You are on page 1of 21

www.yeyintnge.

com
ပုဂ္ဂလိက မီဒီယာများကို ဗုံးသတင်း အကျယ်တဝင့် ဖော်ပြခိုင်း

အောင်သက်ဝိုင်း Thursday, April 22, 2010

စစ်အစိုးရက ပြည်သူပိုင် မီဒီယာများနှင့် ပုဂ္ဂလိကပိုင် မီဒီယာများတွင် ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်အနီး ဗုံးပေါက်ကွဲခဲ့မှု အကြောင်းကို အနိဋ္ဌာရုံ
မြင်ကွင်းများနှင့် တကွ ဖော်ပြခိုင်းသောကြောင့် ပြည်သူအများအကြား ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။

ဧပြီ ၁၅ ရက်နေ့က ဗုံးပေါက်ကွဲစဉ် ဤသို့သော အနိဋ္ဌာရုံ မြင်ကွင်း ဓာတ်ပုံများကို မြန်မာ့သတင်းစဉ် အကူအညီဖြင့် ပြည်တွင်း မီဒီယာများ၌ ဖော်ပြ ကြရသည် (ဓာတ်ပုံ -
အေပီ)

မင်္ဂလာ တောင်ညွန့် မြို့နယ်၊ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် အနီးတွင် ဧပြီလ ၁၅ ရက်နေ့ ၃ နာရီခန့်က ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီး
လူသေဆုံးမှုများ ဖြစ်ပွား ပြီးနောက် အစိုးရပိုင် ရုပ်သံ မီဒီယာများနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် သေဆုံးမှုများနှင့် ဒဏ်ရာရသူများ အကြောင်း သတင်း ထုတ်လွှင့်မှုများ
ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် ပုဂ္ဂလိက မီဒီယာ များတွင်လည်း အဆိုပါကိစ္စကို အသေးစိတ် တင်ပြရန် ဖိအားပေးခိုင်းစေကြောင်း သတင်းမီဒီယာ အသိုင်းအ၀န်းမှ
သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာနနှင့် Forever ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်တင်ဆက်သည့် MRTV 4 ရုပ်သံ လိုင်းတွင်လည်း


ကန်တော်ကြီး ဗုံးပေါက်ကွဲမှုအကြောင်းကို ဧပြီလ ၂၀ ရက်နေ့က အထူးအစီအစဉ် အနေဖြင့် ထုတ်လွှင့်သွားခဲ့သည်။

“ဗုံးပေါက်ကွဲမှုဖြစ်တဲ့ အချိန်ကစလို့ သွေးသံရဲရဲမြင်ကွင်းတွေနဲ့ MRTV 4 မှာ ပြတယ်။ ဆေးရုံမှာ တက်နေရတဲ့ လူနာတွေ၊ ဆေးရုံကြီး တာဝန်ရှိ ဆရာဝန်ကြီးတွေ၊
ဒဏ်ရာရနေတဲ့ လုံခြုံရေး တာဝန်ရှိသူတွေနဲ့ အင်တာဗျူးတွေကို MRTV 4 မှာ ပြတယ်” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ပုဂ္ဂလိကပိုင် FM ရေဒီယို လိုင်းများအားလုံးတွင်လည်း ဗုံးပေါက်ကွဲမှုအကြောင်း အထူးအသံလွှင့် အစီအစဉ်များ ထုတ်လွှင့်ခိုင်းပြီး


အတိုက်အခံနိုင်ငံရေးအင်အားစုများ၏ လက်ချက်ကြောင့် ယခုကဲ့သို့ ပြည်သူအများ ထိခိုက်သေကြေ ဒဏ်ရာရသည်ဟု ဖော်ပြ ခိုင်းခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်ကွဲမှုသတင်းနဲ့ ဒီဗုံးဖောက်ခွဲမှုကို ပြည်ပနိုင်ငံရေး အင်အားစုက လုပ်ဆောင်တယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်ဖို့ ပြန်ကြားရေး ၀န်ကြီးဌာနက ညွှန်ကြားတာ” ဟု
ပုဂ္ဂလိကပိုင် FM ရေဒီယိုလိုင်းတခုမှ အစီအစဉ်မှူးတဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ စီးတီး FM တွင်လည်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်


တိုက်ရိုက်တွေ့ဆုံ မေးမြန်းခန်းများပြုလုပ်ခဲ့ပြီး အတိုက်အခံ နိုင်ငံရေးအင်အားစုများကို ရှုတ်ချသည့် သဘောထား အမြင်များကို ထုတ်လွှင့်ခဲ့သည်။

ပုဂ္ဂလိက သတင်းဂျာနယ်များတွင်လည်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းများကို စာပေစိစစ်ရေးက ဖြတ်တောက်ခြင်း မပြုသည့်အပြင် အနိဌာရုံမြင်ကွင်းများနှင့်


တကွ ဖော်ပြနိုင်ရန် စစ်အစိုးရ၏ မြန်မာ့သတင်းစဉ်က ဓာတ်ပုံများ ပံ့ပိုး ကူညီပေး နေကြောင်း ပြည်တွင်းသတင်း ဂျာနယ် အသိုင်းအ၀န်းမှ သိရသည်။

“ဗုံးကွဲမှု သတင်းတွေ၊ ထင်မြင်ချက်တွေကို စာပေစိစစ်ရေးက မဖြတ်သလောက်ဘဲ။ ဓာတ်ပုံတွေကို မြန်မာ့ သတင်းစဉ်မှာ သွားယူပြီး ထည့်လို့ရတယ်။ သွေးသံရဲရဲ
မြင်ကွင်းတွေလည်း ထည့်ခွင့်ပေးတယ်” ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြော သည်။

စစ်အစိုးရပိုင် သတင်းစာ များတွင်လည်း ဗုံးပေါက်ကွဲမှုသည် ပြည်တွင်းပြည်ပ အတိုက်အခံနိုင်ငံရေး အင်အားစုများ၏ လက်ချက်ကြောင့် ဖြစ်ပြီး အစိုးရကို
မကျေနပ်သည့်အတွက် အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြစ်သည်ဟု အစိုးရ အာဘော် သတင်းဆောင်းပါးများ နေ့စဉ်ရက်ဆက် ဖော်ပြနေသည်။

“တီဗီ၊ သတင်းစာ၊ ဂျာနယ်နဲ့ ရေဒီယိုတွေမှာ အနိဌာရုံမြင်ကွင်းတွေနဲ့ ဗုံးကွဲမှုအကြောင်း အကျယ်တ၀င့် ပြသ၊ ရေးသား၊ လွှင့်တာ တွေ့မြင်ကြားနေရတယ်။ နေ့စဉ်ရက်ဆက်
ဒီအကြောင်းကြီးပဲကြားနေရတော့ အပြင်ထွက်ရမှာ ကြောက်လာတယ်။ အပြင်သွားရင် ဗုံးပေါက်တဲ့ အထဲပါမလားဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်လာတယ်” ဟု ရန်ကုန်မြို့ခံ
တဦးက ပြောသည်။

ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများနှင့်အတူ ဘုရား ပုထိုးစေတီ၊ ဈေး၊ ပလာဇာ၊ ရုပ်ရှင်ရုံ၊ ကားဂိတ်၊ အပါအ၀င် လူစည်ကား ရာ နေရာများတွင် ဗုံးပေါက်ကွဲမှုများ
ဖြစ်နိုင်သည်ဆိုသော ကောလာဟလ သတင်းများလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လျက် ရှိကြောင်း သိရသည်။

“ပလာဇာမှာ ဗုံးကွဲတယ်။ ကားဂိတ်မှာ ဗုံးတွေတွေ့တယ်ဆိုတဲ့ သတင်းတွေက လူတွေကြားမှာ နေ့စဉ်လိုလိုကိုဖြစ်နေတယ်။ လူတွေ အပြင်ထွက်ရမှာ ကြောက်ကုန်တယ်”
ဟု ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

ရန်ကုန်အခြေစိုက် ၀ါရင့်သတင်းစာဆရာ တဦးကလည်း ပုဂ္ဂလိက သတင်းမီဒီယာများအနေဖြင့် သတင်းများကို သတင်းစာ


ကျင့်ဝတ်နှင့် အညီ လိုက်နာ ဖော်ပြရန် လိုအပ်ကြောင်း ပြောဆိုသည်။

“အစိုးရက ထည့်ခွင့်ပေးတိုင်း ဂျာနယ်ရောင်းကုန်ဖို့ ဆိုတဲ့ စိတ်တခုတည်းနဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ ဖော်ပြရင် ဒါက ကျင့်ဝတ်နဲ့ မညီပါဘူး။ သတင်းမှာ Balance လုပ်ရမယ်။
တရားခံဘယ်သူ ဆိုတာ မသိဘဲနဲ့ စွပ်စွဲတာမျိုးတွေကို ကျင့်ဝတ်အရ မရေးသင့်ဘူး” ဟု ၎င်းက သုံးသပ်သည်။

စစ်အစိုးရသည် ဗုံးပေါက်ကွဲမှုကို အကြောင်းပြပြီး အတိုက်အခံ နိုင်ငံရေး အင်အားစုများကို ပြည်သူလူထုက မုန်းတီးစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု
သတင်းထောက်တဦးက ဆိုသည်။

ရန်ကုန်၊ ကန်တော်ကြီးပတ်လမ်းတွင် ဧပြီလ ၁၅ ရက်နေ့ကဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် လူ ၈ ဦးသေဆုံးပြီး ၁၇၀ ဒဏ်ရာရရှိခဲ့သည်ဟု စစ်အစိုးရက


တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရ အပေါ် အမေရိကန် မူဝါဒ မပြောင်း

ခက်ထန် Thursday, April 22, 2010

စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရေး မူဝါဒကို ပြန်လည် သုံးသပ်ရန် လွှတ်တော် အမတ်များက ဝေဖန်မှုများ ရှိသည့်တိုင် ယင်းမူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု အမေရိကန်
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး P. J Crowley က ပြောကြားလိုက်သည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး P. J Crowley

မစ္စတာ Crowley က အမေရိကန် အစိုးရ အနေဖြင့် စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရေး မူဝါဒကို ပြန်သုံးသပ်ရန် မရှိသေးကြောင်း၊ ထိုဆက်ဆံရေးမှ ရလဒ်များ ထွက်ပေါ်
လာမည်ဟု မျှော်လင့်ကြောင်း ဧပြီ ၂၁ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာ တွင် ပြောကြားခြင်း ဖြစ်သည်။

“ထိတွေ့ဆက်ဆံရေး မူဝါဒကို ချမှတ်ခဲ့တာ ဘာကြောင့်လဲ ဆိုတော့ ပွင့်ပွင့် လင်းလင်း ပြောရရင် စီးပွားရေး ပိတ်ဆို့ အရေးယူမှု တခုတည်းနဲ့က အလုပ်မဖြစ်လို့ပါ၊
စစ်အစိုးရနဲ့ အဆင့်မြင့်ပိုင်း ဆွေးနွေးမှုတွေ စလုပ်ခဲ့ပါပြီ”ဟု Crowley က ဆိုသည်။

စစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြီး စေ့စပ်ဆွေးနွေးခြင်းနှင့် ပိတ်ဆို့ဒဏ်ခတ်ခြင်းတို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ယမန်နှစ် စက်တင်ဘာလတွင် အိုဘားမား
အစိုးရက ချမှတ်ခဲ့သည်။
မြန်မာပြည်၏ အကျပ်အတည်းများသည် အချိန်ကာလ တနှစ်နှင့် မပြေလည်နိုင်သေးကြောင်း Crowley က ထည့်သွင်း ပြောကြားသည်။

မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက“ပထဝီနိုင်ငံရေးအရ မတူတဲ့ နိုင်ငံနှစ်ခုအနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဆိုတာ အချိန်လို ပါတယ်။ ရွေးကောက်ပွဲ ပြီးရင် တက်လာမယ့်
အစိုးရနဲ့လည်း အမေရိကန် ဆက်ပြီး ဆွေးနွေးမှုတွေ လုပ်ချင် လုပ်နိုင်တယ်၊ အမေရိကန်အနေနဲ့ အချိန်ယူရမယ်လို့ မြင်ပါတယ်”ဟု သုံးသပ်သည်။

စစ်အစိုးရနှင့်လည်း ဆွေးနွေးမှုများ ဆက်လုပ်မည်ဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ လုပ်ဆောင်ချက် တချို့ကို စိတ်ပျက်မိကြောင်း၊ အထူးသဖြင့် ရွေးကောက်ပွဲ ဥပဒေများနှင့်
ပတ်သက်၍ ဖြစ်ကြောင်း Crowley က ပြောသည်။

“နိုင်ငံရေးဖြစ်စဉ်မှာ ပိုမို ပါဝင်လာနိုင်အောင် လမ်းဖွင့် ပေးရမယ်”ဟု ၄င်းက ဆိုသည်။

တဖက်သတ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ရလဒ်ကို အမေရိကန်က အသိအမှတ်ပြုမည် မဟုတ်ကြောင်းလည်း Crowley က ပြောသည်။

ယခင်သီတင်းပတ်အတွင်း မြောက်ကိုရီးယားက မြန်မာသို့ လက်နက်များ သင်္ဘောဖြင့် တင်ပို့သည့် သတင်း ထွက်ပေါ်မှုနှင့် ပတ်သက်၍ သတင်းထောက်များက
မေးမြန်းရာတွင်မူ Crowley က ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို လိုက်နာကြရန်သာ ပြောကြားသည်။

“မြန်မာအပါအဝင် နိုင်ငံတွေဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရာမှာ သတိရှိဖို့နဲ့ ပွင့်လင်းမြင်သာဖို့ အထူးသဖြင့် တာဝန်ရှိပါ တယ်။ မြန်မာနဲ့ မြောက်ကိုရီးယား
စစ်ဘက်ဆိုင်ရာ ဆက်စပ်မှုကို ကျနော်တို့ ကာလ အတော်ကြာကတည်းက စိုးရိမ်မှု ရှိခဲ့ ပါတယ်။ မြန်မာအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လုံခြုံရေးကောင်စီ
ဆုံးဖြတ်ချက် ၁၇၁၈ နဲ့ ၁၈၇၄ ကို လိုက် နာကြမယ်လို့ မျှော်လင့်ပါတယ်”ဟု ၄င်းက ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲပြီးလျှင် ဒုက္ခသည်များ ပြန်ပို့မည်ဟု တာ့ခ် ခရိုင်မှူးပြော

သန်းထိုက်ဦး Thursday, April 22, 2010

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးပါက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၃ ခုတွင် နေထိုင်သော ဒုက္ခသည် များကို မြန်မာ နိုင်ငံသို့ ပြန်ပို့နိုင်ရန်
မျှော်လင့်ကြောင်း ယမန်နေ့က တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

ယမန်နေ့က မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သော ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော အစည်း အ ဝေး၌ တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး စမတ်
လွိုင်ဖာ့ က ဒေသခံ သတင်းထောက်များကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ မြ၀တီမြို့ တဖက်ကမ်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး၊ အုန်းဖျံနှင့် မယ်လ ဒုက္ခသည် စခန်း၌ လူဦးရေ တသိန်းခန့် ရှိကြောင်း သိရသည်။

စမတ် လွိုင်ဖာ့ က ယင်းဒုက္ခသည် အများစုသည် ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စ များနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ အနေဖြင့် ၀န်ထုပ်ဝန်ပိုး
ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်၂၀၁၀ ရွေးကောက်ပွဲ ကျင်းပ၍ တည်ငြိမ် အေးချမ်းသွားပါက ဒုက္ခသည်များကို မိမိနေရပ်သို့ ပြန်ပို့နိုင်မည်ဟု မျှော်လင့်ရကြောင်း
ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ရာတွင်လည်း နိုင်ငံတကာ စံချိန်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်၍ မြန်မာနိုင်ငံ အတွင်း၌ ၎င်း တို့၏ လုံခြုံရေးနှင့် ဆန္ဒအပေါ် မူတည်၍
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စမတ် လွိုင်ဖာ့ က ဆိုသည်။

စမတ် လွိုင်ဖာ့ က ယင်းသို့ ပြောကြားခဲ့သော်လည်း ထိုင်းအစိုးရ အနေဖြင့် ဒုက္ခသည်စခန်းများကို ပိတ်ပင်၍ ပြန်ပို့မည့် ဆုံးဖြတ် ချက် မရှိသေးကြောင်း သိရသည်။

မယ်လဒုက္ခသည် စခန်းကော်မတီ ဒု ဥက္ကဌ ကိုထွန်းထွန်းကမူ“၂၀၁၀ ရွေးကောက်ပွဲကတော့ သူတို့ အနေနဲ့ အကောင်းဆုံးဖြစ်မယ် လို့ မျော်လင့်တာပေါ့၊ ဒါပေမယ့်
ဒုက္ခသည်တွေ ပြန်ပို့မယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲသည် စစ်မှန်သော ရွေးကောက်ပွဲ မဟုတ်သည့်အတွက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို ဖော်ဆောင်နိုင် မည် မဟုတ်သောကြောင့်
ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ နေရပ်သို့ ပြန်ရန် ဆုံးဖြတ်ချက်ချမည် မဟုတ်သကဲ့သို့ ပြန်ချင်ကြမည် မဟုတ်ကြောင်းလည်း ကိုထွန်းထွန်းက ပြောသည်။

ယင်း ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေး လာကြသူများရှိနေကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း တသိန်း ခြောက် သောင်း ခန့် ရှိကြောင်း သိရသည်။

ထို ဒုက္ခသည်များကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွ(ဲ့ TBBC)က အခြေခံ ရိက္ခာများဖြစ် သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစရှိသည်တို့ကို
ထောက်ပံ့ပေးခဲ့ပြီး NGO လူမှုအဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။ TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း
စာနာမှု အကူအညီများပေး နေသော အစိုးရမဟုတ်သည့် အဖွဲ့များ စုစည်းထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။

လွန်ခဲ့သည့် ဇန်န၀ါရီလဆန်း ပိုင်းကလည်း ယင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးကပင် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရား မ၀င် ဖွဲ့စည်းလှုပ်ရှားနေသည့် မြန်မာ
အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် လူမှုရေးကို ဗန်းပြပြီး နိုင်ငံရေး လုပ်နေခြင်း၊ ကိုယ်ကျိုး စီးပွားရှာဖွေနေခြင်းများ တွေ့ရှိပါက ထိုင်းနိုင်ငံမှ နှင်ထုတ်မည်ဖြစ်ကြောင်း
ပြောဆိုခဲ့သေးသည်။

တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ စစ်ရေးပူးပေါင်းမှု ဆွေးနွေး

ရန်ပိုင် Thursday, April 22, 2010

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက်ခဲ့လျှင် တရုတ-် မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့ များကြား ပူးပေါင်း ဆောင်ရွက်မှုများ
ပိုမိုပြုလုပ်ရန် ဆွေးနွေးပွဲ တရပ်ကို ယမန်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)

အဆိုပါ ဆွေးနွေးပွဲသို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့၊ ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့
(UWSA) ၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တို့ တက်ရောက်၍ စစ်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း UWSA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“ကိုးကန့် ကိစ္စကို သင်ခန်းစာ ယူပြီးတော့ အဲ့သည်လိုမျိုး မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ် စီမံမှုတွေ လုပ်ထားတယ်၊ တပ်ပေါင်းစု ပုံစံမျိုး ခုခံဖို့ပ”ဟု
ဲ ၎င်းက
ဆိုသည်။

ထို့အပြင် UWSA အဖွဲ့၏ လက်ရှိ ရပ်တည်ချက်မှာ ယခင်က တောင်းဆို ထားသကဲ့သို့ပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက် စောင့်ထိန်းသွားမည်ဖြစ်ကြောင်းနှင့်
ဒေသဖွံ့ဖြိုးရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြော သည်။

UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက်များမှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း
ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့်
စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်တို့ဖြစ်သည်။

သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦးစိန်ကြည် က“စစ်အစိုးရက လက်နက်ကြီးများနဲ့ စားနပ်ရိက္ခာ ယာဉ်တန်းတွေ ရှမ်းပြည်မြောက် ပိုင်း ကွမ်းလုံ၊ တန့်ယန်း နဲ့
ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံဒေသတွေကို ပို့နေတယ်”ဟုဆိုသည်။

UWSA အဖွဲ့ကလည်း စစ်အစိုးရတပ်များနှင့် ထိတွေ့နေသည့် ဒေသများတွင် လက်နက် ခဲယမ်းများ၊ စားနပ်ရိက္ခာများကို ဖြည့်တင်း မှုများ ပြုလုပ်ထားကြောင်း ဦးစိန်ကြည်က
ဆက်လက်ပြောဆိုသည်။

စစ်အစိုးရတပ်များ နှင့် ရင်ဆိုင်ထားသည့် ဒေသများမှာ တန့်ယန်းဒေသနှင့် ကပ်လျှက်ရှိသည့် မန်ဆန်ဒေသ၊ ကွမ်းလုံ၊ ဟိုပန်ဒေသ၊ ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဘက်ရှိ
မိုင်းပေါက် မိုင်းဖျန်ဒေသ နှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မော်ဖဒေသတို့ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရတပ်များ စစ်ကား အစီး ၅၀ကျော်နှင့် ရှမ်းပြည်တောင်ပိုင်းသို့ တက်သွားကြောင်းမိထ္တီလာမြို့ခံတဦး ကလည်းဆိုသည်။

ဝနယ်မြေရှိ ဒေသခံတဦးကမူ“ဒီမှာကတော့ အားလုံး ပုံမှန်အတိုင်းပဲ၊ လှုပ်လှုပ်ရှားရှားမရှိပါဘူး၊ စီးပွားရှာတဲ့သူကရှာပါပဲ၊ ဒါပေမယ့် တကယ်ဖြစ်လာလို့ တပ်


ကဦးဆောင်ပြီးတိုက်မယ်ဆိုရင်တော့ တိုက်ရမှာပေါ့”ဟု ဧရာဝတီသို့ပြောသည်။
မကြာသေးမီက ၀နယ်မြေမှ ပြည်မသို့ ပြန်သွားသည့် အစိုးရ၀န်ထမ်းများကိုမူ UWSA အဖွဲ့က ပြန်လာခွင့် မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ စစ်အစိုးရနှင့်
UWSA အဖွဲ့ကြားတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရန် နည်းပါးကြောင်း၊ စစ်အစိုးရအနေဖြင့် ကိုးကန့်အရေး ကဲ့ သို့ အင်အားနည်းသည့် နေရာတွင်သာ
ထိုးဖောက်ဝင်ရောက်လိမ့်မည်ဟု ၀တပ်ဖွဲ့ မှ အရာရှိတချို့က သုံးသပ်ကြောင်း ဦးစိန်ကြည် က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွ(ဲ့ KIO)နှင့် စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း၊ စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့်
အတူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်းပါဝင်ကြောင်း လိုင်ဇာ အခြေစိုက် ကချင်လွတ်လပ်ရေးအဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ယနေ့ နောက်ဆုံး သတ်မှတ်ထားပြီး လာမည့် ဧပြီလ ၂၈ ရက်နေ့ ကျော်လွန်လျှင် မတရားအသင်း
အဖြစ်ကြေညာမည်ဖြစ်သည်။

ကချင်ဒေသ ပေါက်ကွဲမှုအပြီး အဖမ်းအဆီးရှိ

ကိုထွေး Thursday, April 22, 2010

မြစ်ကြီးနားမြို့ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဒေသ၌ ပြီးခဲ့သည့် အပတ်က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲ မှုများနှင့် ပတ်သက်၍ တနင်္ဂနွေနေ့တွင် အာဏာပိုင်တို့က ဒေသခံ
၅ ဦးကို ဖမ်းဆီးကာ လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အဆောက်အအုံတခု (ဓာတ်ပုံ - ကချင် သတင်းစဉ်)

ဖမ်းဆီးခံရ သူများထဲတွင် ရာဘာခြံ ပိုင်ရှင်နှင့် အလုပ်သမားများ ပါဝင်ပြီး နောက်ပိုင်းတွင် ၂ ဦးကို ပြန်လွှတ် ပေးခဲ့သည်ဟု ထိုဒေသ အကြောင်း အထူးပြု လေ့လာနေသည့်
စာနယ်ဇင်း သမားတဦးက ပြောသည်။

“ မြစ်ဆုံ စီမံကိန်း အတွက် စီမံကိန်းက လူတွေက မီးရှို့တုန်း ရာဘာခြံတွေ လောင်သွားတော့ အခု အဖမ်းခံထားရတဲ့ သူတွေက ကုမ္ပဏီကို လျော်ကြေး နည်းနည်း
တောင်းထားတာ ရှိတယ်လေ” ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင် သတင်းစဉ် အယ်ဒီတာ ကိုနော်ဒင်းက ပြောသည်။

ဗုံးပေါက်ကွဲသည့် နေရာသည် ယခင်ကပင် လုံခြုံရေး ထူထပ်သဖြင့် အရပ်သားများ ၀င်ရောက်ရန် မလွယ်ကူကြောင်း၊ ယခုအခါ အစစ်အဆေးများ ပိုမို များပြားသည်ဟု
သိရကြောင်း သူက ဆက်ပြောသည်။

ပေါက်ကွဲမှုနောက်ပိုင်း ဖမ်းဆီးမှုများနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း လုံခြုံရေးအရ မဖြေဆိုနိုင်ကြောင်း
တာဝန်ကျ ရဲအရာရှိက ပြောသည်။

ဧရာဝတီမြစ် အစပိုင်းရှိ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းဒေသ ပေါက်ကွဲမှုနောက်ပိုင်း ဖမ်းဆီးမှုများ ရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ရက် အမည်ရှိ
အဖွဲ့မှ တာဝန်ခံတဦးဖြစ်သူ ကိုအောင်ဝါက ပြောသည်။

“မသင်္ကာတဲ့ နေရာတွေ အိမ်တွေဆို အရမ်း စစ်ဆေးနေတယ်၊ တချို့ဟာတွေ ဆိုရင် လူတွေကို စစ်ဆေးနေတဲ့ဟာမျိုး ဖြစ်တယ်” ဟု ကချင်ဒေသအရေး ဆောင်ရွက်နေသူ
ကိုအောင်ဝါက ဧရာဝတီကို ရှင်းပြသည်။

“ဧရာဝတီမြစ်ပေါ်မှာ ဆောက်ထားတဲ့ ဗလမင်းထင်တံတားမှာလည်း လူတွေ အကုန်လုံးကို စစ်ဆေးနေတယ်၊ ပိုက်ဆံအိတ်က အစ အကုန် စစ်နေတယ်၊ အရင်က
တံတားကို ၂၄ နာရီ ဖြတ်သွားလို့ရတယ် အခု ည ၇ နာရီဆိုဖြတ်လို့ မရတော့ဘူး၊ အေးရှားဝေါလ် ရုံးစိုက်တဲ့နေရာမှာလည်း အခု စစ်ဆေးရေး ဂိတ်က အစစ်အဆေး အရမ်း
များပြီးတော့ ၆ နာရီ နောက်ပိုင်းဆို သွားလာဖို့ ခက်သွားပြီ” ဟု ကိုအောင်ဝါက ပြောသည်။

ဒေသခံများ၏အဆိုအရ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဒေသတွင် အစိုးရ စစ်သားများကိုလည်း ယခင်ကထက် ပိုမိုများပြားစွာ တွေ့မြင်နေရသည်ဟု သိရသည်။
စစ်အစိုးရနှင့် ကချင်သူပုန်တို့ အပစ်အခတ် ရပ်စဲခြင်း မပြုရသေးသည့် ၁၉၉၄ ခုနှစ်မတိုင်မီ အခြေအနေနှင့် တူနေသဖြင့် စိုးရိမ်မိသည်ဟု ဒေသခံများက ဆိုသည်။

သင်္ကြန်အတွင်း ရန်ကုန်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ နှင့် မြစ်ဆုံဒေသ ပေါက်ကွဲမှုများသည် မည်သူ၏ လက်ချက် ဖြစ်ကြောင်းကို မသိရသေးပေ။

မေခ နှင့် မေလိခ မြစ်ဝှမ်း မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဒေသ နေရာ ၄ ခုတွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း အစိုးရအာဘော် ကြေးမုံ သတင်းစာတွင် အင်္ဂါနေ့က
ရေးထားသည်။ မိုင်း ၁၀ လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်းအချို့ကို ဖော်ထုတ် ရှင်းလင်းခဲ့သည်ဟု ဆိုသည်။ ပေါက်ကွဲမှုကြောင့် အဆောက်အအုံ ၂ လုံး၊ ယာဉ် ၆
စီး တို့၏ အစိတ်အပိုင်း တချို့ ပျက်စီးခဲ့ပြီး လူ ၁ ဦး အနည်းငယ် ဒဏ်ရာရသွားသည်ဟု ရေးထားသည်။

စီမံကိန်းဒေသ ပေါက်ကွဲမှု အရေအတွက်မှာ အစိုးရ ကြေညာထားသည်ထက် များပြားသည်ဟု ထိုဒေသမှ လာသော သတင်းများက ဆိုသည်။

