You are on page 1of 47

၂၀၀၈ ခုနှစ်၏ အရေးပါသူများ (၁)

Monday, 05 January 2009 11:34 ဧရာဝတီ

၂၀၀၈ ခုနှစ်တွင် အထင် ကရ အဖြစ် အပျက် များစွာ ဖြစ်ခဲ့သည်။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း၊ အလိမ်
အညာ အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲ၊ ၂၀၀၇ ခုနှစ် သြဂုတ်လ / စက်တင်ဘာလ အပြီး နောက်ဆက်တွဲ
အကျိုးဆက်များနှင့် နိုင်ငံရေး သဘောထားကွဲလွဲသူ အတိုက်အခံခေါင်းဆောင်များအပေါ်
ပြစ်ဒဏ်ချမှတ်ခဲ့သော တရားမဲ့ ခုံရုံးများ စသည့် အဖြစ်အပျက်များက
လူတဦးချင်းအရသော်လည်းကောင်း၊ အဖွဲ့အစည်းအရသော်လည်းကောင်း သူတို့၏ အမည်များနှင့်
ဖြစ်ရပ်များ၊ လှုပ်ရှားမှုများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာကြသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အပြောင်းအလဲများ တိုးတက်လာစေရန်နှင့် ဆိုင်ကလုန်းဒဏ်ခံခဲ့ရသူ


ပြည်သူများအတွက် အထောက်အပံ့ ပစ္စည်းများ ကူညီပေးကြရာတွင်
ကိုယ်ကျိုးမဲ့ဆောင်ရွက်ခဲ့ကြသောကြောင့် လူပုဂ္ဂိုလ်အတော်များများလည်း သတင်းများတွင်
ထည့်သွင်းဖော်ပြခံကြရသည်။ သို့သော် မကောင်းသတင်းဖြင့် ကျော်စောသူတဦးတော့ ရှိခဲ့သည်။
၂၀၀၈ ခုနှစ် အတွက် အမည်စာရင်းတွင် ထည့်သွင်းရန် သူသည်လည်း အရည်အချင်း ပြည့်မီသည်ဟု
ဆိုရမည်။ ထိုသူမှာ ဆိုင်ကလုန်းမုန်တိုင်းသင့်၍ ဒုက္ခကြုံနေရသော ပြည်သူများထံသို့ အကူအညီများ
ပိတ်ပင်ရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သူ၊ ဆန္ဒခံယူပွဲကို ခေါင်းမာမာဖြင့်
ဆက်လက်ဆောင်ရွက်ခဲ့သူ၊ အငြင်းပွားဖွယ်ရှိနေသော ၂၀၁၀ ရွေးကောက်ပွဲအတွက်
ပြင်ဆင်နေချိန်တွင် အတိုက်အခံအားလုံးကို ရက်ရက်စက်စက် အပြုတ်တိုက်နေသူ စစ်အစိုးရ ထိပ်သီး
ဗိုလ်ချုပ်မှူးကြီး သန်းရွှေပင် ဖြစ်သည်။

၂၀၀၈ ခုနှစ်၏ အမည်စာရင်းသည် မြန်မာနိုင်ငံသားများ အတွက်သာ ကန့်သတ်ထားခြင်းမဟုတ်။


ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနာ့ဒ် ကုချနာ၊ အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ် နှင့် သူ၏ ဇနီး
လော်ရာဘုရှ် အပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ်နှစ်ဦးသည်လည်း
မြန်မာပြည်၏ အဖိနှိပ်ခံပြည်သူများကိုယ်စား ၎င်းတို့၏ ဆောင်ရွက်ချက်များကြောင့် အမည်စာရင်းတွင်
ထည့်သွင်းထိုက်သူများဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏ စစ်အုပ်စုက အကူအညီ သေရေး ရှင်ရေး လိုအပ်နေသော ပြည်သူများကို


မသိဟန်ပြုနေချိန်တွင် မုန်တိုင်းသင့် ပြည်သူများကို မဖြစ်မနေ ကူညီရမည်ဟူသော Save the
Children၊ နယ်စည်းမခြား ဆရာဝန်များ MSF (Médecins sans Frontières) နှင့် မာလင်း (Merlin)
ကဲ့သို့သော အဖွဲ့အစည်းတို့၏ ခိုင်ကျည်သော ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြု
ထည့်သွင်းဖော်ပြရမည် ဖြစ်ပါသည်။

သတင်းခေါင်းစည်းကို ဖန်တီးသူများ
ဦးဝင်းတင်

စစ်အစိုးရက ၁၉ နှစ်ကျော် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး


၂၀၀၈ စင်တင်ဘာတွင် ပြန်လွတ်လာသော
သတင်းစာဆရာကြီး ဦးဝင်းတင် (ဓာတ်ပုံ - အေပီ)

အကျဉ်းထောင်ထဲတွင်
ယခုအချိန်ထိရှိနေသေးသော နိုင်ငံရေးအကျဉ်းသား
၂၁၀၀ ခန့်၏ ကံကြမ္မာက မရေမရာ ဖြစ်နေရဆဲ၊
စိုးရိမ်နေရဆဲအခြေအနေတွင်
နှစ်ရှည်လများထောင်ကျခဲ့သော အတိုက်အခံ နိုင်ငံရေး
သမားတဦး ၂၀၀၈ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။
ထိုသူမှာ အသက် ၇၉ နှစ်အရွယ်
သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်သည်။
ရန်ကုန်မြို့မှ နာမည်ကျော် အင်းစိန်ထောင်တွင် ၁၉
နှစ်ကြာ အကျဉ်းချခံနေရရာမှ စက်တင်ဘာလတွင်
ဦးဝင်းတင် ပြန်လွတ်လာခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ် အကျဉ်းမကျခင်က ဦးဝင်းတင်သည် ထင်ရှားသော အတိုက်အခံ နိုင်ငံရေးသမားတဦး


ဖြစ်ပြီး၊ အထိန်းသိမ်းခံ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်၏ အရေးပါသည့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။
ဦးဝင်းတင်သည် အဖွဲ့ချုပ်၏ တတ်သိပညာရှင်များကို ဦးဆောင်၍ အနုပညာလွတ်လပ်ခွင့်၊
သတင်းလွတ်လပ်ခွင့်များကို အရေးဆိုခဲ့သူတဦး ဖြစ်သောကြောင့်လည်း မျိုးဆက်သစ်
လူငယ်များအကြားတွင် "ဆရာ" ဟူသော ဂုဏ်ထူးဝိသေသတခုကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်ကို "သတ္တိရှိ၍ တည်ကြည်ဖြောင့်မတ်သူ" ဟု ညွှန်းခဲ့ပြီး၊


မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် အဓိက အခရာကျသူ တဦး ဖြစ်သည်ဟု အသိအမှတ်
ပြုခဲ့သည်။ ဦးဝင်းတင်ကလည်း ဒေါ်စုကို "စစ်မှန်သော ခေါင်းဆောင်" တဦးဟု ပုံဖေါ်ခဲ့သည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားဖို့ ဒေါ်စုရဲ့အခန်းကဏ္ဍ ရှိသေးသလား”
ဟူသည့် ပြောဆိုချက်များနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာတွင် ဦးဝင်းတင်က "ဒေါ်စုရဲ့
ကိုယ်ကျင့်သိက္ခာ၊ အသိပညာ၊ ခေါင်းဆောင်မှု အရည်အချင်းတို့နဲ့ ပတ်သက်လို့ ကျနော့်မှာ သံသယ
မရှိပါဘူး၊ ကျနော် ဒေါ်ဆောင်ဆန်းစုကြည်ကို ယုံတယ်" ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
(ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်၊
တကမ္ဘာလုံးတွင် တဦးတည်းသော အကျဉ်းကျခံ
ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်သည် ယခုနှစ်တွင်လည်း
ခြောက်နှစ်ဆက်တိုက် တရားမ၀င် အကျယ်ချုပ်
ကျခံနေရသည်။ သူ၏ ရှေ့နေက
ဤသို့ဖမ်းဆီးထားမှုသည် ဥပဒေကြောင်းနှင့်မညီဟု
ဆိုသည်။ နေပြည်တော်ရှိ အာဏာပိုင်များက
အကျယ်ချုပ် သက်တမ်းတိုးမှုနှင့် ပတ်သက်သည့်
ရှေ့နေ၏အယူခံလွှာကို မသိကျိုးကျွန် ပြုနေဆဲ
ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့၊
အင်းလျားကန်စောင်းရှိ နေအိမ်တွင် အကျယ်ချုပ်
သက်တမ်း စုစုပေါင်း ၁၃ နှစ် ကျခံခဲ့ပြီး ဖြစ်သည်။

အသက် ၆၃ နှစ် ရှိပြီ ဖြစ်သော ဒီမိုကရေစီခေါင်းဆောင်က အတိုက်အခံများနှင့် တွေ့ဆုံ


ဆွေးနွေးပွဲလုပ်ရန် စစ်အစိုးရ၏ ဆက်လက်ငြင်းပယ်နေမှုကို စိတ်မရှည်တော့သည့်ဟန် ပြသခဲ့သည်။
သြဂုတ်လအတွင်း ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ
မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်ခဲ့စဉ်က လက်ခံတွေ့ဆုံရန် ငြင်းပယ်သည့်နည်းဖြင့် သူ၏
သဘောထားကို ဖော်ပြလိုက်သည်။ မစ္စတာ ဂန်ဘာရီသည်လည်း စစ်အစိုးရ ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်မရဘဲ နယူးယောက်သို့ ပြန်သွားရသည်။ သူ၏ ခရီးစဉ်သည်
ပဋိပက္ခဖြစ်နေသည့် ဘက်နှစ်ဘက် ပြန်လည်သင့်မြတ်ရန်၊ နိုင်ငံရေး အပြောင်းအလဲများ
ဖြစ်ပေါ်လာရန် မဆောင်ရွက်နိုင်ခဲ့ဘဲ အရှုံးနှင့် အဆုံးသတ်ခဲ့ရသည်ဟူသော စွပ်စွဲချက်များ
ပေါ်ထွက်ခဲ့သည်။

ဂန်ဘာရီ၏ အကြီးအကဲ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းသည်လည်း


ကုလသမဂ္ဂက တာဝန်အပ်နှင်းထားသည့် ရည်မှန်းချက်များ အထမြောက် အောင်မြင်စေရေးအတွက်
သိသာ ထင်ရှားသော တိုးတက်မှု တစုံတရာ မဆောင်ရွက်နိုင်ဘဲ အရှုံးပြနေသည်ဟု ဆိုကြပြန်သည်။
ထို့အပြင် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် သူ၏ ခရီးစဉ်ကိုလည်း
ဖျက်သိမ်းလိုက်ရသည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဟူသည် မြန်မာနိုင်ငံ၏


နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက်
မရှိမဖြစ်လိုအပ်သော ပထမအဆင့် ဖြစ်သည်ဟု ထပ်တလဲလဲ ဖော်ပြခဲ့သည်။ ဒေါ်စုကလည်း "တွေ့ဆုံ
ဆွေးနွေးရေး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက်ဆိုရင် ကျမက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့
အဆင့်သင့် ရှိပါတယ်" ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ဦးပညာဝံသ

