You are on page 1of 5

နတ်ချော့သူ

နုနုရည် (အင်းဝ)
ဘာကြည့်နေတာလဲ မောင်။ မောင့်မိန်းမက ခုလို နတ်ဝတ်နတ်စားနဲ့ဆိုတော့ ပိုလှမလာဘူးလားဟင်။

ခရမ်းရောင်နတ်မိမယ်ကလေးလေ။ ဟဲ…ဟဲ…ခရမ်းရောင် ခေါင်းပေါင်း၊

ခရမ်းရောင်ပ၀ါ၊ ခရမ်းရောင် တောင်ရှည်နဲ့ ရယ်ဒီမိတ်

ပိုးဘလောက်စ် ခရမ်းရောင် အင်္ကျံကို ဒါကြောင့်တမင်တကာ အိမ်က ၀တ်လာခဲ့တာပေါ့။ အိမ်ကနေ ကားအထွက် “ ဘယ်ကို မောင်းရမှာလဲ ခင်” လို့ မောင်မေးတော့ “ နတ်ပွဲကို.. ” လို့ ခင်ဖြေတော့ မောင် မယုံဘူးလေ။ မောင် ရယ်နေခဲ့တယ်လေ။ ကဲ…ခု ယုံပြီလား။ ဟိုစဉ်အခါတုန်းက နတ်ပွဲနားက ဖြတ်ရင် နတ်ဝင်သည်တွေကို ကြည့်ရတာ ခင်ဖြင့် သိပ်ကြောက်တာပဲ ဆိုတဲ့ မိန်းမတစ်ယောက်ကို မောင် မေ့လိုက်တော့။ ဟိုး..ဆရာ၊ ခင့်ကို ဘာမှ ပြောဖို့ မကြိုးစားနဲ့။ ငြိမ်ငြိမ်လေးထိုင်ပြီး ပိုက်ဆံ ငါးထောင်အုပ်ကိုသာ အဆင်သင့်လုပ်ထား။ မောင် ကတိပေးပြီးပြီနော်။ အိမ်မှာတုန်းကလေ။ မောင် ခင့်အတွက် ဒီနေ့ ငွေ ငါးထောင်လောက် အကုန်မခံနိုင်ဘူးလားလို့ ခင်မေးတော့ လေးဆယ့်ငါးကျပ်တန်အုပ်ကို လက်ဝါးမှာ ရိုက်တြဲ့ ပီး “ ဒါလေးများ” လို့ မောင်ပြောတယ်လေ။ သြော်…ခက်တော့တာပဲ မောင်ရယ်။ ခင် နဲ့မောင် စတွေတုန်းက လူကြီးချင်း သဘောတူထားတဲ့ ကောင်မလေးကို ကြည့်တဲ့  အသက်မပါ၊ အချစ်မပါ၊ ထုံအအ အကြည့်မျိုးကြီးနဲ့ လှမ်းပြီး စူးစမ်းနေပြန်ပါပြိ။ ဟဲ…ဟဲ… ခင် ဘာမှ မလုပ်ပါဘူး မောင်ရဲ့။ နတ်ချော့မလို့ပါ။ နတ်ကိုးပါးလေ။ ကိုးပါးချော့မလို့ပါ မောင်ရဲ့။ ဗဟုသုတရအောင် မောင် သေချာကြည့်။ ဘာမှ ကြောက်စရာလည်း မလိုဘူး။ စိုးရိမ်စရာလည်း မလိုဘူး။ ဒီနတ်ကတော်က ခင့် နတ်ဆရာ။ သူ့ပွဲတွေကို ခင်လာနေကျ။ ဟဲ…ဟဲ.. မောင် အံ့သြမနေနဲ့နော်…။ ကဲ… ခင် စတော့မယ် ကြည့်။ ခင့်ကို သပြေပေးပါ မာမီရေ။ မျက်စိကို စုံမှိတ်ပြီး သပြေကိုင်ထားတဲ့ လက်အစုံနဲ့ လက်အုပ်ချီ အာရုံပြုတာကို စုစည်းလိုက်ပြီ မောင်ရေ။ ဟော… ဆိုင်းက စပြီ။ ဆိုင်း စတီးပြီ။ မောင် နတ်ဒိုးသံကို သေချာနားထောင်ကြည့်စမ်း။ နတ်ဒိုးရိုက်သံဟာ ခန္ဓာကိုယ်ထဲက သွေးကြောထဲထိ တိုးဝင်နိုင်စွမ်း

