You are on page 1of 7

ဓါးမှတ်စု

သူတို့ကို လာခေါ်သောအချိန်တွင် အံ့သြခြင်းမရှိဘဲ သူတို့တွေ လိုက်ပါသွားကြ၏။ ဘာရယ်


မဟုတ်ပါဘဲ သူတို့တွေ တိတ်ဆိတ်နေမိကြတာ သေချာသည်။ အိမ်ကြီးကစိုပြည်သော်လည်း ခြောက်
ကပ်နေ၏။ ခမ်းနားထည်ဝါလှသော ဤအိမ်ကြီး၏ ဒြပ်မဲ့အထိအတွေ့က သူတို့၏တက်ကြွမှုကို ကျိုး
ဝပ်ကျစေသယောင်ရှိသည်။

ပြတင်းမှန်ကိုဖြတ်၍ မြင်နေရသော အပြင်လောက က အမှောင်ပျပျဖြင့် ရှင်းနက်ဝန်းပျံ့နေ


သည်။ တံခါးများကို အလုံပိတ်ထားသည်ဖြစ်သောကြောင့် လေပြည်ညင်း၏ ရနံ့ကို ရှူရှိုက်ခွင့်မရ။ လူ
သေပန်သော ပန်းရနံ့ကိုသာ ရသည်…ဟု တစ်ယောက်က တီးတိုးပြောသည်။ စိတ်ထဲက လက်ခံမိ
သော်လည်း နှုတ်၏တုံ့ပြန်မှုကို မည်သူကမှ ပြန်မပြုမိကြ။

သန့်ပြန့်မှုနှင့်အတူ လျှို့ဝှက်မှုတို့ကပါ ထွေးလိပ်နေသောအခန်း ဖြစ်၏။ အလင်းမှိန်မှိန်ဖြင့်


ညိုထိန်နေသည်။ ထိုင်ခုံများမှာ အသီးသီး ၀င်ထိုင်လိုက်ကြပြီး မကြာမီရောက်လာတော့မည့် အိမ်ကြီး
ရှင်ကို စောင့်နေလိက
ုကြ၏။

အလင်းရို့ရို့ကလေးနှင့် လာလုလာဆဲ လူကို စောင့်မျှော်နေရခြင်းသည် တီးခတ်လုဆဲဆဲ


ဂစ်တာကို ကြိုးညှိနေရသည့် အသွင်ရှိ၏။ သို့သော်လည်း ရှည်ကြာစွာ စောင့်ဆိုင်းလိုက်ရခြင်း မရှိပါ။
အိမ်ရှင်ဖြစ်သူက ခြေသံပင် မကြားလိုက်ရဘဲ ရောက်လာလေသည်။

”နေရထိုင်ရတာ အားလုံးအဆင်ပြေကြတယ် မဟုတ်လား”

တိုးညင်းသိမ်မွေ့သော်လည်း မာန်ပါသည့်အသံဖြစ်၏။

”ဟုတ်ကဲ့ အဆင်ပြေပါတယ်”

တစ်ယောက်တစ်ပေါက်ပြန်ဖြေရင်း ထိုလူကို အကဲခတ်လိုက်ကြသည်။ ထိုလူသည် အသက်


(၃၅)နှစ်ခန့်ရှိပြီး ပျောင်းနွဲ့ရှည်လျားသော ဆံနွယ်များက ပခုံးပေါ်ဝဲကျနေ၏။ ပိန်သွယ်သော ခန္ဓာ
ကိုယ်မှာ အမျိုးအမည် ခွဲရခက်သော ၀တ်ရုံရှည်ကြီးတစ်ထည်ကို ၀တ်ဆင်ထား၏။

မျက်နှာကနူးညံ့သော်လည်း အရယ်အပြုံးကင်းမဲ့သည်။ သူ့ပုံစံက ရေအေးထဲမှ ဆွဲထုတ်လာ


သော ဓါးတစ်လက်ပမာရှိသည်။
”စားကြလေ……သောက်တတ်ရင်သောက်ပါ”