နာဂစ် ဆိုင်ကလုန်း ဒုက္ခသည်များ


ကူညီကယ်ဆယ်ရေးအတွက် ဒေါ်လာ သန်းနှင့် ချီ၍
ဦးစီးထောက်ပံ့ ခဲ့သော ပီနန် ဆရာတော်ကြီး
ဦးပညာဝံသ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

မလေးရှားနိုင်ငံ၊ ပီနန်မြို့ ဓမ္မိကာရာမ


ကျောင်းတိုက်တွင် သီတင်းသုံးနေသော
ဦးပညာဝံသသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ
လူထုအုံကြွမှုနှင့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းကြောင့်
ထင်ရှားလာသည်။ လူသားချင်း စာနာမှုဆိုင်ရာ
ကူညီရေး လုပ်ငန်းများ၊ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးကျောင်းများ ကမ္ဘာအနှံ့
တည်ဆောက်ခြင်း လုပ်ငန်းများကြောင့်လည်း
မူလကပင် ထင်ရှားသော သံဃာတော်တပါးဖြစ်သည်။

ဆရာတော်သည် သက်တော် ၈၄ နှစ်ရှိပြီ ဖြစ်ပြီး မြန်မာ့နိုင်ငံရေး ဆွေးနွေးမှုများတွင် မပါဝင်ဘဲ


ခပ်ရှောင်ရှောင် နေလာခဲ့သည်။ သို့သော်လည်း အမိနိုင်ငံအတွင်း သံဃာတော်များဦးဆောင်သော
ဆန္ဒပြပွဲများကို စစ်တပ်က မတရား ဖြိုခွင်းခဲ့မှုကြောင့် မခံရပ်နိုင်တော့သည့်အဆုံး စစ်အစိုးရ၏
ရက်စက်ကြမ်းကြုတ်မှုများကို ဝေဖန်ပြောဆိုလေသည်။

ဆရာတော်က ဗုဒ္ဓဘာသာ မြန်မာသံဃာများ၏ နိုင်ငံတကာအဖွဲ့အစည်းတခုကိုလည်း ဦးဆောင်


တည်ထောင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (၀ါ) သာသနမောဠိ ဟု
လူသိများသော အဖွဲ့အစည်းပင် ဖြစ်သည်။ ဆရာတော်သည် ထိုအဖွဲ့ကြီး၏ ပထမဦးဆုံးသော ဥက္ကဋ္ဌ
ဆရာတော်တပါးလည်း ဖြစ်သည်။

မေလတွင် မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်လိုက်သောအခါ ဆရာတော်က အမေရိကန်


ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ အဖွဲ့ပေါင်း ၂၇ ဖွဲ့ကို ခေါ်၍ ရန်ပုံငွေရှာဖွေရေး
အစည်းအဝေးတရပ်ကို ဦးစီး ကျင်းပခဲ့သည်။ သဘာဝဘေးဒဏ်သင့် ပြည်သူများထံ
ကူညီပေးနိုင်ရေးအတွက် ရန်ပုံငွေ အနည်းဆုံး ဒေါ်လာ ၂ သန်းခန့် ကောက်ခံနိုင်ခဲ့သည်။

သြဂုတ်လတွင် ဒိန်းမတ်နိုင်ငံ၌ ဗုဒ္ဓရံသီဟု အမည်ရသော ပထမဦးဆုံးသော ဗုဒ္ဓဘာသာ


ဘုန်းတော်ကြီးကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဆရာတော်၏ နှစ်ပေါင်း ၅၀ ကျော် ကမ္ဘာတ၀န်း
တည်ထောင်ခဲ့သော ဘုန်းတော်ကြီးကျောင်းများ အနက်မှ နောက်ဆုံးတည်ထောင်ခဲ့သည့်
ကျောင်းတကျောင်းလည်း ဖြစ်သည်။

ဆရာတော်ဦးပညာဝံသကို ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ၌ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့တွင် မီးရှုးသန့်စင်


ဖွားမြင်ခဲ့သည်။ ၀ါးခယ်မ၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ပါဠိဘာသာနှင့် ဗုဒ္ဓဘာသာကို
လေ့လာဆည်းပူးခဲ့သည်။
၁၉၅၄ ခုနှစ်၌ သီရီလင်္ကာ၊ အက်ဒမန်ကျွန်းစုများ နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း တို့တွင်
သာသနာပြန့်ပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားများ

လောင်စာဆီကျဆင်းရေး
ဆန္ဒပြသည့်အတွက်
နှစ်ရှည်ထောင်ဒဏ်များ
ချမှတ်ခံထားရသည့် ၈၈ မျိုးဆက်
ကျောင်းသား
ခေါင်းဆောင်များဖြစ်သော
မနီလာသိန်း၊ မမီးမီး၊ ကိုမြအေး၊
ကိုမင်းကိုနိုင်၊ ကိုဂျင်မီ တို့ကို အတူ
တွေ့ရစဉ်

၂၀၀၇ ခုနှစ်
သြဂုတ်လ၊ စက်တင်ဘာလ
စီတန်းချီတက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများနှင့်အတူ "၈၈ မျိုးဆက် ကျောင်းသားများ"ဟု
ထင်ရှားသည့် အတိုက်အခံများသည် ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခံရနေရသည်။ နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေးဆိုင်ရာ အပြောင်းအလဲများကို တောင်းဆိုသော လှုပ်ရှားမှုတွင်
ဦးဆောင်ခဲ့ကြသောကြောင့် ဖြစ်သည်။

ဤအဖွဲ့တွင် လူသိများထင်ရှားသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချို၊


ကိုမြအေး၊ ကိုဌေးကြွယ်၊ မနီလာသိန်း၊ မမီးမီးအပါအ၀င် အခြားသော အဖွဲ့ဝင် ၂၂ ဦး သည်
မကြာသေးမီက ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့အားလုံး အသက် ၃၀ ကျော် ၄၀
အရွယ်များ ဖြစ်ကြသည်။ ဖိနှိပ်သူ စစ်အစိုးရလက်အောက်တွင် ထောင်သက်တမ်းပြည့် နေရမည်
ဆိုပါက သူတို့၏ ဘ၀တသက်တာလုံး အကျဉ်းထောင်ထဲတွင်သာ ပြီးဆုံးသွားဖို့ ရှိနေသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် နိုင်ငံရေးပါတီတခု မဟုတ်ပေ။ ၁၉၈၈ ဒီမိုကရေစီအရေး


လူထုအုံကြွမှုကြီး ဖြစ်ပေါ်သော အချိန်တွင် ပါဝင်ခဲ့ကြသော ကျောင်းသားလူငယ်များကို
စုစည်းထားသည့် လှုပ်ရှားမှု အစုအဖွဲ့ တခုသာ ဖြစ်သည်။ စစ်တပ်က ထိုအုံကြွမှုကြီးကို ဖြိုခွင်းခဲ့ပြီး
ဆန္ဒပြသူများကို နိုင်ငံတော် ဆန့်ကျင်ရေး ပုဒ်မ မျိုးစုံ တပ်ကာ ထောင်သွင်း အကျဉ်းချခဲ့သည်။
အများစုကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် ထောင်ဒဏ် ၁၀ နှစ်အထိ
ချမှတ်ခဲ့သည်။

တသက်တာလုံး ထောင်ထဲတွင် နေသွားရမည့်အရေး သို့မဟုတ် အသက်ဆုံးရှုံး သွားနိုင်သည့်အရေး


ရှိနေသော်လည်း ၎င်းတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။

ထောင်ဒဏ်ချမှတ်အပြီးတွင် ခေါင်းဆောင်တဦး ဖြစ်သူ ကိုမင်းဇေယျာက ပြစ်ဒဏ်ချမှတ်သူ


တရားသူကြီးကို "၆၅ နှစ်ပဲလားကွ.." ဟု မထီမဲ့မြင် ပြန်၍ အော်ဟစ် ပြောဆိုခဲ့သည်ဟုလည်း
သတင်းများ ကြားသိခဲ့ရသည်။

ဝမ်းနည်းဖွယ်ကောင်းသော အချက်တခုမှာ သတ္တိပြောင်သော အန်တုမှုတခုတည်းဖြင့် ဒီမိုကရေစီ


လှုပ်ရှားမှု၏ ရည်မှန်းချက်များကို မရနိုင်ကြောင်း နှစ်ပေါင်း ၂၀နှစ်ဆယ်ကြာ တော်လှန်ရေး၏
သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) နှင့်
မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) ကဲ့သို့ အင်အားကောင်းသော
လှုပ်ရှားတက်ကြွသူ အစုအဖွဲ့များ အပါအ၀င် အတိုက်အခံအုပ်စု အားလုံးကို စစ်အစိုးရက
ပစ်မှတ်ထား၍ ချေမှုန်းနေသည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် အတိုက်အခံ အင်အားစုတခုလုံး
တုပ်တုပ်မျှ မလှုပ်နိုင်အောင် လုပ်ထားမည့်သဘောကို တွေ့နေရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

နာဂစ် ဆိုင်ကလုန်း လေဘေးကို လျစ်လျူရှုပြီး


အာဏာတည်မြဲရေးအတွက်ကိုသာ အလေးထားသော
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
(ဓာတ်ပုံ - အေအက်ဖ်ပီ)

မြန်မာနိုင်ငံ၏ ထိပ်သီးစစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံ၏ အရေးပေါ်
အခြေအနေနှစ်ခု ဖြစ်သော ၂၀၀၇ ခုနှစ် စက်တင်ဘာ
လူထုလှုပ်ရှားမှုနှင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း
ဖျက်ဆီးမှုများမှ မပွန်းမရှ ရှင်ကျန်ရစ်သူ၊ ဘေးမသီ
ရန်မခ ကျန်ရစ်နေသူ ဖြစ်သည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ရန်
ငြင်းဆန်နေသော သူ၏ ခေါင်းမာသည့်ဝသီကို
ဖြိုလှဲနိုင်ရန် ပြင်ပကမ္ဘာမှ ကြိုးပမ်းအားထုတ်နေမှု အားလုံးကိုလည်း ဆက်လက် စိန်ခေါ်နေဆဲ
ဖြစ်သည်။

ဖိအားများက မြန်မာနိုင်ငံ၏ ပြင်ပမှသာ လာနေခြင်းမဟုတ်။ သတင်းများအရ အလယ်အလတ်


တပ်မတော် အရာရှိများသည်လည်း ဗိုလ်ချုပ်သန်းရွှေ၏ ခေါင်းဆောင်မှုအပေါ် မကျေနပ်မှုများ
တစစတိုးပွားလာနေသည် ဟူသော ပြောဆိုချက်များ ရှိနေသည်။ သို့ပင်ငြား ၎င်းတို့၏
မကျေနပ်ချက်များကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုရန်အတွက်မူ ချီတုံချတုံ ဖြစ်နေကြသေးသည်။

လူကြိုက်နည်းလာသော အခြေအနေကို လုံးဝသိနေသည့် ဗိုလ်ချုပ်သန်းရွှေက သူ၏


တကိုယ်တော်ဘ၀ကို ယုံကြည်ရသော လူနည်းစု နောက်လိုက်များ၊ ဗေဒင်ဆရာများ ခြံရံ၍ လူသူမနီး
မြို့တော် နေပြည်တော်တွင် စံမြန်းနေသည်။ သူ့မိသားစုက ဗေဒင်ဆရာများ၏ ယုတ္တိမတန်သော
အကြံဉာဏ်များ၊ အကြံပေးချက်များကိုသာ နှစ်နှစ် ခြိုက်ခြိုက် အားကိုးလိုက်နာ၍
ပြဿနာဖြေရှင်းနိုင်ရေး လုံးပမ်းနေကြသည်။