ရှိတယ်မောင်ရဲ့။ တစ်ကိုယ်လုံးက သွေးတွေ ကြွပြီး အလိုလို ခုန်ချင်ပေါက်ချင်လာတာ။ လာပြီ မောင်ရေ။ ပထမဆုံး စချော့ရတဲ့ မြင်းဖြူရှင်နတ်။

“ …..ဇာမဏီမို့… ထူးမခြားနား…နတ်မြင်းပျံမို့ မြူးကြွားကြွား… တွေးမှား.. တွေးမှား… ရှင်”


မြင်းဖြူရှင်က ဟောဒီလို မြင်းစီးတဲ့ ဟန်လေးနဲ့ ချော့ရတာ မောင်ရဲ့။ ခပ်ဖြည်းဖြည်းပဲ ခင် က မယ်။ သိပ်မခုန်ချင်သေးဘူး။ ခုန်လို့ မရသေးဘူး။ ခင့်အာရုံတွေ စုစည်းနေတုန်း ရှိသေးတယ်။ ခင့်အာရုံတွေ၊ ပျံ့လွင့်နေတဲ့ အာရုံတွေကို မြင်းကလေး ဖြည်းဖြည်းစိုင်းရင်း စုစည်းလိုက်မယ်။ ရွှေဘိုမြင်းရယ်လေ…ခွာသံ၊ လျှာသံ ပြင်းတယ် လေလေ့။ ရွှေဘိုမြင်းရယ်လေ။ ဒါပြီးရင် ဦးဖိုးတူ လာမယ်။ ဒါက…. ဦးဖိုးတူနတ် မောင်ရေ။ ဦးဖိုးတူနတ်ကလေ ခင့်ဘယ်လက်က ထမ်းပိုးထမ်းတဲ့ ဟန်လုပ်ပြီး ခင့်ညာလက်က သပြေကို ယမ်းပြီး ကရတယ်။ ဒီလိုလေးလေ။ ဒါလည်း ခပ်ဖြည်းဖြည်းပဲ ကမှာပါ။ ထွေပြားနေသေးတဲ့ အာရုံတွေကို စုစည်းသိမ်းဆည်းရင်းနဲ့ပေါ့။

ဟော…

နောက်

နတ်တစ်ပါးကို

ကူးတော့မယ်။

ဒါကတော့

ကိုးမြို့မောင်ရေ။

ဘယ်နှယ့်လဲ

မောင်။

ခင့်

ဓားသိုင်းက

ကောင်းရဲ့လား။ သွေးတွေ ပူလာပြီ မောင်ရေ။ သွေးတွေလည်း ကြွစပြုလာပြီ။ ခင့်အာရုံတွေလည်း စုစည်းမိသွားပြီ။ မောင် တစ်ပတ်နေရင် သဘောင်္ပြန်တက်ရတော့မှာ။ ခင်နဲ့ ကလေးသုံးယောက်ရဲ့ အထီးကျန်သံသရာ၊ ဆယ့်ငါးနှစ်နဲ့ ယောကျာင်္းနောက် နှစ်ညလိုက်ပြေးပြီး ပြန်သိမ်းထားရတဲ့ သမီးကြီးကိစ္စ၊ သားပိုက်ဆံကို ချွေးမနဲ့ ညီတူညီမျှ ယူချင်တဲ့ ယောက္ခမ ပြဿနာ၊ မိဘနဲ့ မောင်နှမတွေရ့ စကားနာထိုးသံတွေ၊ ဆောက်လက်စ အိမ်၊ အို….. အာရုံတွေ အာရုံတွေ၊ အဲဒီအာရုံတွေ အားလုံး အဝေးကိဲု သွားကြ။ တစ်ခုတည်းသော ခင့်အာရုံစူးစိုက်ရာ နေရာက ဟောဒီမှာ၊ ဒီနေရာမှာ ဟောဒီလို ဗဂိုး (ပဲခူး)မယ်တော် ချော့တဲ့နေရာမှာ။