ရေအားလျှပ်စစ် စီမံကိန်းကို တရုတ် စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ (CPI) အဖွဲ့ နှင့် စစ်အစိုးရနှင့် နီးစပ်သည့် Asia World ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်နေခြင်း
ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ထွက်ပေါ်လာသော လျှပ်စစ် ဓာတ်အားကို တရုတ်နိုင်ငံသို့ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းသည် ဒေသခံတို့ အတွက် ကောင်းကျိုး မရှိဘဲ ဆိုးကျိုးများသာ ရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့များနှင့် သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူများက
ဝေဖန်နေကြသည်။ စီမံကိန်းကြောင့် ဒေသခံ ၁၅၀၀၀ ခန့်မှာ နေရာ ပြောင်းရွှေခဲ့ရသည်ဟု ဆိုသည်။

အဖြေမရှိသေးသည့် မေးခွန်း

သင်္ဂီထိုက် Thursday, April 22, 2010

၂၀၀၃ ခုနှစ် ဒီဇင်ဘာလ၊ မန္တလေး


ညက အနီးစခန်းက ဆင်းလာပြီး မန္တလေးအိမ်တွင် ညအိပ်။ မနက်စောစောထ ၃၂ လမ်း ပန်းတန်းသွားပြီး ပန်းဖိုးငွေ သွားယူရမည်။ နေ့လယ်ပိုင်း အနီးစခန်း (မေမြို)့ ကို
ပြန်တက်။ ဖြစ်ချင်တော့ မနက်စောစော ဆိုင်ကယ် ဘီးပေါက်သည်။ မတတ်နိုင်တော့၊ ၆၉ လမ်းမကြီးကနေ သိပ္ပံလမ်းဘက်ထွက် လိုင်းကားစီးပြီး ဈေးကို ပြေးရုံသာ
ရှိတော့သည်။

နံနက် ၅ နာရီ ကျော်ကျော် ပျာယာ၊ ပျာယာနှင့် ၆၉ လမ်းမကြီး ကနေ လမ်းလျှောက်


ထွက်လာသည့် ကျမ၏ တင်ပါးပေါ် ပြင်းထန်သည့် ရိုက်ချက် တခု ကျလာသည်။ ထူပူ သွားသည်။ အသား နာကျင်မှုကြောင့် ဒေါသက ထောင်းခနဲ ထွက်သည်။

“ဟီး … ဆိုင်က ပြန်လာ တာလား” ဟူသည့် အသံနှင့် စပ်ဖြဲဖြဲ သကောင့်သား ၂ ကောင်။ ဆိုင်ကယ် တစီးနှင့် ဖြစ်သည်။
အေးချမ်း လှသည့် မန္တလေး ဆောင်းကို အံတုရန် စီးထားသည့် ရှူးဖိနပ် တဘက်က ဒင်းတို့ ၂ ယောက်ထံ ပျံဝဲသွားသည်။

၆၉ လမ်းနှင့် သိပ္ပံလမ်း ထောင့်တွင် အိပ်ငိုက် နေသည့် ဆိုက်ကား ဆရာ ၃ ယောက်က ကျမတို့ ရန်ပွဲကို လှမ်းကြည့်ပြီး အပြေး ရောက်လာ ချိန်တွင်တော့ ထိုဆိုင်ကယ်နှင့်
သကောင့်သား ၂ ကောင် မောင်းထွက် ပြေးတော့သည်။

“ငါ့တူမ တယောက်တည်း လာတာကိုးကွဲ့၊ တော်သေးတာပေါ့၊ လုတာ ယက်တာ မဖြစ်လ”ို့ ဟု ဆိုက်ကားဆရာ ဦးလေးကြီး တယောက်၏ မှတ်ချက်ပေးသံကို
မသဲမကွဲသာကြားနိုင်တော့သည်။ ဖိနပ်ကို ကောက်ကိုင်ပြီး ဆိုက်ရောက်လာသည့် လိုင်းကားပေါ်သို့ ရှက်စိတ်မွှန်ထူကာ အပြေးတပိုင်း တက်မိသည်။ ဈေးချို ပန်းတန်းဘက်
ကျမ ထွက်လာခဲ့သည်။

ကျမ အိမ်ကို မပြောဖြစ်။ ပြောပါက၊ ကျမ အလုပ်လုပ်ခွင့်ကို ပိတ်တော့မည် ဖြစ်သည်။ အလုပ်လုပ်ခွင့်ကို ပိတ်ကာ အိမ်တွင်းပုန်း လုပ်ခိုင်းမည်ကို ကြောက်သည်။

အသိ မိတ်ဆွေတွေကို ပြောပြန်ရင်လည်း “ဖြစ်တာတောင် နည်းသေး၊ တယောက်တည်း သွားတာကိုး” ဟု မှတ်ချက် ပြုချေ လိမ့်မည်။ အမျိုးသမီးများ မလုံခြုံမှုကို ဖြစ်လေ့
ဖြစ်ထ ရှိသည့် ကိစ္စ တခုအဖြစ် ကျမတို့ လူမှု အသိုင်းအ၀န်းက လက်ခံထား ကြသည်။

၇ နှစ် ကြာခဲ့ပြီ။ သို့သော် ကျမ မမေ့နိုင်။ ယခု အချိန်တွင်ကော မန္တလေးတွင် အမျိုးသမီးများ လုံခြုံရေး အဆင့်အတန်း မည်မျှ မြင့်လာသည် ကျမ မသိ။

ကျမကတော့ ထိုနေ့က စပြီး တတ်နိုင်သမျှ တယောက်တည်း အပြင် မထွက်တော့။ ထွက်လျှင်လည်း ကျမ လက်ကိုင်အိတ်ထဲတွင် ၆ လက်မခန့် အသွားရှိသည့်
ဓားတချောင်း မပါမဖြစ် စစ်ပြီး ယူလေ့ရှိသည်။ ပိုက်ဆံအိတ်မေ့ချင် မေ့မည်။ ထို ဓားကိုတော့ ကျမ မမေ့မလျော့ ဆောင်ထားတတ်ခဲ့သည်။

အဲဒီအချိန်တုန်းက ကျမ အသက် ၂၂ နှစ်။

လူမှု ၀န်းကျင်အပေါ် ကြောက်စိတ် စတင်ခံစားရလိုက်ရသည်ဟုပင် ပြောနိုင်သည်။

၂၀၀၆ ခုနှစ်၊ ဇွန်လ၊ ရန်ကုန်


“မွေးကုကို သွားလိုက်ဦး။ တုပ်ကွေးကိစ္စ ထူးခြားတာ ရှိမလားဘဲ။ ကားက ဆူးလေကနေစီး။ ၄၅ ဆိုတာတွေ အကုန်ရောက်တယ်” ဟု ကျမ သတင်းထောက်ချုပ်က
ပြောလာသည်။

ကျမ ရန်ကုန်ကို ရောက်စက ကားမစီးတတ်။ ကျမသွားတတ်တာ ဆူးလေနှင့် အင်းလျားလမ်း ခေမရဌ် ရှမ်းဆိုင်နားက ကျမ အိမ်။ လုပ်တာက သတင်းထောက် အလုပ်။
တနေရာ သွားချင်ပြီဆို ရုံးက သတင်းထောက်ချုပ်က မြေပုံဆွဲပြီး လမ်းညွှန်ပေးလေ့ရှိသည်။

အင်းစိန် ကြို့ကုန်းရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဋ္ဌာန (တိမွေးကု) ရုံးကို သွားရန် ဘိုကလေးဈေးလမ်းဘက်ကနေ ဆူးလေဘက် ထွက်လာသည်။ အမေရိကန် သံရုံးရှေ့၊
မဟာဗန္ဓုလ ပန်းခြံနား အရောက်တွင် အိန္ဒိယတိုင်းသား တယောက်က ကျမနား၌ တတွတ်တွတ်နှင့် တယောက်တည်း စကားတွေ ပြောနေသည်။

လက်တဘက်က ထီးကိုကိုင်ထားပြီး တဖက်က သတင်းထောက်ချုပ် ရေးပေးလိုက်သည့် စာရွက်ပေါ်မှ မြေပုံကို သည်းကြီး မည်းကြီး ကြည့်၍ ခပ်သုတ်သုတ်
လမ်းလျှောက်နေသည့် ကျမနားသို့ စကားတတွတ်တွတ် ပြောနေသည့် ထိုသူ ရောက်လာ သည်။

ရှိသင့်သည့် အကွာအဝေးထက် ကျမနား ကပ်လာသည့် သူ့ကို ကျမ လှမ်းအကြည့်တွင် ကျမကြားလိုက်သည်က “ဒီနားကဆိုင်မှာ ကော်ဖီသောက်ရင်း စကားပြောရအောင်”
ဟူ၏။

အူကြောင်ကြောင် ဖြစ်သွားသည့် ကျမက ပန်းခြံထောင့်က ယာဉ်ထိန်းရဲ အုပ်စု တစုရှိနေသည်ကိုလည်း မမြင်တော့။ လမ်းသွားလမ်းလာတွေ ရှိနေသည်ကိုလည်း
သတိမထားမိဘဲ အံ့သြဘနန်းဖြင့် အကျယ်ကြီး အော်မေးလိုက်သည်။

“ဟင်၊ အဲဒါ ဘာပြောတာလဲ။ ဘယ်သူ့ကိုပြောတာလဲ။ ငါ့ကိုပြောတာလား။ ဘာတုန်း”

ထိုအသံကြောင့် ယာဉ်ထိန်းရဲ တအုပ်စုကြီး၊ လမ်းသွား လမ်းလာများနှင့် အမေရိကန် သံရုံးရှေ့မှ အစောင့် အားလုံး၏ မျက်လုံးများ ကျမနှင့် ထိုသူထံရောက်လာသည်။
ထိုအိန္ဒိယတိုင်းသားလည်း ကျမရှေ့က ခပ်မြန်မြန် ထွက်သွားတော့သည်။

နောက် ၃ နာရီကြာတော့ ကျမ မွေးကု ညွှန်မှူးနှင့် အင်တာဗျူးလုပ်ပြီး ရုံးကို မူလလမ်းအတိုင်း ပြန်လာ၊ ကျမ သတင်းထောက်ချုပ် ကို မဟာဗန္ဓုလ ပန်းခြံလမ်းက
အဖြစ်အပျက်ကို ပြောပြလိုက်သည်။

“နောက် အဲဒီ ပန်းခြံနားကို တယောက်တည်း အူကြောင်ကြောင် သွားမလုပ်နဲ့။ ဒီဘက်က လူများတဲ့လမ်းကနေသွား” ဟု သူက ပြန်ပြောသည်။

ဒါက ကျမ ရန်ကုန် စရောက်ခါစ အတွေ့အကြုံ။ အဲဒီနေ့က စလို့ ကျမ မဟာဗန္ဓုလ ပန်းခြံ လူရှင်းသည့်ဘက်ဆို မလျှောက်တော့ တာ။ အခုချိန်ထိ။

ကျမတွင် ကြောက်စိတ်များ ရှိနေဆဲ ဖြစ်သည်။ အဲဒီတုန်းက ကျမ အသက် ၂၅ နှစ်။

၂၀၀၈ ခုနှစ်၊ စက်တင်ဘာ၊ ရန်ကုန်


ကလောင် တချောင်းကို မနိုင့်တနိုင်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နေသည့် အချိန်။ ကိုယ်ရေးကိုယ်တာ ကိစ္စ တခု အတွက် စိတ်ထိခိုက်နေဆဲ အချိန်။ ကိုယ့်စိတ်ကို
တည့်မတ်ပြီး အရာရာကို အကောင်းမြင်စိတ်နှင့် ကြိုးစားနေဆဲ။ တရက် …။

“ခင်ဗျား … အလုပ်က ထွက်ပေးပါ” ဟု ကျမ အလုပ်ရှင်က ခေါ်ပြောလာသည်။ “ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့် ဒီလို ဖြစ်တာလဲ” ဆိုသည်က ကျမအတွေး။

ကျမတို့ ဆွေးနွေးဖြစ်ကြသည်။ ကျမက အယ်ဒီတာ၊ ကျမနှင့် ဆွေးနွေးသူက အယ်ဒီတာချုပ်။ အမျိုးသား။

“ကျမကို ဘာကြောင့် အလုပ်ထွက်ပါလို့ ပြောတာလဲ”

“ငါတို့ စောင့်ကြည့်နေတာ ကြာပြီ။ အချက်အလက် ခိုင်ခိုင်လုံလုံ မရသေးချိန်မှာ ဆရာက သွားပြောတာကိုး။ ငါပြောတာက ကျနော်တို့ စောင့်ကြည့်နေဆဲပါလို့ ပြောတာပါ”

“ဘယ်ဟာတွေကများ သံသယ ဖြစ်စရာတွေ တွေ့ရလို့လ”ဲ

သူပြောသမျှ အများကြီးထဲမှ ကျမ မှတ်မိသည့် အချက် ၃ ချက် ရှိသည်။

“ဒီလကုန် လက်ပ်တော့ပ် ၀ယ်မယ်လို့ ပြောသံကြားတယ်။ နောက် ကျန်းမာရေး မကောင်းတာကိုလည်း ဆေးကုနေသေးတယ်။ မိသားစုကိုလည်း ထောက်ပံ့နေတယ်
ကြားတယ်။ ငါတို့ ပေးထားတဲ့ လစာက တလကို ကျပ် ၅ သောင်း။ ဒီပိုက်ဆံနဲ့ ဒါတွေ လုပ်လို့ မရဘူး။ အဲဒီတော့၊ အဲဒီလို သုံးနေတဲ့ ပိုက်ဆံတွေ ဘယ်က ရသလဲ။ ဒါက
မသင်္ကာ စရာ အဓိက အချက်ပ”ဲ

ကြားလိုက်ချိန်တွင် ကျမ အလုပ်ထွက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဒီလို အတွေးအမြင် ရှိသူတွေက ကလောင်ကိုင်ပြီး စတုတ္ထမဏ္ဍိုင် အဖြစ် နိုင်ငံတည်ဆောက်ရေး
လုပ်မည် ဆိုသည်ကို ကျမ မယုံ။ ဒီတခါတော့ ကျမ ကြောက်စိတ်ကြောင့် မဟုတ်တော့၊ ယုံကြည်ချက်ကြောင့် ရှောင်ကျဉ်ခဲ့သည်။ အဲဒီအချိန်က ကျမ အသက်၂၇ နှစ်။

၂၀၁၀၊ မတ်လ၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့


အိပ်ရာ စောစောထ၊ သတင်းနားထောင်ပြီး ပြန်အိပ်တတ်သည့် ကျမကို ကျမ အယ်ဒီတာက ဖုန်းခေါ်သည်။ “နိုင်ငံတကာ အမျိုးသမီးများနေ့ အတွက် သတင်း တပုဒ်
လုပ်ပေးပါ” ဟု ဆိုလာသည်။

ဒါနှင့် ကျမ သတင်းရှာသည်။ အမျိုးသမီး အဖွဲ့များကို မေးသည်။ “စစ်အစိုးရက အမျိုးသမီး အခွင့်အရေးကို နိုင်ငံရေး နယ်ပယ်၊ စီးပွားရေး နယ်ပယ်နဲ့ လူမှုရေး
နယ်ပယ်တွေမှာပါ တွင်တွင် ကျယ်ကျယ် ချိုးဖောက်နေတယ်” ဟု ပြည်ပ အခြေစိုက် အမျိုးသမီး အဖွဲ့က ဆိုသည်။

ပြည်တွင်း အမျိုးသမီးအဖွဲ့ကတော့ မြန်မာ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ အခွင့်အရေး ရရှိသည်။ ဒေသတွင်း ခွဲခြား ဆက်ဆံခံရမှု အနည်းဆုံး ဖြစ်သည်။
အစဉ်အလာအရ ယဉ်ကျေးမှု အဆင့်အတန်း မြင့်သည်နှင့် အညီ အမျိုးသမီးများကို မိခင်၊ နှမ အဖြစ် ရှုမြင်ပြီး လေးစားကြသည်ဟု စကားလုံးလှလှများဖြင့် ပြောကြသည်။

စစ်အစိုးရ တင်လား။ ကျမတို့ အခွင့်အရေး၊ ကျမတို့ လုံခြုံမှုကို စစ်အစိုးရ တခုတည်းက ချိုးဖောက်နေသလား။ ကျမ မြန်မာ အမျိုးသမီး အားလုံးကို တယောက်မကျန်
မေးကြည့်ချင်သည်။ လူထု စစ်တမ်း ကောက်ယူ ချင်သည်။

ကျမ တဦးတည်း သီးသန့် အမြင်ကို ပြောရပါလျှင် မြန်မာ အမျိုးသမီးများ၏ နိစ္စဒူဝ နေ့စဉ် ဘ၀များ၌ပင် လိင်ပိုင်းဆိုင်ရာ မတော်တရော် ပြောဆိုခံရမှု၊ လုပ်ငန်းခွင်၌ ခွဲခြား
ဆက်ဆံ ခံရမှုများ မြန်မာ လူ့ပတ်ဝန်းကျင်၌ ခေတ်အဆက်ဆက် ရှိနေဆဲ ဖြစ်သည်။

အမျိုးသမီးတို့ ဘ၀လုံခြုံရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေး အာမခံချက် မပေးနိုင်သည့် လူ့အဖွဲ့အစည်း တရပ်၏ ယဉ်ကျေးမှု အဆင့်အတန်း ဆိုသည်ကိုလည်း မြန်မာ
အမျိုးသမီး တယောက်အနေဖြင့် မေးခွန်း ထုတ်နေမိသည်။

ထိုမေးခွန်း ကိုတော့ မည်သူ ဖြေမည်မသိ။

နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်

ဖနိဒါ | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO


က ထပ်လောင်း တုံ့ပြန်လိုက်သည်။

မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဗိုလ်မှူးကြီး သက်ပုံတို့ ဦးဆောင်သော ၄ ဦးပါအဖွဲ့နှင့် KIO ဥက္ကဌ ဦးလရောက် ဇောင်းဟရား၊
အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဂွမ်းမော်တို့ပါဝင်သော ၈ ဦးပါအဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့နံနက်က ၁ နာရီခွဲကြာ
တွေ့ဆုံဆွေးနွေးကြစဉ် KIO ၏ လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်အဖြစ် အသွင်မပြောင်းဟု ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။

“ နယ်ခြားစောင့်တပ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ အဲဒါပဲ ပြောပြခဲ့တယ်။ ကျနော် တို့ အောက်ခြေလည်း လက်မခံဘူး။ ကချင်လူထုလည်း လက်မခံဘူး။ ” ဟု
ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ KIO ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုတပ်မတော်တွင် ကချင်တပ်ရင်းများအဖြစ်သာ ပါဝင်လိုကြောင်း KIO က ဆက်လက် ဆွဲကိုင်ထားသည်။

ဗိုလ်ချုပ် စိုးဝင်းက KIO ၏ အဖြေကို နေပြည်တော်သို့ ဆက်လက်တင်ပြမည်ဟုသာ တုံ့ပြန်သွားကြောင်း သိရသည်။

ပြဿနာကို ငြိမ်းချမ်းစွာအဖြေရှာလိုကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

“ အစိုးရအနေနဲ့ တိုက်ခိုက်လာမယ်၊ မလာဘူးဆိုတာက သူတို့ဘက်က အပိုင်းပါ။ ကျနော်တို့ဘက်က မပြောနိုင်ပါဘူး။ ကျနော်တို့ဘက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ


လုပ်ဆောင်ချင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်နက်ကိုင် အင်အား ၈ ထောင်ခန့်ရှိသော KIO က နအဖအနေဖြင့် စစ်တိုက်ပြီး ချေမှုန်းခြင်းမပြုရန် သတိပေးထားသည်။

တိုင်းရင်းသား ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခင်နှစ် ဧပြီလ ၂၈ ရက်မှ စတင်ကာ နောက်ဆုံးရက်များ သတ်မှတ်ကာ ရာဇသံပေးခဲ့သည်မှာ
၃ ခါပြည့်သွားပြီဖြစ်သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ကိုလည်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် နအဖက ညွှန်ကြားထားသော်လည်း UWSA
ကလည်း ငြင်းဆန်ထားသည်။

“ ဒီနေ့ နောက်ဆုံးဖြတ်ပေမဲ့ အဖြေမပေးဘူး။ သူတို့ပြောတာနဲ့ ကျနော်တို့လိုချင်တာ မတူဘူး။ ကျနော်တို့ တောင်းဆိုတဲ့ ၉ချက် ကနေ ၈ချက်ကိုလည်း ပယ်လိုက်တယ်လေ။
ကျနော်တို့ နယ်မြေဒေသ အခွင့်အရေးကို တောင်းတာကို ပယ်လိုက်တယ်ဆိုတော့ ပြောစရာမရှိတော့ဘူး။”ဟု UWSA အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ တပ်ဖွဲ့နှင့် တန်ယန်းမြို့တွင် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဝ တပ်ဖွဲဌာနချုပ်သို့ အကြောင်းကြားလာခြင်း မရှိသေးဟု သူက
ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်များနှင့်လည်း စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံမည်ဟု သိရသော်လည်း သတင်းပေးပို့ချိန်အထိ မွန်ပြည်သစ်ကို


ဆက်သွယ်၍ မရဘဲ ရှိသည်။

(ကိုဝိုင်းတည်းဖြတ်သည်။)

နောက်ဆုံးနေ့အထိ ဒေါ်စုအပေါ် သစ္စာရှိမည်ဟု ဦးခင်မောင်ဆွေ ပြော

မြင့်မောင် | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် သဘောကွဲ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပါတီများမှတ်ပုံတင်ရမည့် နောက်ဆုံးရက်အထိ


ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိမှုကို ပြသသွားမည်ဟု ပြောကြားလိုက်သည်။

''NLD ရွေးကောက်ပွဲ မှတ်ပုံတင်ရက် မကျော်မချင်း ဘာမှ လုပ်မှာမဟုတ်ပါဘူး။ NLD အပေါ်မှာ သစ္စာရှိတဲ့အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိတဲ့အနေနဲ့
နောက်ဆုံး မေလ ၆ ရက် မရောက်မချင်း၊ မကျော်မချင်း ဘာဆိုဘာမှ ဆုံးဖြတ်မှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

လာမည့် မေလ ၆ ရက်နေ့သည် ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း လျှောက်ထားရမည့် နောက်ဆုံးနေ့ရက် ဖြစ်သည်။ အဓိက
အတိုက်အခံပါတီကြီးဖြစ်သော NLD က စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများ တရားမျှတမှု မရှိခြင်းကြောင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် တခဲနက်ဆန္ဒဖြင့်
ဆုံးဖြတ်ထားသည်။

သို့သော် နောက်ပိုင်းတွင် ဦးခင်မောင်ဆွေက ပါတီကို ဝေဖန်မှုများကို လူသိရှင်ကြား ပြုလုပ်သေးသောအခါ ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ ဝင်လိမ့်မည်ဟူသော
ကောလာဟလများလည်း ထွက်ပေါ်လာသည်။

“ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ တသီးပုဂ္ဂလအနေနဲ့လည်း ဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ ဘေးကလူတွေက


ထင်ကြေးတွေနဲ့ ပြောနေကြတာပါ။ လောလောဆယ် ဘာမှ လုပ်ဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး။ စောင့်ကြည့်နေတာပဲ ရှိပါတယ်'' ဟု လက်ရှိ NLD ပြန်ကြားရေးအဖွဲ့ဝင်နှင့်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အတိုက်အခံပါတီကြီး NLD ကဲ့သို့ ပါတီဟောင်းများအနေဖြင့် ပြန်လည်၍ မှတ်ပုံမတင်ပါက ပါတီအဖြစ်မှ အလိုအလျောက်
ပျက်ပြယ်မည်ဖြစ်သည်။

ပါတီမှတ်ပုံတင်ရန် သဘောထားရှိခဲ့သူ နောက်တဦးဖြစ်သည့် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာသန်းငြိမ်း (ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ) ကလည်း
ပါတီမှတ်ပုံတင် နောက်ဆုံးရက်နေ့အထိ NLD အပေါ် သစ္စာရှိသွားမည်ဟု ပြောသည်။

“မေလ ၆ ရက်နေ့ မတိုင်ခင် NLD ရှိနေသမျှ ကျနော်တို့က အဖွဲ့ဝင်တွေပဲလေ။ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ထားတာတွေ မရှိပါဘူး” ဟု
သူက ပြောသည်။

သို့သော်လည်း နှစ်ဦးလုံးက မေလ ၆ ရက်နေ့ကျော်လျှင် ဘာလုပ်မည်ဆိုသည်ကို ဖြေကြားရန် ငြင်းဆိုသွားသည်။

ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ့များ တောင်းဆို

မုံပီး | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၁၇ မိနစ်

အိုကလားဟိုးမားမြို့ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ကန်တော်ကြီးရှိ ရေကစားမဏ္ဍပ်တွင် ဗုံးများပေါက်ကွဲသည့် ဖြစ်ရပ်အား ဓာတ်ပုံရိုက်သဖြင့် အဖမ်းခံခဲ့ရသော သတင်းသမားနှင့်
သူ၏ သားအား ချက်ချင်း လွှတ်ပေးရန် သတင်းမီဒီယာစောင့်ကြည့်လေ့လာရေးအဖွဲ့များက တောင်းဆိုလိုက်ကြသည်။

သင်္ကြန်အတက်နေ့တွင် လူအများအပြား သေဆုံးဒဏ်ရာ ရရှိစေခဲ့သော ဗုံးကွဲမှုအပြီး နှစ်ရက်အကြာ ယခုလ ၁၇ ရက်နေ့တွင် ၅၅ နှစ်အရွယ် ဦးဇေယျနှင့်
ကိုစည်သူဇေယျအား အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) နှင့် ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ
BMA က ယမန်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခြင်း ဖြစ်သည်။

“တကယ်လို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာကို ဓာတ်ပုံရိုက်ခဲ့လို့ အဖမ်းခံခဲ့ရတာဆိုရင် အခုချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ထိုအဖွဲ့အစည်းနှစ်ခုက
ပြောကြားသည်။

ဦးဇေယျတို့သားအဖသည် ကန်တော်ကြီး X2O ရေကစားမဏ္ဍပ်၌ ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံရိုက်ခဲ့သဖြင့် ယခုလို အဖမ်းခံရသည်ဟု ယူဆရကြောင်း RSF နှင့် BMA
ပြောသည်။

အာဏာပိုင်များအနေနှင့် အကြမ်းဖက်မှု၏ တရားခံကို ရှာဖွေဖော်ထုတ်ရန် တာဝန်ရှိသဖြင့် တရားမျှတသည့် နည်းလမ်းမျိုးစုံ အသုံးပြုနိုင်သော်လည်း သတင်းရယူ


စုဆောင်းသူများအား ဖမ်းဆီခြင်းဖြင့် ပစ်မှတ်လွဲချော်သော တရားလက်လွတ် ပြုမူမှုမျိုးကို ရှောင်ရှားသင့်သည်ဟုလည်း ပါရှိသည်။

ယခုလ ၁၅ ရက်နေ့က ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သင်္ကြန်မဏ္ဍပ်တခုတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုဟု အာဏာပိုင်များက ယူဆနေသော ဗုံးပေါက်ကွဲမှု ၃ ခု
ဖြစ်ပွားခဲ့ရာ လူ ၉ ဦးခန့် သေဆုံးခဲ့ပြီး ၁၇ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။

RSF နှင့် BMA မှ ရရှိခဲ့သော သတင်းများအရ ဦးဇေယျသည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့သဖြင့် ရဲအဖွဲ့က ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဇေယျ၏ ကလောင်အမည်မှာ သားကြီးမောင်ဇေယျဖြစ်ပြီး၊ ၎င်းသည် နာမည်ကျော် စာရေးဆရာ လင်းယုန်မောင်မောင်၏ သားလည်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်င)ံ ၂ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲ၌ စစ်အစိုးရအနေဖြင့်


အတိတ်က ပြုမူသကဲ့သို့ မကြာသေးခင်က ဗုံးပေါက်ကွဲမှုများကို အကြောင်းပြ အမြတ်ထုတ်ကာ အစိုးရအပေါ် နိုင်ငံရေးအရ ဆန့်ကျင်ဝေဖန်သူများအား ပိုမိုဖိနှိပ်လာမည်ကို
စိုးရိမ်မကင်း ဖြစ်မိကြောင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင် နအဖ သည် နိုင်ငံရေးအရ ဆန့်ကျင်ဝေဖန်သူများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများအား ၎င်းတို့ ပြုလုပ်ကျူးလွန်ခြင်း မရှိခဲ့သည့် ပြစ်မှုများအတွက်
လက်ညှိုးထိုး အပြစ်ပုံချကာ အရေးယူနိုင်သည့် အမြစ်တွယ်နေသော မှားယွင်းသည့် ပြစ်ဒဏ်စီရင် အကျဉ်းကျမှုစနစ်ကြီး ရှိနေပေသည်” ဟု
ကြေညာချက်တွင်ဖော်ပြထားသည်။