စားပွဲပေါ်မှ စားသောက်ဖွယ်ရာများကို ထိုလူက မေးဆတ်ပြကာ ပြော၏။ စားပွဲပေါ်မှာ ၀ိုင်ပု


လင်း၊ အသားကင်အချို့နှင့် ပန်းသီးများ အစီအရီရှိနေ၏။ အယောင်ယောင် အရမ်းရမ်းနှင့်ပင်
သူတို့တွေ လက်ကိုယ်စီ လှမ်းလိုက်ကြ၏။

ထိုလူ့လက်ထဲတွင် အာရပ်စာရေးဆရာကြီး ”ခါလီဂျီဘရန်” ၏ ”နိမိတ်ဖတ်သ”ူ အမည်ရှိ စာ


အုပ်ကို ကိုင်ထားသည်။ စာအုပ်ကို သူတို့က အကဲခတ်နေမှန်းသိသဖြင့် ”ဒီစာအုပ်ကို ဖတ်ဖူးကြ
သလား” ဟု အေးတိအေးစက်မေးသည်။

”ဟင့်အင်း မဖတ်ဖူးပါဘူး ကြားရုံကြားဖူးတာပါ”

ထိုလူက သူတို့နှင့်အတူ ပန်းသီးတစ်လုံးကိုဆွဲယူကာ တစ်ချက်ကိုက်၏။ ထို့နောက် ပန်းသီးကို


ကိုင်မြှောက်ပြီး အိပ်မက်မက်သူတစ်ယောက်လို ရေရွတ်သည်။

”ပန်းသီးကလေးရေ မင်းရဲ့သစ်စေ့ဟာ ငါ့ခန္ဓာကိုယ်ထဲမှာ သီတင်းသုံးပါ၊ ငါ့ရဲ့ နှလုံးသား


ဥယျာဉ်ထဲမှာ အငုံအဖူးတွေဖြစ်ပြီး ဆက်ပွင့်ပါ။ ငါ့ရဲ့ ၀င်သက်ထွက်သက်ဟာ မင်းရဲ့ပန်းရနံ့ပဲ ဖြစ်ရ
တော့မှာပေါ့”

သူတို့တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ တစ်ယောက်က လက်ကုတ်ပြီး


နံရံတစ်နေရာဆီသို့ ညွှန်ပြ၏။ ထိုနေရာတွင် ချိတ်ဆွဲထားသော ဓါး(၅)လက်ရှိ၏။

ထိုသူ၏ အနေအထားကို အကဲခတ်မိပြီ ဖြစ်သောကြောင့် အခန်းထဲဝင်စကတည်းက တွေ့ခဲ့ပြီး


ဖြစ်သော ဤဓါးများသည် အလှသက်သက်မဖြစ်နိုင်တော့ကြောင်းကို ခံစားလိုက်မိကြသည်။

ထိုလူက အလွန်ပါးနပ်လေသည်။ သူတို့က မသိမသာ ဝေ့ကြည့်မိသည်ဖြစ်သော်လည်း သူတို့


စိတ်ထဲမှ ဓါးအာရုံကို ထိုလူက ဖမ်းဆုပ်ထားလိုက်နိုင်သည်။ ခပ်တိုးတိုးရယ်၏။ သို့သော် ရယ်သံက
ရှည်လျားကာ မီးခိုးငွေ့တို့၏ ရွေ့လျားသံပမာ ဖြစ်နေသည်။

”ခင်ဗျားတို့က ဒီဓားတွေကို စိတဝ


် င်စားနေလို့လား”

မေးသံက ခပ်အက်အက်ဖြစ်၏။ အားလုံးကလည်း မင်သက်သလို ဖြစ်နေကာ ထိုလူ့အမေးကို


ပြန်မဖြေမိကြ။ ထိုလူက ထပ်ရယ်သည်။ ရယ်သံအဆုံးမှာ နံရံကပ်ဓါးတစ်လက်ကို ဆွဲထုတ်ယူလိုက်၏။
”သြော်…”