“…. မပြတ်ကယ် ကုန်စင်၊ ထုံးစံရှိတင်…. အို… ငါးရံ့ ငါးကိုလ …. အို….ငါးရံ့ကိုလ….တင်ဆက်တယ်လေး…. ဗဂိုးမယ်တော်ကြီးပါ ဘုရား”
ဗဂိုး (ပဲခူး)မယ်တော်က တလိုင်းက ကဟန်လေး။ လက်အစုံကို ရင်ဝကနေ ဟောဒီလို အပြင်ကို ဆန့်၊ ဆန့်ထုတ်ပြီး ကရတာ။ က လို့ သိပ်ကောင်းတာ မောင်ရဲ့။ ခင့်ကို ကြည့်ပါဦး။ မျက်နှာကြီးရဲပြီး အရက်ချွေးတွေကိုချည်းပဲ လက်ကိုင်ပ၀ါနဲ့ ဖိသုတ်မနေပါနဲ့။ သြော်… မောင် မရှိတဲ့ အချိန်ကျလည်း အားငယ်လိုက်တာ။ ရှိတဲ့ အချိန်တွေကျတော့လည်း အရက်တွေ မူးပြီး လူမှန်း သူမှန်းမသိအောင် တခေါခေါ ဟောက်အိပ်နေတဲ့ မောင့်ဘေးမှာ ငုတ်တုတ် မိုးလင်းရတဲ့ အထီးကျန်ညတွေကိုလည်း ခင် မုန်းလိုက်တာ။

….

သနားကြည်အောင်….

စကားမပီပေါင်

…..

ကုလားညီနောင်ဆွေ….

ဟရေး….

ဟရေး…

မှန်ထောင်ခရီး…ဗျတ်ဖောင်စီး…ယီးလေလေ့… ရိုးလေလေး…”
ဟောဒါက ဒနင်းဘိုးတော် မောင်ရေ။ ဒနင်းရိုက်တာက ဟောဒီလို။ သပြေကိုင်ထားတဲ့ ခင့်လက်ဝါးတစ်ဖက်နဲ့ ခင့်မျက်နှာကို အပ်။ အဲ… ကျန်တဲ့ လက်ဝါးတစ်ဖက်က ဘေးကို ဆန့်။ ဒနင်းဘိုးတော်က မောင်တို့နဲ့ ဆိုင်တယ်နော။ ဒနင်းက ရေနဲ့ ပတ်သက်သူ အားလုံးနဲ့ ဆိုင်တယ်။ ဟဲ….ဟဲ… ခင့်ကို ကန်တော့ပြီး ဆုလေး ဘာလေးများ တောင်းပါလား မောင်ရဲ့။ ဟော… လာပြီ မောင်ရေ။ တောင်ပြုန်းမင်း နှစ်ပါး၊ ကိုယ်တော်နှစ်ပါး ကြွလာပြီ။

“…နွေရက်တွေ… ရောက်ပြန်တိုင်း… ပေါက္ကံတိုင်းကို လွမ်းမိပြန်သကို…. နန်းပွဲရ… တို့ရဲ့ ညီအစ်ကို…. ပျော်စရာ စုံလှသဗျို… ရွှေပြုန်းပွဲကို သွားမလို့ဆို…. အစ်ကိုကြီးက… ဆီးကြိုပါ့မဗျို… ဘေးကင်းလို့….ရန်တိုင်းပြို…”
ကိုယ်တော်ကြီးကို ချော့ရတာက ခင့်ဘယ်လက်နဲ့ ပ၀ါကို ဖြန့်ကိုင်ပြီး ခင့်ညာလက်က သပြေပန်းကိုင်ကပြီး ချော့ရတာ။ ကိုယ်တော်လေးကတော့ ဟောဒီလို လက်ညှိုးလေးကို ထောင်ပြီး ကရတာ။ ဟောဒါ ကိုယ်တော်လေး၊ တွေ့လား မောင်။ လာ… လာ…. ထ…. အဖွာတော် လာဆက်လှည့်၊ လာပါ ညီဘွားရဲ့။