သီးခြားဗုံးပေါက်ကွဲမှုမှာ စစ်အစိုးရနှင့်နီးစပ်သော အေးရှားဝေါကုမ္ပဏီက ဆောက်လုပ်နေသည့် ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းတွင် ဖြစ်သည်။ သို့သော်


ထိုဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ အနည်းငယ် ရှိခဲ့သော်လည်း သေဆုံးသူ မရှိပါ။

မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်


လာရီဂျေဂင် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၅၂ မိနစ်

ဘန်ကောက်။ ။ သင်္ကြန်ပွဲတော် နှင့် မြန်မာ နှစ်သစ်ကူး ပွဲတော်အပြီး တွင် အနှစ်နှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့်
ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများအား လုပ်ဆောင်လာကြရာ အရှိန်ရလာခဲ့ပြီ ဖြစ်သည်။ စစ်အစိုးရမှ ရွေးကောက်ပွဲရက်ကို အတိအကျ မထုတ်ပြန်သေးသော်လည်း
လာမည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန်အတွက် အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ဆယ်သည် မှတ်ပုံတင်ပြီးကြပြီ ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်
ရည်ရွယ်ထားသည့် အခြားမှတ်ပုံမတင်ရသေးသော ပါတီများသည်လည်း လာမည့် ရက်သတ္တပတ် အနည်းငယ် အတွင်းတွင် ရွေးကောက်ပွဲ ကော်မရှင်ထံ၌
မှတ်ပုံတင်ကြလိမ့်မည်ဟု မျှော်လင့်ရပေသည်။

အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု ရှိလိမ့်မည် မဟုတ်ဟု
ယူဆသည့်အတွက် ရွေးကောက်ပွဲအား သပိတ်မှောက်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း စစ်အစိုးရသည် ရွေးကောက်ပွဲအား နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းခံရရန်
အထူးလိုလားနေသည်။ ထို့ ကြောင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူများ အပါအဝင် နိုင်ငံရေး
အကျဉ်းသားများစွာအား အလုံးအရင်းနှင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် စီစဉ်နေသည်ဟု အဆင့်မြင့် စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များ အရ သိရသည်။

သို့ ရာတွင် လူကိုးဦး သေဆုံးစေပြီး လူပေါင်းရာနှင့်ချီကာ ဒဏ်ရာရစေခဲ့သည့် သင်္ကြန်ပွဲတော်ရက် အတွင်း ဗုံးပေါက်ကွဲမှုက အစီအစဉ်များကို နှောင့်နှေး ကြန့် ကြာ
စေခဲ့သည်။ ထို့ ကြောင့် စစ်ဘက်မှ ပါဝင်သော ယာယီကြားဖြတ် အစိုးရ ဖွဲ့ စည်းရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အစီအစဉ်အား ခေတ္တခဏ ဆိုင်းထားခြင်း
ဖြစ်သည်ဟု ယူဆ ရပေသည်။

“လုံခြုံရေး ကိစ္စဆိုတာက စစ်အစိုးရ ထိပ်ပိုင်းအရာရှိတွေ အမြဲတမ်း အဓိကထားတဲ့ ကိစ္စတရပ်ပါ။ ဒါကြောင့်မို့ လို့  ဒါဟာ သီခြား ကိစ္စတခုဖြစ်ပြီးတော့ ပူးပေါင်းကြံစည်
လုပ်ဆောင်မှု တခုလည်း မဟုတ်ဘူးလို့ သူတို့ စိတ်မချ မချင်း သူတို့ ဘာမှ ဆက်မလုပ်ဖို့ များပါတယ်” ဟု ချင်းမိုင် တက္ကသိုလ်တွင် သင်ကြားပို့ ချမှုများ ပြုလုပ်နေသည့်
ကထိက ဦးဝင်းမင်းက မှတ်ချက်ချခဲ့ပါသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အရာရာအား သံသယ ဝင်နေပြီး ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း၌ နေရာဒေသတခုတွင် နှစ်ညဆက်တိုက်
မည်သည့်အခါမျှ အိပ်လေ့ မရှိဟု သူ၏ မိသားစုနှင့် နီးစပ်သူများဆီမှ တဆင့် သိရသည်။ ၂ဝဝ၂ ခုနှစ် ဦးနေဝင်း၏ မိသားစုမှ အာဏာသိမ်းရန် ကြံစည်သည့် ကာလ၌
စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် သုံးဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့် ဗိုလ်ချုပ်ခင်ညွန့် တို့ သုံးဦးသည် ဦးနေဝင်း၏ သားမက်မှ
ငှားရမ်းထားသော နိုင်ငံခြား ကြေးစားစစ်သားများ၏ လုပ်ကြံမှု ခံရမည်ကို စိုးရိမ်သည့်အတွက် စစ်ရုံးတွင် တပတ်ကျော်ခန့် သွားရောက်ကာ အိပ်ခဲ့ရသည်ဟု ထိုအချိန်က
မြန်မာ ထောက်လှမ်းရေး အရာရှိ တဦးက မဇ္ဈိမကို ပြောခဲ့ဖူးသည်။

“ဗုံးပေါက်ကွဲမှုတွေဟာ နိုင်ငံရေးအခြေအနေ တင်းမာနေမှုကို ဖော်ပြနေပေမယ့် ဒီလိုဗုံးပေါက်ကွဲမှုတွေက စစ်အစိုးရရဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေကိုတော့


ပြောင်းလဲအောင် စွမ်းနိုင်မှာ မဟုတ်ပါဘူး” ဟု လာမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အစီရင်ခံစာ စာတမ်းများ ရေးသားခဲ့သည့် မြန်မာ့အရေး
အထူးကျွမ်းကျင်သူ Richard Horsey က မဇ္ဈိမသို့  ပြောကြားခဲ့ပါသည်။

သို့ သော် ထိုဗုံးပေါက်ကွဲမှုများ၏ တရားခံကို မဖော်ထုတ်နိုင်သေး သရွေ့ ထိုဗုံးပေါက်ကွဲမှုများက ရွေးကောက်ပွဲ အပေါ်တွင် မည်သို့  ဂယက်ရိုက်နိုင်ကြောင်း ခန်
့မှန်းတွက်ဆရန် ခက်ခဲလိမ့်မည်ဟု မြန်မာ့ နိုင်ငံရေး ကျွမ်းကျင်သူများက ယူဆကြပါသည်။

“သန်းရွှေကိုယ်တိုင်က ရွေးကောက်ပွဲကို ရွှေ့ ချင်လို့ ဆင်ခြေဆင်လက် ရှာတာလည်း ဖြစ်နိုင်တယ်။ ဒါဆို ရွေးကောက်ပွဲကို သူ့ စိတ်ကြိုက် ရွှေ့ လို့ ရပြီးတော့
ကချင်လွတ်လပ်ရေး အဖွဲ (့ ကေအိုင်အို) နဲ့  ဝပြည် သွေးစည်းညီညွတ်သော တပ်မတော် (UWSA) တွေက စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး အစီအစဉ်ကို
ဆက်ပြီး ဆန့် ကျင်နေကြမယ် ဆိုရင် အဲဒီ့ဘက်ကိုလည်း လှည့်ပြီး ကိုင်တွယ်ဖို့ လို မှာ ဖြစ်တယ်။ ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပွါးခဲ့တဲ့ ဗုံးပေါက်ကွဲမှု
တွေကလည်း ဒီလိုအမြင်တွေကို ပိုပို ခိုင်မာ စေပါတယ်။” ဟု မြန်မာ ပညာရှင် နှင့် စစ်ဘက်ရေးရာ ကျွမ်းကျင်သူ တဦးဖြစ်သည့် ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်
မဟာဗျူဟာ လေ့လာရေးဌာနမှ ဒေါက်တာမောင်ဇာနည် မှ မဇ္ဈိမသို့ ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်လာကြသော်လည်း အများစုမှာ နိုင်ငံရေးပါတီသစ်များ၊ အဖွဲ့ အစည်းအသစ်များသာ ဖြစ်ကြသည်။
မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ဆယ်ခု ရှိသည့်အနက် သုံးခုသာလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ အပြတ်အသတ် အနိုင်ရခဲ့သော ၁၉၉ဝ ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီဟောင်းများ ဖြစ်ကြပြီး ယခုအကြိမ်တွင်လည်း ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်။

သို့ သော် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွါးရေးမြို့ဖြစ်သည့် ရန်ကုန်မြို့နေ ပြည်သူများကမူ ရွေးကောက်ပွဲ အပေါ် သံသယ ဝင်ကာ စိတ်ပါဝင်စားမှု လျော့နည်းနေသည်။
“ကျနော်တို့ ဘာလို့ ဂရုစိုက်ရမှာလဲ။ ဘာမှ ပြောင်းလဲလာမှာမှ မဟုတ်တာ” ဟု တက်စီ ယာဉ်မောင်းတဦးက သူ့  ခံစားချက်ကို ရင်ဖွင့်ခဲ့သည်။ အသက် ၂၈ နှစ် အရွယ်
ကျောင်းဆရာ တဦးဖြစ်သည့် ကိုမောင်မောင်သိန်းက “မြန်မာနိုင်ငံကတော့ ရှာမှရှားပဲ။ ကျနော်တို့ ဆီမှာ သမ္မတတော့ ရှိလာလိမ့်မယ်။ ဒါပေမယ့် အဲဒီ့ သမ္မတက
ဘာအာဏာမှ ရှိမှာ မဟုတ်တဲ့ သမ္မတပဲဖြစ်မှာ” ဟု ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုများသည် စစ်အစိုးရ၏ လုပ်ဆောင်ချက် အချိန်ဇယားကို နှောင့်ယှက် ဟန့် တားကောင်း ဟန့် တားနိုင်ပါ လိမ့်မည်။ ရွေးကောက်ပွဲ ကာလအထိ တိုင်းပြည်အား
စီမံခန့် ခွဲရန်နှင့် ရွေးကောက်ပွဲ ပြီး နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် အရပ်သားအစိုးရဟာ ချောမောစွာ အာဏာလွှဲပြောင်း ပေးရန် အတွက် စီမံခန့် ခွဲ့မည့် ကြားဖြတ်
အစိုးရအဖွဲ့ အမည်စာရင်းအား ကြေညာရန် နှောင့်နှေးသွားပုံရသည်။

စစ်ဘက်အသိုင်းအဝိုင်းမှ သတင်းများအရ ဆိုလျှင် စစ်ဘက်မှ ပါဝင်မှုရှိမည့် ကြားဖြတ်အစိုးရ အဖွဲ့  တွင် ဝန်ကြီး ၁၇ဦး ရှိလိမ့်မည်ဟု သိရသည်။ လက်ရှိ ဝန်ကြီး အချို့သည်
ရှိမြဲ ရာထူးအတိုင်း ဆက်ရှိနေလိမ့်မည် ဖြစ်ပြီး အများစုမှာမူ အငြိမ်းစားယူလျှင်ယူ (သို့ မဟုတ)် နိုင်ငံရေး လောကထဲသို့  ဝင်ရောက်ကြလိမ့်မည် ဖြစ်သည်။ အငြိမ်းစား
ယူလိမ့်မည်ဟု မျှော်လင့်ရသည့် လက်ရှိ ဝန်ကြီးချုပ်သည် ၄င်းနှင့် နီးစပ်သော ယုံကြည်စိတ်ချရသူများအား သင်္ကြန်ပြီးလျှင် မြို့တော် နေပြည်တော်ရှိ သူ၏ အစိုးရ နေအိမ်သို
့ရွှေ့ပြောင်းရမည့် အကြောင်း ပြောခဲ့သည်ဟု သိရသည်။ ထို့ပြင် စက်မှုဝန်ကြီး ဦးအောင်သောင်း အပါအဝင် အခြား ဝန်ကြီးများသည်လည်း နေပြည်တော် ဝန်းကျင်ရှိ
ခမ်းနားထည်ဝါသော နေအိမ်များသို့ ပြောင်းရွှေ့နေကြပြီ ဖြစ်ကြောင်းနှင့် ဝန်ကြီးအချို့၏ နေအိမ်များကိုလည်း နေပြည်တော်နား တဝိုက်တွင် တည်ဆောက်လျက် ရှိကြောင်း
သိရသည်။

ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်း၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦး နှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦး အပါအဝင် အနည်းဆုံး ဝန်ကြီး တဒါဇင်ခန့် သည်
နိုင်ငံရေး လောကထဲသို့ ဝင်ရောက်ရန် အတွက် ရာထူးများမှ နုတ်ထွက်လိမ့်မည်ဟု သိရသည်။ ပဉ္စမမြောက် အာဏာ အရှိဆုံး နှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ
ဗိုလ်ချုပ်မြင့်ဆွေအား ကြားဖြတ် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် နေရာအတွက် လျာထားခြင့် ခံရသည်ဟု ယူဆရပေသည်။ သို့  ရာတွင် သူသည် လူ ၂ဝ သေဆုံး၍ ၂ဝဝ ကျော်
ဒဏ်ရာ ရခဲ့သည့် ၂ဝဝ၅ ခုနှစ် မေလက ဗုံးပေါက်ကွဲမှုအား စုံစမ်းစစ်ဆေးရာတွင် အဓိက တာဝန်ယူခဲ့ရပြီး လက်သည် တရားခံ မဖော်ထုတ်နိုင်ခဲ့သဖြင့် လျာထားသော နေရာ
အတွက် ပြန်လည် စဉ်းစားကောင်း စဉ်းစားပေမည်။

“ပြီးခဲ့တဲ့လက ဗိုလ်ချုပ်တွေနဲ့ ဗိုလ်မှူးကြီးတွေကို သင်တန်းပေးဖို့ နေပြည်တော်ကို ခေါ်တယ်လို့  သိရတယ်။ သူတို့ ထဲက တချို့က ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးအဖွဲ့ မှာ
ဝန်ကြီးနေရာ ယူကြလိမ့်မယ်။ တချို့ကတော့ နိုင်ငံရေး လုပ်ကြလိမ့်မယ်” ဟု ဦးဝင်းမင်းက ပြောကြားသည်။

“ပေါ်ပေါက်လာမယ့် ပါလီမန်ရဲ့ နေရာ ၂၅ ရာခိုင်နှုန်းမှာ စစ်ဘက်ကလူတွေကို ခန့်  ရမှာမို့ စစ်ဘက်က အရာရှိ ၂ဝဝ လောက်ဟာ အမျိုးသားလွှတ်တော် အမတ်တွေ
ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ဒေသဆိုင်ရာ ပါလီမန် ဆယ့်လေးခုကလည်း ရှိသေးတယ် ဆိုတော့ စစ်ဘက်က လူတွေ နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာကြမှာပါ။
အခုဆိုရင် စစ်သား တထောင်ကျော်ကျော်လောက်ဟာ ဗိုလ်ချုပ် သူရရွှေမန်း ဦးစီးပြီး ဖွင့်တဲ့ ကျောင်းမှာ စာရင်းပေးထား တယ်လို့ သိရပါတယ်။ သူတို့ ကို နိုင်ငံရေးမှာ
ပါဝင်ဖို့  အသင့်ဖြစ်အောင်လို့ ပါလီမန်အတွင်းက လုပ်ထုံးလုပ်နည်းတွေနဲ့ အရပ်ဘက် ကိစ္စတွေ သင်တန်းပေးမယ်လို့ သိရပါတယ်” ဟု သူက ဆက်လက် ပြောသည်။

၎င်းတို့ ထဲမှ အများစုသည် စစ်တပ်မှ ဒုတိယတန်းစားများ အဖြစ် လုပ်ဆောင်ရမည်ကို နှစ်သက်မှု မရှိကြဟု စစ်ဘက်မှ အငြိမ်းစား အရာရှိများအား အင်တာဗျူးများ
ပြုလုပ်ခဲ့သည့် အနောက်နိုင်ငံမှ သုတေသီ တဦးက မဇ္ဈိမကို ပြောခဲ့သည်။ ပါလီမန်တခု၏ သက်တမ်းဖြစ်သည့် ငါးနှစ်ကြာပြီး နောက်ပိုင်တွင်မူ ထိုစစ်ဘက်မှ ပုဂ္ဂိုလ်များသည်
၎င်းတို့ ၏ နဂို ရာထူးများအား ပြန်လည် ရရှိ ကြလိမ့်မည်ဟု မျှော်လင့် နိုင်သော်လည်း ထိုးငါးနှစ် အတွင်းတွင် ရာထူးတိုးနိုင်မည့် အခွင့်အလမ်းများအား လက်လွှတ်
လိုက်ရမည်ကို စိုးရိမ်နေကြသည်။

၎င်း စစ်ဘက်မှ ကိုယ်စားလည်များအား အမျိုးသားလွှတ်တော်တွင် နေရာပေးခြင်းအားဖြင့် နှစ်သိမ့်ထားလိမ့်မည်။ ထိုစစ်တပ်မှ ကိုယ်စားလှည်များ အားလုံးသည်


ဂုဏ်သတင်းကြီးမားသော စစ်ဘက်ဆိုင်ရာ ကျောင်းများမှ ဘွဲ့ရရှိခဲ့ကြ သူများဖြစ်သည်။ “ကျနော် နိုင်ငံရေးလောကထဲကို ဝင်ရောက်ဖို့ လေ့လာ သင်ယူခဲ့တာ မဟုတ်ပါဘူး။
တနေ့ နေ့ မှာ ဗိုလ်ချုပ်တယောက် ဖြစ်လာဖို့ ရည်ရွယ်ပြီး လေ့လာ ခဲ့တာပါ” ဟု ဗိုလ်မှူးကြီး တဦးက ယုံကြည်မှု အပြည့်ဖြင့် ပြောခဲ့သည်။

စစ်အစိုးရမှ အသစ်ဖွဲ့စည်းပေးလိုက်သည့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် အတွက် လိုအပ်သည့် စာရွက်စာတမ်းများ တင်သွင်းပြီးသော နိုင်ငံရေး
ပါတီများသည် ရွေးကောက်ပွဲ အတွက် ပေါ်ပေါ်ထင်ထင် ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တရားဝင် မဲဆွယ်စည်းရုံးနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်၏
အတည်ပြုချက်ကို စောင့်ဆိုင်းနေကြရသည်။ သို့ သော် ထိုနိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများကို ကန့် လန့် ကာ နောက်ကွယ်တွင်
ပြုလုပ်နေကြပေသည်။

ဒီိမိုကရက်တစ် ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးသုဝေက ရွေးကောက်ပွဲ ကိုယ်စားလှည်များ မှတ်ပုံတင်ခွင့် ပေးသည်နှင့် တပြိုင်နက် အသင့်ဖြစ်စေရန် သူ၏ ပါတီမှ
ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ၁ဝဝ ခန့် ကို ရွေးချယ်ထားပြီး ဖြစ်သည်ဟု ပြောခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ၁ဝ နေရာ အနိုင်ရကာ မဲ ၂ဝ ရာခိုင်နှုန်းခန့်  ရခဲ့သည့်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) မှလည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အမတ်လောင်းများကို ရွေးချယ်ထားပြီး ဖြစ်သည်ဟု သိရသည်။ တစည
ခေါင်းဆောင်မှ ကုလသမ္မဂ္ဂ လူ့ အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ် အိုဂျေ ကွင်တားနားအား ဖေဖော်ဝါရီ လက ပြောကြားခဲ့ရာတွင် ၄င်းတို့ သည်
ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအား ရွေးချယ်ထားပြီး ဖြစ်ကြောင်းနှင့် ၄င်းတို့၏ ရွေးကောက်ပွဲ နည်းဗျူဟာကို ချမှန်နေကြောင်း
ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့် ၁၅နှစ်ကျော်ကျော်က စစ်အကြီးအကဲ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင် ဖွဲ့  စည်းပေးခဲ့သည့် စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့ ဖြစ်သည့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည်လည်း နိုင်ငံရေးပါတီ အသွင်ပြောင်းကာ လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရှိသည့် အတွက် စစ်တပ်မှ အသုံးချစရာ
ယာဉ်တစီး သဖွယ် ဖြစ်လာပေလိမ့်မည်။ ထို အသင်း၏ လက်ရှိခေါင်းဆောင် ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သော ဆက်ဆံရေး ရှိသူ စိုက်ပျိုးရေး ဝန်ကြီးသည်
လာရောက်လည်ပတ်ကြသော သံတမန်များအား ၄င်း နိုင်ငံရေးလောကထဲသို့  မကြာမီ ဝင်ရောက်တော့မည့် အကြောင်းကို မကြာခဏ ပြောခဲ့ဖူးသည်။ ၄င်းသည်
ရွေးကောက်ပွဲ ပြီးလျှင် အရပ်သား အစိုးရ အဖွဲ့၌ ဝန်ကြီးချုပ်သစ် ဖြစ်လိမ့်မည်ဟု လူအများမှ ထင်ကြေးပေးခံနေရသူလည်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၏ သင်္ကေတ အမှတ်တံဆိပ်မှာ ခြင်္သေ့ဖြစ်သည်။ ထိုအသင်းအနေဖြင့် နိုင်ငံရေး ပါတီ ဖြစ်လာခဲ့လျှင် ၄င်း ခြင်္သေ့
သင်္ကေတကိုပင် ဆက်လက် သုံးစွဲလိမ့်မည်ဟု လေ့လာသူ အများစုက သုံးသပ်ကြသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အောင်ပွဲခံ အနိုင်ရရှိခဲ့သော်လည်း အစိုးရ ဖွဲ့ ခွင့်မရခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနေနှင့်မူ ၄င်းတို့၏ ခေါင်းဆောင်
နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ ဖြစ်စဉ်မှ ပထုတ်ထားသဖြင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ထောင်ဒဏ် ချမှတ်ခံထားရသူများသည် နိုင်ငံရေးပါတီ တွင် အဖွဲ့ ဝင် ဖြစ်ခွင့် မရှိပေ။ ထိုဥပဒေသည် လက်ရှိအခြေအနေတွင်
နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား ပထုတ်ထားသကဲ့သို့ ဖြစ်နေသည်။ သူမသည် လွန်ခဲ့သည့် ၂၁ နှစ် အတွင်း၌ ၁၄နှစ်ကျော် ပြစ်ဒဏ်ချမှတ်
ခံခဲ့ရသူဖြစ်သည်။ သူမသည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌လည်း နေအိမ်အကျယ်ချုပ် ကျခံနေရသဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်းမှ တားမြစ်ခြင်း ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍအား ရွေးကောက်ပွဲမှ ဖယ်ထုတ်ထားသည့် အချက်သည် နိုင်ငံရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား
ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်း ယုံကြည်စေခဲ့သည်။ ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှ ဖယ်ထုတ်လိုခြင်းသည် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေထံတွင် အမြဲကိန်းအောင်းနေသည့် ဆန္ဒတခု ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

“စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့  ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဖြစ်စဉ် ကနေ ပထုတ်ချင်လို
့ဆိုတာ ထင်ရှားပါတယ်” ဟု ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိကို ရေးခဲ့သူ ဗြိတိသျှ လူမျိုး မြန်မာ့ရေးရာ ကျွမ်းကျင်သူဖြစ်သည့် ဂျပ်စတင်
ဝင်းတဲ(လ်) က ပြောကြားခဲ့ပါသည်။ ၄င်း၏ ထင်မြင်ချက်သည် အနောက်နိုင်ငံမှ သံတမန်များ၏ ထင်မြင်ချက်နှင့်လည်း ဆင်တူနေပါသည်။ “ကျနော်တို့ အနေနဲ
့ရွေးကောက်ပွဲ ဥပဒေတွေ နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရင်ဆိုင်နေရတဲ့ အခြေအနေ တွေ အတွက် အထူး စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီဥပဒေတွေဟာ
အတိုက်အခံတွေကို အရမ်း ခက်ခဲ့တဲ့ အခြေအနေတွေဆီကို တွန်းပို့ လိုက်ပါတယ်” ဟု အာဆီယံဆိုင်ရာ အမေရိကန် သံအမတ် စကော့ မာစီယယ် မှ မဇ္ဈိမကို
မကြာသေးမီက ပြောခဲ့ဖူးပါသည်။

ဝေဖန်မှုများအား မဖြုံသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့်လတွင် နိုင်ငံရေး အကျဉ်းသားများ ရာနှင့်ချီကာ လွှတ်ပေးခြင်း အားဖြင့် ဖိအားများကို လျှော့ချလိမ့်မည်ဟု
ယူဆရပါသည်။ လွတ်ငြိမ်းချမ်းသာခွင့် ရမည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းအား ပြုစုပြီး ဖြစ်ကြောင်းနှင့် စိစစ်အတည်ပြုရန်အတွက် ဗိုလ်ချုပ်မှူးကြီးထံသို့ ပေးပို
့ထားပြီးပြီ ဖြစ်ကြောင်းကိုလည်း နေပြည်တော်မှ သတင်းများ အရ သိရပါသည်။

ထိုစာရင်းတွင် အုပ်စုပေါင်းစုံမှ နိုင်ငံရေး အကျဉ်းသားများ ပါဝင်ကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ်မှ နိုင်ငံရေး လှုပ်ရှာသူ အချို့ ပါဝင်ပြီး အဓိက အများစုမှာ
တိုင်းရင်းသား လက်နက်ကိုင်များ၊ ၈၈ မျိုးဆက်များ၊ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် လက်အောက်မှ စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ
ပါဝင်ကြသည်။

ထိုစာရင်းတွင် လူမှုရေး တက်ကြွ လှုပ်ရှားသူများလည်း ပါဝင်ကြသည်။ ၄င်းတို့ ထဲမှ အများအပြားမှာ မြန်မာ နိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း
ကယ်ဆယ်ရေးနှင့် လူမှုရေး လုပ်ငန်းများ ပြုလုပ်သည့်အတွက် ပြစ်ဒဏ် ချမှတ် ခံခဲ့ကြရခြင်း ဖြစ်သည်။ ထင်ရှားသည့် လူရွှင်တော် ဖြစ်သူ ဇာဂနာ သည်လည်း ထိုအထဲတွင်
ပါဝင်ကြောင်း သေချာသလောက်ရှိသည်။ အင်တာနက် ရာဇဝတ်မှု ကျူးလွန်သူများဟု စွပ်စွဲ ခံခဲ့ရသူများနှင့် ဂျာနယ်လစ်(စ်) များလည်း ထိုစာရင်းတွင် ပါဝင်ကြသည်။ ထို
လွတ်ငြိမ်းချမ်းသာခွင့် ပေးမည့် စာရင်းတွင် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်ကြသော်လည်း ရှမ်းလူမျိုး ခေါင်းဆောင် ခွန်ထွန်းဦးတော့ ပါဝင်ဖွယ် မရှိချေ။

ရိုဟင်ဂျာ အချို့ လည်း ထိုစာရင်းထဲတွင် ပါဝင်နိုင်သည်ဟု စစ်ဘက်မှလာသော သတင်းများ အရ သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်
စစ်အစိုးရနှင့် နီးစပ်သူများ ရွေးကောက်ပွဲတွင် အနိုင်ရရေး အတွက် ရိုဟင်ဂျာများအား အသုံးချဖွယ်ရာ ရှိနေသည်။ ရိုဟင်ဂျာများသည် သနားစဖွယ် ကံဆိုးသော သူများ
ဖြစ်ကြပြီး ၄င်းတို့ ထိမ်းမြား လက်ထပ်လိုလျှင် အာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူပြီးမှ လက်ထပ်ကြရသူများ ဖြစ်ကြသည်။

ထိုအကျဉ်းသားများအနက် ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ဇာဂနာတို့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည်ဟု စစ်ခေါင်းဆောင်က မျှော်လင့်ထားသည်။


သို့သော်လည်း အန်အယ်ဒီ၏မကြာသေးခင်က ဆုံးဖြတ်ချက်ကြောင့် သူတို့အနေဖြင့် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်မှာ မဟုတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ်
သန်းရွှေကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ဘက်စုံပါဝင်ရေးနှင့် ယုံကြည်မှုရအောင် လုပ်ပါသည်ဆိုခြင်းကို ပြသနိုင်လိမ့်မည်ဟု မျှော်လင့်နေမှာဖြစ်သည်။

ဒါပေမယ့်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ မြန်မာစာရေးစာဆရာတဦး မဇ္ဈိမကို မကြာသေးခင်က ပြောခဲ့ဖူးသလို၊ မြန်မာတွေကိုလျှော့တွက်လို့မရပါ။ ” ပြည်သူတွေက


အစိုးရကို အပြစ်ပေးလိမ့်မယ်” ဟု သူက ဆိုသည်။ ” လက်စားချေတာကို ရွေးကောက်ပွဲမှာ တွေ့ရပါလိမ့်မယ်ဗျာ”