ဓါးက သံချေးအထပ်ထပ်တက်နေပြီ။ အညိုလဲ့လဲ့အလင်းရောင်အောက်မှာ လက်ထဲမှဓါးကို


ထိုလူငေးကြည့်နေပုံက ဒဏ္ဍာရီဆန်လွန်းလှ၏။ သူတို့အားလုံး အသံမထွက်ရုံတင်မကဘဲ မည်သည့်
လှုပ်ရှားမှုကိုမှ မပြုမိသည်အထိ ငြိမ်ဆိတ်နေမိကြသည်။ တိုးညင်းသော်လည်း အားလုံးကြားနိုင်
လောက်သည့် ထိုလူ့စကားသံကသာ ပေါ်ထွက်ပျံ့လွင့်လာသည်။

”အမှန်တော့ ဒီဓါးက ကျွန်တော့်ဘ၀ကို သေအောင်သတ်ခဲ့တဲ့ ဓါးဗျ။ ကျွန်တော့်ကို အကြိမ်


ကြိမ် ခုတ်ထစ်ခဲ့တာပေါ့။ ဒါပေမယ့် ကျွန်တော့်မှာ ဒဏ်ခံအားရှိတယ်။ ဒါ့အပြင် တိမ်းညွှတ်အား
ရှိတယ်”

ထို့နောက်……သူတို့အားလုံးကိုဆတ်ခနဲ လှည့်ကြည့်ကာ……

”စောင်းကောက်ကို ခင်ဗျားတို့ မြင်ဖူးမှာပေါ့။ စောင်းဆိုတာ အစကတော့ သစ်သားပဲဖြစ်တယ်။


ဓါးရဲ့အထပ်ထပ်ခုတ်ထစ်မှုကို တိမ်းညွှတ်ခုခံရင်း သူ့ကိုယ်သူ စောင်းကောက်ဖြစ်အောင် ဖန်တီးပစ်
လိုက်နိုင်တယ်။ သီချင်းတွေကိုတောင် ဆိုပစ်လိုက်သေးတယ်။ ကျွန်တော်လည်း အဲဒီလိုပဲပေါ့”

သက်ပြင်းတစ်ချက်ချသည်။ ထိုလူ့မျက်လုံးများက ၀င်းလက်နေသည်။

”နောက်ဆုံးတော့ ဒီဓါးဟာ ကျွန်တော့်ဘ၀အတွက် အမှတ်တရ ဖြစ်လာတယ်။ ကျွန်တော့်ဘဝ


ချိုလွင်လှပဖို့အတွက် ဖြည့်ဆည်းပေးခဲ့သူလို့ပဲ သဘောထားပါတယ်”

ထိုဓါးကို ဓါးအိမ်ထဲပြန်ထည့်ကာ နောက်ဓါးတစ်လက်ကို ဆွဲထုတ်ပြ၏။ နောက်ဓါးကလည်း


သံချေးများနှင့် နီမွဲလျက်ပင်ရှိသည်။

”ဒါကတော့ နောက်ကျောကို အထိုးခံခဲ့ရတဲ့ ဓါးပေါ့”

ချွန်မြသောထိုဓါးဖျားကို လက်ညှိုးနှင့် ပွတသ


် တ်နေရင်း ထိုလူ့မျက်နှာမှာ မထီတရီ အငွေ့
အသက်တို့ ထင်ဟပ်လာသည်။ ဓါးကိုကြည့်ပြီး ပြောသလိုလိုနှင့် သူတို့ကို ဆက်ပြောသည်။

”ဘာပဲပြောပြော အကျိုးတော့မမဲ့ခဲ့ပါဘူးဗျာ။ ကိုယ်ခလုတ်တိုက်လဲခဲ့တယ် ဆိုတာကလည်း


ဒီနေရာမှာ ခလုတ်ရှိတယ်လို့ တစ်ခြားလူတွေကို သတိပေးနိုင်ဖြင်း တစ်မျိုးပါပဲ”
ထိုဓါးကို ဓါးအိမ်ထဲပြန်သိမ်းလိုက်ပြန်သည်။ မြေကျင်းထဲသို့ ၀င်ရောက်သွားသော နဂါးတစ်
ကောင်ကဲ့သို့ ဓါးက ဖြောင့်ဖြူးစွာဝင်ရောက်သွား၏။ တတိယဓါးကို ဆွဲထုတ်လိုက်သောအချိန်မှာ
ထိုလူ၏ ဓါးအကိုင်အတွယ်ကျွမ်းကျင်မှုကို သူတို့အားလုံး သတိပြုလိုက်မိကြသည်။