မြန်မာနိုင်ငံ၏ လက်တွေ့ အဖြစ်အပျက်များကို မျက်ကွယ်ပြုနေသော ဗိုလ်ချုပ်သန်းရွှေသည်


ပကတိအခြေအနေကို သိမြင်လာစေရေး ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်း ပစ်ပစ်ခါခါ
ငြင်းပယ်နေပြန်သည်။ မစ္စတာ အီဗရာဟင် ဂန်ဘာရီကဲ့သို့သော
ကုလသမဂ္ဂကိုယ်စားလှယ်များကိုလည်း အဖက်မတန်သလို ဆက်ဆံခဲ့သည်။
လာရောက်တွေ့ဆုံလည်ပတ်သော သံတမန်များကိုလည်း "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ"
စနစ်သို့ ဦးတည်သွားနေသော စစ်အစိုးရ၏ တိုးတက်လုပ်ဆောင်မှုများအကြောင်း ဆက်လက်
သြ၀ါဒခြွေနေသည်။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်


တွေ့ဆုံ ဆွေးနွေးရန် စသော တောင်းဆိုချက်များကို လျစ်လျူရှုထားဆဲ ဖြစ်သည်။ မေလတွင်
တိုင်းပြည်အတွင်းရှိ နေရာ အများအပြားကို နာဂစ်သဘာဝဘေးဆိုးက ဖျက်ဆီးပစ်ခဲ့သောအခါ
မုန်တိုင်းဒဏ်ခံ ပြည်သူများထံသို့ အရေးပေါ် အထောက်အပံ့များ ပေးခွင့်ပြုရန် နိုင်ငံတကာ၏
မေတ္တာရပ်ခံချက်ကိုလည်း ဗိုလ်ချုပ်သန်းရွှေက မကြားဟန် ပြုခဲ့ပြန်သည်။

အသက် ၇၆ နှစ် ပြည့်တော့မည့် ဗိုလ်ချုပ်သန်းရွှေသည် နိုင်ငံရေးဇာတ်ခုံမှ ဆောလျှင်စွာ


ဆင်းပေးမည့်ဟန် မပြသေးသည့်အပြင် စီစဉ်ထားသော ၂၀၁၀ ရွေးကောက်ပွဲအထိ
ဆက်ရှိနေဦးမည်ဟု မျှော်လင့်ရသည်။ ၎င်းရည်မှန်းချက် အောင်မြင်ရေးအတွက်
မည်သည့်အတားအဆီးကိုမှ လက်မခံနိုင်သော ပိုင်းဖြတ်ချက်က သူ၏ ရူးသွပ်ခေါင်းမာစိတ်နှင့်
ရက်စက်ကြမ်းကြုတ်မှုကို ပြသနေသည်။

ဉာဏ်များသော ခေါင်းဆောင်ကြီးက နိုင်ငံတကာမှဝေဖန်သူများ ရှုပ်ထွေးသွားရန် မရေရာသော


သတင်းအချက်အလက်များ မကြာခဏ ဖြန့်ပေးခြင်းဖြင့် အချိန်ကို ဆွဲဆန့်နေသေးသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟူသော ရွေးကောက်ပွဲအကြို လုပ်ဟန်တခုကိုပင်
ပြောဆိုသံများ ကြားနေရပြန်သည်။ သို့သော်လည်း ဤသတင်းစကားကို မည်သူတဦးကမျှ
အယုံအကြည် မရှိကြပေ။

ဦးအောင်သောင်း

လာမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင်


ပေါ်ပေါက်လာမည့် အရပ်သား အစိုးရတွင်
ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်လာနိုင်သည်ဟု
ထင်ကြေးပေးခံနေရသော စက်မှု(၁) ၀န်ကြီး
ဦးအောင်သောင်း (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

ဦးအောင်သောင်းဟူသော အမည်ကို အမှတ်ရနေဖို့


လိုသည်။ သူက လောလောဆယ်တွင်
လူစိတ်ဝင်စားခြင်း မရှိသော အမှတ် (၁)
စက်မှုဝန်ကြီးရာထူးကို ယူထားသည်။ သို့သော်လည်း
လာမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အရပ်သား
အစိုးရကို ဦးဆောင်မည့်သူတဦးဟု အများက
ယူဆနေကြသည်။

ဦးအောင်သောင်း၏ အမည်က လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ခဲ့သော ဖြစ်ရပ်တခုမှ အစပြုပြီး


ပေါ်ထွက်လာသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော
မော်တော်ကားတန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီး ခြုံခိုတိုက်ခိုက်မှုတွင် သူနှင့် ကွယ်လွန်သူ
ဝန်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်းတို့ ပါဝင်ပတ်သက်ခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအများအပြားလည်း ၎င်းလုပ်ကြံမှုတွင် သေဆုံးခဲ့ကြရသည်။


ဒေါ်စုကိုယ်တိုင် အသက်ဘေးမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သော်လည်း အဖမ်းခံရပြီး
ဤဖြစ်ရပ်နောက်ပိုင်းမှ လက်ရှိအချိန်တိုင် အိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည်။

ဦးအောင်သောင်းက ဗိုလ်ချုပ်သန်းရွှေ၏ ရုံးခန်းနှင့် မိသားစုနေအိမ်သို့ တံခါးမရှိဓားမရှိ


ဝင်ထွက်နိုင်သူတဦး ဖြစ်သည်နှင့်အညီ သူ၏တက်လမ်းသြဇာ ကြီးထွားခဲ့ရသည်။ ဒုတိယ
ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သမီးနှင့် သူ၏သား လက်ထပ်ထားသောကြောင့်လည်း
စစ်အစိုးရအတွင်း သူ၏ သြဇာ
ပိုမိုတောင့်တင်းလာသည်။

(သရုပ်ဖော်ပန်းချီ - ဧရာဝတီ)
သူက ဗိုလ်ချုပ်မောင်အေးနှင့်လည်း အလွမ်းသင့်သည်။ ဦးအောင်သောင်းမိသားစုက မြန်မာနိုင်ငံ၏
အချမ်းသာဆုံး မိသားစုများအနက်မှ တခုဖြစ်သည်ဟု ဆိုနိုင်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့်
အခြား သစ်တောထွက်ပစ္စည်းများ ကူးသန်းရောင်းဝယ်သော အောင်ရီဖြိုး၊ ကွင်းစတား၊ IGE စသည့်
ကုမ္ပဏီ ၃ ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းကုမ္ပဏီများက ကွန်ပျူတာနှင့် အခြားလျှပ်စစ်
ပစ္စည်းများကိုလည်း တင်သွင်းရောင်းချနေကြသည်။

မြန်မာ့စီးပွားရေးလာကတွင် ထိုကဲ့သို့သော လုပ်ပိုင်ခွင့်ရထားသူများသည်လည်း တခါတရံတွင်


ဗိုလ်ချုပ်သန်းရွှေ၏ ကွပ်ညှပ်မှုကို ခံရသည်။ သို့သော် ခန့်မှန်းရခက်သော ဗိုလ်ချုပ်သန်းရွှေက
ဦးအောင်သောင်းမိသားစု၏ စီးပွားရေးလုပ်ငန်းများကို မသိကျိုးကျွန် ပြုထားလေသည်။
ဗိုလ်ချုပ်သန်းရွှေ၏ လက်သုံးတော် ထူးကုမ္ပဏီ ပိုင်ရှင်ဦးတေဇ၏ အင်ပါယာနှင့်
ယှဉ်ပြိုင်ရသည့်အခါတွင်ပင် မသိကျိုးကျွန်ပြု၍ လွှတ်ထားပေးခဲ့သည်။
၂၀၀၈ ခုနှစ်၏ အရေးပါသူများ (၂)
Monday, 05 January 2009 00:00 ဧရာဝတီ

မောင်စူးစမ်းနှင့် သခင်တင်မြ — နိုင်ငံရေး ဆိုင်ရာ အယူအဆ ကွဲပြားမှု၊ တိုက်ပွဲ ပြင်းထန်သော ကာလ


များတွင် တဘ၀စာ နှစ်မြုပ် ဖြတ်သန်း ခဲ့မှုတို့က မောင်စူးစမ်းနှင့် သခင်တင်မြကို လက်တွေ့
ဆန်သူများ အဖြစ်သို့ တွန်းပို့ပေးခဲ့ဟန်ရှိသည်။ အသက် ၈၀ ကျော်ကြပြီဖြစ်သော်လည်း နှစ်ဦးလုံးက
လတ်တလော ဖြစ်ထွန်းမှုများအပေါ် ထက်ထက်သန်သန် လေ့လာနေကြဆဲ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် နှစ်ပေါင်းများစွာအတွင်း နိုင်ငံရေးအရောင် တခုပြီး တခု
ပြောင်းလဲခဲ့သူများဖြစ်ကြသည်။ လာမည့် ၂၀၁၀ ရွေး ကောက်ပွဲသို့ ဦးတည်နေသော စစ်အစိုးရ၏
လမ်းပြမြေပုံသာလျှင် လက်တွေ့ကျသော နည်းလမ်းတခု အဖြစ် ရှုမြင်ကာ ပူးပေါင်းပါဝင်သင့်သည်ဟု
ကောက်ချက်ချထားကြသူများလည်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေးသည် အဆင်တန်ဆာဖြစ်ပြီး
အနှစ်သာရမဟုတ်ဟု ပြောဆိုသော စာရေးဆရာ
မောင်စူးစမ်း (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

ရန်ကုန်ထုတ် အပတ်စဉ်ဂျာနယ်များပါ
သုံးသပ်ချက်ဆောင်းများတွင် လာမည့် ၂၀၁၀
ရွေးကောက်ပွဲသည် ရှေ့ဆက်လှမ်းရန်အတွက်
လက်တွေ့ကျသော တခုတည်းသော
နည်းလမ်းဖြစ်သည်ဟု မောင်စူးစမ်းက ပြောခဲ့သည်။
လူထုအကြားတွင် အခြားအစားထိုးနည်းလမ်းများ
ချပြနေခြင်းသည် အချိန်ကုန် လူပင်ပန်းသာဖြစ်မည်ဟု
သူက အကြံပြု တိုက်တွန်းခဲ့သည်။
"တွေ့ဆုံဆွေးနွေးရေးသည် တန်ဆာဆင်မှုသာ
ဖြစ်သည်။ အနှစ်သာရ မဟုတ်" ဟု သူက
ရေးသားခဲ့သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ဝင်ဟောင်းတဦး ဖြစ်သူ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို