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ)် သဇင်နီ အပိုင်း - ၅၉

မင်းဟန် | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၃ မိနစ်

(၂ဝ၇)
၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်။
အညာစုရွာအနီး…။
၁၃ ရက် ရှိလေပြီ…။ ကြိုတင်သယ်ဆောင်လာခဲ့သည့် အစားအစာများက ပျက်ပြီ။ အဓိကမှာ …သောက်သုံးရေ ဖြစ်သည်။ ရေပြတ်လပ်မှုက အကြီးမားဆုံးအခက်အခဲ…။
သို့သော်… အနီးရှိ ချောင်းရိုးအတွင်းမှ ရေကို ကြိုချက်၍ သောက်လျှင်မူ ရနိုင်၏။ ချောင်းရေက … ကော်ဖီဖျော့ဖျော့ အရောင်သန်းနေ၏။ မိုးရွာချလိုက်လျှင်မ…

ချောင်းရေသည် ပိုမို၍ နောက်ကျိသွား၏။ ညဦးယံမှစ၍ ရွာနေခဲ့သော မိုးသည် မိုးသောက်ယံတိုင်သည်အထိ စွေနေဆဲ…။ မြားအစင်းပေါင်းများစွာ ပစ်လွှတ်လိုက်သည်ကဲ့သို့
…မိုးစက်တို့က ထိုးဆင်းလာပြီး ဆလွန်းကားငယ်၏ နောက်ကာမှန်သားပြင်အား ဝင်၍ဆောင့်၏။ ပြီးလျှင် … ရေစီးကြောင်းလေးများအဖြစ်နှင့် မှန်သားပြင်အထက်၌
စီးဆင်း၏။ အုံ့ဆိုင်းသော တိမ်ဆိုင်တို့ကြောင့် နေဝန်းအား မမြင်တွေ့ရ။ ကောင်းကင်သည် မှိုင်းပျော့ပျော့…။ အပြင်တွင် အေးစိမ့်၍နေပေလိမ်မည်။ ဆလွန်းကားအတွင်း၌က
… နွေးနွေးထွေးထွေး…။ အနေကျဉ်းကျပ်သော်လည်း ကားအတွင်း၌က သဘာဝရာသီဥတု၏ ဒဏ်အား အကာအကွယ်ရစေ၏။

လွန်ခဲ့သည့် ၁၂ ရက်အတွင်း တဖြည်းဖြည်းနှင့် အစာအဟာရ ချို့တဲ့လာမှုကြောင့် အားအင်တို့က သိသိသာသာပင် ဆုတ်ယုတ်၍ လာသည်။ မျက်ဝန်းများက …ဝေဝေဝါးဝါး၊
မှုန်မှုန်မှိုင်းမှိုင်း…။ ဦးခေါင်းအတွင်း၌ မူးနောက်၍နေသည်။ နား ၂ ဖက်တွင်က … ပုဇဉ်းရင်ကွဲအကောင်ပေါင်းများစွာ အော်မြည်နေသကဲ့သို့ ဆူညံနေ၏။ ရင်ဝတွင်မူ
….ရေနွေးအိတ်ပူပူကြီးအား ဖိကပ်ထားသကဲ့သို့ ပူလောင်နေသည်။ ခြေလက်များက မလှုပ်ချင်…။ ဦးခေါင်းအား တနေရာမှ တနေရာသို့ လှည့်လိုက်လျှင်က… မူးဝေမှုအား
ပြင်းပြင်းထန်ထန် ခံစားရ၏။ နေအိမ်အကျယ်ချုပ်နှင့် ချုပ်နှောင်ခံခဲ့ရစဉ်က … ဖြစ်ပေါ်ခဲ့ဖူးသည့် ကြောရိုးနှင့် ပတ်သက်သည့်ရောဂါက … အရိယာပုဒ်မမျှတသည့်
အနေအထိုင်ကြောင့် ပြန်၍ ဖြစ်ချင်လာသည်။

အန်ကယ်ဦးလှဖေသည်လည်း သူ၏ ဗင်ကားအတွင်း၌ပင် မိုးခို၍နေသည်။ မိုးကမစဲသေး…။

သစ်သားတံတားငယ်၏အောက်၌ ချောင်းရေတို့က စဉ်ဆက်မပြတ် စီးဆင်း၍ နေသည်။ ချောင်းမှသည်မြစ်…။ မြစ်မှသည် ပင်လယ်ဆီသို့ …။ တံတားအောက်မှ


ရေအလျင်သည် တချိန်တွင်မူ ပင်လယ်သို့ ရောက်မည်ပင်…။

လွတ်လပ်သည့်နိုင်ငံတွင် လွတ်လပ်သည့် နိုင်ငံသားများက … အဘယ်ကြောင့်များ လွတ်လွတ်လပ်လပ် သွားလာခွင့်မရ..၊ ဖြစ်နေရပါသနည်း…။ ဤမျှသော


အခြေခံလွတ်လပ်ခွင့် အခွင့်အရေးသည်ပင်လျှင် ဤနိုင်ငံ၌ ဆုံးရှုံးနေ၏။ ဆိပ်သုဉ်း၍နေ၏။ အာဏာပိုင်တို့က … ဤမျှသော အခြေခံအခွင့်အရေးကိုပင်
မည်သည့်အတွက်ကြောင့် ပိတ်ပင်ချိုးဖောက်၍ နေကြရသနည်း…။

အတွေးတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဆလွန်းကားငယ်လေးအတွင်း၌ ငြိမ်သက်စွာ လဲလျောင်း၍ နေသည်။


လွန်ခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှ ထွက်ခဲ့၏။ ခရီးစဉ်က ပုသိမ်သို့သွားရန် ဖြစ်သည်။ ဧရာဝတီတိုင်း တာဝန်ခံ၊
ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးလှဖေ (မော်ကျွန်း) လည်း ပါ၏။ ခရီးစဉ်၏ ရည်ရွယ်ချက်က လူထုစည်းရုံးရေး ခရီးစဉ်မဟုတ်…။ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား သက်ဆိုင်ရာ အာဏာပိုင်တို့က …‘ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ’ နှင့် မတရား အရေးယူဆောင်ရွက်နေသည့် အရေးအား
သွားရောက်၍ ဖြေရှင်းရန် ထွက်ခဲ့သည့် ခရီးဖြစ်သည်။ ဆလွန်းကားတစီး၊ ဗင်ကားတစီးဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်၊ ပုသိမ်ကားလမ်းအတိုင်း ထွက်ခဲ့ကြ၏။
ထန်းတပင်မြို့နယ်၊ ပန်တိုင်ရွာ (အညာစု) အနီးသို့ အရောက်တွင် ချောင်းကူးတံတားငယ်၏ တဖက်ထိပ်မှ လုံခြုံရေးတပ်သားတို့က သံဆူးကြိုးခွေများနှင့် လမ်းအား
ပိတ်ထားလိုက်ကြ၏။ ရှေ့ဆက်သွားခွင့် မပြုတော့…။

ဤသို့ ဟန့်တားပိတ်ဆို့မှုမျိုးက …လွန်ခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က … ရန်ကုန်မှ ပုသိမ်သို့ သွားရောက်သည့် ခရီးစဉ်တွင်လည်း ယခုကဲ့သို့ပင် အညာစုရွာအနီး၊
အာဏာပိုင်တို့၏ ပိတ်ဆို့ခြင်းအား ခံခဲ့ရဖူး၏။ ၆ ရက်အကြာ ပိတ်ဆို့ထားပြီး အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်တို့အား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်၍ ရန်ကုန်သို့
ပြန်ပို့ခဲ့သဖြင့် ပုသိမ်မြို့သို့ သွားရောက်သည့် ခရီးစဉ်က ပျက်ခဲ့ရသည်။

ပုသိမ်ခရီးစဉ် မတိုင်မီ ယခင်က သွားရောက်ခဲ့သည့် ပဲခူးတိုင်း၊ မင်းလှခရီးစဉ်နှင့် ဧရာဝတီတိုင်း၊ ပန်းတနော် ခရီးစဉ်များတွင်လည်း…လမ်းခုလပ်၌ ယခုကဲ့သို့ပင်
အာဏာပိုင်တို့က ဟန့်တားပိတ်ဆို့ထားခဲ့ကြ၏။ သို့သော်… ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံမည့် မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်လှလှမိုးနှင့် ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်တို့အား အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ထံသို့ ခေါ်ဆောင်လာ၍
တွေ့ဆုံခွင့်ပေးခဲ့သဖြင့် ခရီးစဉ်အား ဖျက်၍ ရန်ကုန်သို့ ပြန်ခဲ့ကြ၏။

ယခုခရီးစဉ်တွင်လည်း အာဏာပိုက်တို့က လမ်းပိတ်၍ ထားပြန်လေပြီ။ မည်သို့ အဆုံးသတ်မည်နည်း။

စွေသောမိုးက စဲ၍သွားပြီ။ မိုးရေဝသဖြင့် စပါးပင်တို့က စိုစိုလွင်လွင်…။ တခွင်တပြင်လုံးက မြသားရောင်အသွေးနှင့် …ပြန့်ပြန့်ဖြူးဖြူး…။

အာဏာပိုင်တို့မှ ခွင့်ပြုသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ရောက်လာ၏။ သြဂုတ်လ ၂၁ ရက်ကလည်း၊ ပထမအကြိမ်


ဒေါက်တာတင်မျိုးဝင်း လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအား စမ်းသပ်စစ်ဆေးခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးက မကောင်း…။ အနားယူရန်
လိုသည်။ အာဟာရဖြစ်စေမည့် အစားအသောက်များအား စာသောက်ရန် လို၏။ သို့သော်… အခြေအနေက မပေး…။ လွတ်လပ်စွာ သွားလာခွင့်ဟူသည့်
အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဆင်နေရသည်။

ဒေါက်တာတင်မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေး စစ်ဆေး၏။ လွန်ခဲ့သည့် ၃ ရက်က အခြေအနေထက် များစွာ ဆိုးဝါးနေ၏။ သွေးပေါင်က အလွန်အမင်း
ကျဆင်းနေသည်။ နှလုံးမှာလည်း အားနည်းလွန်းလှ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေက အထူးစိုးရိမ်ဖွယ်ရာ အခြေအနေ…။ မဖြစ်…။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိကျန်းမာရေးအခြေအနေနှင့် ဤနေရာတွင်ရပ်၍ ဆက်လက်တိုက်ပွဲဝင်ရန် မသင်…။
့ ရှေ့သို့ချီလှမ်းရမည့် ဒီမိုကရေစီခရီးက ရှိသေး၏။
အားလုံးက ဝိုင်း၍ တိုက်တွန်းကြ၏။ တောင်းပန်ကြ၏။ နေအိမ်သို့ပြန်၍ ကျန်းမာရေးကုသမှုအား စနစ်တကျခံယူရန် ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆိုကြ၏။
အဆုံးတွင် နေအိမ်သို့ပြန်ရန် ဒေါ်အောင်ဆန်းစုကြည် သဘောတူလိုက်၏။ ရှေ့ခရီးအတွက် နောက်တလှမ်းဆုတ်ခြင်းမျှသာ….။ ၁၃ ရက်မြောက် ညနေ…။

“လွင်တီးခေါင်ကြီး နေပူထီးထီး
သံထည်တွေချည်း ကျဉ်းကျဉ်းထဲမှာ
ဒီလိုမျိုးညှဉ်းဆဲတဲ့ဒဏ်
ဘယ်သူဘယ်တုန်းက
ဘယ်လောက်ကြာကြာ ခံစားဖူးပါသလဲ။

ကွင်းထီးထီးမှာ
မှောင်ကြီးကျလည်း အမေနေရတယ်။

ကွင်းထီးထီးမှာ
မိုးကြမ်းကြီးရွာချလည်း
အမေနေရတယ်။”
(အဝေးလူ၏ ၁၂ ရက်မြောက် ညနေမှ)

(၂ဝ၈)

အမှတ် (၉၇/ခ) ၊ အနောက်ရွှေဂုံတိုင်လမ်း။


၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
ရွှေဂုံတိုင်ရှိ ဌာနချုပ် အစည်းအဝေးခန်းမအတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊
ဇိုမီအမျိုးသားကွန်ကရက်မှ ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံ၍ ဆွေးနွေးကြ၏။ အကြောင်းအရာက …
ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိစ္စပင် ဖြစ်၏။

အဖွဲ့ချုပ်မှ ၁၉၉၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့စွဲနှင့် ရက်ပေါင်း ၆ဝ အတွင်း ပြည်သူ့လွှတ်တော်အား ခေါ်ယူပေးရန် အာဏာပိုင်များထံသို့ တောင်းဆိုထားခဲ့၏။ ရက်ပေါင်း ၆ဝ
ဟူသည်ကား…. ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် ပြည့်ခဲ့ပြီဖြစ်၏။ စစ်အုပ်စုက လွှတ်တော်အား ခေါ်ယူပေးခြင်းမရှ…
ိ ။ သို့သော် ….
လွှတ်တော်ကိုယ်စားလှယ်များကိုမူ တပ်စခန်းအသီးသီး၌ ခေါ်ယူ၍ ထိန်းသိမ်းထားလိုက်၏။

ယနေ့ထ…
ိ . လွှတ်တော်ကိုယ်စားလှယ် ၁၉၅ ဦးနှင့် အဖွဲ့ဝင် ၆ဝ၇ ဦးတို့အား စစ်အုပ်စုက ထိန်းသိမ်းထားလိုက်၏။ ထိန်းသိမ်းခြင်း ခံနေကြရသည့် သူများမှာလည်း
အကျဉ်းစခန်းအတွင်း စစ်အုပ်စုမှ မေးသည့် မေးခွန်းများအား ဖြေနေကြရသည်။

(၁) NLD ဗဟို၏ လက်ရှိအခြေအနေနှင့် လျှောက်လှမ်းနေသည့် နိုင်ငံရေးလမ်းကြောင်းအပေါ် သဘောထား၊


(၂) NLD အနေနှင့် လွှတ်တော်ခေါ်ယူသည့်အပေါ် သဘောထား
(၃) လွှတ်တော်ခေါ်ယူမပေးပါက ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးအခြေအနေများအပေါ် အမြင်
(၄) လွှတ်တော်ခေါ်ယူပေးပါက ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအခြေအနေများအပေါ် အမြင်၊
(၅) ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ရွှေ၊ ဦးတင်ဦးနှင့် အခြားဗဟိုအလုပ်မှုဆောင်များအပေါ် သဘောထား၊
(၆) နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအပေါ် သဘောထား၊
(၇) ထိန်းသိမ်းခံထားရမှုနှင့်ပတ်သက်၍ အာဏာပိုင်တို့အပေါ် သဘောထား၊
(၈) NLD က ပြည်သူ့လွှတ်တော်ခေါ်ယူရေးသည် တရားဝင်/မဝင်၊
(၉) NLD က ပြည်သူ့လွှတ်တော်ခေါ်ယူလျှင် တက်ရောက်မည်/ မတက်ရောက်မည်၊
(၁ဝ) NLD က ပြည်သူ့လွှတ်တော်ခေါ်ယူနိုင်ရန် လုပ်ပိုင်ခွင့်အာဏာ (Mandate) ပေး/မပေး…။ စသည့် အာဏာရှင်၏ မေးခွန်းကြီး ၁ဝ ခွန်းအား ရေးဖြေ၊ ဖြေနေကြရ၏။
ဤအခြေအနေတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပါဝင်နိုင်မည့် အစည်းအဝေးတရပ်အား ခေါ်ယူရန်မှာမလွယ်…. မဖြစ်နိုင်။ သို့ဖြစ်၍…
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီအမျိုးသားကွန်ကရက်မှ ကိုယ်စားလှယ်များနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံ၍ ဆွေးနွေးကြရခြင်း ဖြစ်သည်။

နောက်ဆုံးတွင်မ…
ူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ဇိုမီအမျိုးသားကွန်ကရက်တို့၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ကိုယ်စားပြုသည့် ‘ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ’ အား ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြ၏။

၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ ရက်စွဲနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ကြေညာချက်တစောင်အား ထုတ်ပြန်လိုက်၏။

“၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၈၅ ဦး ရွေးကောက်တင်မြှောက်ခံကြရသည်။ ၎င်းတို့အနက် ၂၆
ဦး ကွယ်လွန်သွားကြသဖြင့် ၄၅၉ ဦး ကျန်ရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဆွေပါတီများ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ဆောင်ရွက်နိုင်ခွင့်
ပေးထားသည့် အရေအတွက်မှာ ၂၅၁ ဦး ဖြစ်ပါသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စား တရားဝင် ဆုံးဖြတ်လုပ်ကိုင်နိုင်ခွင့် ရှိပါသည်။”

ပြီးလျှင်….
“၁၉၉ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ တင်မြှောက်လိုက်သော ပြည်သူ့လွှတ်တော် ကိုယ်စားပြုသည့် ကော်မတီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့်
ဖွဲ့စည်းလိုက်ပါသည်”

ဥက္ကဋ္ဌက ဦးအောင်ရွှေ၊ အတွင်းရေးမှူးများမှာ ဦးသန်းထွန်း၊ ဦးအေးသာအောင်တို့ ဖြစ်ကြပြီး၊ အဖွဲ့ဝင်များက… ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးလွင်၊ ဦးလှဖေ၊ ဦးစိုးမြင့်၊
ဦးလွန်းတင်နှင့် ဦးညွန့်ဝေတို့ ဖြစ်သည်။

ကိုးကား ……

- ရွှေခမောက် မှတ်တမ်းလွှာ
- အာဏာရှင်သို့ပေးစာ အတွဲ - ၂
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများအား ပန်ကြားချက်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ကြေညာချက်များ
- ဒီပဲယင်း အစီရင်ခံစာ

တံတားလည်း ကိုယ်ထူကိုယ်ထ

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၅ မိနစ်

အယ်ဒီတာခင်ဗျား …

ကျနော်တို့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ ပျက်စီးနေတဲ့ ဆည်ကြီးတံတားကို အနီးအနားမှာရှိတဲ့ ရွာတွေကနေ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ထူကိုယ်ထ ပြုပြင်ကြဖို့
ခရိုင်ဥက္ကဋ္ဌ ဦးကြည်ဝင်းက ညွှန်ကြားထားလို့ ရွာအာဏာပိုင်တွေက တအိမ်ထောင်ကို ကျပ် ၄ဝဝဝ ကနေ ကျပ် ၂ သောင်းအထိ ကောက်ခံနေပါတယ်။

ဆည်ကြီးတံတားဟာ ကလေးမြို့အနောက်မြောက် ၈ မိုင်လောက်မှာ တည်ရှိပြီးတော့၊ ပျဉ်းခုံကြီးနဲ့ လက်ပံချောင်း ကျေးရွာအုပ်စု ၂ စု ကြားမှာ ရှိတာပါ။ အုပ်စု ၂ စုလုံးကနေ
ဒီလဆန်းကစပြီး ကောက်ခံနေတာပါ။ ပျဉ်းခုံကြီးအုပ်စုမှာ ရွာ ၇ ရွာ ရှိပါတယ်။ အိမ်ခြေပေါင်းကတော့ ၁၈ဝဝ လောက် ရှိပါတယ်။ လက်ပံချောင်းမှာကျ ၈ ရွာရှိပြီး
အိမ်ခြေကတော့ ၂၇ဝဝ လောက် ရှိပါတယ်။

ပျဉ်းခုံကြီးမှာ တအိမ်ကို ကျပ် ၄ဝဝဝ ပျမ်းမျှနှုန်း ထည့်ဝင်ရပါတယ်။ လက်ပံချောင်းမှာကျ ဆင်းရဲချမ်းသာအလိုက် အနည်းဆုံး ကျပ် ၄ဝဝဝ ကနေ အများဆုံး ကျပ် ၂
သောင်းအထိ ကောက်ပါတယ်။ ဒါပေမဲ့ မုဆိုးမတွေနဲ့ ဆင်းရဲလွန်းသူတွေဆီကနေ မကောက်ခံပါဘူး။

ဆည်ကြီးတံတားကို ၁၉၇၉ ခုနှစ်ထဲမှာ ကြိုးတံတားအဖြစ် ရွာသားတွေကပဲ တည်ဆောက်လာခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်ထဲမှာတော့ သစ်သားတံတားနဲ့


အစားထိုးပြောင်းလဲခဲ့ပါတယ်။ တံတားအရှည်ကတော့ ပေ ၂ဝဝ ပါ။ အနံက ၁ဝ ပေ ရှိပြီး အမြင့်ကတော့ ၁၂ ပေလောက် ရှိပါတယ်။ ၂ဝဝ၇ ခုနှစ် သြဂုတ်လထဲမှာ
ချောင်းရေကြီးလို့ တံတားအောက်ခြေကစပြီး ပြိုကျပျက်စီးသွားခဲ့တာပါ။ ပြန်မပြင်နိုင်ခဲ့ကြပါဘူး။ အခုတော့ ကောက်ရတဲ့ ငွေတွေနဲ့ နောက်လထဲမှာ ပြန်ဆောက်မယ်လို့
သိရပါတယ်။

ဒီတံတားပေါ်ကနေ လက်ပံချောင်း၊ ပျဉ်းတောဦးနဲ့ ပျဉ်းခုံကြီး ကျေးရွာအုပ်စုထဲမှာပါတဲ့ ရွာပေါင်း ၂၅ ရွာက အိမ်ခြေပေါင်း ၇၃ဝဝ ကျော်ရှိတဲ့ တောင်သူနဲ့ လယ်ယာလုပ်ငန်း
လုပ်ကိုင်နေသူတွေ သွားလာနေကြတာပါ။ တံတားကြီးဟာ ကလေးမြို့ဆီကို သွားရောက်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးအဖြစ်
အဓိက အားကိုးနေရတဲ့ လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတာတော့ ဖြစ်ပါတယ်။

ကလေးမြို့ဆီကို လယ်ယာထွက်သီးနှံ ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ ဆီ စတဲ့ သီးနှံတွေကို တင်သွင်းရောင်းဝယ်တဲ့ ဆည်ကြီးတံတား ပျက်စီးလို့ ဒေသခံတွေအဖို့
အခက်အခဲတွေတော့ ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် မိုးတွင်းမှာ ချောင်းရေကြီးလို့ ပျက်နေတဲ့ တံတားကို ဝါးခြမ်းတွေခင်းပြီး သွားလာခဲ့ရပါတယ်။

တံတားကို ပြန်ပြင်ဖို့ လိုလားပေမယ့် ကျပ် ထောင်ချီပြီး ငွေကောက်နေတာကိုတော့ ရွာသားအများက မကျေနပ်ကြပါဘူး။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး ဆိုတဲ့
စကားက လှပေမယ့် ဝမ်းမဝ ခါးမလှတဲ့ ကျနော်တို့တွေ ငွေအတွက် ခက်ခဲရပါကြောင်း တင်ပြလိုက်ပါတယ်။

ပျဉ်းခုံကြီး ရွာသားတချို့
ကလေးမြို့နယ်
စစ်ကိုင်းတိုင်း

ခေတ်သစ်ပြည်သူ့ပါတီကို နောက်ကွယ်မှ ကြံ့ဖွံ့အကူအညီပေး


မျိုးချစ်သ/ူ ၂၂ ဧပြီ ၂ဝ၁ဝ

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသည့် ခေတ်သစ်ပြည်သူ့ပါတီသည်


ကြံ့ဖွံ့၏အကူအညီကို ရယူထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ဝင်တဦးက အခိုင်အမာ ပြောဆိုလိုက်သည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း ဗိုလ်ချုပ်လမ်းမ (၃၉ လမ်းနှင့် လမ်း ၄၀ ကြား) တိုက်အမှတ် ၂၅၅၊ ၆ လွှာတွင်
ရုံးခန်းဖွင့်လှစ်ထားပြီး ထိုရုံးခန်းသည် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ကြံ့ဖွံ့အမည်ဖြင့် အကူအညီပေးထားသော အခန်းဖြစ်ကြောင်း အဆိုပါ
ကြံ့ဖွံ့အဖွဲ့ဝင်က ပြောသည်။

၎င်းက “သူတို့က လွန်ခဲ့တဲ့နှစ်တွေကပဲ မြို့တော်ဝန်က သေဆိုသေ၊ ရှင်ဆိုရှင် လူတွေပဲ။ သူတို့ ခေတ်သစ်ပြည်သူ့ပါတီမှာ ပါတဲ့သူတွေအားလုံးဟာ


ကြံ့ဖွံ့အဖွဲ့ဝင်တွေဖြစ်တယ်။ ကြံ့ဖွံ့ တဖြစ်လဲပေါ့ဗျာ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ခေတ်သစ်ပြည်သူ့ပါတီ၏ ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်မြင့်အား ဆက်သွယ်မေးမြန်းရာ ၎င်းက မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။

“ပြည်ခိုင်ဖြိုး (ကြံ့ဖ)ွံ့ က အကူအညီယူထားတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့က အမျိုးသားနိုင်ငံရေးလုပ်တဲ့အခါမှာ မိတ်ဘက်ပါတီအနေနဲ့


ပူးပေါင်းဆောင်ရွက်တာပါ။ ဒီမိုကရေစီနိုင်ငံသစ်တရပ် ဖြစ်ပေါ်ဖို့အတွက်ကို ပြည်ခိုင်ဖြိုးအဖွဲ့ကြီး ကလည်းပဲ တိုင်းကျိုးပြည်ကျိုးကိစ္စတွေကို ဆောင်ရွက်နေတယ်။
ကျနော်တို့ကလည်း တိုင်းကျိုးပြည်ကျိုးကိစ္စတွေကို ဆောင်ရွက်နေတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ ကျနော်တို့ဖာသာ ကျနော်တို့ရပ်တည်တာပါ” ဟု
ဦးအောင်မြင့်က ခေတ်ပြိုင်သို့ ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီ မဖွဲ့ခင်က ခေတ်သစ်သိပ္ပံနိုင်ငံရေးဘောကဗေဒ လေ့လာရေး ကျောင်းတော်သားစုအမည်ဖြင့် ၁၉၈၀ ခုနှစ်ကတည်းက စတည်ထောင်ကာ


အမျိုးသားနိုင်ငံရေးကို လုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစုမှ ဖွဲ့စည်း လိုက်သောပါတီဖြစ်ပြီး ပါတီအဖွဲ့ဝင် (၂)


သိန်းကျော်ရှိကြောင်း ပါတီခေါင်းဆောင် ဦးထွန်းအောင်ကျော်က ပြောသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် အခြားပါတီတခုမှ တာဝန်ရှိသူတဦးကမူ ခေတ်သစ်ပြည်သူ့ပါတီတွင် ပါတီဝင် (၂) သိန်းကျော် ရှိသည်ဆိုသည်မှာ


မဟုတ်မှန်ကြောင်း ပြောကြားသည်။

၎င်းက “ကျနော်တို့သိသလောက်တော့ အဲဒီ ခေတ်သစ်ပြည်သူ့ပါတီက မြို့တော်ဝန်ပါတီဗျ။ ဘာပဲလုပ်လုပ် မြို့တော်ဝန်ရဲ့ ခွင့်ပြုချက်နဲ့လုပ်တာ။ မြို့တော်ဝန်က


သူတို့ကို နေရာတွေ စီစဉ်ပေးထားတယ်။ သူတို့ လစဉ်အစည်းအဝေးလုပ်တာက မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက စည်ပင်ပိုင် အဆောင်အအုံမှာ လုပ်တာ။ အဲဒီ
အဆောက်အအုံက ပြိုကျခါနီးနေတော့ အခု ကမာရွတ်မြို့နယ်မှာ လုပ်တယ်။ ဘယ်အဖွဲ့အစည်းကမှ ပါတီ တရားဝင်မဖြစ်သေးခင် လူတွေ အုံနဲ့ကျင်းနဲ့
လူစုလူဝေးနဲ့ ဟောပြောတာတွေ မလုပ်ရပါဘူး။ အခု သူတို့ကတော့ လုပ်နေပါတယ်” ဟု ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ကြံ့ဖွံ့ကို အမည်ပြောင်းထားသော ပါတီတခုဖြစ်ကြောင်း၊ ပါတီအတွက် လိုအပ်သော ရန်ပုံငွေများကို မြို့တော်ဝန်က


ကူညီနေကြောင်း၊ သို့သော် မည်မျှ ငွေကြေးထောက်ပံ့သည်ကို အတိအကျ မသိရကြောင်း အဆိုပါ နိုင်ငံရေးပါတီသစ်တခုမှ တာဝန်ရှိသူက ပြောသည်။

ယခုအခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့်အဖွဲ့ စုစုပေါင်း (၁၉) ခု ရှိပြီဖြစ်သည်။ ပါတီသစ်အဖြစ်


လျှောက်ထားသည့်အဖွဲ့ (၁၆) ခုနှင့် ပါတီဟောင်း (၃) ခုပါဝင်သည်။

ဗုံးပေါက်ကွဲမှု အဓိကတာဝန်ရှိသူ နအဖဟု ဆိုနေကြ


အောင်ထက်/၂၂ ဧပြီ ၂ဝ၁ဝ

ဧပြီ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် အဓိကတာဝန်ရှိသူမှာ နအဖသာလျှင်ဖြစ်ကြောင်း
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတို့က ဝေဖန်ပြောဆိုကြသည်။