“ …. ရွှန်းရွှန်းမြ… ရွှန်းရွှန်းလျှံပြောင်….. ဆောင်ဆောင်တည့်….. ဆောင် ဆောင်.. ထူးထူး…. ဆန်းဆန်း…” ဟော…. ဟော…. မင်းထွက်တဲ့ စည်၊ မင်းထွက်တဲ့စည်။
မဏိစည်သူ နောင်ဘုရား ကြွလာပါပေါ့လား။ မဏီစည်သူက ပခန်းကိုကြီးကျော်ရဲ. နောင်တော်နတ်လေ မောင်ရဲ့။ ဟောဒီလို ခင့်လက်နှစ်ဖက်က လက်ညှိုးလေးတွေနဲ့ လက်သန်းလေးတင် ထောင်၊ ကျန်တဲ့ လက်ချောင်းလေးတွေ ဆုပ်ကိုင်ထားပြီး ကရတာ။ မဏိစည်သူ နောင်ဘုရားကို ချော့ရတာပေါ့။ မဏိစည်သူ နောင်ဘုရားပြီးရင် ဘယ်သူလာမယ် ထင်လဲ။ ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း၊ တောင်လေလာ ငွေပါတဲ့ ပခန်းမင်းလေ မောင်ရဲ့။ ပခန်းဖေကြီးကျော်။ မောင်တို့လို အရက်သမားတွေကလည်း ချစ်ပြီး

ခင်တို့လို မောင်းမတွေကလည်း ချစ်တဲ့၊ အားကိုးတဲ့ ကိုကြီးကျော်လေ။ နတ်ကိုးပါးမှာ သူက အချိန်အကြာဆုံး ချော့ရတဲ့ နတ်။ အို… ခင်ဖြင့် ဖေကြီးကျော် ချော့ရတဲ့ အချိန်ကို အကြိုက်ဆုံးပဲ။ အဲဒီအချိန်က နတ်ရှိန် အမြင့်ဆုံး အချိန်လေ မောင်ရဲ့။ သွေးကလည်း တအားကြွနေတဲ့အချိန်။ အဲဒီကြားထဲမှာ မူးမှ ထူး။ ထူးမှ မူးတဲ့မင်း။ ဟေ့.. ပုလင်းပေးကွ။

“ပုလင်း…ပုလင်း ဘယ်မှာလဲ .. ပုလင်း” “ မှန်ပါ၊ ပြည်သာအောင် ဘီယာဆက်ပါတယ် ဘုရား။ ဘီယာပါ ဘုရား” “ အို…ဘီယာ မလိုချင်ဘူး။ ပေး … ပုလင်း” “ မှန်လှပါ ဘုရား။ ပုလင်းပါ ဘုရာ့ ပုလင်းပါ” “ အေး… ဟုတ်ပြီ။ ဟေ့ ညီဘွား မျက်လုံးပြူးကြည့်မနေနဲ့။ ထုတ် ထုတ် ကိုကြီးအတွက် ကြက်လောင်းကြေး ထုတ်စမ်း”
ကဲ… မောင် ဘာလုပ်နေတာလဲ အချိန်ကျပြီ မောင်ရဲ့။ ဖြာပြီး ပိုက်ဆံ ခင့်ကိုပေး။ ထုတ်တော့။ ဖဲချပ်လေးတွေကို တစ်ထောင် အရင်ထုတ်။ မောင်

လေးဆယ့်ငါးကျပ်တန်လေးတွေကို

ယပ်တောင်လေးလို

ထွေသလိုပေါ့ကွာ။

သိပါတယ်။ ပေး…. ပေး….. လက်တစ်ဖက်က ပုလင်း၊ လက်တစ်ဖက်က ပိုက်ဆံကိုင်ပြီး ခင် ကမယ်။ ခင် ချော့မယ်။

“ …… တောင်းပန်ပါ့မယ်၊ ကျောင်းဒကာကြီးရယ်၊ အရပ်တကာ… နယ်တကာ…. သူ မပါရင် ပွဲမပြီးလို့… ဇွဲကြီးတဲ့ မောင်ကြီးကျော်ရယ်…. ကိုကြီးကျော်ရယ်….”