ကိုယ်စားပြုပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ရွေးချယ်ခံခဲ့ရသူတဦးက စစ်အစိုးရကို ဗြောင်ကျကျ ထောက်ခံလိုက်သည့်အတွက်
အံ့အားသင့်ကြရသည်။ အင်တာနက် ဘလော့ စာမျက်နှာများတွင် မောင်စူးစမ်းကို
တိုက်ခိုက်ဝေဖန်မှုများ ပေါ်ထွက်လာသည်။ မောင်စူးစမ်း နာနာကျင်ကျင် ဖြစ်သွားပြီး " ဘလော့ဂါ၏
ဗီဇစိတ်"ဟု ပြန်လည် ရေးသား ချေပခဲ့သည်။
သုံးသပ်ချက်ဆောင်းပါးများ ရေးနေသူ ၀ါရင့်စာရေးဆရာမောင်စူးစမ်းက သူ့အပေါ် ဝေဖန်သူများကို
မရိုးမသား စကားလုံးများ၊ အခြေအမြစ်မဲ့ စွပ်စွဲချက်များ၊ အလောတကြီး ကောက်ချက်ချခြင်းများ၊
ခြိမ်းခြောက်ခြင်းများ ပြုနေမည့်အစား "ပညာရှင်ဆန်ဆန် ဆွေးနွေးငြင်းခုန်ရန်" စိန်ခေါ်ခဲ့သည်။

မောင်စူးစမ်းဘ၀တလျှောက်တွင် ကြမ်းတမ်းသော၊ ကစဥ့်ကလျား နိုင်ငံရေးဘ၀များကို


ဖြတ်သန်းခဲ့ဖူးပြီး ဖြစ်သည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်သော ၁၉၃၈
အထွေထွေသပိတ်တွင် ကျောင်းသားငယ်တဦး အဖြစ် ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင်
ကွန်မြူနစ်ပါတီသို့ တောခိုကာ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံခဲ့သည်။

၁၉၅၇ ခုနှစ်တွင် မောင်စူစမ်းက အာဏာပိုင်များထံ လက်နက်ချခဲ့သည်။ ၁၉၈၈ လူထုအုံကြွမှု


အရေးတော်ပုံ အပြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့ပြီး ပါတီ၏
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အဖြစ် တာဝန်ပေးခံခဲ့ရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင်
အောင်မြင်စွာ အရွေးချယ်ခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်
ချမှတ်ခံခဲ့ရသည်။

၂၀၁၀ ရွေးကောက်ပွဲထက် ပိုကောင်းသည့် အစီအစဉ်


မရှိဟု ဆိုသော နိုင်ငံရေးသမားဟောင်းနှင့် စာရေးဆရာ
သခင်တင်မြ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

သခင်တင်မြ၏ လက်တွေ့ကျကျ အမြင်သည်လည်း


သူ၏ ဘ၀တသက်တာ အငြင်းပွားဖွယ်
နိုင်ငံရေးဖြတ်သန်းမှုများမှ ဖြစ်ထွန်းပေါ်ထွက်လာခြင်း
ဖြစ်တန်ရာသည်။ အသက် ၈၄ နှစ်ရှိပြီဖြစ်သော
သခင်တင်မြသည် နိုင်ငံရေးဘက်အမျိုးမျိုး၊
အရောင်အမျိုးမျိုးဖြင့် ဖြတ်သန်းခဲ့ဖူးသည်။
ဒုတိယကမ္ဘာ စစ်ကြီးအတွင်း ကွန်မြူနစ်ပါတီ၏
အဖွဲ့ဝင်တဦး ဖြစ်ခဲ့သည်။ ၁၉၄၆ ပါတီ
နှစ်ခြမ်းကွဲသောအခါတွင် အလံနီပါတီဘက်သို့
ရပ်တည်ခဲ့သည်။ နှစ်အနည်းငယ်ကြာသောအခါတွင်
အလံဖြူအုပ်စုဘက်သို့ ပြောင်းခဲ့ပြန်သည်။

သခင်တင်မြသည် ၁၉၆၀ ပြည့်နှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်လှုပ်ရှားမှုကို


ရန်ကုန်မြို့၌ တာဝန်ခံ လုပ်ဆောင်နေစဉ် စစ်ထောက်လှမ်းရေးအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းယူသော ၁၉၆၂ စစ်အာဏာသိမ်းပွဲကို သူက ထောက်ခံခဲ့ပြီး


အာဏာရှင်၏ စစ်ကောင်စီကို ထောက်ခံခဲ့ပြန်သည်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို
ခြေစုံပစ် လက်ခံခဲ့ပြန်သည်။

၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံကြီးတွင် သူ၏ နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲပုံကို တဖန်


တွေ့ကြရပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေတို့ တည်ထောင်သော အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် အဖွဲ့ချုပ်နှင့် ပတ်သက်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။


ကျန်းမာရေး အခြေအနေကြောင့် ၃ နှစ်အကြာတွင် ထောင်မှ ပြန်လွတ်လာခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် လက်တွေ့ကျသော တခုတည်းသော


နည်းလမ်းဖြစ်သည် ဟူသော မောင်စူးစမ်း၏အမြင်ကို သခင်တင်မြက လက်ခံလိုက်ကာ နှစ်ပေါင်း ၉၀
ဝန်းကျင်ရှိ သူ၏ ဘ၀သက်တမ်းတွင် နောက်ထပ်တဖန် ရပ်တည်ချက် ပြောင်းခဲ့ပြန်သည်။
သခင်တင်မြက "ဘာမှမရှိတာထက်စာရင် တခုခုရှိတာက ပိုကောင်းတာပေါ့" ဟု သတင်းဌာနတခု၏
တွေ့ဆုံမေးမြန်းချက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

သတင်းထောက်များနှင့် ဘလော့ဂါများ

မြန်မာစစ်အစိုးရသည် တိုင်းပြည်အတွင်းနှင့် အပြင် သတင်း စီးဆင်းမှုကို ထိန်းချုပ်ရန်အတွက်


အသည်းအသန် ဖြစ်နေချိန်တွင် ပြည်တွင်း သတင်းထောက်များနှင့် သာမန်ပြည်သူများက
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပကတိအခြေအနေများကို ပြင်ပကမ္ဘာမှ သိလာစေရန်
အန္တရာယ်ကြားမှ အရဲကိုး ဆောင်ရွက်နေကြခြင်း ကြောင့်လည်း ဆက်လက်ပြီး အဖမ်းဆီးခံနေကြရ၊
ထောင်ချခံရ၊ အနှိပ်စက်ခံနေကြရ
ပြန်သည်။

လက်ရှိ စစ်အစိုးရ
အကျဉ်းထောင်တွင်း ထောင်ဒဏ်
ကျခံနေရသော ဘလော့ဂါ
ကိုနေဘုန်းလတ် နှင့်
သတင်းထောက် မအိမ့်ခိုင်ဦး
(သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ်
အီကိုဗွီးရှင်း (Ecovison) ဂျာနယ်
သတင်းထောက်ဖြစ်သူ အသက် ၂၄
နှစ်ရှိ မအိမ့်ခိုင်ဦး ၏ အမှန်တရားကို ထုတ်ဖေါ်ပြောဆိုရဲသော သတ္တိကြောင့် အာဏာပိုင်များ၏
အမြင်တွင် ဆန့်ကျင်သူ သတင်းထောက်တဦး အဖြစ် အမျက်ရှခဲ့ကြသည်။ ဇွန်လ ၂၀ ရက်နေ့တွင်
သူက ရန်ကုန်မြို့ ကုလသမဂ္ဂရုံးတရုံးရှေ့တွင် နာဂစ်မုန်တိုင်းမှ အသက်ရှင်ကျန်ရစ်သူ ၂၀ ခန့်၏
တောင်းဆိုဆန္ဒပြမှု အကြောင်းကို သတင်းရယူခဲ့သောကြောင့် အဖမ်းခံခဲ့ရသည်။ နောက်ပိုင်းတွင်
ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ မီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်မှု


အစီရင်ခံစာအရ ယခုနှစ် အစောပိုင်းမှစ၍ ထောင်ချခံရသော မြန်မာသတင်းထောက်
အရေအတွက်သည် နိုဝင်ဘာလတွင် ၁၀ ဦးရှိခဲ့သည်။ စောင့်ကြည့် (News Watch)
အပတ်စဉ်ဂျာနယ်မှ အယ်ဒီတာ ဦခင်မောင်အေး၊ သတင်းထောက် ကိုထွန်းထွန်းသိန်း တို့နှစ်ဦးက
နိုင်ငံအတွင်းရှိ တရားရုံးများတွင် ဖြစ်ပျက်နေသည့် ခြစားမှု သတင်းဆောင်းပါးတပုဒ်
ဖော်ပြမိခြင်းကြောင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။

ပုံနှိပ်မီဒီယာလုပ်ငန်းများကို ပိတ်ဆို့ထားရန် ဆက်လက်ကြိုးကိုင်ထားသည့် မတရားဆိုးဝါးသော


စာပေ စိစစ်ရေး ဆင်ဆာစနစ်ကို ကျော်လွှားနိုင်ရန်အတွက် အင်တာနက်ကို အသုံးပြု၍
သတင်းရေးသားနေကြသော "နိုင်ငံသား သတင်းထောက်များ" ဟု ခေါ်ကြသည့် လူငယ်များကိုလည်း
စစ်အစိုးရက ပစ်မှတ်ထား တိုက်ခိုက်နေပြန်သည်။ မြန်မာ့ဘလော့ လောက၏ ဦးစီးရှေ့ဆောင်တဦး
ဖြစ်သူ အသက် ၂၈ နှစ်ရှိ ကိုနေဘုန်းလတ် ကို ၁၉၉၆ ခုနှစ် ကွန်ပျူတာသိပ္ပံ ဖွံ့ဖြိုးတိုးတက်မှု
ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ် ခဲ့သည်။ ၎င်းဥပဒေက
နိုင်ငံတော်လုံခြုံရေးကို ထိပါးစေသော မည်သို့သော လုပ်ဆောင်ချက်ကိုမဆို ကွန်ပျူတာများ
အသုံးပြု၍ ဆောင်ရွက်ခြင်းကို တားမြစ်ထားသည်။

တချိန်တည်းတွင် နိုင်ငံတကာမိသားစုက အေပီ (Associated Press) သတင်းဌာန၏ သတင်းထောက်


ဒေါ်အေးအေးဝင်း ကို ဂုဏ်ပြုခဲ့သည်။ နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေး ရှင်း (International
Women's Media Foundation) ကပေးသည့် ၂၀၀၈ ခုနှစ် အတွက် ရဲရင့်သော သတင်းသမားဆုကို
ဒေါ်အေးအေးဝင်း ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် သတင်းထောက်တဦး အဖြစ် နှစ်ပေါင်း ၂၀ နီးပါး
လုပ်ကိုင်နေသူ ဒေါ်အေးအေးဝင်းက သူ၏ စာဖြင့်ရေးထားသော ဆုလက်ခံမိန့်ခွန်း၌ မြန်မာပြည်တွင်
သတင်းထောက်လုပ်ရခြင်းသည် အန္တရာယ်များသော လုပ်ငန်း ဖြစ်သည်ဟု ဆိုခဲ့သည်။

ပြည်ပရောက် မြန်မာ့အရေး
လှုပ်ရှားသူများ

ကိုဘိုကြည် (ဓာတ်ပုံ - ဧရာဝတီ) နှင့်


ဇိုရာဖန်း (ဓာတ်ပုံ - အေအက်ဖ်ပီ)