ထိုနေ့က သေဆုံးသူ (၈) ဦးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ (၅) ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူများ၏ ထက်ဝက်ခန့်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်တခုတည်းမှ
ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကန်တော်ကြီးပတ်လမ်း မဏ္ဍပ်အားလုံးထဲမှာ X20 မဏ္ဍပ်က လုံခြုံရေး အများဆုံးပဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့မြေး ဖိုးလပြည့် ရေကစားမယ်ဆိုလို့ ဗိုလ်ချုပ်ကြီး
သူရရွှေမန်းအမိန့်နဲ့ အချိန်ပြည့် လုံခြုံရေးယူထားတယ်။ အဲဒီကြားထဲက ဗုံးပေါက်တာ” ဟု မျက်မြင်တို့က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်သည် အရှေ့ပိုင်းခရိုင် စစ်ဒေသမှူး၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ စီစဉ်ညွှန်ကြားမှုဖြင့်


တောင်ပိုင်းခရိုင် အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက လာရောက် တွဲဖက်လုပ်ဆောင်ရကြောင်း သိရသည်။

“စစ်ဒေသမှူးမှာ သား (၁) ယောက်၊ သမီး (၂) ယောက်ရှိတယ်။ သူက ဗုံးပေါက်ကွဲမယ့်သတင်း ကြိုရထားပုံရတယ်။ ကလေးတွေကို သင်္ကြန်တွင်း ဘယ်မှ
ထွက်မလည်ကြဖို့ သူ့ဇနီးကို မှာတယ်” ဟူသော သတင်းစကားများ စစ်ဒေသမှူးနေထိုင်ရာ ဝေဠုဝန်အိမ်ရာတွင် ပျံ့နှံ့နေသည်။

စစ်ဒေသမှူးသည် အကြိုနေ့ကတည်းက X20 မဏ္ဍပ်လုံခြုံရေးကို အနီးကပ် ကြီးကြပ်နေခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

“စစ်ဒေသမှူးနဲ့ သူ့တပ်ဖွဲ့ အကြတ်နေ့ နံနက် (၁၀) နာရီမှာ X20 မဏ္ဍပ်ကို ရောက်လာတယ်။ နေ့လယ် (၁၂) နာရီမှာ အိမ်ပြန် ထမင်းစားတယ်။ ညနေ (၃) နာရီမှာ
အရပ်ဝတ်နဲ့ ပြန်လာပြီး မဏ္ဍပ်နားအရောက် ဗုံးပေါက်ကွဲတာ” ဟု တာဝန်ကျ တပ်ကြပ်တဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို၏ မျက်နှာကို ဗုံးစ ရှပ်၍ ထိမှန်ပြီး ၀မ်းဗိုက်၌ ကွမ်းသီးလုံးခန့် အပေါက်ဖြစ်သွားသည်ဟု သိရသည်။

“ဗိုလ်မှူးကြီးက ဗိုက်ကို လက်နဲ့ဖိပြီး အဘရေ ကျနော်တော့ ထိသွားပြီလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဆီ သတင်းပို့လိုက်သေးတယ်” ဟု ထိုစဉ်က အနီးရှိ
ရဲဘော်တဦးက ပြောပြသည်။

အခင်းဖြစ်ပွားရာသို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ရောက်ရှိလာပြီး စစ်ဒေသမှူးအား ဦးဝိစာရလမ်း၊ အမှတ် (၂) စစ်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော
ပြုစုကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ဧပြီ (၂၀) ရက်တွင် မင်္ဂလာဒုံ အမှတ် (၁) စစ်ဆေးရုံသို့ ရွှေ့ပြောင်းပြီး ဗုံးစ၀င်သွားသော အသည်းအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်သည်ဟု သိရသည်။

ထိုသို့ သင်္ကြန်ကာလ X2O မဏ္ဍပ်၌ ဗုံးဖောက်ခွဲမည်ကို ကြိုတင် သတင်းရရှိပါလျက် တာဝန်ရှိသူတို့မှ လုံခြုံရေး အပြည့်အ၀ မပေးနိုင်သည့်အပေါ် အချို့က
အပြစ်မြင်နေကြသည်။

ထို့ပြင် သင်္ကြန်ကာလနှင့် ဆီလျော်မှုမရှိသော လူနာတင်ကား အသင့်ထားရှိခြင်း၊ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာဆောင်အား


ဖယ်ရှားရှင်းလင်းထားခြင်းတို့အပေါ် သံသယ၀င်ကာ နအဖ၏လုပ်ရပ်ဟု အများက ထင်မြင်ချက်ပေးနေကြသည်။

“ဗုံးခွဲမယ့်သတင်း ကြိုရထားရင် သင်္ကြန်မဏ္ဍပ်တွေ ပိတ်လိုက်ပေါ့။ ခုတော့ နအဖ ဂုဏ်သိက္ခာတည်ဆောက်နိုင်ဖို့ ပြည်သူတွေရဲ့ အသက်တွေကို


ချကျွေးတာတော့ မလုပ်သင့်ဘူး” ဟု နိုင်ငံရေးအကဲဖြတ်များက ဆိုကြသည်။

ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈) ဦးရှိနေပြီဟု ရန်ကုန်ဆေးရုံကြီးမှ သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရသေးပေ။

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူ


မျိုးဝင်းဇော်/၂၂ ဧပြီ ၂ဝ၁ဝ

ပြီးခဲ့သည့် သင်္ကြန်မတိုင်ခင်ရက်မှစပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့တွင် လာမည့်ရွေးကောက်ပွဲအတွက် အိမ်ထောင်စုအလိုက် လူဦးရေစာရင်းများ


ကောက်ယူနေသည်။

ရန်ကုန်တိုင်း တောင်ဒဂုံ (၇၁) ရပ်ကွက်တွင် နေသူတဦးက “ကျမတို့ဆီမှာ ရပ်ကွက်အာဏာပိုင်တွေ တအိမ်တက်ဆင်း လူစာရင်းလိုက်ကောက်နေတယ်။ အိမ်မှာ
လက်ရှိနေထိုင်တဲ့ လူစာရင်းတွေကိုပဲ ကောက်ယူပြီး ခရီးသွားနေတဲ့သူတွေ ရှိပြီး ပြန်ရောက်လာရင် ရပ်ကွက်ရုံးမှာ စာရင်းလာပေးရမယ်လို့ ပြောတယ်” ဟု
ဆိုသည်။

ယခု စာရင်းကောက်ယူရာတွင် အမည်၊ မွေးသက္ကရာဇ်၊ ကျား-မ၊ အဘအမည်၊ တော်စပ်ပုံ၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ လူမျိုး၊ နိုင်ငံသား၊
ဘာသာ စသည်တို့ကို ပုံစံစာရွက်တွင်ဖြည့်ရပြီး မိတ္တူတစောင်ကို အိမ်ရှင်ထံတွင် ထားရှိသည်။

ယခုကဲ့သို့ စာရင်းကောက်ယူနေခြင်းသည် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်က ကောက်ယူခြင်းဖြစ်ပြီး


မြို့နယ်အဆင့်စာရင်းများကို မိမိတို့ရုံးသို့လည်း မိတ္တူပေးမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် လ၀ကရုံးမှ အရာရှိတဦးက ပြောသည်။

၎င်းက “ဒီစာရင်းတွေဟာ မြို့နယ်၊ ရပ်ကွက်အလိုက် နေအိမ်တွေမှာ လက်ရှိနေထိုင်သူတွေရဲ့စာရင်းဖြစ်ပြီး ကျနော်တို့ဌာနမှာ စာရင်းပေါက်နေတဲ့


အိမ်ထောင်စုစာရင်းတွေနဲ့တော့ မတူဘူး။ အရေအတွက် သိပ်ကွာတယ်။ ဘာလို့လဲဆိုတော့ သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်တွေမှာ နေထိုင်ကြပေမယ့်
ရပ်ကွက်စာရင်းပေါက် အိမ်ထောင်စုစာရင်း လုပ်မထားသူတွေ သန်းနဲ့ချီရှိနေလို့ပဲ” ဟု ပြောသည်။

ယခုနှစ်အတွင်း စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပြီးချိန် သက်ဆိုင်ရာ မဲရုံအသီးသီးက မဲရေတွက်ရာတွင် ရွေးကောက်ခံပုဂ္ဂိုလ်အသီးသီး၏


ကိုယ်စားလှယ်များကို ကြည့်ရှုခွင့်ပေးသည်မှလွဲပြီး ကျန်သည့်အဆင့်များတွင် မည်သူမျှ ပါဝင်စစ်ဆေးနိုင်ခြင်း မရှိပေ။

ရန်ကုန်မှ ၀ါရင့်သတင်းစာဆရာတဦးက “ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ဖွဲ့စည်းတာ၊ မဲရုံမှူးအသီးသီးခန့်ထားတာ၊ မဲပေးနိုင်သူအရေအတွက် စာရင်းပြုစုတာ၊


မဲပေးပိုင်ခွင့်လက်မှတ်ထုတ်ပေးတာ၊ ကြိုတင်မဲဆန္ဒပေးတာ၊ ရေတွက်တာ၊ မဲရုံ၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်းနဲ့ပြည်နယ်၊ ပြည်လုံးကျွတ် မဲစာရင်းတွေ စုစည်းတာ စတဲ့
အဆင့်ပေါင်းများစွာမှာ ဘယ်သူမှ စောင့်ကြည့်ခွင့်ရမှာမဟုတ်ဘူး။ ဒါကြောင့် စစ်အစိုးရကသာ သူ့စိတ်ကြိုက် လုပ်ကိုင်ဆောင်ရွက်သွားနိုင်တဲ့
အနေအထားရှိတယ်” ဟု ရှင်းပြသည်။

၂၀၀၈ မေလအတွင်းက ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်လည်း နအဖစစ်အစိုးရသည် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်


ဖွဲ့စည်းခြင်းမှအစ မဲပေးနိုင်သူ အရေအတွက် စာရင်းပြုစုခြင်း၊ မဲပေးပိုင်ခွင့် လက်မှတ်များ ထုတ်ပေးခြင်း၊ ကြိုတင်မဲဆန္ဒပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရုံ၊
မြို့နယ်၊ တိုင်းနဲ့ပြည်နယ်၊ ပြည်လုံးကျွတ် မဲစာရင်းများ စုစည်းခြင်း စသည်တို့ကို ၎င်းတို့ကိုယ်တိုင် စိတ်တိုင်းကျ လုပ်ကိုင်ခဲ့သည်။

စစ်အစိုးရသည် အဆိုပါ ဆန္ဒခံယူပွဲတွင် မသမာသည့်နည်းများဖြင့် ထောက်ခံမဲများရရှိအောင် ပြုလုပ်ခဲ့သည်ဟု ပြည်သူအများက သိရှိထားကြသည်။

ထိုအချိန်က တနိုင်ငံလုံးတွင် မဲပေးနိုင်သူ ဦးရေ (၂၇) သန်းကျော်ရှိသည့်အနက် မဲပေးသူပေါင်း (၂၆) သန်း (၇) သိန်းကျော်ရှိကာ ထောက်ခံဆန္ဒမဲပေးသူပေါင်း
(၂၄) သန်း (၇) သိန်းကျော်ရှိပြီး မဲပေးသူ စုစုပေါင်း၏ (၉၂.၄၈) ရာခိုင်နှုန်းရှိသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုကြောင်း စစ်အစိုးရက
ကြေညာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများကမူ နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အာဏာရှင်စနစ်


သက်ဆိုးရှည်စေရန် ပံ့ပိုးထားသည့် ဥပဒေဖြစ်သဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဆန္ဒခံယူပွဲသည်လည်း တရားမျှတမှုမရှိသဖြင့် ဆန္ဒခံယူပွဲရလဒ်ကို
အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တွံတေးတွင် အပူချိန်လွန် အဖျားရောဂါဖြစ်


စိုးမိုး/၂၂ ဧပြီ ၂ဝ၁ဝ

ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ကလေးငယ်အများစုသည် အပူချိန်လွန် အဖျားရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။

သင်္ကြန်မတိုင်မီကတည်းက တွံတေးမြို့နယ်တွင်းရှိ ကလေးငယ်အချို့တွင် အဖျားရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ ကလေးတိုင်းနီးပါး ဖြစ်ပွားလာနေကာ


ရုတ်တရက် ကိုယ်ပူချိန် (၁၁၀) ဒီဂရီ ဖာရင်ဟိုက်အထိ မြင့်တက်လာခြင်း၊ ကိုယ်ခန္ဓာတွင် အနီကွက်များ ဖြစ်ပေါ်လာခြင်း စသည့်ရောဂါလက္ခဏာများ
ဖြစ်ပွားနေကြသည်။

“ရွာထဲမှာ တော်တော်ဖြစ်နေတယ်။ အပူချိန်က နေ့ခင်းပိုင်းဆို ကျဲကျဲတောက် ပူနေတယ်။ လူကြီးတွေကတော့ ပူတာခံနိုင်ပေမယ့် ကလေးတွေက မခံနိုင်ဘူး။
ပူတဲ့အပြင်ကို သင်္ကြန်တွင်း ရေဆော့ပြီးတော့ အခု စုပြုံဖြစ်တာလို့ ပြောနေကြတာပဲ။ ကလေးတိုင်းလိုလို ဖြစ်နေတယ်” ဟု တွံတေးမြို့ မိဘမဲ့ ပရဟိတကျောင်းမှ
ကျောင်းဆရာတဦးက ပြောသည်။

တွံတေးမြို့နယ် ဆေးရုံတွင် ကလေးလူနာများဖြင့် ပြည့်နေပြီး အချို့ကို ရန်ကုန် ကလေးဆေးရုံကြီးသို့ ပို့ထားရကြောင်း သိရသည်။

“ကျနော်သိသလောက် တချို့ကလေးတွေ ရေခဲနဲ့တောင် ရေချိုးပေးရတယ် ပြောတယ်” ဟု အဆိုပါကျောင်းဆရာက ပြောကြားသည်။

ယင်းအဖျားရောဂါကို တွံတေးဒေသခံများက ဂျပန်တုပ်ကွေးဟု ပြောဆိုနေကြပြီး တွံတေးမြို့နယ် ကျန်းမာရေးဌာနက တွံတေးမြို့နယ်အတွင်း စစ်ဆေးမှုများ


လုပ်ဆောင်နေသည်ဟု သိရသည်။

စံချိန်တင် အပူချိန်မြင့်တက်လာသည့် မြန်မာနိုင်ငံတွင် ယမန်နှစ်က ရန်ကုန်တိုင်း သာကေတမှ စတင်ကာ လူထုအကြား ၀မ်းရောဂါများ ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင်
တွံတေးမြို့နယ်အတွင်း အပူချိန်လွန် အဖျားရောဂါ ဖြစ်ပွားနေခြင်းဖြစ်သည်။

တွံတေးမြို့နယ်သည် နာဂစ်ဒဏ်သင့် ဒေသတခုဖြစ်ပြီး အခြားနာဂစ်သင့် လပွတ္တာမြို့နယ် ပင်လယ်ပိုင်းဒေသများတွင်လည်း ရေချိုရှားပါးမှုကြောင့် ၀မ်းရောဂါများ


ဖြစ်ပွားနေကြောင်း သိရသည်။

ဒေသခံအာဏာပိုင်များက ငွေယူပြီး ရွှေရှာခွင့်ပေး


ခိုင်လင်း/၂၂ ဧပြီ ၂ဝ၁ဝ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံ၊ ဟောင်ပါးဒေသအတွင်း နယ်မြေခံအာဏာပိုင်များထံ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေပေးပြီး ရွှေတူးဖော်သည့်လုပ်ကွက်


အများအပြားရှိလာနေကာ အာဏာပိုင်များကလည်း ငွေအလွှဲသုံးစားလုပ်နေသည်။

တာမခံ၊ ဟောင်ပါးဒေသ ဥယုချောင်း ဝဲယာတလျှောက်ရှိ တောတောင်များအတွင်း ရွှေလုပ်ကွက်များ ရာနှင့်ချီ ရှိနေပြီး ရွှေတူးသူများက ဘက်ဖိုး (မြေတူးစက်)၊
ထရပ်ကား စသည့် စက်ယန္တရားများကို အသုံးပြုလုပ်ကိုင်လျက်ရှိသည်။

နယ်မြေခံ ကျေးရွာအာဏာပိုင်များက ရွှေလုပ်ငန်းရှင်များထံမှ တလလျှင် ဘက်ဖိုးတစီး ကျပ် (၁ဝ) သိန်း၊ ထရပ်ကားတစီး ကျပ် (၁) သိန်းနှုန်းဖြင့် ဒေသဖွံ့ဖြိုးရေး
ရန်ပုံငွေဟုဆိုကာ ကောက်ခံနေကြောင်း ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “အဲဒါတွေက နိုင်ငံတော်ကို အခွန်မဆောင်ဘဲ ကျေးရွာအာဏာပိုင်တွေနဲ့ပေါင်းပြီး လုပ်စားနေတာ။ ဘက်ဖိုးချည်း အစီး (၃ဝဝ) ကနေ (၅ဝဝ)
လောက်အထိ ရှိနိုင်တယ်။ မြေစာတင်ထရပ်ကားက ထောင်ပိုင်းအထိ ရှိတယ်။ ပြီးခဲ့တဲ့အပတ်က ဟောင်ပါးရွာ အောက်ဘက်မှာရှိတဲ့ ကွန်းဟဲရွာမှာလုပ်တဲ့
အစည်းဝေးမှာ ဥက္ကဋ္ဌ ဦးကျော်စိုးက ဖားကန့် မယကကို တင်ပြတာက ဘက်ဖိုး (၁၅) စီးရှိပါတယ်။ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအတွက် တစီး (၁) သိန်း
ကောက်ပါတယ်ဆိုပြီး တင်ပြတာ။ ရွာကလူကြီးတွေ လုပ်စားနေတာ။ ကျန်တဲ့ရွာတွေလည်း အဲလိုပ”ဲ ဟု ပြောသည်။

အခွန်မဆောင်ဘဲ နယ်မြေခံအာဏာပိုင်များထံ ငွေပေးပြီးလုပ်နေကြသည့် တရားမဝင် ရွှေတွင်းများ ရှိနေသည့်အတွက် နေပြည်တော်အထိ


သွားရောက်အခွန်ဆောင်ကာ လုပ်နေရသည့် ရွှေလုပ်ငန်းရှင်များမှာ နေရာမရ ဖြစ်နေကြောင်း မြစ်ကြီးနားဒေသခံ ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “နေပြည်တော်မှာ လုပ်ကွက်တကွက်ကို သိန်း (၄ဝ) ထည့်ရတယ်။ အခွန်ရောဆို (၆၁) သိန်းပေးရတယ်။ အခု မြစ်ဆုံဘက်မှာလည်း ရွှေလုပ်ငန်းက
လုပ်မရတော့၊ အဲဒီ တာမခံ၊ ဟောင်ပါးမှာကျတော့လည်း နှိပ်ကွပ်ခံနေရတယ်။ နေရာမရဘူး။ ဟိုကောင်တွေက ဘာအခွန်မှမဆောင်ဘဲ တွင်ကျယ်နေတာ။
ကိုယ်တို့က အခွန်လည်း ဆောင်ထားရသေးတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း နေရာဒေသအများအပြားဖြစ်သည့် ကျောက်စိမ်းတွင်းဒေသ၊ အင်းတော်ကြီးဒေသ၊ တနိုင်းဒေသ၊ ဝိုင်းမော်အရှေ့ဘက်ရှိ


နန်ဆန်ယန်ဒေသ၊ မေခ-မလိခမြစ်ကြောင်းတလျှောက်နှင့် မြစ်ဆုံဒေသတို့တွင် ရွှေတူးဖော်သူ များပြားပြီး ရွှေတွင်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို
ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးနေသည်ဟု ကချင်အန်ဂျီအိုအဖွဲ့များက အစီရင်ခံစာထုတ်ပြန်ထားသည်။

ရွှေရှာဖွေရာတွင် အသုံးပြုသည့် ပြဒါးနှင့် ဓာတုပစ္စည်းများကြောင့် ယင်းဒေသများရှိ မြစ်၊ ချောင်းရေများ ညစ်ညမ်းလာခြင်း၊ သစ်တောများ


ခုတ်ထွင်ရှင်းလင်းမှုကြောင့် တောပြုန်းခြင်း၊ ရေကြောင်းများပြောင်းလဲခြင်း၊ ချောင်းရေများ တိမ်ကောလာခြင်း စသည့် သဘာဝပတ်ဝန်းကျင်
ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း အန်ဂျီအိုများက ဖော်ပြထားသည်။

ဖူးကစ်ဆရာမီ ပန်းကန်လုံးစက်ရုံ အလုပ်သမားအခွင့်အရေးတိုက်ပွဲ


သီဟဟိန်း
၂၂/ ဧပြီ ၂၀၁၀

မဲဆောက်မြို့မှာ အလုပ်သမားအများစုဟာ အထည်ချုပ်စက်ရုံတွေ၊ သိုးမွေးစက်ရုံတွေမှာ လုပ်ကြတာမှန်ပေမယ်လို့ အဲဒီစက်ရုံတွေလိုပဲ တခြားစက်ရုံတွေမှာ


ကျနော်တို့ မြန်မာအလုပ်သမားတွေ ရှိပါတယ်။ အဲဒီအထဲကမှ ပန်းကန်လုံး စက်ရုံတခုရဲ့ အလုပ်သမားတိုက်ပွဲအကြောင်းကို တင်ပြချင်ပါတယ်။

မဲဆောက်မြို့မှာ ကျနော်တို့ အလုပ်သမားတွေအတွက် သက်သာဈေးလို့ခေါ်ရင်လည်း မမှားတဲ့ သောကြာဈေး၊ စနေဈေး၊ တနင်္ဂနွေဈေးဆိုပြီး နယ်မြေအလိုက်


ညနေဈေးကလေးတွေ ဖွင့်လှစ်ပြီး ဈေးနှုန်းချိုချိုနဲ့ ရောင်းချတာတွေ ရှိပါတယ်။ အခုလက်ရှိမှာတော့ သောကြာနဲ့ စနေဈေးကို တနေရာတည်းမှာ (၂)
ရက်ဆက်ပြီး ရောင်းပေးပါတယ်။ အဲဒီဈေးရဲ့ဘေးမှာ ပန်းကန်လုံးစက်ရုံဟု လူသိများတဲ့ စက်ရုံတရုံရှိပါတယ်။ အလုပ်သမားတွေအခေါ် ဖူးကစ်ဆရာမီ
ပန်းကန်လုံးစက်ရုံလို့ ခေါ်ပါတယ်။ စက်ရုံရဲ့သူဌေးက တိုင်ဝမ်တရုတ်သူဌေးဖြစ်ပြီး ထိုင်းနိုင်ငံသားတဦးနဲ့
ဖက်စပ်လုပ်ပါတယ်။ စက်ရုံကိုတော့ အဲဒီတရုတ်သူဌေးကပဲ တိုက်ရိုက်အုပ်ချုပ်ပါတယ်။ မိန်းကလေးနဲ့
ယောက်ျားလေး အလုပ်သမားဦးရေ (၁၅၀) ကျော်လောက်ပဲ ရှိပါတယ်။

စက်ရုံရဲ့လုပ်ငန်းခွင်အဆင့်ဆင့်ကို အနည်းငယ် ပြောပြချင်ပါတယ်။ အပြားအထူ လက် (၄) လုံးလောက်ရှိပြီး


ထမင်းစား၊ စားပွဲဝိုင်းနီးပါးလောက်ကျယ်တဲ့ ဓာတုဗေဒဆေးစပ်ပြီးသား ရွှံ့အပြားကြီးတွေကို စက်နဲ့
အရည်ဖျော်ရပါတယ်။ အရည်ဖျော်ထားတဲ့ ရွှံ့ရည်တွေကို ပိုက်နဲ့သွယ်ပြီး မိုလို့ခေါ်တဲ့ ပုံစံခွက်ထဲကို
လောင်းထည့်ရပါတယ်။ အရုပ်တရုပ်အတွက် ပုံစံခွက်နှစ်ခြမ်းလောင်းရပါတယ်။ အဲဒီလိုလောင်းပြီးသား နှစ်ခြမ်းကို
ပြန်ဆက်ရပါတယ်။ ပိုနေတဲ့ အစတွေကို လှီးထုတ်ရပါတယ်။ ရေဆေးရပါတယ်။ အလုပ်သမားတွေကတော့
ရေချိုးတယ်လို့ ခေါ်ပါတယ်။ ပြီးရင် မီးအကြမ်းဖုတ်ရပါတယ်။ မီးဖုတ်တဲ့နေရာမှာ ဂက်စ်ကို အသုံးပြုပါတယ်။
မီးဖိုပေါ်မှာ စင်တွေနဲ့ ဖုတ်ရပါတယ်။ အကြမ်းမီးဖုတ်ပြီးသားတွေကို အချောပြန်ဆေးရပါသေးတယ်။ ပြီးရင် ဖိုကြီးနဲ့
ပြန်ဖုတ်ရပါတယ်။ ဖိုကြီးဆိုတာက အရုပ်တွေအများကြီး ထည့်ဖုတ်နိုင်တဲ့ မီးဖိုကြီးပါ။ ဖိုကြီးနဲ့ ဖုတ်ပြီးသားတွေကို
ကြွေရည်စိမ်၊ ဆေးခြယ်၊ စတစ်ကာကပ်ရပါတယ်။ ပြီးရင် မီးပြန်ဖုတ်ရပါသေးတယ်။ မီးဖုတ်ပြီးသားတွေကို QC
(Quality Control) စစ်ပြီးရင် နောက်ဆုံးအဆင့် ပါကင်ထုပ်ရပါတယ်။

အဲဒီလိုလုပ်ငန်းတွေ အဆင့်ဆင့်ရှိသလို အလုပ်သမားတွေရဲ့ လုပ်အားခတွေကလည်း မတူကြပါဘူး။ အားလုံးကတော့ နေ့စားအလုပ်သမားတွေပဲ


ဖြစ်ကြပါတယ်။ မီးဖုတ်တဲ့နေရာက အလုပ်သမားတွေကို တနေ့ ဘတ် (၈၀)၊ (၉၀) အထိ ပေးထားပေမယ့် ကျန်တဲ့နေရာတွေက အလုပ်သမားအများစုကတော့
တနေ့ကို ဘတ် (၅၀)၊ (၆၀) လောက်ပဲရကြပါတယ်။ မီးဖုတ်သမားတွေက သူများတွေထက် ပိုရကြပေမယ့် အလုပ်မှာ တာဝန်ခံရပါတယ်။ ပျက်ရင်
လျော်ပေးရပါတယ်။ သူ့နေရာနဲ့သူ အလုပ်သမားတွေကို အုပ်ချုပ်ရတဲ့ ၀ဏ္ဏတွေရှိကြပါတယ်။ ၀ဏ္ဏတွေကိုတော့ တနေ့ဘတ် (၁၀၀) ပေးထားပါတယ်။

အလုပ်ချိန်ကတော့ တနေ့ကို (၈) နာရီ အလုပ်လုပ်ရပါတယ်။ မနက် (၈) နာရီကနေ နေ့လယ် (၁၂) နာရီ၊ နေ့လယ် (၁) နာရီ ကနေ ညနေ (၅) နာရီထိ။ အဲဒီ (၈)
နာရီထက်ကျော်သွားရင် အချိန်ပိုကြေး တနာရီကို (၇) ဘတ်နှုန်း ပေးထားပါတယ်။ ရွှံ့ဖျော်ရတဲ့ အလုပ်သမားတွေနဲ့ မီးထိုးအလုပ်သမားတွေ
အလုပ်ချိန်မမှန်ကြပါဘူး။ အလုပ်အရေးကြီးရင် ကြီးသလို မနက် (၆) နာရီကနေ အလုပ်စ၀င်ရတာရှိသလို ညနေ (၃) နာရီတို့ ည (၁၂) နာရီတို့ အချိန်မတော်
အလုပ်ဆင်းရတာတွေလည်း ရှိပါတယ်။ အလုပ်သမားအားလုံးလိုလိုကတော့ အလုပ်အရေးကြီးရင် နေ့ရော ညပါဆင်းရပြီး အလုပ်ချိန် (၈)
နာရီထက်ကျော်ရင်တော့ ပိုသွားတဲ့ နာရီတွေကို အချိန်ပိုကြေး တနာရီ (၇) ဘတ်နှုန်းနဲ့ ရကြကြောင်း သိရပါတယ်။

၂၀၀၂ ခုနှစ်က အလုပ်စ၀င်ခဲ့တဲ့ အလုပ်သမတယောက်ကတော့ သူ အလုပ်စ၀င်တုန်းက တနေ့ကို (၄၅) ဘတ်ရကြောင်း၊ (၃) လလောက်လုပ်ပြီးတဲ့အခါမှာ (၅)
ဘတ်တိုးပေးကြောင်း၊ ၂၀၀၆ ခုနှစ် စက်ရုံပြဿနာတက်တဲ့အချိန်မှာ (၆၃) ဘတ်သာ ရရှိကြောင်း ပြောပါတယ်။