”ပန်းသီးကိုတောင် လှီးစားလို့ မရဘူးဗျ”

စားပွဲပေါ်ပြန်ချထားသည့် သူ့စားလက်စ ပန်းသီးကို ဓါးဖြင့် ဆတ်ခနဲ ခွဲသည်။ ဓါးချက်က


သေသပ်သော်လည်း စားချင်ဖွယ်ရာ မရှိတော့လောက်အောင် ပန်းသီးမှာ သံချေးတွေ လူးပေသွား၏။

ပန်းသီးကို ငေးကြည့်နေရင်း ထိုလူက လေးတွဲ့စွာပြောသည်။

”ဒီဓါးက ခုနကဓါးထက် ပိုဆိုးသလိုပဲ။ နောက်ကျောကို ထိုးတဲ့ဓါးမဟုတ်ဘူး။ ပခုံးချင်းယှဉ်


သွားနေလျက်က နံကြားကို လှည့်ထိုးခဲ့တဲ့ဓါး။ အေးလေ…ဘာပဲပြောပြော သဘာဝကျပါတယ်။ ဓါး
ဆိုတာကတော့ သူရတဲ့ထောင့်က ၀င်လာမှာပါပဲ”

နောက်ထပ်ထုပ်ပြသည့် စတုတ္ထဓါးသည်လည်း ရှေ့ဓါးများနည်းတူ သံချေးတို့ နွယ်ကပ်လျက်


ရှိသည်။ ထူးခြားသည်က ပန်းခြူးပန်းရစ်များဖြင့် လှပသော ဓါးဖြစ်နေသည်။ ထိုလူက ထိုဓါးကို အကြာ
ကြီး ငေးကြည့်နေသည်။ ဘာစကားမှ မပြော…။ သူတို့အားလုံးသည်လည်း ဓါးဆီငေးကြည့်နေသော
ထိုလူ့အကြည့်မှာ တွေးမောမျောပါနေမိကြသည်။

ထိုလူက ဓါးကို ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ဘာမှ မပြောသေးဘဲ ခေါက်တုံ့ခေါက်ပြန်


လမ်းလျှောက်သည်။

ထို့နောက်မှာမူ…

”တစ်ခါက ကျွန်တော့်မှာ အဖော်တစ်ယောက်ရှိခဲ့ဖူးတယ်။ အဖော်ဆိုတဲ့ သဘောထက် မကခဲ့


ဘူး။ ဒါပေမယ့် အဖော်လည်း မဟုတ်ခဲ့ဘူး။ ထားလိုက်ပါတော့”

ဓါးများ၏ အအေးငွေ့လား၊ ထိုလူ့ထံမှ ဝေဖြာထွက်သည့် အအေးငွေ့လား မခွဲခြားနိုင်။ အခန်း


ထဲမှာ အနွေးဓါတ်တို့ပြယ်လျပြီး ချမ်းရှရှဖြစ်လာသည်။ ညှို့ချက်မိသူများလို ထိုသူ့မျက်နှာကို တစိုက်
နစ်နစ်ကြည့်နေမိကြသည်။

”အဖော်ဆိုတာ ကိုယ်ဖြတ်သန်းရမယ့် အချိန်တွေအတွက် သူ့ကို အသုံးချဖို့ မဟုတ်ဘူး။


သူရယ်…ကိုယ်ရယ်…အချိန်ထဲမှာ အတူတူဖြတ်သန်းသွားလာဖို့ပဲ ဖြစ်တယ်။ မိုးသည်းတဲ့
ရာသီဥတုတွေမှာ တစ်ယောက်ဟာ တစ်ယောက်ရဲ့အိမ်ပေါ့။ အရိုးကွဲအောင် နှင်းတွေကျနေချိန်မှာ
တစ်ယောက်ဟာ တစ်ယောက်ရဲ့ မီးလင်းဖိုပေါ့။ မျက်နှာချင်းဆိုင်ထိုင်ပြီး ကြည့်ခဲ့ဖူးတယ်။
နောက်တော့လည်း…အေးလေ…ပြောခဲ့ပြီးပါပြီ…ဓါးဆိုတာ ရတဲ့ထောင့်က ၀င်လာတတ်တယ်။ ခုနက
ဓါးဟာ ရင်အုံကို တည့်တည်ဝ
့ င်လာခဲ့တဲ့ဓါးပဲ”