အမိမြန်မာပြည်အတွင်း
လူ့အခွင့်အရေးနှင့်
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ
ဖြစ်ထွန်းလာစေရန်အတွက် လုပ်ဆောင်နေကြသော ပြည်ပရောက်တက်ကြွလှုပ်ရှားသူ ၃
ဦးသည်လည်း ၂၀၀၈ ခုနှစ်အတွင်း သူတို့၏ အားထုတ်မှုများအတွက် နိုင်ငံတကာ၏ ဂုဏ်ပြုမှုကို
ထိုက်ထိုက်တန်တန် ရရှိခဲ့ကြသည်။

ဆုရရှိခဲ့သူ ထိုသုံးဦးမှာ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ


ကူညီစောင့်ရှောက်ရေး (အေအေပီပီ) အသင်း၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည် ၊
မြန်မာနိုင်ငံဆိုင်ရာ အာရှ-ပစိဖိတ် ပြည်သူများကွန်ရက်အဖွဲ့ (Asia Pacific People's Partnership on
Burma) ၏ တာဝန်ခံ ဒေါ်ခင်ဥမ္မာ နှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး
အသင်း (SWAN) မှ နန်းချမ်တောင်းတို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်ရှည်ထောင်ဒဏ် ၂ ကြိမ်ကျခံခဲ့သူ ကိုဘိုကြည်သည် လူ့အခွင့်အရေး စောင့်ကြည့်


လေ့လာရေးအဖွဲ့ (Human Rights Watch) က ၂၀၀၈ ခုနှစ်အတွက် ပေးအပ်သော လူ့အခွင့်အရေး
ခုခံ ကာကွယ်သူများဆိုင်ရာဆု (Human Rights Defender prize) ချီးမြှင့်ခံခဲ့ရသည်။
ကိုဘိုကြည်သည် ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏
သူငယ်ချင်းတယောက်ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖေါ်ထုတ်ပေးနေသည့် သူ၏
လုပ်ဆောင်ချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ တရားမျှတမှုရရှိစေရန်အတွက် အန္တရာယ်
အခက်အခဲကြားမှ ကြိုးပမ်းချက်များကြောင့် ဤ ဆုအတွက် ရွေးချယ်ခြင်းဖြစ်သည်ဟု
ဆုပေးသည့်အဖွဲ့ က ဖော်ပြခဲ့သည်။ ကိုဘိုကြည်သည် လူ့အခွင့်ရေးချိုးဖောက်မှုများကို
မှတ်တမ်းတင်ကာ နိုင်ငံရေးအကျဉ်းသားများကို ကူညီနေသော အေအေပီပီအသင်းတွင်
ဦးဆောင်နေသူ တဦးဖြစ်သည်။

ဒေါ်ခင်ဥမ္မာနှင့် နန်းချမ်တောင်း
(ဓာတ်ပုံ - အေအက်ဖ်ပီ)

ဒေါ်ခင်ဥမ္မာ၊ နန်းချမ်တောင်းတို့
နှစ်ဦးသည်လည်း
ဝါရှင်တန်အခြေစိုက် ကမ္ဘာ့
မိတ်ဖက်ပြုမှုအတွက် အရေးပါသော
အသံများ (Vital Voices Global
Partnership) အဖွဲ့မှ ပေးအပ်သော
ဆု ရရှိခဲ့သည်။ ထိုအဖွဲ့သည်
ကမ္ဘာ့တလွှားရှိ အမျိုးသမီး ခေါင်းဆောင်များနှင့် အတူတကွ လက်တွဲလုပ်ကိုင်နေသော
စေတနာ့ဝန်ထမ်းအဖွဲ့ ဖြစ်သည်။ ၎င်းအဖွဲ့က ဒေါ်ခင်ဥမ္မာ၊ နန်းချမ်တောင်းတို့ နှစ်ဦးသည်
သာမန်ပြည်သူများအကြား ဒီမိုကရေစီပြန့်ပွားရေး၊ ဥပဒေကြောင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊
လူ့အခွင့်အရေး မြှင့်တင်ရေးတို့ လုပ်ဆောင်နေကြသူများဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ဒေါ်ခင်ဥမ္မာသည် ၁၉၈၈ လူထုအရေးတော်ပုံကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်သည်။
နန်းချမ်တောင်းသည် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအမျိုးသမီးများအပေါ် မြန်မာစစ်တပ်က
ကျူးလွန်သော အဓမ္မပြုကျင့်မှုများနှင့် အခြားရာဇ၀တ်မှုများကို မှတ်တမ်းတင်ထားသော
"မုဒိမ်းကျင့်ခွင့်လိုင်စင်" အမည်ရ အစီရင်ခံစာတခုကို ထုတ်ဝေခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ်အတွင်း ဒီမိုကရေစီအရေးအတွက် အားသွန်ခွန်စိုက် လှုံ့ဆော်ခဲ့သည့် ပြည်ပရောက်


လှုပ်ရှား တက်ကြွသူ အခြားတဦးမှာ အင်္ဂလန်အခြေစိုက် Burma Campaign (UK) ၏ နိုင်ငံတကာ
တာဝန်ခံဖြစ်သည့် ကရင်တိုင်းရင်းသူ နန့်ဇိုရာဖန်း ဖြစ်သည်။ ဥရောပတိုင်းပြည်များအနှံ့သို့သွားပြီး
မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူမှုများ ချမှတ်ကြရန် အစိုးရများကို အကြံပြု
လှုံ့ဆော်ခဲ့သည်။

ဖဒိုမန်းရှာ

၂၀၀၈ ခုနှစ်တွင် ကရင်တိုင်းရင်းသားများအတွက် သူရဲကောင်းတဦး ဆုံးရှုံးခဲ့ရသည်။ အသက် ၆၄


နှစ်အရွယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဖဒိုမန်းရှာသည်
ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် သေနတ်သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။
ထိုလူသတ်မှုအတွက် မည်သူ တဦးတယောက်ကမှ တာဝန်ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုခြင်း
မပြုခဲ့သော်လည်း လူအများအပြားက “တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်
(DKBA)” ကဲ့သို့သော
ကရင်ခွဲထွက်အုပ်စုများအပေါ်တွင် သင်္ကာမကင်း
ရှိခဲ့ကြသည်။

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက်ပါ


ဆုံးရှုံးသွားရသည့် ကေအန်ယူ အထွေထွေ
အတွင်းရေးမှူး ဖဒိုမန်းရှာ (ဓာတ်ပုံ - ဧရာဝတီ)

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို ဖြိုခွင်းချေမှုန်းမှုများအပြီး


တောတွင်းသို့ ထွက်ပြေးလာသော
ကျောင်းသားများကို မည်ကဲ့သို့ စုစည်းရမည်၊ မည်သို့
ပြောက်ကျားစစ်ပွဲ ဆင်နွှဲရမည်နှင့် ပတ်သက်၍
ဖဒိုမန်းရှာက အဓိက ဦးဆောင် အခန်းကဏ္ဍမှ
ပါဝင်ကူညီပေးခဲ့သည်။ ဖဒိုမန်းရှာသည်
သတင်းမီဒီယာဌာနများနှင့် အဆင်ပြေ ရင်းနှီး
ကျွမ်းဝင်သူ ကရင်ခေါင်းဆောင်တဦးလည်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေးနှင့်
ဒီမိုကရေစီလှုပ်ရှားမှုအတွင်း KNU၏ အခန်း ကဏ္ဍကို လူသိများလာစေရန် ပြည်ပရောက်
မြန်မာရေဒီယိုသတင်းဌာနများ၏ ထုတ်လွှင့်ချက်များမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်သည်။
ဖဒိုမန်းရှာသည် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ စဉ်းစားချက်ကို အင်တိုက်အားတိုက်
မြှင့်တင် ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည့်အပြင် မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်ကိုလည်း ထောက်ခံ
အားပေးခဲ့သည်။ ဒီမိုကရေစီ အတွေးအခေါ်များ မြှင့်တင်ပေးခြင်း၊ လွတ်လပ်သော သတင်းမီဒီယာကို
အားပေးခြင်းနှင့် လူထု အခြေပြု အဖွဲ့အစည်းများအကြား လွတ်လပ်သော ဆွေးနွေးငြင်းခုန်မှုများ
ဖြစ်ပေါ်လာစေရန်လည်း သူက တွန်းအားပေးခဲ့သည်။

သို့သော်ငြားလည်း ဖဒိုမန်းရှာသည် ကရင်အမျိုးသားရေး လှုပ်ရှားမှုတခုလုံး


ညီညွှတ်လာစေရန်အတွက် မစွမ်းဆောင်နိုင်ခဲ့ပါ။ တခါတရံတွင် သူ၏ ယုံကြည်မှုအပေါ် အပေးအယူ
လုပ်ရခက်သောသူတဦးဖြစ်သည်။ အထူးသဖြင့် စစ်အစိုးရနှင့် ပတ်သက်လာလျှင် လုံးဝ
အလျှော့အတင်း မရှိခဲ့သူဖြစ်သည်။ နိုင်ငံရေး ကိစ္စရပ် များစွာတွင်လည်း သူ၏ ပြင်းထန်သည့်
ရပ်တည်ချက်များကြောင့် မကြာခဏဆိုသလို ဝေဖန်ပြောဆိုခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။
မြန်မာလူထု၏ မိတ်ဆွေများ
Wednesday, 31 December 2008 00:00 ဧရာဝတီ

ဘားနာ့ဒ်ကုချနာ

လေဘေးသင့် ပြည်သူများ အတွက် နိုင်ငံတကာမှ သယ်ဆောင် လာပေးသော အကူအညီ များကို


မြန်မာ စစ်အစိုးရက အကြင်နာ တရားမဲ့စွာ ဟန့်တား ထားစဉ် နိုင်ငံတကာမိသားစုက လက်မှိုင်ချ၊
ဒေါသထွက် နေကြရချိန်၌ အသံတခု ရှင်းရှင်းလင်းလင်း
ထွက်ပေါ်လာခဲ့သည်။

နာဂစ် ဆိုင်ကလုန်း ဒုက္ခသည်များအတွက်


နိုင်ငံတကာက ၀င်ရောက်စွက်ဖက် ကူညီရန်
တိုက်တွန်းခဲ့သည့် ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး
ဘားနာ့ဒ် ကုချနာ (ဓာတ်ပုံ - အေအက်ဖ်ပီ)

နိုင်ငံတနိုင်ငံ၏ အစိုးရက ၎င်း၏ ပြည်သူများကို


ကာကွယ်မှုပေးရန် ပျက်ကွက်နေသည့်
အခြေအနေမျိုး၌ နိုင်ငံတကာက
ကြားဝင်ဆောင်ရွက်ရန် ခွင့်ပြုသော ကုသလမဂ္ဂ၏
ပြဌာန်းချက်အတိုင်း အရေးယူ ဆောင်ရွက်ရန်
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနာ့ဒ်ကုချနာ က
ဆော်သြောခဲ့သည်။ သူက "အကာအကွယ်ပေးရန် တာဝန်ရှိမှု" သို့မဟုတ် R2P
ဟုအတိုကောက်ခေါ်ဝေါ်ကြသော ကုလသမဂ္ဂ၏ (responsibility to protect) ဟူသည့် တာဝန်
ပြဌာန်းချက်ကိုသုံး၍ နိုင်ငံတကာက ၀င်ရောက်သင့်ပြီဟု ဆိုခဲ့သည်။