အလုပ်သမားတွေ နေဖို့ စက်ရုံက လိုင်းခန်းတွေ ထားပေးထားပါတယ်။ လိုင်းခန်းခ မပေးရပေမယ့် ရေဖိုး၊ မီးဖိုး ဖြတ်ပါတယ်။ တလကို ရေဖိုး၊ မီးဖိုး (၁၀၀)
ကျော်လောက် ပေးရပါတယ်။ တချို့မိသားစုတွေမှာ ညီအစ်ကိုမောင်နှမတွေ၊ သားသမီး၊ မိဘတွေ လာနေတာမျိုး ရှိပါတယ်။ အဲဒီလို စက်ရုံဝန်ထမ်းမဟုတ်တဲ့
မိသားစုဝင်တွေ လာနေတယ်ဆိုရင် အဲဒီအတွက် တယောက်ကို အိမ်လခအဖြစ် ဘတ် (၂၀၀) ပေးရပါတယ်။

အဲဒီလို အလွန်နည်းတဲ့ လုပ်အားခတွေနဲ့ အလုပ်လုပ်လာခဲ့ကြရာက ၂၀၀၆ ခုနှစ်မှာ အလုပ်ရှင်-အလုပ်သမားပြဿနာ ဖြစ်ပါတယ်။ စဖြစ်ပုံကတော့ စက်ရုံက
အလုပ်သမားတဦးဖြစ်တဲ့ ကိုထွန်းအောင်ဆိုသူကို အလုပ်ချိန် (၈) နာရီကျော်လို့ အလုပ်နားနေတဲ့အချိန်မှာ အလုပ်ခေါ်ခိုင်းပါတယ်။ ကိုထွန်းအောင်ကလည်း သူ
အရမ်းပင်ပန်းနေပြီဖြစ်လို့ မဆင်းနိုင်တော့တဲ့ အကြောင်း၊ အနားယူချင်တဲ့အကြောင်း ပြောရာက အလုပ်ရှင်နဲ့ အဆင်မပြေဖြစ်ပြီး အလုပ်ထုတ်လိုက်ပါတယ်။

အဲဒီနောက်နေ့မှာတော့ နဂိုကတည်းကမှ လုပ်အားခနည်းလို့ မကျေမနပ်ဖြစ်နေကြတဲ့ အလုပ်သမားတွေဟာ လုပ်အားခ တိုးတောင်းကြပါတော့တယ်။


သူတို့တောင်းတဲ့ လုပ်အားခတွေကလည်း ထိုင်းနိုင်ငံမှာ တရားဝင်ပြဋ္ဌာန်းထားတဲ့ ရပိုင်ခွင့်တွေအတိုင်း တောင်းဆိုကြတာမဟုတ်ပါဘူး။ လုပ်အားခတိုးပေးဖို့၊
ဘယ်လောက်ပဲဖြစ်ဖြစ် တိုးပေးဖို့၊ ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ စားဝတ်နေရေး အဆင်မပြေကြလို့ တိုးတောင်းကြတာပါ။

အလုပ်သမားတယောက်ရဲ့ ပြောပြချက်အရဆိုရင် “အဲဒီအချိန်မှာ သူဌေးက (၁၀) ဘတ်လောက် တိုးပေးလိုက်ရင်တောင် ကျနော်တို့ကျေနပ်ပါတယ်” လို့


ပြောပါတယ်။ အခုတော့ သူဌေးက လုပ်အားခလည်း တိုးမပေးနိုင်ဘူး၊ တိုင်ချင်တဲ့နေရာ သွားတိုင်လို့ ပြောလွှတ်လိုက်ပါတယ်။

အလုပ်သမားတွေလည်း မကျေနပ်တဲ့အတွက် ဆ၀ါဒီကန်ရုံးမှာ သွားတိုင်ကြပါတယ်။ အားလုံး (၅၂) ယောက်ပါ။ ဆ၀ါဒီကန်ရုံးက အလုပ်ရှင်သူဌေးနဲ့ ခေါ်ပြီး
ညှိနှိုင်းပေးလိုက်ပါတယ်။ အလုပ်သမားတယောက်ကို တနေ့ အဲဒီအချိန်က တာ့ခရိုင် မဲဆောက်မြို့ အလုပ်သမားတယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ (၁၄၃) ဘတ်
ပေးရန်၊ အချိန်ပိုဆင်းရပါက တနာရီကို (၂၅) ဘတ်နှုန်းနဲ့ ရှင်းပေးရန် ဆုံးဖြတ်ပေးလိုက်ပါတယ်။ သူဌေးရော အလုပ်သမားတွေပါ စာချုပ်မှာ
လက်မှတ်ထိုးရပါတယ်။ အလုပ်သမားဥပဒေအရ သူဌေးက အလုပ်မပေးနိုင်ရင်လည်း လုပ်အားခရဲ့တ၀က် ရရှိရမှာဖြစ်ပါတယ်။ တနင်္ဂနွေဆို လုပ်အားခရဲ့နှစ်ဆ
အလုပ်ရှင်က ပေးရမှာပါ။ အလုပ်သမားတွေလည်း ဆ၀ါဒီကန်ရဲ့ အဆုံးအဖြတ်ကို လက်ခံပြီး ပြန်လာခဲ့ကြပါတယ်။

စက်ရုံတော်တော်များများ (အားလုံးလိုလ)ို ရဲ့အတွေ့အကြုံအရ အဲဒီလိုပြဿနာဖြစ်ပြီး အလုပ်သမားရဲ့ လုပ်အားခ အပြည့်အ၀ ပေးရပြီဆိုရင်


လုပ်ငန်းရှင်တွေဘက်က နည်းလမ်းပေါင်းစုံနဲ့ ညစ်ပတ်တော့တာပါပဲ။ အခုလည်း ဒီပန်းကန်လုံး စက်ရုံအလုပ်သမားတွေကို ဆ၀ါဒီကန်က လုပ်အားခ
အပြည့်အ၀ပေးဖို့ ဆုံးဖြတ်ပေမယ့် အပြည့်အ၀တော့ ပေးပါတယ်။ ဒါပေမယ့် သူဌေးက ညစ်ပတ်လာပါတယ်။ အချိန်မတော် အလုပ်ဆင်းခိုင်းတယ်။ ဥပမာ-
ညဘက်အချိန်မတော်မှာ အလုပ်သမားအားလုံး ဆင်းရတာမဟုတ်ဘဲ မိန်းကလေးတွေချည်း ဆင်းခိုင်းတယ်၊ တယောက်နှစ်ယောက်ပဲ ဆင်းခိုင်းတယ်။
စက်ရုံထဲကို အလုပ်ဆင်းရတာကလည်း အခါတိုင်းဆို အလုပ်သမားတွေနေတဲ့ တန်းလျားနဲ့ စက်ရုံကပ်နေတဲ့ အပေါက်ကနေ ၀င်လို့ရတယ်။ အခုတော့
စက်ရုံဝင်ပေါက်ကြီးကနေ ပတ်ပြီး ၀င်ခိုင်းတယ်။ ၀င်ပေါက်ကြီးကို ရောက်ဖို့အတွက် အဝေးပြေးလမ်းမကြီးကနေ ပတ်သွားရပါတယ်။

ညဘက်ဆို အန္တရာယ်ရှိပါတယ်။ တခါတလေ ရဲတွေ လိုက်လို့ ပြေးရတယ်။ နောက်ဆုံးတော့ အလုပ်သမားတွေနေတဲ့ တန်းလျားကိုပါ ရဲတွေ၊
တောမောလို့ခေါ်တဲ့ လ၀ကတွေနဲ့ စစ်တပ်တွေ ၀ိုင်းပြီး အလုပ်သမားတွေကို အလုပ်ကောင်းကောင်း လုပ်ကြ၊ ဘာညာနဲ့ အမျိုးမျိုး
ခြိမ်းခြောက်သွားတာတွေရှိတဲ့အတွက် အလုပ်သမားတွေ ကြောက်လာကြပါတယ်။ ညဘက် အလုပ်မဆင်းဖို့ သူဌေးဆီမှာ တောင်းဆိုတော့လည်း သူဌေးက
မလိုက်လျောနိုင်ဘူး။ ဆင်းချင်ဆင်း၊ မဆင်းချင်နေဆိုတာနဲ့ အလုပ်သမားတွေလည်း အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့
ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရုံးမှာ သွားအကူအညီ တောင်းပြီး အမှုဖွင့်ရပါတော့တယ်။

တနေ့ကို (၁၄၃) ဘတ်နဲ့ ရက်ပေါင်း (၂၀) လောက်ပဲ အလုပ်ဆင်းလိုက်ရပါတယ်။ ရောင်ခြည်ဦးနဲ့ မက်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ပဲ ဆ၀ါဒီကန်ရုံးမှာ
တိုင်ချက်ဖွင့်နိုင်ခဲ့ပါတယ်။ အသုတ်လိုက်ခွဲပြီး ဆ၀ါဒီကန်မှာ အလုပ်သမားရပိုင်ခွင့်တွေ ဖောင်ဖြည့်ကြရတယ်။ အဲဒီလို ဆ၀ါဒီကန်ရုံးမှာ ဖောင်ဖြည့်နေတုန်း
အဖမ်းခံလိုက်ရတဲ့ အလုပ်သမားတယောက်အကြောင်းကို အတူတူလုပ်ခဲ့တဲ့ အလုပ်သမတဦးက အခုလိုပြောပြပါတယ်။

“အဲဒီအလုပ်သမားက ဘတ် (အလုပ်သမားလက်မှတ)် မရှိပါဘူး။ သူက ဆ၀ါဒီကန်ရုံးထဲမှာ သူများတွေလိုပဲ ဖောင်ဖြည့်ဖို့ သွားတာပါ။ အဲဒီအချိန်မှာ
မော်တော်ပီကယ် (ယဉ်ထိန်းရဲ) ၀တ်စုံနဲ့ ရဲတယောက်က ၀င်လာပြီး မင်းကို ဖမ်းမှာ မကြောက်ဖူးလားလို့ မေးတယ်။ အဖမ်းခံရတဲ့သူကလည်း ခင်ဗျားက
မော်တော်ပီကယ်ဖြစ်တဲ့အတွက် ကျနော့်ကို ဖမ်းမှာမဟုတ်လို့ မကြောက်ပါဘူးလို့ ပြန်ပြောတယ်။ အဲလိုပြန်ပြောပြီး ဖမ်းသွားတာပါပဲ။ နှစ်ထပ်ချုပ်ကို
ရောက်သွားတယ်။ အဲဒီမှာ တညအိပ်ပြီး တောမောရုံးကို ပို့လိုက်တယ်။ တောမောရုံးကမှ ဟိုဘက်ကမ်းကို သွန်မှာလေ” လို့ ပြောပြပါတယ်။

တောမောရုံး (လူဝင်မှုကြီးကြပ်ရေး) က ဖမ်းမိတဲ့ အလုပ်သမားတွေကို မြန်မာပြည်ဘက်ခြမ်းကို သွန်မယ့် သတင်းကြားတဲ့ အချိန်မှာ စက်ရုံက လူတွေကော
အကူအညီပေးနေတဲ့ အဖွဲ့က လူတွေကော လိုက်ကြပါတယ်။ အဖမ်းခံရသူကိုလည်း သွန်မယ့် ကားပေါ်မှာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီလူဟာ
မြန်မာပြည်ဘက်ခြမ်းမှာလည်း စုံစမ်းလို့မရဘူး။ ဒီဘက်မှာလည်း မရှိတော့ပါဘူး။ နောက်ပိုင်းမှာမှ မြန်မာသတင်းစာနဲ့ ပြည်ပသတင်းဌာနတွေမှာ အဲဒီလူကို
ဒီဘက်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ချလိုက်တဲ့အကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။

သူနဲ့အတူလုပ်ခဲ့တဲ့ သူ့သူငယ်ချင်းတယောက်ကတော့ “အဲဒီလိုဖြစ်ရတာ ကျနော်တို့သူဌေး ယုတ်မာလို့ပါ။ သူက အလုပ်သမား တယောက်ပါ။


ဘာနိုင်ငံရေးမှလည်း မသိဘူး။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရှိပါဘူး။ ရိုးရိုးသားသား အလုပ်လုပ်စား နေတာပါ” လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ
ရောက်နေတဲ့ အလုပ်သမားတွေဟာ မဲဆောက်ပဲဖြစ်ဖြစ်၊ ဘန်ကောက်ပဲဖြစ်ဖြစ် အဖမ်းခံရလို့ မြန်မာပြည်ဘက်ကို သွန်လိုက်တယ်ဆိုရင် နည်းအမျိုးမျိုးနဲ့
မဲဆောက်ဘက်ကို ပြန်ရောက်လာကြတာပါပဲ။

အဲဒီလို အလုပ်သမားတယောက် အဖမ်းခံလိုက်ရပေမယ့် ကျန်တဲ့သူတွေ အမှုဆက်တိုင်နိုင်ခဲ့ပါတယ်။ ဆ၀ါဒီကန်ကတဆင့် တရားရုံးအထိ


ဆက်တက်ရပါတယ်။ အဲဒီကြားကာလတွေမှာ အမှုတိုင်ထားတဲ့ လူ (၅၀) ကျော်ရဲ့ဘ၀တွေကလည်း ကြမ်းတမ်းပါတယ်။ အရုပ်တွေကို ဆေးခြယ်တဲ့အလုပ်
လုပ်ကြရပါတယ်။ ဒါပေမယ့် သူတို့အလုပ်လုပ်တဲ့ နေရာတိုင်းကို ရဲတွေက အမြဲတမ်း စောင့်ကြည့်တာ ခံရပါတယ်။ အဲဒီလိုနဲ့ အဲဒီဆေးခြယ်တဲ့ လုပ်ငန်းကိုပဲ
နေရာတွေပြောင်းပြီး လုပ်လာခဲ့ကြတာ နောက်ဆုံးတော့ အားလုံးအဖမ်းခံလိုက်ရပါတယ်။ ထောင် (၁၂) ရက်စီ ကျသွားပါတယ်။ ထောင်ထဲမှာလည်း
သူတို့အထဲက ခေါင်းဆောင်လို့ ယူဆသူတွေရဲ့ အမည်ကိုမေးကြောင်း၊ ဓာတ်ပုံတွေထုတ်ပြကြောင်း၊ ဓာတ်ပုံတွေက ကော်ပီကူးထားတာတွေဆိုတော့
သဲသဲကွဲကွဲ မမြင်ရလို့ တော်သေးကြောင်း၊ အခြားအဖမ်းခံရသူတွေနဲ့ ရောနေရကြောင်း ထောင်ကျခဲ့သူက ပြန်ပြောပြပါတယ်။

သူတို့ ထောင်ကလွတ်လာပြီး မဲဆောက်ရောက်မှ အကြောင်းစုံကို သိကြရတော့တယ်။ သူတို့ အလုပ်လုပ်ခဲ့တဲ့ ပန်းကန်လုံးစက်ရုံသူဌေးနဲ့


ဆေးခြယ်အလုပ်ပေးတဲ့ သူဌေးနဲ့ အဆက်အသွယ်ရှိကြောင်း၊ အဲဒါကြောင့် အမျိုးမျိုး လိုက်နှောင့်ယှက်နေတာဖြစ်ကြောင်း သိရတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ရောင်ခြည်ဦးနဲ့ မက်ဖောင်ဒေးရှင်းတို့ရဲ့ အကူအညီနဲ့ အထက်ပါ ပန်းကန်လုံးစက်ရုံ အလုပ်သမား (၅၀) ကျော်ဟာ
နစ်နာကြေး (လျော်ကြေး) ရရှိခဲ့ကြပါတယ်။ စက်ရုံမှာ (၅) နှစ်လောက် အလုပ်လုပ်ခဲ့တဲ့ အလုပ်သမတဦးကတော့ “ကျမတို့ရတဲ့ လျော်ကြေးက (၅) ရာခိုင်နှုန်းလို့
ပြောပါတယ်။ ကျမက ဘတ် (၈,၀၀၀) လောက် ရပါတယ်။ ရှေ့နေခ တယောက်ကို ဘတ် (၅၀၀) စီ ပေးရပါတယ်။ အဲဒါကလည်း အရင်ကတည်းက
ပြောထားတာပါ။ ပေးပါတယ်။ ကျမတို့ အခုလို သူဌေးကို အမှုနိုင်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

(၅) ရာခိုင်နှုန်းဆိုတာကတော့ အလုပ်သမားတယောက်က အလုပ်ရှင်ထံမှာ အလုပ်သမားဥပဒေအရ ရစရာရှိတဲ့ နစ်နာကြေးငွေဟာ ဘတ် (၁၀၀) ဆိုရင် (၅)
ဘတ်ပဲ ရတာဖြစ်ပါတယ်။ ပန်းကန်လုံးစက်ရုံဆိုတာ မဲဆောက်မှာ များများစားစား မရှိတဲ့အတွက် သိုးမွေးတို့ အထည်ချုပ်တို့က အလုပ်သမားတွေလို
အလုပ်ပြန်ရှာရတာ မလွယ်ပါဘူး။ အဲဒီတော့ အခုအချိန်မှာ ပန်းကန်လုံးစက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားတိုက်ပွဲမှာ (၅) ရာခိုင်နှုန်း ရခဲ့ကြပေမယ့်
ဘ၀တိုက်ပွဲတွေကိုတော့ ဈေးရောင်းတဲ့သူ ရောင်း၊ မြန်မာပြည်ပြန်တဲ့သူ ပြန်၊ တချို့လည်း စက်ချုပ်သင်ပြီး အထည်ချုပ်စက်ရုံဝင်လုပ်၊ သိုးမွေးစက်ဆွဲ သင်ပြီး
သိုးမွေးစက်ရုံဝင်လုပ်ကြရင်း ဆက်လက်ဆင်နွှဲနေကြရပါတယ်။ ။
http://www.khitpyaing.org/

ဘန်ကောက်မြို့ မြို့ပတ်ရထား ဘူတာရုံအနီး ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွား

22 April 2010
ထိုင်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်သူ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေနဲ့ ထိုင်းအစိုးရအကြား အခြေအနေတွေဟာ
တစထက်တစ ပိုတင်းမာလာနေပြီး နောက်ဆုံးရရှိတဲ့ သတင်းအရ အစိုးရ ဆန့်ကျင်သူတွေ စုဝေးတဲ့ မနီးမဝေးက
စစ်သားတွေ လုံခြုံရေး ချထားတဲ့ ဘန်ကောက်မြို့ရဲ့ နေရာတခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၃ ဦးလောက်ရှိပြီး အဲဒီအနီးအနား တ၀ိုက် လမ်းသွားလမ်းလာ အ၀င်အထွက်
အားလုံးကို အာဏာပိုင်တွေက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးအခြေအနေ သိရအောင်
ဗုံးပေါက်ကွဲရာ နေရာအနီးမှာ ရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုသားညွန့်ဦးကို နော်ရှိုးက
ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စပြောပြခဲ့ပါတယ်။

“အခုက စီးလုံမှာဖြစ်တာ။ ဖြစ်တယ်ဆိုတာက စီးလုံ ဟိုဘက်ထိပ်မှာက အနီဝတ် ဆန္ဒပြသူတွေရှိတယ်၊


ဒီဘက်ထိပ်မှာက အစိုးရ လိုလားတဲ့ ဆန္ဒပြသူတွေ ဒီနေ့ အင်အား တော်တော်များတယ်။ ဆန္ဒပြနေတဲ့အချိန်
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသွားသည့်
စံတော်ချိန် ၈ နာရီ ၅ မိနစ်လောက်မှာ စပြီးတော့ ဆန္ဒပြတဲ့နောက်က စီးလုံလမ်းထဲမှာ ဖြစ်တာ။ စစ်သားတွေ
ထိုင်းအမျိုးသမီးတဦးကို သယ်ဆောင်လာစဉ်။ ဧပြီ ၂၂၊
ရှိနေတဲ့နေရာကို အပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ချတော့ ဗုံးကွဲတယ်။ ကွဲတော့ ထိခိုက်ဒဏ်ရာရသူ ရှိတယ်လို့
၂၀၁၀။
သိရတယ်။ ဒါပေမဲ့ ကျနော် မတွေ့လိုက်ဘူး။ ဆေးရုံကားနဲ့ ခေါ်သွားတယ်။

“အခု စစ်တပ်က အဲဒီလမ်း တခုလုံးကို ပိတ်ထားတယ်။ ကျနော်တို့ ထွက်လို့မရဘူး။ ထွက်လို့မရဘူးဆိုတာ စစ်တပ်က လုံခြုံတဲ့ အမြင့်နေရာမှာ ကျနော်တို့ကို တင်ပြီးတော့
အဲဒီမှာ ၀င်ခိုင်းထားတယ်။ မပြန်ခိုင်းသေးဘူး။ အခြေအနေက အဲဒီလောက်ပဲ။ ဒါပေမဲ့ ဟိုဘက်ထိပ်က ဆန္ဒပြမှု နောက်ဆုံး အခြေအနေတော့ မသိလိုက်ဘူး။

“ဒါပေမဲ့ ခုနက ဆန္ဒပြတာတော့ တော်တော် တင်းတင်းမာမာ ဖြစ်နေကြတယ်။ အဓိက အစိုးရလိုလားတဲ့ ဆန္ဒပြသူတွေက ရှေ့ကို အတင်းတက်ပြီးတော့ အနီဝတ်
ဆန္ဒပြသူတွေ အနားထိ ကပ်ဖို့ ကြိုးစားကြတယ်။ ကြိုးစားတော့ ရဲတွေ၊ စစ်သားတွေ ရောက်လာပြီးတော့ သူတို့ကို အတင်းတွန်းထုတ်ပြီးတော့ နည်းနည်း
တင်းတင်းမာမာတော့ ဖြစ်သေးတယ်။ ဒါပေမဲ့ အခြေအနေက အေးအေးချမ်းချမ်း ဖြစ်နေတဲ့ အချိန်မှာပဲ ၈ နာရီ ၅ မိနစ်လောက်မှာ စပြီးတော့ ဖြစ်တာ။”

ဘယ်အဆောက်အဦးနဲ့ အနီးဆုံးလဲ၊ အခု ဗုံးပေါက်တဲ့နေရာက စီးလုံရဲ့ ဘယ်နေရာနားလောက်ကျလဲ။

“အခု ဗုံးပေါက်တာ စီးလုံမှာ။ သိရသလောက် စစ်သားတွေ အပြောအရတော့ Sky Train Station အပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ချတာ။ ကျနော်တို့အားလုံးကို Station က
စစ်သားတွေက Station က တနေရာကို ကျနော်တို့ကို ခေါ်ထားတယ်။ အကုန်လုံးကို ဘယ်မှ မထွက်ခိုင်းဘူး။ ဒီမှာပဲ ထားထားတယ်။ သူတို့ လုံခြုံရေး ရှင်းနေတယ်လို့
ပြောတယ်။ ဘယ်သူ ဗုံးပစ်တာလဲ၊ ဗုံးခွဲတာလဲ သူတို့ လိုက်ရှာနေတယ်လို့ ပြောတယ်။”

ဗုံးက တလုံးပဲ ကွဲတာလား၊ နှစ်လုံး သုံးလုံး ဆက်တိုက် ကွဲတာလား။

“ကျနော်ကြားတာတော့ သုံးလုံးလောက် ကြားတယ်။ ပထမတလုံးက တော်တော်ကျယ်တယ်။ ပထမတလုံး ကြားပြီးတော့ နောက်ထပ် နှစ်လုံး ဆက်တိုက်ကွဲတယ်။
ကြားလိုက်တဲ့အချိန်မှာ ကျနော်တို့လာတဲ့ အချိန်လည်းကျရော ဒီမှာ ဆေးရုံတင်ကားတွေ ပြင်နေပြီ၊ စစ်သားတွေ နေရာယူထားကြတယ်။ စစ်သားတွေက အကုန်လုံး
လိုက်ရှာနေတယ်၊ အခုအနေအထားက။”

အစိုးရ ဆန့်ကျင်တဲ့ အုပ်စုနဲ့ အစိုးရဘက်က ဆန္ဒပြတဲ့အုပ်စု ကြားထဲမှာ ထိပ်တိုက် ရင်ဆိုင်တာတွေရော ရှိလား၊ အခုအချိန်ထိ။

“အခုချိန်ထိတော့ အနီဝတ် ဆန္ဒပြသူတွေနဲ့ အစိုးရ လိုလားတဲ့ အုပ်စုတွေက ပြီးခဲ့တဲ့အချိန် ၈ နာရီလောက်အထိ ကျနော် အဲဒီထိပ်မှာရှိတော့ အဲဒီအချိန်ထိတော့
တင်းတင်းမာမာ ဘာမှမရှိသေးဘူး။ ကြားထဲမှာက ရဲကားတွေရော၊ ရဲတွေရော တော်တော်လေး နေရာယူထားတယ်။ သူတို့ အပြည့်ပဲ။ ကျနော်ထင်တယ်၊ တပ်ရင်း
တရင်းစာလောက်ကို ရှိတယ်။ ရဲကလည်း တော်တော် အင်အားများတယ်။ သုံးလေးရာလောက် ယူထားတယ်။ အဲဒီကြားထဲမှာ ဖြည့်ထားတာပေါ့။ တကယ်တမ်း
စစ်တပ်ရှိတာ စီးလုံ လမ်းထဲမှာ။ အခုဖြစ်သွားတာ စီးလုံလမ်းထဲမှာ။ စစ်တပ်ကို ပစ်တယ်လို့ ပြောပါတယ်။”

ဘန်ကောက်မြို့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ စီးလုံနေရာ အနီးတ၀ိုက်မှာ ရောက်နေတဲ့ ၀ိုင်းတော်သား ကိုသားညွန့်ဦးကို နော်ရှိုးက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း နာရီပိုင်း အတွင်းမှာပဲ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ Sky Train မြို့ပတ်ရထားတွေကိုလည်း လောလောဆယ် ပြေးဆွဲခွင့်
မပြုတော့ဘဲ ရပ်နားလိုက်တယ်လို့ သိရပါတယ်။

ထပ်မံရရှိတဲ့ သတင်းအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတော့ ဒဏ်ရာရသူ အနည်းဆုံး ၂၀ လောက် ရှိတယ်လို့ သိရပါတယ်။ ဒီအခြေအနေနဲ့
ပတ်သက်လို့ ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဗုံးထပ်ပြီး ပေါက်တယ်လို့ သိရပါတယ်။ အခု နောက်ဆုံးအခြေအနေလေး ပြောပြပေးပါ။

“ဟုတ်ကဲ့၊ ပထမ ဗုံး ၃ လုံးပေါက်တယ်၊ ပေါက်ပြီးတော့ မကြာခင်မှာဘဲ ဒီ Sky Train Station ပေါ့၊ Sky Train Station တခုလုံးကလည်း စစ်တပ်တွေက
နေရာယူထားတော့ အဲဒီ Station ကို နောက်ထပ် ၂ လုံး ပစ်တယ်။ အဲဒီမှာ စစ်သားတွေတော့ မထိဘူး။ ကျနော်သိရသလောက် နိုင်ငံခြားသား တော်တော်များများ
ထိခိုက်တယ်။ အယောက် ၂၀ ကျော် အနည်းဆုံး အခု ဒဏ်ရာရထားပါတယ်။

“ကျနော် အဲဒီနေရာက ထွက်လာတဲ့ အချိန်မှာတောင် နောက်ထပ် ပေါက်ကွဲသံတွေ ကြားနေရတော့ နောက်ထပ် ဘယ်နှစ်လုံး ထပ်ပေါက်လဲတော့ မသိဘူး။ ဒါပေမဲ့ အဲဒီမှာ
အခြေအနေကတော့ အစိုးရ လိုလားတဲ့ ဆန္ဒပြအုပ်စုကတော့ လူစုကွဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဆန္ဒပြတဲ့ အနောက်နားလေးမှာပဲ ပေါက်ကွဲမှုက
ထဖြစ်တာကိုး။ ဖြစ်တော့ စစ်တပ်က ဆန္ဒပြသူတွေရော၊ သတင်းထောက်တွေရော Sky Train Station ပေါ်မှာ ခဏ နားခိုင်းထားပါတယ်။ ဘယ်မှ မထွက်ခိုင်းပါဘူး။

“ပြီးတော့ အဲဒီအခြေအနေမှာပဲ နောက်ထပ် ဗုံးတွေ ထပ်ပေါက်တာပေါ့။ ထပ်ပေါက်ပြီး ကျနော်တို့ ထွက်လာတဲ့အချိန်မှာ ပေါက်ကွဲသံတွေ ကြားတယ်။ သူနာပြုကားတွေ
ငါးစီး၊ ခြောက်စီးလောက် ထွက်သွားတယ်။ ကျနော် စစ်သားတွေ မေးကြည့်တော့ အယောက် ၂၀ ကျော်လောက် ဒဏ်ရာရတယ်။ သေဆုံးတဲ့သူ ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အဲဒါကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ အခု ဖြစ်နေတဲ့နေရာနဲ့ ကျနော်ရှိတဲ့နေရာနဲ့ နီးတော့ အနီဝတ် ဆန္ဒပြသူတွေအပေါ် ကောင်းကင်မှာ ရဟတ်ယာဉ်တွေ
ဝဲနေတယ်။ ၀ဲနေတော့ အောက်ကနေ မီးကျည် မီးပန်းတွေနဲ့ သူတို့ ပစ်ဖောက်နေကြပါတယ်။ အဲဒါ နောက်ဆုံး အခြေအနေပါ။”