ခင့်ကို ကြည့်ပါဦး မောင်ရဲ့။ အရက်ချွေးတွေကလည်း ထွက်လှချည့်လား။ ဟဲ…ဟဲ.. သီချင်းလေးက သိပ်ကောင်းတာပဲနော်။ မောင့်ကို စောင်းဆိုနေသလိုပဲ။ တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ပါ။ ဟဲဟဲ…. ဟော နားထောင်စမ်း။ ဆိုင်းတွေက ပိုပြီး မြူးကြွမလာဘူးလား မောင်။ နတ်ကတော်တွေရဲ့ လက်ခုပ်သံတွေကရော ပိုမြိုင်မလာဘူးလား။ အဲဒါ ဘာကြောင့်လဲ သိလား။ ဟဲဟဲ… ခင့်လက်ထဲက ပိုက်ဆံတွေကြောင့်ပေါ့။ ခင့်အကြောင်းကို သူတို့သိပြီးသား။ ခင် ရက်ရောတာ သူတို့ သိပြီးသား။ ခင် ရက်ရောတော့ သူတို့က ခင့်ကို ပိုပြီးတော့ အားပေးတာပေါ့။ အဲဒီတော့ ခင်က ချော့လို့ကလို့ ပိုကောင်းတာပေါ့။ မောင်ရဲ့။ တစ်ခေါက် တစ်ခေါက် သဘောင်္တက်တဲ့ သုံးနှစ်၊ သုံးနှစ်မှာ ခင့်စိတ်ကလေးခမျာ သနားစရာကောင်းလောက်အောင် မွန်းကျပ် ပိတ်လှောင်ခံထားရတာ။ ဟော ဒါက သုံးနှစ်စာ မွန်းကျပ်ပိတ်လှောင်ခံရတဲ့ စိတ်ကလေးအတွက်။ ဒါက မောင်မရှိတဲ့အချိန် သမီးမိုက်ကလေး ယောကျာင်္းနောက် လိုက်သွားတဲ့ ည အတွက်။

ကစားတညလည်း

လျှော့ကယ်…ွ

သောက်တာလည်း

လျှော့ကွယ်….

သာသနာပြုတဲ့

“ ဟေ့…. ၀ိုင်းတော်တီးက ဘယ်သူ့တပည့်လဲဟေ့” “ မှန်ပါ၊ ဖေကြီးကျော် တပည့်ပါ ဘုရာ့” “ တီးစမ်းဟေ့၊ ဒိုး” “ ဟေ့… ဒိုး…..ဒိုး”
ကဲ… ရော့ .. ရော့… ၀ိုင်းတော်တီးရဲ့။ ပတ်လုံးလေး တစ်လုံးစီပေါ်ကို လေးဆယ့်ငါးကျပ်တန် တစ်ရွက်စီ တင်ပေးလိုက်မယ်။ တီးစမ်း၊ ရော့ ဒါက ဖေကြီးကျော် ကန်တော့ပွဲထဲ အရင်သွားထည့်၊။ လေးဆယ့်ငါးကျပ်တန် ဆယ်ရွက်။ ကျန်တာ နတ်ကတော် မိန်းမလျာလေးတွေ၊ နတ်ချွေးသုတ် အဘွားကြီးတွေ၊ ရော့…. ရော့…. တစ်ရွက်စီ။

ံဟေ့… ရပ်စမ်း ဆိုင်း။ ကိုကြီးသောက်ဦးမယ်ကွာ။ ကိုကြီးမောတယ်”


အား…လည်ချောင်းထဲမှာ ရှပြီး ဗိုက်ထဲမှာ နွေးသွားတာပဲ မောင်ရယ်။ ဟင်… နတ်ဆီက တယ်ကောင်းကိုး မောင်ရဲ့။ ခင် သောက်တာ မဟုတ်ဘူး။ ခင်ဆိုတာ အရက်ကို ဘယ်တုန်းက လျှာပေါ်တင်ဖူးတဲ့ မိန်းမမို့လို့လဲ