အစိုးရများက ၎င်းတို့ပြည်သူများအပေါ် လူမျိုးတုန်း သတ်ဖြတ်သုတ်သင်မှုများ၊ စစ်ရာဇ၀တ်မှုများနှင့်


လူသားမျိုးနွယ်တခုလုံးအပေါ် ဆန့်ကျင်ကျူးလွန် သော ပြစ်မှုများမှ အကာအကွယ်မပေးနိုင်ပါက
သို့မဟုတ် အကာအကွယ်ပေးလိုသော ဆန္ဒမရှိပါက နိုင်ငံတကာ အသိုင်းအ၀န်းအပေါ်တွင်
ထိုတာဝန်ကျရောက်လာ ပြီဖြစ်ကြောင်း ဤပြဌာန်းချက်က ဆိုထားသည်။ (R2P) တာဝန်ကို
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး မြန်မာနိုင်ငံတွင်းဖြစ်နေသော အကြပ်အတည်းတွင် အသုံးပြုနိုင်
သည်ဟု သူက အကြံပြု ပြောဆိုခဲ့သည်။

အရေးပေါ် အထောက်အပံ့ပစ္စည်း တန်ပေါင်းများစွာ တင်ဆောင်လာသော စစ်သင်္ဘောတစင်းကို


ပြင်သစ်နိုင်ငံက ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ စေလွှတ်ခဲ့သည်။ အမေရိကန်နှင့်
ဗြိတိန်နိုင်ငံတို့ကလည်း ၎င်း ဒေသအတွင်းသို့ သင်္ဘောများ စေလွှတ်လာခဲ့သည်။ သို့သော်
အထောက်အပံ့များသည် မြန်မာကမ်းခြေသို့ မရောက်ရှိနိုင်ဘဲ ဖြစ်ခဲ့ ရသည်။

ကုချနာက ကြားဝင်စွက်ဖက်ခဲ့ချင်သော်ငြားလည်း မြန်မာပြည်အတွက် R2P တာဝန်အတိုင်း အရေးယူ


ဆောင်ရွက်ရန် ကုလသမဂ္ဂ ထံမှ ထောက်ခံမှုမရရှိခဲ့သဖြင့် လက်တွေ့အကောင်အထည်မပေါ်ခဲ့ပါ။
(R2P) ပြဌာန်းချက်သည်လည်း အမှန်တကယ် အသုံးချရန် ဆန္ဒမရှိကြသေးသည့်
နိုင်ငံတကာမိသားစုအကြား အရာမရောက် ဖြစ်နေရသည်။

တောမတ်စ် အိုဟေး ကင်တာနာ

မြန်မာစစ်အစိုးရအား ဥပဒေ စည်းမျဉ်းများကို လိုက်နာ


ကျင့်သုံးရန် ပြောကြားခဲ့သော မြန်မာနိုင်ငံ ဆိုင်ရာ
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
တောမတ် အိုဟေး ကင်တာနာ (ဓာတ်ပုံ - အေပီ)

ဧပြီလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး


သံကိုယ်စား လှယ်တာဝန်ကို တောမတ်စ် အိုဟေး
ကင်တာနာ လွှဲပြောင်းရယူခဲ့သည်။ သူက အရှိကို
အရှိအတိုင်း မြင်တတ်သည့် လက်တွေ့သမားဟုလည်း
ဆိုရမည်။

"မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ
ပြန်လည်တည်ဆောက်ဖို့ဆိုတာ နေ့ချင်းညချင်း
မဖြစ်နိုင်ပါဘူး။ မျိုးဆက်တွေ အများကြီး အချိန်
ယူရပါလိမ့်မယ်" ဟု မစ္စတာ ကင်တာနာက
သူ့တာဝန်လက်ခံရယူပြီး နောက်တွင် ပြောဆိုခဲ့ သည်။

အာဂျင်တီးနားနိုင်ငံသား ကင်တာနာသည် စစ်အာဏာရှင်များ၏ လုပ်ဟန်ကို သိသည်။


သူ၏မိဘများက အာဂျင် တီးနားနိုင်ငံ စစ်အုပ်ချုပ်မှုအောက် ရှိနေစဉ် ကာလအတွင်း
နိုင်ငံရေးအကျဉ်းသားများ ဖြစ်ခဲ့ကြဖူးသည်။

သြဂုတ်လအတွင်း သူ၏ ပထမဆုံးသော မြန်မာပြည်ခရီးစဉ်က ပြန်လာပြီးနောက် မစ္စတာ


ကင်တာနာက “မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ လူ့ အခွင့်အရေး စံသတ်မှတ်ချက်များနဲ့အညီ
ပြည်တွင်းဥပဒေများကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့၊ ယုံကြည် မှုကြောင့်အကျဉ်းကျခံနေရတဲ့
အကျဉ်းသားအားလုံးကို မြန်မြန်ဆန်ဆန် ပြန်လွှတ်ပေးဖို့၊ စစ်တပ်ကို ပြန်လည်ပြင်ဆင်ပြီး
လူ့အခွင့်အရေး သင်တန်းပေးဖို့၊ တရားဥပဒေစိုးမိုးမှု ရှိစေဖို့နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေး
စနစ်ရှိရေးဆိုတဲ့အချက် ၄ ချက်အပေါ် အာရုံစိုက် လုပ်ဆောင်သင့်တယ်” ဟု အကြံပေး
ပြောဆိုခဲ့သည်။

ဂျော့ ဒဗလျူ ဘုရှ် နှင့်


လော်ရာဘုရှ်

အမေရိကန် သမ္မတ
ဂျော့ဘုရှ် နှင့်
ပြည်ပအခြေစိုက်
ထင်ရှားသည့်
မြန်မာ့အရေးလှုပ်ရှားသူများ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌
တွေ့ဆုံဆွေးနွေးစဉ်
(ဓာတ်ပုံ - အေအက်ဖ်ပီ)

အမေရိကန်ပြည်ထောင်စု
သမ္မတ ဂျော့ ဒဗလျူဘုရှ်က
သူ၏တိုင်းပြည်သမိုင်းတွင် လူကြိုက်အနည်းဆုံး သမ္မတတဦးအဖြစ် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင်
တာဝန်မှ အနားယူရတော့မည် ဖြစ်သော်လည်း မြန်မာနိုင်ငံ သားများ၏ အရေးကို
ဆောင်ရွက်ပေးခဲ့မှုများ ရှိခဲ့သောကြောင့် ဒီမိုကရေစီလိုလားသော လှုပ်ရှားတက်ကြွသူ
မြန်မာများအကြား သူ့ကို သတိတရ ဖြစ်နေစေဦးတော့မည်။

သြဂုတ်လက သမ္မတ ဘုရှ်သည် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ ဘန်ကောက်


နေအိမ်တွင် မြန်မာ နိုင်ငံသား လှုပ်ရှားတက်ကြွသူ ၉ ဦးကို နေ့လယ်စာ ဖိတ်ခေါ်ကျွေးမွေး ဧည့်ခံရင်း
ယခုကဲ့သို့ “သတ္တိဗျတ္တိ ပြည့်ဝ သူများ” နှင့် အတူတူ ထိုင်ခွင့်ရသည့်အပေါ်
နှစ်ထောင်းအားရဖြစ်မိပါကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

သူနောက်ဆုံး လက်မှတ်ရေးထိုးရမည့် မြန်မာပြည်ဆိုင်ရာ မူဝါဒတခုမှာ “၂၀၀၈ခုနှစ် တွမ်လန်းတော့စ်


မြန်မာ့ ကျောက်မြတ်ရတနာ ပိတ်ပင်ရေး အက်ဥပဒေ” (Tom Lantos Block Burmese JADE Act
2008) ပင် ဖြစ် သည်။ ထိုဥပဒေအရ အမေရိကန်နိုင်ငံ အတွင်းသို့ မြန်မာ့ ကျောက်မြက်များ
တင်သွင်းရောင်းချမှုကို ပိတ်ပင် ထားသည်။

ထို့ပြင် ဘုရှ်သည် ၀ါရှင်တန် အုပ်ချုပ်ရေးအတွင်း အာရှအရေး ထိပ်တန်းအကြံပေးအရာရှိဟောင်း


မိုက်ကယ် ဂရင်း ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ်နှင့် မူဝါဒဆိုင်ရာအရာရှိချုပ် ရာထူး
နှစ်ခုစလုံး အတွက် ပူးတွဲ ခန့်အပ်ခဲ့သည်။
အမေရိကန် သမ္မတ ကတော်
လော်ရာဘုရှ်နှင့် မယ်တော်ဆေးခန်း
တည်ထောင်သူ ဒေါက်တာ
စင်သီယာမောင် (ဓာတ်ပုံ - အေပီ)

သမ္မတကတော်
လော်ရာဘုရှ်သည်လည်း
မြန်မာပြည်အရေးကို သူ၏
နှလုံးသားအတွင်း ထည့်သွင်း
ဆောင်ရွက်ခဲ့သူတဦး ဖြစ်သည်။ သူ့
ကျော်ကြားမှုကို အသုံးချကာ
စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုး ဖောက်မှုများနှင့် ယခုအချိန်တွင် အကျယ်ချုပ်သက်တမ်း ခြောက်နှစ်
ရှိနေပြီဖြစ်သော နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အဖြစ်ကို
ကမ္ဘာကသိလာအောင် ဆောင်ရွက်ပေးခဲ့သည်။

သြဂုတ်လအတွင်း ခင်ပွန်းသည် သမ္မတကြီး၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါခဲ့သော


လောရာဘုရှ်သည် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ကာ ဒုက္ခသည်စခန်းကြီး ၉ ခုအနက်
အကြီးဆုံးဖြစ်သော မယ်လ ဒုက္ခသည်စခန်းနှင့် ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင်
ဖွင့်လှစ်ထားသည့် မဲဆောက်မြို့ မယ်တော် ဆေးပေးခန်းသို့ သွားရောက်လည်ပတ်
ကြည့်ရှုအားပေးခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းကြားမှ သူရဲကောင်းများ
Wednesday, 31 December 2008 00:00 ဧရာဝတီ

မြန်မာ နိုင်ငံသား အများ အပြားသည် အနှောင့် အယှက် ပေးခံရခြင်း၊ ဖမ်းဆီး ထောင်ချ ခံရမည့် အရေး
ကြားထဲမှ စွန့်စား အရဲကိုးကာ ၂၀၀၈ ခုနှစ် မေလ အတွင်းက နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်
ခံရသည့် ဒုက္ခသည် ပြည်သူများအတွက်
အထောက်အပံ့များ ကူညီပေးပို့ခဲ့ကြသည်။

နာဂစ် ဆိုင်ကလုန်း ဒုက္ခသည်များကို ကရုဏာ


တရားအပြည့်ထား၍ အနီးကပ်
ကူညီစောင့်ရှောက်နေသည့် ဆရာတော်
အရှင်ဥာဏိဿရ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

သဘာဝဘေးဒဏ်ခံ ပြည်သူ ၂ သန်းကျော်အတွက်


အစိုးရက အထောက်အပံ့များ အပြည့်အဝ
မပေးခဲ့ရုံမျှမက တရားလက်လွတ်
ဥပေက္ခာပြုနေခဲ့သဖြင့် ပိုမို နစ်နာဖွယ်ရှိနေသည့်
ပြည်သူများ သက်သာချောင်ချိရေး၊
အသက်ဆက်နိုင်ရေးတွင် ထိုကူညီသူများက
အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

လေဘေးကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများမှာ


အလွှာပေါင်းစုံမှ ပါဝင်ကြခြင်းဖြစ်သည်။ သံဃာတော်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊
သာမန်ပြည်သူများ၊ အနုပညာရှင်များ၊ ပညာတတ်များ၊ နိုင်ငံရေးအတိုက်အခံများနှင့် ဘာသာရေး
အလှူအတန်းပြုသူများ စသဖြင့် ကဏ္ဍပေါင်းစုံမှ ပြည်သူများ ဖြစ်သည်။

သီတဂူဆရာတော်ဟု လူသိများသော ဆရာတော် ရှင်ဥာဏိဿရ က ဦးဆောင်၍ မုန်တိုင်းသင့်


မြို့နယ် ၆ ခု အတွင်းရှိ ဘုန်းကြီးကျောင်း ၁,၃၀၀ ကျော်နှင့် ကျေးရွာ ၉၀၀ ကျော်
အတွက် နေရာထိုင်ခင်း အကူအညီနှင့် ရွှေ့ပြောင်းဆေးပေးခန်း အပါအ၀င်
ကယ်ဆယ်ရေးပစ္စည်းများကို စုစည်း ကူညီပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ လူသိအများဆုံး လူရွှင်တော် ကိုဇာဂနာ သည်လည်း အားကစားအယ်ဒီတား


ကိုဇော်သက်ထွေး ၏ ပူးပေါင်းကူညီမှုဖြင့် လေ ဘေးသင့် ဒေသအတွင်း အကူအညီများ ဖြန့်ဝေပေးရန်
စေတနာ့ဝန်ထမ်း ၄၀၀ ခန့် ပါဝင်သော အဖွဲ့တဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။ ၎င်းတို့၏
အားထုတ်ချက်များအပေါ် စစ်အစိုးရက မည်သို့မျှ အသိအမှတ် မပြုရုံမက ဖမ်းဆီးခြင်း၊
ထောင်ချခြင်းတို့ဖြင့် တုံ့ပြန်သည်ကိုသာ ကြုံခဲ့ရသည်။ စစ်အစိုးရက မကြာသေးမီက ကိုဇာဂနာကို
ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပြီး၊ ကိုဇော်သက်ထွေးကိုလည်း ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့သည်။

အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုံးကြိုင် သည်လည်း


ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအတွင်းသို့ ကယ်ဆယ်ရေးလုပ်သားတစုဖြင့် ခရီးသွားပြီးအပြန်တွင်
အဖမ်းခံခဲ့ရသည်။ သူ၏ လက် ထောက် ဒေါက်တာအေးကြူ က မုန်တိုင်းသင့် ပြည်သူများအတွက်
ဆေးကုသပေးခဲ့ပြီး ပြည်ပအခြေစိုက် သတင်းဌာနများသို့ မုန်တိုင်းနောက်ဆက်တွဲ အခြေအနေများကို
ပြောပြခဲ့သည်။

တန်ဖိုးမဖြတ်နိုင်သော အကူအညီများပေးခဲ့သည့် အလှူဒါနလုပ်ငန်းများအနက် တခုမှာ


အခမဲ့နာရေးကူညီမှု အသင်း ဖြစ်သည်။ ထိုအဖွဲ့သည်လည်း အာဏာပိုင် များ၏ အနှောင့်အယှက်ကို
ခံခဲ့ရသည်။

ကယ်ဆယ်ရေး အထောက်အပံ့များပေးခွင့်ရရန် ကြိုးပမ်းမှုတွင် နိုင်ငံတကာ၏ ပါဝင်မှု


အတိုင်းအတာသည်လည်း အရေးပါသော
အချက်ဖြစ်သည်။

နာဂစ် ဒုက္ခသည်များကို အသုံးအဆောင်


အစားအသောက်များ ဝေငှပေးနေသော ဗုဒ္ဓဘာသာ
သံဃာတပါး (ဓာတ်ပုံ - အေအက်ဖ်ပီ)

နာဂစ်ဆိုင်ကလုန်းတိုက်ခတ်ပြီး ရက်သတ္တပေါင်းများစွာ
ကြာသည်အထိ ကယ်ဆယ်ရေး လုပ်သားများသည်
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စုရုံးနေခဲ့ကြပြီး
မြန်မာနိုင်ငံသို့ ၀င်ခွင့်ရမည့်အရေးကို
စောင့်ဆိုင်းနေခဲ့ကြရသည်။ တချို့က အလည်အပတ်
ခရီးသွား ဗီဇာဖြင့် တိုင်းပြည်အတွင်းသို့ ၀င်ရောက်၍
ကူညီနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း မုန်တိုင်းသင့်ဒေသများဆီသို့ အသွား
စစ်ဆေးရေးဂိတ်များမှ မောင်းထုတ်သဖြင့် ပြန်လှည့်လာ ခဲ့ကြရသည်။

တချိန်တည်းတွင် တိုင်းပြည်အတွင်း ရှိနေပြီးသားဖြစ်သည့် အနည်းငယ်မျှသော နိုင်ငံတကာအန်ဂျီအို


အဖွဲ့အစည်း များကလည်း လက်ရှိလုပ်ကိုင်နေသည့် စီမံကိန်းများ၏ အရင်းအမြစ်များကို အကူအညီ
ပိုမို လိုအပ်နေသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ အသက်ရှင်ကျန်ရစ်သူများထံသို့ လွှဲပြောင်းပေးပို့
ခဲ့ကြသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ နေပြည်တော် ခရီးစဉ် အပြီး


မေလကုန်ပိုင်း တွင်မှ စစ်အာဏာပိုင်များက နိုင်ငံခြားမှအကူအညီများကို ကျယ်ကျယ်ပြန့်ပြန့်
ပါဝင်ခွင့်ပေးရန် သဘောတူ ခဲ့ကြသည်။

နောက်ဆုံးတွင် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှု အောက်မှတဆင့် ပိုမိုကျယ်ပြန့်သော


အကူအညီပေး ရေး လုပ်ငန်းများကို မုန်တိုင်းသင့်ဒေသအတွင်း စတင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို
သုံးပွင့်ဆိုင် အုပ်စုတွင် ကုလသမဂ္ဂအဖွဲ့၏ ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း
(အာဆီယံ) နှင့် မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်များဦးဆောင်ကာ နိုင်ငံတကာ အိုင်အန်ဂျီအိုများမှ
ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

အခြေကျ အောင်မြင်နေပြီးသား နိုင်ငံတကာ အန်ဂျီအို တော်တော်များများသည်လည်း


အကူအညီပေးရေး လုပ် ငန်းများတွင် အဓိက အခန်းကဏ္ဍမှ ဆက်လက် ပါဝင်လုပ်ဆောင်နေဆဲ
ဖြစ်သည်။

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး၊ နယ်စည်းမခြား


ဆရာဝန်များအဖွဲ့ (MSF) မှ ဆန်အိတ်များ ဝေငှ နေစဉ်

၁၉၉၂ ခုနှစ်တွင် မြန်မာပြည်၌ စတင်လုပ်ကိုင်နေသော


နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က
ယခုနှစ်ကုန် အထိ မြစ်ဝကျွန်းပေါ်ဒေသအတွင်း
ဆက်လက်ရှိနေမည်ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအတွင်းတွင် အကြီးဆုံး သော နိုင်ငံတကာ
အန်ဂျီအိုတခုဖြစ်သည့် Save the Children
အဖွဲ့ကလည်း ၎င်း၏ လုပ်ငန်းများ နှစ်ပေါင်းများ စွာ
ဆက်လက်လုပ်ဆောင်ရလိမ့်ဦးမည်ဟု ဆိုခဲ့သည်။

ဗြိတိန်အခြေစိုက် ဆေးဝါးအလှူရှင်အဖွဲ့တခု ဖြစ်သည့်


မာလင်း ကဲ့သို့သော နိုင်ငံတကာ အန်ဂျီအိုများသည်
မြန်မာနိုင်ငံအတွက် အသစ် ဖြစ်နေသေးသည်ဟု
ဆိုရမည် ဖြစ်သည်။ မြန်မာပြည်အတွင်း ၂၀၀၄ ခုနှစ်မှ စတင်၍ လုပ်ဆောင်ခဲ့သည့် မာလင်း အဖွဲ့၏
ကျန်းမာရေးလုပ်သား ၅၅၀ အနက် ၉၅ ဦးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင်
နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။
အနုပညာမှသည် ချစ်ခြင်း မေတ္တာသို့
Wednesday, 31 December 2008 00:00 ဧရာဝတီ

Iron Cross Band (IC) — IC ဟု လူသိများသော မြန်မာနိုင်ငံ၏ ထိပ်တန်း ရော့ဂီတ တီးဝိုင်းသည် ၁၇


နှစ်တာ ကြာပြီ ဖြစ်သော်လည်း အောင်ပွဲ ခံနေဆဲပင် ဖြစ်သည်။

ကွယ်လွန်သူ ပြိုင်စံရှား ဂစ်တာကျော်တဦးဖြစ်သည့် ခရစ်ယာန်ဘာသာဝင် ကရင်အမျိုးသား


စောဘွဲ့မှူး ဦးဆောင်ခဲ့ပြီး ဂီတပညာရှင် ၅ ဦးဖြင့် ၁၉၉၁ ခုနှစ်တွင် တီးဝိုင်းကို စတင်တည်
ထောင်ခဲ့သည်။ ထိုစဉ်က နိုင်ငံခြားသံစဉ် သီချင်းများကို မြန်မာစာသားများ ထည့်သွင်း သီဆိုသော
ကော်ပီ သီချင်းများကိုသာ အဓိကထား တီးခတ်ခဲ့သည်။ သို့သော် မောင်မောင်ဇော်လတ်၊ အယ်လ်ဖြူ
စသော သီချင်းရေး ဆရာများ က မက်တယ်လစ်ကာ ကဲ့သို့သော လူကြိုက်များသည့်
အမေရိကန်တီးဝိုင်း သီချင်းများအပေါ် မှီခိုထားနေရမှုမှ လွတ်မြောက်စေခဲ့သည်။ သူတို့၏
ကိုယ်ပိုင်သံစဉ်
သီချင်းများနှင့်
လူအများအထင်ကြီး
လေးစားမှုကို ရရှိစေခဲ့သည်။

ရန်ကုန်မြို့တွင် နာဂစ်
ရန်ပုံငွေ ပွဲဖျော်ဖြေခဲ့သော
နာမည်ကြီး အိုင်စီ
တေးဂီတအဖွဲ့

IC ကို စတင်တည်ထောင်စဉ်ကပင် ပါဝင်ခဲ့ကြသူများမှာ လိဒ်ဂစ်တာသမား ကိုချစ်စမ်းမောင်၊


ဘေ့စ်ဂစ်တာ တီးခတ်သူ ကိုခင်မောင်သန့်၊ ကီးဘုတ်တီးသမား ကိုဗညားနိုင်နှင့် ဒရမ်တီးခတ်သူ
ကိုခရမ်း တို့ဖြစ်ကြသည်။

နောက်ပိုင်းတွင် တီးဝိုင်းအင်အားကို တိုးချဲ့ခဲ့သည်။ ပင်တိုင်အဆိုရှင် လေးဖြူ ပူးပေါင်းပါဝင်