ရွေးကောက်ပွဲ မ၀င်ပေမဲ့ NLD ရုံးချုပ် ပိတ်ဖို့မရှိ

22 April 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဘူး ဆိုပေမဲ့ ပါတီရုံးကို ပိတ်မှာ မဟုတ်သလို ပါတီအလံ၊
ပါတီဆိုင်းဘုတ်ကိုလည်း မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင်တချို့က ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဥပဒေအရ ပါတီတည်ရှိမှု ပျက်ပြယ်သွားမယ်ဆိုရင် အခြေအနေတွေကို ကိုင်တွယ်နိုင်အောင် စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်ရေး
အဖွဲ့တရပ် ဖွဲ့ထားပါတယ်။ ဒါပေမဲ့လည်း NLD အနေနဲ့ သူ့ရဲ့ အဖွဲ့တည်ရှိမှုကိုတော့ မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့
ဦးဝင်းတင်က ပြောပါတယ်။

“ကျနော်တို့က နိုင်ငံရေးပါတီ၊ ဖျက်သိမ်းမယ်၊ မဖျက်သိမ်းဘူးဆိုတာ သူတို့အပေါ်မှာသာ တည်တယ်၊ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့ ကိုယ့်ဘာသာလည်း ဘာမှ
ဖျက်သိမ်းမပေးဘူး။ အလံချခြင်းတို့၊ ဆိုင်းဘုတ်ဖြုတ်ခြင်းတို့ ဘာမှမလုပ်ဘူး။ ကျနော်တို့လုပ်ငန်း ကျနော်တို့ လုပ်မယ်။ ဒါက ဒေါ်စုရဲ့ အမြင် သဘောထားတွေနဲ့လည်း
ထင်ဟပ်ပြီးတော့ ဖြစ်တာလို့ ပြောချင်ပါတယ်။”

ဥပဒေ ကျွမ်းကျင်သူတဦးဖြစ်တဲ့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း လက်ရှိ ဥပဒေအတိုင်းဆိုရင် ပါတီ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တဲ့ သဘောပဲရှိပြီး
အစုအဖွဲ့ ဆက်တည်ရှိနေမှုအပေါ် အရေးယူရမယ်ဆိုတဲ့ ဥပဒေ ဖော်ပြချက်မျိုး ဘာမှမတွေ့ရဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ပြင်ဆင်မှု မလုပ်ဘူးဗျ၊ လုပ်စရာ မလိုဘူးလို့ ကျနော်တို့က သတ်မှတ်ထားတာ။ ဥပဒေအရ အလိုအလျောက် Cancel ဖြစ်တော့လည်း အလိုအလျောက်
ဖြစ်ပေါ့။ ကျနော်တို့က ဒီအတွက် လိုက်လုပ်ပေးစရာ မရှိဘူး။”

အကယ်၍များ မေလ ၇ ရက်နေ့မှာ သူတို့က သူ့ဥပဒေအရ အလိုအလျောက် Cancel ဖြစ်တယ်၊ ပါတီဆိုင်းဘုတ်တွေ တင်ခွင့်မပေးဘူး၊ အလံတွေ တင်ခွင့်မပေးဘူး၊ ရုံးတွေ
ဖွင့်ခွင့်မပေးတော့ဘူး ဆိုရင်ရော အန်ကယ်တို့ ဘာများ စဉ်းစားမှုရှိပါလဲ။

“အဲဒီလို ခွင့်မပေးဖို့ကိစ္စ ဘယ်ဥပဒေမှာမှ ကျနော်တော့ မတွေ့ဘူးဗျ။”

ဥပဒေမှာက ဘယ်လိုဆိုထားလဲခင်ဗျ၊ အကယ်၍ မေလ ၇ ရက်နေ့ကျရင် နိုင်ငံရေးပါတီ တရပ်အနေနဲ့ မရှိတော့ဘူးလို့ သဘော မသက်ရောက်နေဘူးလား။

“သက်ရောက်ပါတယ်။”

သက်ရောက်နေတော့ အဲဒါ သူတို့အနေနဲ့ တခြား Action တွေဘာတွေ လုပ်ရမယ်ဆိုတဲ့ ရည်ညွှန်းချက်တွေရော မရှိဘူးလားခင်ဗျ။

“အဲဒီရည်ညွှန်းချက်တွေလည်း ဥပဒေမှာ မရှိဘူး။”

ဦးဝင်းတင်ကတော့ အခုလက်ရှိ ရွေးကောက်ပွဲ ဥပဒေရော၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေတွေဟာ မတရားတဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက် သူတို့ရပ်တည်ချက် လုပ်ရပ်တွေကို
ဒီဥပဒေတွေနဲ့ စံနှုန်းထား သတ်မှတ်တာမျိုး လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ဥပဒေဘောင်အတွင်းမှာ ဆိုတာ ဘာလဲဆိုတော့ ကျနော်တို့က တရားဥပဒေ ဘောင်အတွင်းမှာ ရှိတယ်၊ ရပ်တည်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ
ဝင်မယ်တို့၊ ပါတီ မှတ်ပုံတင်မယ်ဆိုတဲ့ လူတွေရဲ့ ဥပဒေဘောင်အတွင်း ဆိုတာက ၂၀၀၈ ဥပဒေဘောင်အတွင်း၊ ၂၀၀၈ အခြေခံ ဥပဒေကနေ ချတဲ့ ဘောင်အတွင်း ဖြစ်မယ်။
ကျနော်တို့ကတော့ တရားဥပဒေ ဘောင်အတွင်းမှာ ရှိတယ်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ ဘောင်အတွင်းမှာ ရှိတယ်လို့ ကျနော်က ယူဆတယ်။”

အန်ကယ်တို့အနေနဲ့ အလံမချဘူး၊ ဆိုင်းဘုတ်ကိုလည်း မဖြုတ်ဘူး၊ ဒီအတိုင်းထားမယ်ဆိုရင် ၁၉၈၉ ခုနှစ်တုန်းက အန်ကယ်တို့ တကယ်တမ်း ကြွေးကြော်ပြီး
လှုပ်ရှားခဲ့ကြတဲ့ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ရေးဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်မသွားနိုင်ဘူးလား ခင်ဗျ။

“မတရားတဲ့ ဥပဒေတွေကတော့ ရှိနေပြီ။ ဒေါ်စုကနေပြီးတော့ ဒီဥပဒေတွေ ထွက်ကတည်းက ပြောခဲ့တဲ့စကား ၂ ခွန်း ရှိပါတယ်။ ဒီဥပဒေတွေက မတရားဘူး၊
မတရားဘူးဆိုရင် ကျနော်တို့က မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြဆိုတဲ့ သဘောထား၊ လမ်းကြောင်း လုပ်ငန်းစဉ်ဟာ ကျနော်တို့ ရှိနေတဲ့ သို့မဟုတ်
ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီးတော့ ကိုင်စွဲဦးမယ်လို့ ဆုံးဖြတ်ရင် အထွေအထူး စဉ်းစားစရာ မလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေတွေက မတရားတဲ့ ဥပဒေတွေ
ဖြစ်နေတာကိုး။

“သို့သော် ကျနော်တို့က အဲဒီဟာကို လုပ်ငန်းစဉ်အနေနဲ့ ကိုင်စွဲသေးသလား၊ ကိုင်စွဲလို့ ရသေးသလား၊ ကိုင်စွဲဦးမလား ဆိုတာကတော့လည်း အဓိက ဖြစ်နေပြန်တယ်ပေါ့ဗျာ။
ဘာဖြစ်လို့လဲဆိုတော့ ၀ိညာဉ်အားဖြင့်တော့ ကျနော်တို့ထဲမှာ ဒီအနှစ် ၂၀ ကာလပတ်လုံး ရှိခဲ့တယ်။ သို့သော် အဲဒါကို ကျနော်တို့ လှုပ်ရှားမှု အနေနဲ့ ကိုင်စွဲမလား၊
မကိုင်စွဲဘူးလား ဆိုတာကတော့ အဆင့်တဆင့်ဖြစ်မယ်၊ သို့မဟုတ်လည်း ကဏ္ဍသစ်တခု ဖြစ်ကောင်း ဖြစ်လိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။”

NLD အနေနဲ့ မေလ ၇ ရက်ကျော်လို့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြုလုပ်ငန်း၊ လူမှုကယ်ဆယ်ရေး
လုပ်ငန်းတွေကို လုပ်သွားမယ်လို့ ဆိုသလို တဘက်မှာလည်း နိုင်ငံရေးအရ ဆက်ရှိနေဦးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအစုအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ဘယ်လို
ရပ်တည်လှုပ်ရှားမလဲ ဆိုတဲ့ အစီအစဉ် အသေးစိတ် အတိအကျကိုတော့ ပါတီခေါင်းဆောင်ပိုင်း ကြားမှာ သဘောထား ကျထားပုံ မရသေးပါဘူး။

ဥရောပကော်မရှင် နာဂစ်ကူညီရေး ရပ်စဲ

22 April 2010

မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့တဲ့ နေရာတွေမှာ ဥရောပသမဂ္ဂရဲ့ လူသားချင်း စာနာတဲ့ အကူအညီပေးရေး ဌာနက ပေးနေတဲ့
အရေးပေါ် အကူအညီတွေကို လာမယ့် မေလကုန်မှာ ရပ်တန့်တော့မယ်လို့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂရဲ့ တခြား လူမှုရေး
အကူအညီပေးရေး အဖွဲ့အစည်းတွေကတော့ ဒီဒေသမှာ ပြန်လည် ထူထောင်ရေးနဲ့ ဖွံ့ဖြိုးမှု အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို
ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေးအဖွဲ့ (ECHO) အဖွဲ့ အနေနဲ့ မြစ်ဝကျွန်းပေါ်ဒေသက ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့တဲ့ ဒေသတွေမှာ အရေးပေါ်
လူသားချင်း စာနာတဲ့ အကူအညီတွေကို ၂ နှစ်တိတိ ကူညီထောက်ပံ့ ပေးနေခဲ့တာပါ။ အခုတော့ ဒီ အရေးပေါ် အကူအညီပေးတာ အထိုက်အလျောက် လုံလောက်ပြီလို့
ECHO အဖွဲ့က ယူဆတဲ့အတွက် အခုလို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တာလို့ ECHO အဖွဲ့ရဲ့ ဘန်ကောက်ရုံး တာဝန်ခံ ဒေးဗစ် ဗာဘွမ်း (David Verboom) က ရှင်းပြပါတယ်။

“ကျနော်တို့ ပေးနေတဲ့ အကူအညီတွေကို အပြီးသတ် ရပ်ဆိုင်းပစ်လိုက်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အကူအညီ ပေးနေတာ
ဖြစ်တဲ့အတွက် လူသားချင်း စာနာတဲ့ အကူအညီတွေ တခြား ဘယ်နေရာမှာ ဦးစားပေးဖို့ လိုအပ်တယ် ဆိုတာကို စဉ်းစားပြီး ဆုံးဖြတ်တဲ့ သဘောပါ။ ကျနော်တို့ရတဲ့
ရန်ပုံငွေကလည်း အကန့်အသတ် ရှိတာဆိုတော့ တခြားဒေသတွေကို အာရုံစိုက် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ နောက်တခုကလည်း တခြား ဥရောပ လူမှုဖူလုံရေး
ကူညီတဲ့ အဖွဲ့တွေကလည်း ဒီဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဥရောပ ကော်မရှင်ကနေ အထောက်အပံ့တွေ တိုးချပေးလာတာကြောင့်လည်း
ပါပါတယ်။”

ECHO အဖွဲ့ အနေနဲ့ နာဂစ်ဒုက္ခသည်တွေ ရေကောင်း ရေသန့် ရရှိရေး၊ နေထိုင်စရာ အမိုးအကာ ရရှိရေး စတဲ့ နေရာတွေမှာ ၂ နှစ်တိတိ အဓိကထား အကူအညီ ပေးခဲ့တာ
ဖြစ်ပါတယ်။ အခုတော့ လူသားချင်း စာနာတဲ့ အကူအညီပေးတဲ့ အဆင့် လုံလောက်ပြီလို့ ဥရောပ ကော်မရှင်က ယူဆတဲ့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို
အာရုံစိုက် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဒေးဗစ် ဗာဘွမ်းက ပြောပါတယ်။

“နာဂစ် ဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက လူသားချင်း စာနာတဲ့ အကူအညီပေးရေး လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပါပြီ။ ဒါကြောင့် အခုချိန်ဟာ
ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးမှု အစီအစဉ်တွေ လုပ်ဆောင်ဖို့ အချိန်ရောက်ပြီလို့ ကျနော်တို့ ယူဆပါတယ်။ ECHO လို လူသားချင်း စာနာတဲ့ အကူအညီပေးရေး အဖွဲ့တွေ
မဟုတ်တဲ့ ဥရောပကော်မရှင်ရဲ့ တခြား အဖွဲ့အစည်းတွေကနေ ဒီဒေသမှာ ဆက်ပြီး ကူညီကြမှာပါ။”

မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလဆန်းကစလို့ ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာတဲ့ အကူအညီပေးရေး အဖွဲ့ဖြစ်တဲ့ ECHO အဖွဲ့က
အဖွဲ့အစည်းပေါင်း ၂ ဒါဇင်လောက်က တဆင့် ကျန်းမာရေး အထောက်အပံ့ အပါအ၀င် အမေရိကန် ဒေါ်လာ ၅၂ သန်းခွဲလောက် အကုန်အကျခံပြီး လူသားချင်း စာနာတဲ့
အကူအညီတွေ ထောက်ပံ့ခဲ့တာပါ။

ECHO အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား ဒေသတွေ အပါအ၀င် တခြားဒေသ တော်တော်များများမှာလည်း ဒေသခံ NGO အဖွဲ့အစည်းတွေက တဆင့်
လူသားချင်း စာနာတဲ့ အကူအညီတွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၅၀,၀၀၀ လောက်
အသက်ဆုံးရှုံးခဲ့ရပြီး ၂,၅၀၀,၀၀၀ လောက်လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက မှတ်တမ်းတင်ထားပါတယ်။

မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှု အမေရိကန် ဆက်လုပ်မည်

22 April 2010

မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ရုတ်တရက် ပြောင်းလဲဖို့ အလားအလာ မရှိသေးဘူးလို့ အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ အမေရိကန်
နိုင်ငံခြားရေးဌာနမှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးရုံး ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က အခုလို ပြောလိုက်တာ
ဖြစ်ပါတယ်။ တနှစ်အတွင်းမှာ ဖြစ်ပေါ်လာတာ မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေကိုလည်း တနှစ်တည်းမှာပဲ ဖြေရှင်းလို့ မရဘူးလို့ ပြောခဲ့တာနဲ့ ပတ်သက်လို့
ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ အပတ်က လက်နက်တချို့ တင်ပို့ခဲ့တယ်ဆိုပြီး အစီရင်ခံစာတစောင် ပေါ်ထွက်လာပါတယ်။ အဲဒီကိစ္စကို သိပါသလားလို့
သတင်းထောက် တယောက်က မေးခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ခရော်လီကတော့ အဲဒီ အစီရင်ခံစာကို သေချာ မလေ့လာရသေးဘူးလို့ ဆိုပါတယ်။ အဲဒီအစီရင်ခံစာဆိုတာ
ဘယ်ကထုတ်တဲ့ အစီရင်ခံစာလဲ၊ ဘာအစီရင်ခံစာလဲ ဆိုတာကိုတော့ မေးတဲ့ သတင်းထောက်ကလည်း မပြောသလို နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ
ခရော်လီကလည်း ပြောကြားခြင်း မရှိပါဘူး။

သို့သော်လည်း မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ဟာ လက်နက်အရောင်းအ၀ယ် ရှိနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်တယ်လို့တော့ မစ္စတာ ခရော်လီက အခုလို
ပြောသွားခဲ့ပါတယ်။

“အဲဒီအစီရင်ခံစာကို ကျနော်တို့ ဆန်းစစ်လေ့လာခြင်း မရှိဘဲနဲ့တော့ ကျနော်တို့အနေနဲ့ ဒီအချက်ကို မှတ်သားထားရုံပဲ လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သိကြတဲ့ အတိုင်းပါပဲ၊
မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတွေ အားလုံးဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့အခါ အထူးသတိထားပြီး ပွင့်လင်း မြင်သာအောင် လုပ်ဆောင်ကြဖို့ တာဝန်ရှိပါတယ်။

“ပြီးတော့ မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံအကြား စစ်ရေး ဆက်နွယ်မှုတွေ ရှိနေတာကိုလည်း ကျနော်တို့ စိုးရိမ်မကင်း ဖြစ်နေတာ အတော်ကြာခဲ့ပါပြီ။ မြန်မာအပါအ၀င်
ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံးဟာ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၇၁၈ နဲ့ ၁၈၇၄ တို့ကို လိုက်နာ စောင့်ထိန်းကြဖို့လည်း မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ ဆိုတာတွေဟာ စစ်လက်နက် ပစ္စည်းနဲ့ လောင်စာတွေကို မြောက်ကိုရီးယားကို မတင်ပို့ရဘူး၊
မြောက်ကိုရီးယားနဲ့ အရောင်းအ၀ယ် မလုပ်ရဘူး၊ ဒီပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောတွေကို တက်ရောက်ပြီး ရှာဖွေစစ်ဆေးခွင့် ရှိတယ်ဆိုပြီး
ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။

နောက်တခါ မြန်မာဘက်က ပြုပြင်ပြောင်းလဲမှုတွေ မလုပ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် လက်ရှိကျင့်သုံးနေတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒကို ပြန်လည်သုံးသပ်ဖို့
အထက်လွှတ်တော် အမတ်တွေက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကို မေတ္တာရပ်ခံ နေကြပါတယ်။ ဒီမူဝါဒသစ်ဟာ အလုပ်မဖြစ်တဲ့အတွက်
သုံးသပ်ရမယ့်အချိန် ရောက်ပြီလား ဆိုတာနဲ့ ပတ်သက်လို့လည်း မစ္စတာ ခရော်လီက အခုလို ဖြေကြားသွားပါတယ်။

“ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံ ပြဿနာက တနှစ်အတွင်း ဖန်တီးခဲ့တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဆိုတော့ တနှစ်တည်း ဖြေရှင်းလို့ ရနိုင်မှာလည်း မဟုတ်ပါဘူး။
ကျနော်တို့ဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အနုလုံ ပဋိလုံ သုံးသပ်ပြီးမှ ထိတွေ့ဆက်ဆံရေး မူဝါဒကို ပြောင်းလဲ ကျင့်သုံးခဲ့တာပါ။ ဒီလို ပြောင်းလဲခဲ့ရတာဟာ
ပွင့်ပွင့်လင်းလင်း ပြောရရင် ဒဏ်ခတ်အရေးယူမှု တခုတည်းနဲ့ ဘာရလဒ်မှ ပေါ်ထွက်မလာလို့ပါပဲ။

“ကျနော်တို့ဟာ မြန်မာအစိုးရနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ လုပ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းရေးနဲ့ စိုးရိမ်ပူပန်စရာတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရှည်ရှည်လျားလျား
ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုတွေကို ဆက်လက် လုပ်ကြရဦးမှာပါ။ ဒါပေမဲ့ ကျနော်တို့ ပြောခဲ့သလိုပါပဲ၊ မြန်မာအစိုးရရဲ့ မကြခင်က လုပ်ရပ်တချို့ကြောင့် ကျနော်တို့
စိတ်ပျက်ခဲ့ရပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်ခဲ့ရတာပါ။

“မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ ဒါတွေကို သူတို့ ပြည်တွင်းမှာ ဖြေရှင်းကြရပါလိမ့်မယ်။ မြန်မာ့လူ့အဖွဲ့အစည်း အစိတ်အပိုင်း အမျိုးမျိုးနဲ့
ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြရပါလိမ့်မယ်။ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ခွင့် ရှိသူတွေ၊ ပါဝင်နိုင်သူတွေ ပိုများလာအောင် ဖွင့်ပေးရပါလိမ့်မယ်။”

အမေရိကန် အထက်လွှတ်တော်က ရီပတ်ဘလီကန်အမတ်တွေ ဖြစ်တဲ့ ဂျက်ဂရက်တို့၊ မစ်ခ်ျ မက်ကော်နယ်လ်တို့လို ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံ အပေါ်မှာ အမေရိကန် အစိုးရ
လက်ရှိကျင့်သုံးနေတဲ့ မူဝါဒကို ပြန်လည်သုံးသပ်သင့်ပြီ ဆိုပြီး မကြာခဏ မေတ္တာရပ်ခံနေကြတာလည်း ဖြစ်ပါတယ်။

http://www.voanews.com/burmese/index.cfm

ပြည်သူ့ရဲဘော်ဗဟိုကော်မီတီဝင်ဟောင်း ဗိုလ်ရဲထူး(ခ) ဦးခင်မောင်ကြီး ဈာပနသင်္ဂြိုဟ် ပြီးစီး


မိုးယံမခ
ဧပြီ ၂၃၊ ၂၀၁၀
ဗိုလ်ရဲထူး သမီးကြီး ဒေါ်နီနီထူးနဲ့ ဗိုလ်ရဲထူးနေအိမ် (အပေါ်ဝဲ)။ ဇနီးသည် ဒေါ်ခင်ညွန့်။
ဧည့်သည် မိတ်ဆွေများ
ယမန်နေ့ နေ့လည် ၃ နာရီ အချိန်က လှိုင်သာယာမှာရှိတဲ့ ထိန်ပင်သုဿန်မှာ ပြည်သူရဲဘော်ဗဟိုကော်မီတီဝင်ဟောင်း တဦးဖြစ်သူ ဗိုလ်ရဲထူး (ခ)
ဦးခင်မောင်ကြီး ၈၇ နှစ်ရဲ့ ဈာပနာကို မီးသင်္ဂြိုဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနကို ဆွေမျိုးမိတ်သင်္ဂဟများနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ လိုက်ပါပို့ဆောင်ကြတာကို
တွေ့ရပါတယ်။

ဗိုလ်ရဲထူးဟာ ဧပြီလ ၁၉ ရက် ၂၀၁၀ နေ့လည် ၂ နာရီက လှိုင်သာယာမြို့နယ် ၇ ရက်ကွက်၊ အောင်တံခွန်လမ်း၊ အမှတ် ၇၁၂ (ခ) နေအိမ်မှာ လူကြီးရောဂါနဲ့
ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်ညွန့် (၇၄) နှစ်၊ (ဦးသန်းရင်) + ဒေါ်နီနီထူး၊ ဦးရဲညွန့်ထူး၊ ဦးကိုကိုလတ် + ဒေါ်ခင်ခင်ထူး၊ (ဦးရဲလွင်ထူး)၊ ဦးရဲမော်ထူး
+ မသင်းသင်းအေး၊ ဦးအောင်ဇော်ထူး + မသင်းသင်းအေး တို့နဲ့ မြေး ၈ ယောက် ကျန်ရစ်ပါတယ်။

ဗိုလ်ရဲထူးရဲ့ ရက်လည်ဆွမ်းကျွေး တရားနာကို ဧပြီ ၂၅၊ ၂၀၁၀ တနင်္ဂနွေနေ့ နံနက် ၇ နာရီ မှ ၁၁ နာရီအထိ လှိုင်သာယာနေအိမ်မှာ ကျင်းပမှာ ဖြစ်ကြောင်း
သိရှိရပါတယ်။

ဦးခင်မောင်ကြီး (ခ) ဗိုလ်ရဲထူး။ ဗိုလ်ရဲထူး ဇနီး ဒေါ်ခင်ညွန့်


ဗိုလ်ရဲထူးဟာ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၅၅ မှ စတင်ပြီး မြေပေါ်နိုင်ငံရေး (ပြည်သူ့ရဲဘော်ပါတီ)
ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၃ တော်လှန်ရေးကောင်စီရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖျက်သိမ်းခံရပြီးနောက် အင်းစိန်ထောင်တွင်းမှာ ၃ နှစ်နီးပါး
အကျဉ်းကျခဲ့ရပါတယ်။

ဗိုလ်ရဲထူး မိသားစု (၁၉၈၀ ၀န်းကျင်) ၀ဲမှ ယာ - ဗိုလ်ရဲထူး၊ ရဲညွန့်ထူး၊ ရဲလွင်ထူး၊ ရဲမော်ထူး၊ အောင်ဇော်ထူး၊ ဒေါ်ခင်ညွန့်
ထောင်မှ လွတ်လာတဲ့အခါ မဆလစစ်အစိုးရက ပေးတဲ့ အခွင့်အရေးမှန်သမျှကို ငြင်းပယ်ပြီး ဆင်းရဲပင်ပန်းစွာနဲ့ မိသားစုဘ၀ကို ရုန်းကန်ရပ်တည်နိုင်ခဲ့သူ
ဖြစ်ပါတယ်။ သား ၄ ဦးစလုံးကို အမျိုးသားနိုင်ငံရေးအသိစိတ်ဓာတ်တွေ၊ အမြင်တွေ ရှိလာအောင် လမ်းခင်းပေးနိုင်ခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှ ယခုအချိန်အထိ
ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်သူတွေ အဖြစ် ချန်ထားရစ်ခဲ့သူ တဦးလို့ လေးစားချစ်ခင်သူ မိတ်ဆွေတွေက မှတ်ချက်ပေးပါတယ်။
ဗိုလ်ရဲထူးမိသားစုဟာ ဖဆပလခေတ်က ရရှိခဲ့တဲ့ လမ်းသစ်ရိပ်သာက တိုက်ခန်းကို ၁၉၉၁ မှာ သားဖြစ်သူ ရဲမော်ထူး နိုင်ငံရေးမှုနဲ့ ထောင်ကျစဉ်မှာ
ချက်ခြင်းဖယ်ရှားခံခဲ့ရလို့ နေစရာ အလွန်ဒုက္ခရောက်ခဲ့ရကြောင်း သိရပါတယ်။
နိုင်ငံကို ကောင်းစေချင်လွန်းလို့ နိုင်ငံရေးဆောင်ရွက်ခဲ့ကြတဲ့ လင်ယောက်ျားနဲ့ သားသမီးတွေရဲ့ ဖြတ်သန်းမှုတွေကို ဗိုလ်ရဲထူးရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ညွန့်က အခုလို
ပြောပြခဲ့ပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်လို့၊ ယောက်ျားဖြစ်သူ အင်းစိန်ထောင်ထဲကို ရောက်တော့ ကလေး ၂ ယောက်ဆွဲပြီး တွေ့ရအောင် သွားရှာခဲ့ဖူးတယ်။ ကလေးတွေ
အရွယ်ရောက်လာပြီး နိုင်ငံရေးလုပ်ကြတော့ အင်းစိန်ထောင်တင်မကဖူး သရက်ထောင်အထိ လိုက်တွေ့ခဲ့ရတယ်။ ဒါပေမယ့် စိတ်မပျက်ပါဘူး။ အဖေဖြစ်သူ လုပ်ခဲ့ရတဲ့
နိုင်ငံရေးမျိုး သားတွေခေတ်မှာလည်း လုပ်နေရတုန်းပဲ။ ကျမ မြေးတွေခေတ်ကျရင်တော့ ဘယ်လိုနေမယ် မသိဘူး။”