“ ရော့ဟေ့… ညီဘွား ကိုကြီးနဲ့ အတူသောက်။ ပေး ကြက်လောင်းကြေး”


ဟဲဟဲ… မောင်က လိမ္မာသားပဲ။ ခင် နောက်တစ်ကျော့ ကတော့မယ်။ အနံ့ကလေးကလည်း မွှေးမွှေးကလေးနော်။ ဟဲဟဲ…. ကြည့်မနေနဲ့ မောင် အရက်သောက်နေတာ ခင် မဟုတ်ဘူး။ ကိုကြီးကျော် မောင်ရဲ့။ တစ်ထောင်၊ တစ်ထောင် ၀မ်း၊ ၀မ်း ၀မ်းသောင်ဇင် ပေး။

“ ဟေ့….. နန်းကြီးတဘောင်ဟေ့” “ ဟေ့…. ဟေ့…. ဟေ့….. ဟေ့…..”


တီးစမ်း။ တီးစမ်း။ ရိုက်လိုက်စမ်းဟေ့ နတ်ဒိုး။ ဟောဒါက ယောက္ခမနဲ့ ရင်ဆိုင်ယှဉ်ပြိုင် ပိုက်ဆံလုရတာတွေ အတွက်၊ ဟောဒါက မိဘနဲ့ မောင်နှမတွေရဲ့ ၀မ်းနည်း နာကျည်းမှုတွေ အတွက်၊ ဟောဒါက မိန်းမသားတစ်ယောက်တည်း အိမ်ဆောက်ရတဲ့ ဒုက္ခတွေအတွက်။

“ လာခဲ့ကွ တစ်ကျိုက်။ ဟေ့ ပေးဦးကွ တစ်ထောင်”


ကလို့ သိပ်ကောင်းတာပဲ မောင်ရယ်။ ဟဲဟဲ သောက်လို့လည်း ကောင်းတယ်။ ခင် မူးချင်လာပြီ မောင်ရဲ့။ ခင့်မျက်လုံးထဲမှာ စက်ဝိုင်းလေးတွေ လာနေပြီ။ လာပါစေ။ လာပါစေ မောင်ရယ်။ အဲဒီအ၀ိုင်းလေးတွေက အရသာရှိတယ်။ ခင့်တကိုယ်လုံး ပေါ့ပါးပြီး တက်ကြွလာတယ်။ မေ့ချင်တာတွေ အားလုံးကို မေ့သွားတယ်။ မောင်ရဲ့ နိုင်ငံခြားဆိပ်ကမ်းက တစ်ပတ်မယားလေးတွေ အကြောင်းကိုလည်း မေ့တယ် မောင်ရဲ့။ အို… မသိဘူး။ ကမယ် မောင်ရဲ့။

“ ဟေ့ ဒိုး… ဒိုး….. နန်းတော်ကြီးက ဒိုး….”


ဟောဒါက မောင် တစ်ခုသော နိုင်ငံရပ်ခြား ဆိပ်ကမ်းမှာ တစ်ပတ်နားတုန်း တစ်ပတ်မယားကလေး တစ်ယောက်ကို

