. Fall 2003.

You might also like