ဖိုးလပြည့်က စိုင်းစိုင်း၏ မိုဘိုင်းဖုန်းကို ပိတ်ဖို့ကြိုးစား


မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၂၊ ၂၀၁၀

ဧည့်ခံပွဲတခုတွင် တွေ့ရသော စိုင်းစိုင်း၊ ဖိုးလပြည့် နှင့် ၀တ်မှုံရွှေရည်


(ဓာတ်ပုံ - snapshot-news.com

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်က အာဏာသုံးပြီး နာမည်ကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မိုဘိုင်းဖုန်းကို အဆိုတော်၏ မွေးနေ့တွင်
ပိတ်ထားရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဖိုးလပြည့်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။
ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်မှာ စိုင်းစိုင်းခမ်းလှိုင် နှင့် ၀တ်မှုန်ရွှေရည်၏ သမီးရည်းစား ဆက်ဆံရေးကို ဖြတ်တောက်ရန် ဖိအားပေးခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်နှင့်
ဝတ်မှုန်ရွှေရည်တို့၏ ကြော်ငြာ ရိုက်ကူးမှုများအထိပင် လိုက်လံပိတ်ပင် ပြောဆိုမှုများ ရှိခဲ့သည်ဟု မီဒီယာနှင့် စာပေစိစစ်ရေး အသိုင်းအ၀ိုင်းမှ သတင်းများ
ထွက်ပေါ်လာပြီးနောက် ယခုနောက်ဆုံး မိုဘိုင်းဖုန်းကို ခေတ္တ ဖြတ်တောက်ထားရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် ၀တ်မှုန်ရွှေရည် တွဲလျက် သရုပ်ဆောင်မှု၊ ကြော်ငြာ ရိုက်ကူးမှုများကို ဖိုးလပြည့်က သည်းမခံနိုင်သည့် အပြင် ယခု နောက်ဆုံး
မွေးနေ့တွင် သူငယ်ချင်း မိတ်ဆွေများက မွေးနေ့ နှုတ်ဆက် စကား ပြောကြားခြင်း မပြုနိုင်အောင် အထိ အဘိုးဖြစ်သူ၏ အရှိန်အ၀ါ အာဏာ သုံးစွဲပြီး ကြိုးစားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ လုပ်ထုံး လုပ်နည်းအရ ဆိုလျှင် မိုဘိုင်းဖုန်း နံပါတ်တခုကို ပိတ်ရန် ဖုန်းငှားရမ်းသည့် စာချုပ် အထောက်အထား မူရင်းနှင့်
အဆိုပါ ငှားရမ်းသူ မှတ်ပုံတင် မိတ္တူကို တွဲလျက် တင်ပြရမည်ဖြစ်သည်။ ထို့ပြင် ကတ်ပျောက်ဆုံးခြင်း သို့မဟုတ် အသုံး မပြုလို သဖြင့် ယာယီ ပိတ်လိုခြင်း ဖြစ်ကြောင်း
ရွှေဂုံတိုင် မိုဘိုင်းရုံးသို့ လျှောက်ထားရမည် ဖြစ်သည်။
ထိုသို့မဟုတ်ပါက အစိုးရနှင့် ဆန့်ကျင်သည့် နိုင်ငံရေး ကိစ္စရပ်များနှင့် ဆက်နွယ်သည့် အတွက်ကြောင့် အထက် အမိန့် အရ လိုင်းပိတ်ခြင်း မျိုးသာ ရှိသည်ဟု ဖုန်းနှင့်
ပတ်သက်သည့် အငှား၊ အရောင်းအ၀ယ် လုပ်ကိုင်သူများက ပြောဆိုသည်။ ပြီးခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း နိုင်ငံရေး လှုပ်ရှားသူများ၊
အဆိုပါပုဂ္ဂိုလ်တို့နှင့် ဆက်သွယ်သည့် မီဒီယာသမားများ၏ ဖုန်းအလုံးရေ ရာဂဏန်းနှင့်ချီ ဖြတ်တောက်ခြင်း ခံခဲ့ရသည်။

ရန်ကုန်တိုင်းမ် ဂျာနယ်တွင် တွေ့ရသည့် စိုင်းစိုင်း၏ သတင်းနှင့် ဓာတ်ပုံ

ပြီးခဲ့သည့် တပတ်ကျော်က ထုတ်ဝေသည့် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် စိုင်းစိုင်းခမ်းလှိုင်က အိမ်ထောင်ပြုရန် အစီအစဉ် မရှိကြောင်း၊ လူပျိုကြီးပဲ လုပ်မည်
ဆိုသည့် သဘောမျိုး ဖြေကြားခဲ့ပြီး အဆိုပါ သတင်း နှင့် တွဲလျက် ဖေါ်ပြသည့်သူ၏ ဓာတ်ပုံထဲတွင် Game Over ဆိုသည့် စာတမ်းပါ တီရှပ်ကို ၀တ်ဆင်ထားပြီး သူနှင့်
ဝတ်မှုန်ရွှေရည်တို့၏ ဆက်ဆံရေး ပြီးဆုံးသွားပြီ ဆိုသည်ကို ရည်ညွှန်းလိုဟန် ရှိသည်ဟု သူ့ပရိတ်သတ်များက ကောက်ချက်ချကြသည်။

စိုင်းစိုင်း၏ ပရိသတ် တဦးက `သူသာ ၀တ်မှုန်ရွှေရည်ကို တကယ် ချစ်တယ် ဆိုရင် သတ္တိ ရှိသင့်တာပေါ့။ အခုတော့ ဖိုးလပြည့်ကို နောက်ဆုတ်ပေးလိုက်တဲ့
သဘောက သူ့ရဲ့ပုံရိပ်ကို ထိခိုက်တာပေါ့၊ ကျွန်တော်သာ သူ့နေရာမှာ ဆိုရင် ခုလို ဘယ်နောက်ဆုတ်ပေးမလဲ´ ဟု ဝေဖန် ပြောဆိုသည်။

သို့ရာတွင် ယခု အဖြစ်အပျက်တွင် ကြားလူ ဖြစ်သည့် မိုဒယ် သရုပ်ဆောင် ၀တ်မှုန်ရွှေရည်၏ သဘောထားကို သဲကွဲစွာ မသိရှိရသေးပေ။

ယခုကဲ့သို့ ဖိုးလပြည့်၏ နိုင်ထက်စီးနင်း လုပ်ရပ်ကို ယခင် ကျော်နေ၀င်း၊ ဇွဲနေ၀င်းတို့ အာဏာ အရှိန်အ၀ါသုံး ထင်တိုင်း ကြဲခဲ့ကြသည့် အဖြစ်နှင့် နှိုင်းယှဉ်
ပြောဆိုလျက်ရှိကြပြီး ဦးနေ၀င်း အာဏာ ကျဆုံးချိန်တွင် သူ့မြေးများပါ နှိပ်ကွပ်ခံရပုံမျိုးကို သံဝေဂယူစရာ အဖြစ်လည်း စိတ်ဝင်စားသူများက ဝေဖန်နေကြသည်။

ရန်ကုန်သင်္ကြန်ဗုံးကွဲမှု သေဆုံးသူ ၄၀ ကျော်ပြီ။ ရွှေတိဂုံ လုံခြုံရေး အထူး တင်းကြပ်လျက်ရှိ


ဘားမားပါပါရာဇီသတင်း
ဧပြီ ၂၂၊ ၂၀၁၀

၂၀၁၀ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်း ရှာဖွေရေးစီမံချက်ကို အပူတပြင်း
လုပ်ဆောင်လျှက်ရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖက
သတင်းဖော်ပြခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ ၄၅ ဦး ရှိပြီး၊ရန်ကုန်ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြော ဌာန)တွင် အတွင်းလူနာအဖြစ် ၈ ဦး၊
ဒဏ်ရာရသူဦးရေမှာ ၂၀၀ ကျော်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး (၅/၆) တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတဦးမှ ပြောကြားခဲ့ပါသည်။
နအဖအစိုးရ၏ အမှတ် (၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုံးချိုအား စင်္ကာပူနိုင်ငံရှိ ဆေးရုံ သို့ သွားရောက် ဆေးကုသခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကြားသိရပါသည်။
ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေးဖိုးလပြည်(့ ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု
ယူဆနေကြပြီး ၊ သူ မကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း အတွင်းသတင်းအဖြစ် ပြောဆိုနေကြသည်။
နအဖ စစ်အစိုးရက ယင်းဗုံးပေါက်ကွဲမှုသတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ဂျာနယ်မျက်နှာဖုံးများ၌ပင်
ကြီးမားစွာ ဖော်ပြခိုင်း နေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ ၊ မိမိတို့၏လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏
ကာကွယ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိပါသည်။
ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး၊ဗုံးဖေါက်ခွဲသူအား ဖမ်းဆီးမိပါက ဆုငွေ ၁၀
သိန်းဆုချမည်ဆိုသည့် ကြော်ငြာစာများကိုလည်း လမ်းဆုံလမ်းခွများတွင် ရယကများ ၊ စွမ်းအားရှင်များက လိုက်ကပ်နေကြောင်း
မျက်မြင်သက်သေများကပြောကြားခဲ့ပါသည်။
ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့ လာရောက်ကြသူ ဘုရားဖူးပြည်သူများကိုလည်း
မုခ်ဦးအပေါက်ဝများမှနေ၍ နအဖလက်အောက်ခံ လုံခြုံရေးများ ၊ အရပ်ဝတ် စရဖ ထောက်လှမ်းရေးများမှ အိတ်သွန်ဖာမှောက် သဲသဲမဲမဲ ရှာဖွေစစ်ဆေးလျှက် ရှိပါသည်။

Thursday, 22 April 2010

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
ဧပြီ ၂၂၊ ၂၀၁၀

စစ်အာဏာရှင်ယန္တရား ဒေါက်တိုင် ၂ ခု - စစ်ထောက်လှမ်းရေးနဲ့ ၀ါဒဖြန့်ချိရေး


မြန်မာပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်၊ ၀ါရင့်စာနယ်ဇင်းသမား၊
ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်၊ မေးခွန်းတွေ မေးဖြစ်ခဲ့တာတွေထဲက အခြေအနေနဲ့ သင့်တော်တာတွေကို
ပြန်လည် ကောက်နုတ်ဖော်ပြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ယခုလက်ရှိအခြေအနေ မြန်မာတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်အပြီးမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး
မဏ္ဍိုင်ကြီးတွေဖြစ်တဲ့ ပြည်တွင်းသတင်းစာတွေကနေပြီးတော့ - ပြည်ပရှိ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများကို
တိုက်ခိုက်ခြင်း၊ ပြည်တွင်းရှိ အတိုက်အခံပါတီကြီးနဲ့ ခေါင်းဆောင်များကို ပုတ်ခတ်ခြင်းနဲ့ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီရေး ထောက်ခံအားပေးသူများအားလုံးကို စစ်အစိုးရရဲ့
ရန်သူများအဖြစ် သမုတ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ်လာတာကို တွေ့နေရပါတယ်။
စစ်အစိုးရကိုယ်တိုင်က “အများပြည်သူလူထုလိုလားတဲ”့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်မယ်လို့ အတိအလင်း ကြေညာထုတ်ပြန်ထား၊
ဝန်ခံစကားပြောကြားထားသော်လည်း ယခုလိုမျိုး တိုက်ခိုက်နေတာတွေတာဟာ ဟိုးယခင်ကာလများက (၁၉၉၀ ရွေးကောက်ပွဲ ၀န်းကျင် နဲ့ ဒေါ်အောင်ဆန်းစုကြည်
အကျယ်ချုပ်မှ ခေတ္တလွတ်မြောက်လာစဉ် အချိန်ကာလတိုအတွင်း) စစ်အစိုးရရဲ့ အတိုက်အခံများအပေါ်မှာ အဆိုးမြင် တိုက်ခိုက်မှုတွေ ပြန်လည်
တကျော့ပြန်လာတာလားလို့ မေးခွန်းထုတ်ဖြစ်တာ ဖြစ်ပါတယ်။
ဆရာက …
“ကျနော်ကတော့ တကျော့ပြန်လာတာလို့ မမြင်ဘူး။ မြန်မာပြည်မှာ စစ်အာဏာရှင်ယန္တရား၊ စစ်အာဏာရှင်စနစ်က အမြဲရှိနေတယ်။ သူ့ရဲ့ အထောက်အကူပြု
ယန္တရားတွေ၊ ဒေါက်တိုင်တွေက အမြဲ လည်ပတ်နေတယ်။ ခုချိန်မှာ စစ်အာဏာရှင်စနစ်ကြီးက စစ်အာဏာယန္တရားကြီးက ခလုပ်နှိပ်လိုက်တဲ့အတွက် အခုလိုမျိုး
စစ်အာဏာရှင်စနစ်အတွက် ၀ါဒဖြန့်ချိရေး၊ စိတ်ဓာတ်စစ်ဆင်ရေး ယန္တရားအစိတ်အပိုင်းက လည်ပတ်ခုတ်မောင်းလာတာ ဖြစ်တယ် လို့ မြင်ပါတယ်။ အဲသည်တော့ သူတို့မှာ
ရှိနေတဲ့ စစ်ဗိုလ်တွေ၊ သူတို့စုဆောင်းထားတဲ့ မှတ်စုတွေ မှတ်တမ်းတွေကို သုံးစွဲပြီး အတိုက်အခံတွေ၊ ပြည်တွင်း ပြည်ပက ဒီမိုကရေစီရေး လိုလားသူတွေကို
ခြိန်းခြောက်တာတွေ၊ တိုက်ခိုက်တာတွေ၊ ပုတ်ခတ်စွတ်စွဲ ပြစ်တင်ရှုတ်ချတာတွေ လုပ်လာတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဖွင့်နေကျ ဓာတ်ပြားကြီးတွေ
အပ်ကြောင်းထပ်အောင် ဖွင့်နေတယ်ပေါ့ဗျာ”
အဲသည်မှာ မေးဖြစ်တဲ့ မေးခွန်းက အဲသည်လိုမျိုး စစ်အာဏာရှင်စနစ်ကြီးရဲ့ ၀ါဒဖြန့်ချိရေး အပ်ကြောင်းထပ်ဓာတ်ပြားကြီး ဖွင့်နေတဲ့အခါမှာ “အများပြည်သူလိုလားတဲ့
ဒီမိုကရေစီနိုင်ငံတော်” လို့ သူတို့ကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားတဲ့ လမ်းကြောင်းကို သွားဖို့ သူတို့ကိုယ်တိုင်က ဘယ်လိုမျိုး အဆင်သင့်ဖြစ်နိုင်ပါ့မလဲ ဆိုတဲ့ မေးခွန်း
ဖြစ်ပါတယ်။
“ကျနော်ထောင်က ထွက်လာတော့ သက်ဆိုင်ရာကို ကျနော်ပြောတာရှိတယ်။ ဗိုလ်သန်းရွှေက ၂၀၀၄ မှာ ဗိုလ်နေ၀င်း မွေးထားတဲ့ စစ်အာဏာရှင်စနစ်ကြီးရဲ့
စစ်ထောက်လှမ်းရေးယန္တရားကြီးကို ဖျက်ချပစ်နိုင်ခဲ့တယ်။ ဗိုလ်ခင်ညွန့်တို့အင်အားစုတခုကို ရှင်းပစ်လိုက်တယ်။ ဘာကြောင့်ပဲ ဖျက်ချ ဖျက်ချ၊ ပြည်သူတွေမှာ
နည်းနည်းတော့ သက်သာရာ ရကြတယ်။ အထူးသဖြင့် နိုင်ငံရေးအတိုကအခံတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ထောက်လှမ်းရေးက နေ့နေ့ ညည ရည်ရွယ်ချက်ရှိရှိ
ဖိနှိပ် ဖျက်ဆီး နင်းခြေ နှိပ်စက် နေတာတွေ လျော့ကျသွားတော့ လူတွေမှာ နည်းနည်းတော့ အသက်ရှူချောင်သွားရတယ်။ ဒါပေမယ့် စစ်အာဏာရှင်ယန္တရားကြီက
အမြဲရှိနေတော့ လူတွေ ဖယ်ရှားလိုက်တာက ယာယီပဲဖြစ်တယ်။ မူတွေ စနစ်တွေကို ပြင်မှ ပြောင်းမှ ဖြစ်မယ်လို့ ပြောခဲ့ဖူးတယ်။ စစ်အာဏာရှင်ယန္တရားကြီးက
မပြောင်းလဲရင်တော့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတို့ တရားသဖြင့် အာဏာလွှဲပေးတာတို့ စတဲ့ အလုပ်တွေ တကယ်လုပ်ချင်တဲ့အခါ အခက်အခဲတွေ ရင်ဆိုင်ရလိမ့်မယ်။
ဒါမျိုး ပြောခဲ့ဖူးတယ်” လို့ ဆရာဦးဝင်းတင်က ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် ၂၀၀၄ မှာ သူတို့အကြောင်းနဲ့သူတို့ ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးယန္တရားကို ဖျက်သိမ်းခဲ့သော်လည်း ယခုအချိန်မှာ စစ်အာဏာရှင်စနစ်ရဲ့
ဒေါက်တိုင် စစ်ဖက်ထောက်လှမ်းရေးယန္တရားကြီးဟာ ပြန်လည်သက်ဝင်လို့ သတင်းပေးတွေ၊ စစ်ထောက်လှမ်းရေးတွေက အတိုက်အခံတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို
ပြန်လည် ဖိနှိပ်မှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေ ဆောင်ရွက်မြဲ ဆောင်ရွက်လာနေတာဖြစ်တဲ့အကြောင်းကို ပြန်လည် ဆွေးနွေးဖြစ်ပါတယ်။
“ဟုတ်တယ်။ အခုဆိုရင် ကျနော့်နောက်ကို ရဲသတင်းတပ်ဖွဲ့က တကောက်ကောက်လိုက်နေတယ်။ အင်းစိန်ကရဲနဲ့ ကျောက်ကုန်း၊ တာမွေ၊ ကျောက်မြောင်းက
ရဲတွေက ကျနော်သွားတဲ့နောက် မြို့နယ်အလိုက် နောက်က လိုက်ရတယ်။ တွဲပြီး လုပ်ကြရတယ်။ ပြီးတော့ သူတို့နောက်မှာ စအဖပေါ့ဗျာ။
စစ်ဖက်ထောက်လှမ်းရေးတွေကလည်း ပါလာတယ်။ အခုအချိန်မှာ စစ်အာဏာရှင်ရဲ့ ယန္တရားတွေက အခုလို ထောက်လှမ်းရေးယန္တရားတွေ အစိတ်အပိုင်းတွေက တိုးလို့သာ
လာနေတယ်။ အဲသည်လိုမျိုးပဲ ပြည်သူလူထုကို နှိပ်စက်မယ့်၊ ဆင်းရဲဒုက္ခရောက်အောင် တိုက်ခိုက်မယ့် စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး ယန္တရားကလည်း အခု တိုးလို့
လာနေတာ မြင်တွေ့နေရတဲ့ အတိုင်းပဲ” လို့ ဆရာဦးဝင်းတင်က ဖြေကြားပါတယ်။
အဲသည်မှာ ပြောဖြစ်တဲ့ အကြောင်းအရာကတော့ - သတင်းစာတွေထဲက ၀ါဒဖြန့်ချိရေးဆောင်းပါးတွေ၊ စာတွေနဲ့ ကလောင်ရှင်တွေဟာ
ဝါဒဖြန့်ယန္တရားစက်ကြီးထဲက အာဏာရှင်များအလိုကျ ထုတ်လုပ်ရတာဖြစ်တဲ့အတွက် ပုံစံခွက်ထဲကနေ စက်နဲ့ ရိုက်ထုတ်လိုက်ရသလို ဟိုးအရင်တုံးကလည်း ဒီအတိုင်း၊
အခုကျတော့လည်း ဒီအတိုင်းပဲ မပြောင်းလဲဘူး ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ဆရာက သူ့သဘောထားကို ပြောကြားရာမှာ -
“ကွန်ပျူတာတွေမှာတော့ဗျာ ကျနော်ကြားဖူးတာက အချက်အလက်တွေက ဟောင်းနေရင်၊ အသုံးမ၀င်တော့ရင် ဖျက်ရတယ်။ ထပ်ပြီး ဖြည့်စွက်ရတယ် ဟုတ်လား။
အခုဟာကတော့ ကျနော်ဆိုရင် ကွန်မြူနစ်နဲ့ ပေးစားမယ်။ ပုဆိန်ရိုးတွေ။ စစ်အစိုးရ အကျိုးကို မလိုလားဘူး။ အာဃာတကြီးတယ်။ ဒါမျိုးတွေ ပြောမယ်။ ဒါက
အသစ်အဆန်းမဟုတ်တော့ဘူး။ ဒါတွေပဲ ထပ်ကာ ထပ်ကာ ပြောပြီး တိုက်ခိုက်မယ်။ ပုတ်ခတ်မယ်။ စွတ်စွဲမယ်။ အဲသည်လိုဖြစ်နေတယ်။ အဲသည်လိုမျိး စစ်အာဏာရှင်စနစ်၊
အဲသည်ယန္တရားရဲ့ ၀ါဒဖြန့်ယန္တရားအစိတ်အပိုင်းက လည်ပတ်နေတယ်။ ဒါတွေကို မလျော့ချနိုင်ဘူး၊ မဆင်ခြင်နိုင်ဘူး ဆိုရင် ဘယ်လိုလုပ် အပေါ်က
စစ်အာဏာရှင်ယန္တရားကြီးက ပြောင်းလဲချင်တယ်ဆိုတာကို မြင်လို့ရကြမှာလဲ။ ၂၀၀၈ အခြေခံဥပဒေကိုယ်တိုင်က စစ်အာဏာယန္တရားကြီးအတွက် ဖြစ်နေတော့ ပိုပြီးတော့
အခုအချိန်မှာ စိုးရိမ်စရာဖြစ်လာနေတယ်လို့ ပြောချင်ပါတယ်” လို့ ဆိုလိုက်ပါတယ်။
အဲသည်မှာ ဆရာ့စကားထဲက ဆရာဦးဝင်းတင်က စစ်အစိုးရအပေါ်မှာ “အာဃာတကြီးတယ်” ဆိုတဲ့ အချက်ကို ထပ်မေးဖြစ်ပါတယ်။ ဆရာရဲ့ စာအုပ် “ဘာလဲဟဲ့
လူ့ငရဲ” စာအုပ်မှာ ခေါင်းစဉ်တခု အဖြစ် “အစာမကြေဘူး၊ ကမ္ဘာမကြေဘူး” လို့ ဆရာက ရေးထားပါတယ်။ အဲသည်သဘောက ဆရာအနေနဲ့ လက်စားချေမယ့်သဘော၊
သင်ပုန်းမချေနိုင်တဲ့ သဘောတွေ ပါနေသလား။ အဲသည်အတွက် တဖက်က ထောက်ပြနေတာ၊ စိုးရိမ်နေတာ ဖြစ်နေသလားဆိုတဲ့ အချက်ကို မေးဖြစ်ပါတယ်။
“၁၉၈၈ အရေးအခင်းနှောင်းပိုင်းမှာ ၀န်ကြီးချုပ်ဦးနုက ချေ ၂ ချေ ကို ထုတ်ပြောတယ်။ လက်စားချေတာနဲ့ သင်ပုန်းချေတာ။ လက်စားချေတာကို လက်မခံဘူးဆိုတာ
မှန်ပါတယ်။ သို့သော် သင်ပုန်းချေမယ်လို့ အပေါ်ကခေါင်းဆောင်တွေက လွယ်လွယ်ပြောလို့ မရဘူး။ စနစ်တကျ စဉ်းစား ပြင်ဆင်ထားပြီးမှ ပြောကြရမယ်လို့ အဲသည်တုံးက
ကျနော် ပြန်ဆွေးနွေးခဲ့တယ်။
ပြည်သူတွေက ကာယကံရှင်တွေ ဖြစ်တယ်။ သူတို့တွေကိုယ်တိုင် မတရားအလုပ်ခံခဲ့ရတယ်။ အဓမ္မအကျင့်ခံခဲ့ရတယ် ဆိုရင် သူတို့တွေက ဘယ်လိုလုပ်ပြီး
ချက်ခြင်းကြီး သင်ပုန်းချေလို့ ရမှာလဲ။ သူတို့မှာ ခံစားချက်တွေရှိမယ်။ သားသမီးတွေ၊ မိဘတွေ ဆုံးရှုံးထားတယ်။ ကိုယ်ကိုယ်တိုင်မှာလည်း မတရားပြုကျင့်ခံထားရတာတွေ
ရှိနေမယ်။ အဲသည်အတွက် နစ်နာသူ ပြည်သူတဦးချင်းစီကို လေးစား လိုက်နာပေးရမယ်။ သူတို့တွေအတွက် တခုခု ပြန်လည် ပေးဆပ်မှုတွေ လုပ်ပေးနိုင်ရမယ်။ ဒါကို
ဆိုလိုတယ်။
ဒါကြောင့် တချိန်ချိန်မှာ ပြည်သူလူထုက လက်စားချေတာတွေ၊ သင်ပုန်းမချေနိုင်တာတွေ ဖြစ်မလာအောင် ခုချိန်ကတည်း ပြင်ဆင်ရမယ်၊ ပြုပြင်ကြရမယ်။ ဒါကို
သိရှိနားလည်ကြရမယ်။ ဥပမာ - တောင်အာဖရိကမှာဆိုရင် TRUTH COMMISSION လိုမျိုးတွေ လုပ်ကြရတယ်။ ကြားနာ စစ်ဆေးရတယ်။ တရားမျှတအောင် စီရင်ပေးရတယ်။
ကြေအေးသင့်တာ ကို ကြေအေးတယ်။ အပြစ်တစုံတရာ ရှိရင်လည်း သက်ညှာစွာ စဉ်းစားတိုင်ပင်ညှိနှိုင်းကြရတယ်။
အဲသည်လိုမျိုး လက်စားမချေကြဘူး။ ဘယ်လိုမျိုးတော့ ဖြေရှင်းကြမယ်ဆိုတာ ကိုယ့်ပါတီတွင်းမှာလည်း စည်းရုံးရမယ်။ ပြည်သူလူထုကိုလည်း
ရှင်းလင်းပြရမယ်။ သင်ပုန်းချေဖို့ ဘယ်လို ပြင်ဆင်မလဲ။ အခု လက်ရှိ အာဏာရထားသူတွေ ကိုယ်တိုင်ကလည်း အခုလိုအချိန်မျိုးမှာ ပြင်ဆင်ထားရမယ်။ သူတို့ဖက်က
တချို့ကိစ္စတွေကို တရားဥပဒေတွေ စည်းမျဉ်းတွေ အရေးယူထားတာတွေကို ပြင်သင့်တာပြင်၊ ဖျက်သင့်တာ ဖျက်၊ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြရမယ့်
အချိန်ဖြစ်တယ်လို့ ပြောပြချင်ပါတယ်။
အဲလိုမဟုတ်ဘဲနဲ့ တောက်လျောက် စစ်အာဏာရှင်ယန္တရားကြီး လည်ပတ်နေတဲ့အတိုင်း စစ်ထောက်လှမ်းရေးယန္တရားအစိတ်အပိုင်းနဲ့
စိတ်ဓာတ်စစ်ဆင်ရေးဝါဒဖြန့်ချိရေး ယန္တရားအစိတ်အပိုင်းတွေက ပုံမှန်အတိုင်း ပြည်သူတွေကို တိုက်ခိုက် ဖိနှိပ် ဆောင်ရွက်နေမြဲ နေရင်တော့ နောက်ပိုင်းမှာ
စိုးရိမ်စရာအများကြီး ရှိပါတယ်”
လို့ ဆရာဦးဝင်းတင်က ဖြေကြားလိုက်ပါတယ်။
အချိန်တိုတိုအတွင်း တွေ့ဆုံခိုက် မေးမြန်းရတာ ဖြစ်လို့ ဆရာ့ပြောကြားချက်များကို အတတ်နိုင်ဆုံး ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

လန်ဒန်ရောက် မြန်မာများနဲ့ ရဟန်းသံဃာတော်တို့က ပြည်တွင်းရှိ မြန်မာအမျိုးသားရေး စွမ်းဆောင်သူတို့ကို ဂုဏ်ပြု

ရုပ်မြင်သံကြားမှတ်တမ်း

ဧပြီ ၂၂၊ ၂၀၀၁၀

ဗြိတိန်၊ လန်ဒန်ရှိ သာသနရံသီဝိဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရ ဦးဆောင်ပြီး မြန်မာမိသားစုများ စုစည်းကြတဲ့ နှစ်စဉ် အစီအစဉ်တခုအဖြစ် ပြည်တွင်းရှိ
မြန်မာအမျိုးသားရေး စွမ်းဆောင်သူတို့ကို ဂုဏ်ပြုကြပါတယ်။

ဂုဏ်ပြုကြရာမှာ မြန်မာပြည် ဒီမိုကရေစီရေးခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာပြည်၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စွန့်လွှတ်


ကာကွယ် ဆောင်ရွက်သူအဖြစ် စာနယ်ဇင်းဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ ၂၀၀၇ သံဃာအရေးအခင်း၏ မှတ်တမ်းရုပ်ရှင်ကို မော်ကွန်းတင်ခဲ့သည့်အတွက် စစ်အစိုးရ၏
ဖမ်းဆီးထောင်ချခံရသူ အနုပညာရှင်ကိုဝင်းမော် နဲ့ မြန်မာပြည်၏ ဗုဒ္ဓသာသာနာ့အရေးကိစ္စများကို ရဲရင့်စွာ ဖော်ထုတ်ဟောပြောသဖြင့် စစ်အစိုးရ၏
ဖမ်းဆီထောင်ချခြင်းခံထားရသော သံဃာတော်၊ မန္တလေးမစိုးရိမ်တိုက်၏ နယကတပါးအဖြစ် ဆောင်ရွက်ခဲ့သူ၊ သာသနာ့ဂုဏ်ဆောင် သကျသီဟ “ဘိဝံသ” ဘွဲ့ရ
ဆရာတော် ဦးဝေလ္လသူတို့ကို မြန်မာပြည်ရဲ့ အမျိုးသားရေးစွမ်းဆောင်သူများအဖြစ် ဂုဏ်ပြုကြတယ်လို့ သိရပါတယ်။

ဒီကနေ - ရုပ်မြင်မှတ်တမ်းကို ကြည့်ရှုနိုင်ပါတယ်။ http://moemaka.net/images/stories/videos/mma-london-2010.avi

http://www.moemaka.com/
http://burmese.dvb.no/

You might also like