ယူနေတယ်ဆိုတာ ကြားရတဲ့ နေ့အတွက်၊ သိရတဲ့ နေ့အတွက်၊ နာကျင်ရတဲ့ ညအတွက်၊ အဲဒီညရဲ့ မျက်ရည်တွေ အတွက်။ ဟဲဟဲ…. မောင်က ဖေကြီးကျော်လိုပဲနော်။ မောင်းမတွေ အများကြီး ယူချင်တယ်၊ ယူတယ်။ ဘာတဲ့ ခင်နဲ့ ဝေးနေတဲ့ အချိန် အစားထိုးဖို့ အတွက် တစ်ပတ်မယားလေးတွေကိုယူရတာပါတဲ့။ ဟဲဟဲ…. ခင်လည်း မောင့်လိုပဲ၊ မောင်မရှိတဲ့ အချိန် အစားထိုးဖို့အတွက် သုံးနှစ်ယောကျာင်္း ယူမယ်ဆိုရင်ရော၊ ဘယ့်နှယ့်လဲ။ သြော်… မောင်ရယ် ဒီလိုအတွေးမျိုးကို လွတ်လပ်စွာ မတွေးဝံ့တဲ့ မူးမှ တွေးရဲတဲ့ မြန်မာမိန်းမပါ မောင်ရယ်။ တကယ်ကျတော့ ယောကျာင်္းမရှိတဲ့ မိန်းမ၊ ဘယ်သူ့ရှေ့မှာပဲ ဖြစ်ဖြစ် ကိုယ် အမူအရာ၊ နှုတ်အမူအရာလေးက အစ ကျပ်တည်းကျဉ်းမြောင်း ထိန်းသိမ်းလိုက်ရတဲ့ အဖြစ်။ အထင်အမြင်သေးမှာကို ကာကွယ်လိုက်ရတဲ့ အဖြစ်။ အို… ပေး မောင်ရယ် နောက်တစ်ထောင်၊ ခင် ကဦးမယ်။ ဟောဒါက မြန်မာမိန်းမတစ်ယောက်ရဲ့ ကျပ်တည်းကျဉ်းမြောင်း ထိန်းချုပ်မှုတွေ အတွက်။ ဟောဒါက ခင်တို့ မိသားစုရ့ မပြည့်စုံတဲ့ ထမင်းဝိုင်းလေးအတွက်။ဲ ဟေ့ တီးကွ။ ရော့…. ဒိုးကြေး။ ပေးဦး တစ်ထောင်။ ရော့….. ရော့….. တီးစမ်း။ သွားစမ်း၊ အားလုံး သွားစမ်း။ မကောင်းတဲ့ အာရုံတွေ ဘေးကို ဖယ်စမ်၊ ဖေကြီးကျော်တဲ့က။ွ ဟင့်အင်း၊ ဖယ်ကြစမ်း၊ ငါ့ကို ထိန်းမထားနဲ့။ ငါ မမူးဘူး။ ချွေးလည်း မသုတ်နဲ့။ ငါ ကဦးမှာ။ ကဲ… မောင်ရေ မောင့်ကတိအတိုင်း ကျန်တဲ့ တစ်ထောင်ပေး။

ကဲ… တီးလိုက်စမ်းဟေ့။ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်လေးကွ။ ဟောဒါက မောင် သွားတော့မယ့် သုံးနှစ်အတွက်၊ သုံးနှစ်အတွက်။ ဟောဒါက ခင့်ရဲ့ အထီးကျန် သုံးနှစ်အတွက်၊ ပူပန်မှုအတွက်၊ စိုးရိမ်မှုအတွက်၊ တင်းကျပ်မှုတွေ အတွက်၊ အားလုံးအတွက်။ ဖေကြီးကျော် ကြွတော့မယ်။ ကြွတော့မယ်။ ခင့်ကို ထိန်းထားပါ။ ကန်တော့ပါတယ်။ ကန်တော့ပါတယ်။ ကျေနပ်တော်မူပါ။ ကျေနပ်တော်မူပါ။ နတ်ဝတ်တွေ ချွတ်ပြီး ခင့်ကို ကားပေါ် တစ်ခါတည်း ပို့နော်။ ရပါတယ် မောင်ရဲ့။ ခင် ဘာမှ မဖြစ်ပါဘူး။ နတ်ထွက်သွားပါပြီ။ ခင် နတ်ချော့ပြီးသွားပါပြီ။ ခင်ထိုင်ခုံပေါ်မှာ ပုံကျနေလို့ မောနေတယ်လို့ မောင် ထင်သလား။ ခင့်ရင်ထဲမှာ ပေါ့ပါးနေတယ်။ ရှင်းလင်းနေတယ်။ လွတ်လပ်နေတယ်။ ကျေနပ်နေတယ်၊ သိရဲ့လား။ နောက်တစ်ပတ်က စပြီး ရေတွက်တဲ့ သုံးနှစ်ကို ရင်ဆိုင်ဖြတ်သန်းဖို့ ခင် အဆင်သင့် ဖြစ်ပါပြီ မောင်….။ ။ နုနုရည် (အင်းဝ) အမှတ် ၅၄၊ ဧပြီလ၊ ၁၉၉၄ ခုနှစ်၊ ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း။

You might also like