Professional Documents
Culture Documents
စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက်နေ့၌ ပြုလုပ်မယ့်
အမေရိကန်သမတ အိုဘားမားနဲ့ အာဆီယံခေါင်းဆောင်များ
တွေ့ဆုံပွဲမှာ မြန်မာစစ်အစိုးရ တာဝန်ရှိသူများကိုလည်း ပါဝင်နိုင်ခွင့်
ပေးလိုက်ကြောင်း အမေရိကန် အဆင့်မြင့်သံတမန်တဦးက
ပြောကြားလိုက်ပါတယ်။
အာဆီယံနဲ့ ၀ါရှင်တန်တို့ ဆက်ဆံရေး ၃၂ နှစ်ပြည့်
အထိမ်းအမှတ်အဖြစ် ပြုလုပ်မယ့် အဲဒီ တွေဆုံပွဲကို
မြန်မာစစ်အစိုးရ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် တက်ရောက်မှာ
ဖြစ်ကြောင်း သိရပါတယ်။ အိုဘားမားနဲ့ တွေ့ဆုံပွဲကို ဗိုလ်ချုပ်သန်းရွှေ
မတက်ရောက်ခြင်းနဲ့ ပတ်သက်ပြီး အကဲခတ်တဦးက
“မြန်မာစစ်ခေါင်းဆောင်လို့ အမည်ခံထားတဲ့ ဗိုလ်ချုပ်သန်းရွှေကတော့
အိုဘားမားကို တွေ့ဖို့ သတ္တိရှိဟန်မတူပါဘူး။ သူကတော့ စီးပွားရေး
ပိတ်ဆို့မှုကို ပယ်ဖျက်ပေးမှာ မဟုတ်ရင် အမေရိကန်တွေနဲ့
စကားမပြောဘူးလို့ ပြောမှာပေါ့။ တကယ်တမ်းကျတော့
အာဆီယံခေါင်းဆောင်တွေ၊ တရုပ်တွေကို လိမ်သလို အိုဘားမားကို
လိမ်လို့ မရမှန်းသိလို့ သူ မတွေ့တာ“ လို့ သုံးသပ်ပါတယ်။
အမေရိကန်သမတ အိုဘားမားနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့
ဆွေးနွေးပွဲအတွက် အပြီးသတ် ညှိနှိုင်းပွဲကို မကြာမီရက်ပိုင်းအတွင်းက
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ထို ညှိနှိုင်းပွဲ
ဆုံးဖြတ်ချက်များအရ အိုဘားမားနဲ့ အာဆီယံခေါင်းဆောင်များ
တွေ့ဆုံတဲ့အခါ ကူးသန်းရောင်းဝယ်ရေး၊ စွမ်းအင်၊ ကျန်းမာရေး၊
ရာသီဥတု ပြောင်းလဲမှု၊ စားသောက်ကုန်လုပ်ငန်း လုံခြုံရေး၊ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ ဆွေးနွေးဖို့ ရှိကြောင်း
သိရပါတယ်။
အမေရိကန်သမတ အိုဘားမားက မြန်မာစစ်အစိုးရတာဝန်ရှိသူတွေကို သူနဲ့ တွေ့ဆုံနိုင်ကြောင်း ခွင့်ပေးလိုက်ချိန်မှာပဲ ဂျပန် ၀န်ကြီးချုပ်
ယူကီယို ဟာတိုရာမားက မြန်မာဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးဖို့
တိုက်တွန်းလိုက်ပါတယ်။ တကယ်လို့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ်ဆိုရင် ဂျပန်နိုင်ငံအနေနဲ့ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းတွေကတဆင့် ပေးအပ်တဲ့ လူသားချင်းဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ၊ လူသား အရင်းအမြစ် တိုးတက် ဖွံ့ဖြိုးမှုဆိုင်ရာ
အထောက်အပံ့များ ပေးအပ်သွားမယ်လို့လည်း ယူကီယို ဟာတိုရားမားက သိန်းစိန်ကို ပြောလိုက်ပါတယ်။ မြန်မာဝန်ကြီးချုပ်ဆိုသူ
ဗိုလ်ချုပ်သိန်းစိန်ဟာ မဲခေါင်ဒေသနိုင်ငံများနဲ့ ဂျပန်နိုင်ငံတို့ ဆွေးနွေးပွဲ တက်ရောက်ရန် ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး ထို ဆွေးနွေးပွဲပြင်ပမှာ
ဂျပန် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် ဂျပန်ဘက်က ထိုသို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။