ထိုလူ့ကို အားပေးဖျောင်းဖျလိုစိတ် ရှိသော်လည်း အားပေးဖျောင်းဖျရမည့်လူမဟုတ်ဟု အလို


လို ခံစားမိကြပြန်သည်။ တုံ့ပြန်သော အားဖြင့်သော်လည်းကောင်း၊ ဖက်ပြိုင်သောအားဖြင့်သော်လည်း
ကောင်း ပြန်ပြောရမည့်စကားတိက
ု့ မရှိလှ။ ထိုလူပြောသမျှကို နားထောင်ပြီး ထိုလူလှုပ်ရှားသမျှကို
သာ လိုက်ကြည့်နေမိကြ၏။

စတုတ္ထဓါးကို သိမ်းခြင်းနှင့် ပဉ္စမဓါးကို ထုတ်လိုက်ခြင်းသည် တစ်ချက်တည်းဖြစ်ပြီး လျှင်မြန်


လွန်းလှ၏။ ထို့ထက်ပို၍ အံ့သြစရာကောင်းသည်က ပဉ္စမဓါးသည် ယခင်ဓါးများကဲ့သို့ မဟုတ်ဘဲ
ဝင်းတောက် လှပနေလေသည်။

”ဒီဓါးကတော့ နာမည်မရှိသေးဘူးဗျ…ကျွန်တော့်ကိုလည်း မထိုးစိုက်သေးပါဘူး၊ ဒါပေမယ့်


ဓါးတွေရဲ့ အကြိမ်ကြိမ်ထိုးစိုက်မှုကို ခံခဲ့ရတဲ့ ကျွန်တော်ကတော့ ကြိုတင်နေရာပေးထားရတယ်”

တစ်ကိုယ်တည်းရေရွတ်သလို ဆက်ပြောသေးသည်။

”ဒါပေမယ့် မကြာတော့ပါဘူးလေ လာတော့မှာပါ။ ကျွန်တော်စောင့်နေမှန်းလည်း သူသိပါ


တယ်။ လာတော့မှာပါ”

ထိုသို့ပြောကာ ဓါးကို အထက်ဆီသို့ပစ်မြှောက်တင်လိုက်၏။ တဖျပ်ဖျပ်လွင့်လူးလျက် အထက်


သို့ လှပစွာပျံတက်သွားသည့် ဓါးကို ထိုလူနှင့်အတူ အားလုံးက ၀ိုင်းကြည့်နေမိကြသည်။

”အိုး…”

တိုင်ပင်ထားခြင်း မရှိပါဘဲ ရင်ထမ


ှဲာ ထိတ်ခနဲ စိုးရွံ့သွားမိကြ၏။ ဓါးအကိုင်အတွယ် ကျွမ်းကျင်
ကာ ဓါးယဉ်ကျေးမှုနှင့် ရင်းနှီးကျွမ်းဝင်လွန်းလှသော်လည်း……

ထိုဓါးကိုမိအောင် ထိုလူ ပြန်ဖမ်းနိုင်ပါမည်လား…ဓါးကတော့ လေထဲမှာ တဖျပ်ဖျပ်ပျံသန်းလည်


ပတ်နေဆဲ…
ထိုလူနှင့် ထိုဓါးကို အသက်မရှူဖြစ်ဘဲ ငေးကြည့်ကာ စောင်းကြိုးတို့ကို ခုတ်ဖြတ်ရန် အဝေးမှ
ရောက်ရှိလာမည့် ဓါးအော်သံက…
ို …

စိတ်ထဲမှ ကြားလာရသလိုလို ရှိလေသည်။ ။

တာရာမင်းဝေ

You might also like