လာခဲ့ပြီးနောက်ပိုင်း အချိန်တိုတိုအတွင်း အောင်မြင်မှုများ တိုး၍ ရရှိလာခဲ့သည်။ သို့သော်
ကိုလေးဖြူသည် ၂၀၀၆ ခုနှစ် စင်တင် ဂီတတင်ဆက်မှုအပြီးတွင် စင်မြင့်ဖျော်ဖြေပွဲများမှ
ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့ကာ ၂၀၀၈ ခုနှစ် သြဂုတ်လတွင်မှ အိုင်စီ၏
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ရန်ပုံငွေပွဲတွင်မှ ပြန်လည်ပေါ် ထွက်လာခဲ့သည်။ ၂ နှစ်ကြာ
သူ၏တိမ်မြုပ်နေမှုနှင့် ပတ်သက်၍ မည်သည့်ဖြေရှင်းချက်မှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိခဲ့ပေ။

နာဂစ်ရန်ပုံငွေပွဲအတွက် ပြုလုပ်သော သုဝဏ္ဏဘောလုံးကွင်း တေးဂီတတင်ဆက်မှုတွင် လူပေါင်း


ငါးသောင်းနီးပါး ခန့် လာရောက်ပြီး ကွင်းတကွင်းလုံး ပြည့်လျှံသွားခဲ့သည်။ မြန်မာနိုင်ငံတွင် တခါမှ
မတွေ့ဘူးသော အကြီးဆုံး တင် ဆက်မှု ဖြစ်သည်။ ထိုအစီအစဉ်တွင် လေးဖြူနှင့်အတူ
တခြားလူကြိုက်များ ရော့ခ်ဂီတ အဆိုတော်များ ဖြစ်ကြ သော အငဲ၊ မျိုးကြီးနှင့် ၀ိုင်ဝိုင်းတို့လည်း
ပါဝင်ဆင်နွှဲခဲ့ကြသည်။

သီးလေးသီး နှင့် ဆေးရောင်စုံ

၂၀၀၈ ခု ဇန်န၀ါရီ လအတွင်းက


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဖျော်ဖြေပွဲတွင်
တွေ့ရသော သီးလေးသီးနှင့်
ဆေးရောင်စုံ အငြိမ့် (ဓာတ်ပုံ -
ဧရာဝတီ)

သီးလေးသီး နှင့် ဆေးရောင်စုံ


အငြိမ့်သဘင်အဖွဲ့သည်လည်း နိုင်ငံ
တကာခရီးစဉ်များ စီစဉ်ကာ
ကမ္ဘာတ၀န်းရှိ မြန်မာလူမျိုးများ၏
အသည်းနှလုံးကို ဟာဒယရွှင်ဆေး
တိုက်ကျွေးခဲ့သည်။ သီးလေးသီးအငြိမ့်ကို သဘောကျ နှစ်ခြိုက်သူ နိုင်ငံတော်တော်များများမှ
ပရိသတ်များ ရှေ့မှောက်တွင် ဟာသ ပြက်လုံးများ၊ ရိုးရာအကများဖြင့် အသုံးတော် ခံခဲ့ကြသည်။

ဂေါ်ဇီလာ၊ စိန်သီး၊ ပန်းသီး၊ ကြယ်သီးနှင့် ဇီးသီးဟူသော အမျိုးသား လူရွှင်တော် ငါးဦး၊ မြစပယ်ငုံနှင့်


ချောစုမျိုး ဟူသော အမျိုးသမီး အကပညာရှင်နှစ်ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုအငြိမ့်သည်
မြန်မာစစ်အစိုးရကို ပြက်လုံးထုတ် ခဲ့သည့်အပြင် သရော်သည့် ပြကွက်များကြောင့်လည်း
အထူးလူသိများလှသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် သီးလေးသီးအငြိမ့်က ရန်ကုန်မြို့၊


ကန်တော်ကြီးပန်းခြံအတွင်းရှိ မျှော်စင်ကျွန်း၌ ကပြ ဖျော်ဖြေခဲ့သည်။ သူတို့ကို အာဏာပိုင်များက
ဇာတ်ခုံပေါ်တွင် နိုင်ငံရေးပြက်လုံးများ မထုတ်ပါဟူ၍ အာမခံချက် လက်မှတ်ရေးထိုးခိုင်းခဲ့သော်လည်း
စက်တင်ဘာလ ဆန္ဒပြသံဃာတော်များအပေါ် စစ်အစိုးရ၏ ရက် ရက်စက်စက် ဖြိုခွင်းခဲ့မှုများကို
ဖော်ပြအရွှန်းဖောက်ခဲ့သည့် သူတို့၏ ဇ၀နဉာဏ်ကိုတော့ အာဏာပိုင်များကမဟန့် တားနိုင်ခဲ့ပေ။
ထိုပွဲအတွက် ထုတ်လုပ်သော VCD အခွေသည် အလွန်အောင်မြင်ခဲ့ သဖြင့် အာဏာပိုင်များက
ချက်ချင်းဆိုသလို တားမြစ်ပိတ်ပင်ခဲ့ရသည်။

အချိန်တိုတိုအတွင်းမှာပင် ယင်း VCD အခွေသည် တိုင်းပြည်၏ နယ်နိမိတ်ကို ကျော်ဖြတ်၍ ပြည်ပသို့


ခြေဆန့်သွား ခဲ့သည်။ သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့်အဖွဲ့ကို ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊
စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံများရှိ မြန်မာအသိုင်းအ၀န်းက
သူတို့ရောက်ရှိနေသည့် နိုင်ငံများတွင် လာရောက် ကပြဖျော်ဖြေရန် ဖိတ်ကြားခဲ့ကြသည်။
၎င်းတို့၏ ပြက်လုံးများသည် မြန်မာနိုင်ငံ၏ လမ်းမများပေါ်တွင် လက်တွေ့ဖြစ်ပေါ်နေသော
အဖြစ်အပျက်များကို အခြေခံထားခြင်း ဖြစ်ပြီး ပြည်သူလူထု၏ စစ်မှန်သော အသံများကို
ထပ်ဆင့်ဖေါ်ထုတ်ပေးခြင်း ဖြစ်သည်ဟု အငြိမ့်အဖွဲ့ဝင်များက ဆိုခဲ့သည်။

“လူထုပြောနေတဲ့အသံတွေကို ကျနော်တို့ နားထောင်မယ်။ ပြီးရင် သူတို့ရဲ့ဘ၀တွေကို ကျနော်တို့က


ပြန်ပြီး ထင်ဟပ်ပေးမယ်” ဟု ဂေါ်ဇီလာက ပြောခဲ့သည်။

နေတိုး

နာဂစ် ဒုက္ခသည်များကို ငွေကြေးဖြင့် ကူညီပါဝင်ခဲ့သူ


ရုပ်ရှင်သရုပ်ဆောင် နေတိုး

ရုပ်ဖြောင့်ဖြောင့်၊ ခန္ဓာကိုယ် ပြေပြေပျစ်ပျစ်ရှိပြီး


အမျိုးသမီးများအကြား ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်
ဖြစ်နေသော ရခိုင်အမျိုးသား ရုပ်ရှင်သရုပ်ဆောင်
နေတိုးကလည်း သူ၏ နောက်ထပ်ရိုက်မည့်
ရုပ်ရှင်ကားကို နာဂစ် မုန်တိုင်းသင့်ပြည်သူများ
ရန်ပုံငွေအတွက် ရည်ရွယ်ထားသည်ဟု ဆိုသည်။
"ရောရောရှိ" ဟု အမည်ရသော ထို ရုပ်ရှင်ကားကို
မြန်မာ့ရုပ်ရှင်လောက၏ အကျော်အမော်
ဒါရိုက်တာတဦး ဖြစ်သူ ညွှန့်မြန်မာ ညီညီအောင်က
ရိုက်ကူးမည် ဖြစ်သည်။

နာဂစ်ဆိုင်ကလုန်းတိုက်ခိုက်သော အချိန်တွင်
နေတိုးတယောက် ရုပ်ရှင်ရိုက်ကူးခြင်းလုပ်ငန်းဖြင့်
အလုပ်ရှုပ်နေရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းသင့် ပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ကျ
မရောက်နိုင်ခဲ့သည့်အပေါ် ယခုတိုင် နောင်တရ စိတ်မကောင်းဖြစ်နေသေးသည်ဟု ဆိုသည်။ သို့သော်
အကူအညီပေးရေးလုပ်ငန်းများ အတွက် ကျပ်ငွေ ၃၈ သိန်းကို သူ လှူဒါန်းခဲ့သည်။

“အဲဒီအချိန်တုန်းက ကျနော် အရမ်းကို စိတ်ထိခိုက်ခဲ့ပါတယ်။ မုန်တိုင်းသင့် ပြည်သူတွေကို


ကျနော်အတတ်နိုင် ဆုံး ကူညီချင်တယ်ဗျာ” ဟု သူကပြောခဲ့သည်။

၂၀၀၈ ခုနှစ်တွင် သရုပ်ဆောင်နေတိုးက "သရဖီ " နှင့် "ဇော်က ကနေသည်" အမည်ရ ရုပ်ရှင်ကားကြီး
နှစ်ကား ရိုက်ကူး ပြီးစီးခဲ့သည်။ အနည်းဆုံး အကယ်ဒမီဆု တဆုတော့ ဆွတ်ခူးရရှိလိမ့်မည်ဟု
ပရိသတ်က သူ့ကို မျှော်လင့်နေကြသည်။
နုနုရည် (အင်းဝ)

စာရေး ဆရာမ နုနုရည် [အင်းဝ] (ဓာတ်ပုံ - ဧရာဝတီ)

နှစ်တနှစ်၏ သြဂုတ်လတိုင်းတွင်
မြန်မာပြည်အနှံ့အပြားမှ လူများက မန္တလေးမြို့နှင့် ၁၄
ကီလိုမီတာခန့် ဝေးသည့် တောင်ပြုံးကျေးရွာရှိ
မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အစည်ကားဆုံး
နတ်ပွဲသဘင်သို့ သွားရောက် ပျော်ပါးလေ့ ရှိကြသည်။
မြန်မာတို့၏ ရှေးရိုးအစဉ်အလာ ပုံပြင်များတွင်လည်း
နတ် သို့မဟုတ် ရှေးဟောင်း ၀ိညာဉ်များဖြင့်
ထုံးမွှမ်းနေကြသည်။ အလားတူ မြန်မာများသည်
မိရိုးဖလာ ယုံကြည်မှုများဖြင့် ရှေးပဝေသဏီကပင်
ကြီးပြင်းလာသော လူမျိုးများဟု ဆိုနိုင်သည်။
တချို့သော မြန်မာအသိုင်းအ၀န်းများကမူ
နတ်ကိုးကွယ်မှုသည် မြန်မာနိုင်ငံ၏ ဂုဏ်ယူ
ဖွယ်ယဉ်ကျေးမှုအမွေ တစိတ်တပိုင်း ဖြစ်သည်ဟုပင်
ဆိုနေကြသည်။

ဤနတ်ပွဲတော်အကြောင်းနှင့် မြန်မာနိုင်ငံ၏ လိင်တူချစ်သူများ အကြောင်း ဆွဲဆောင်မှုရှိစွာ


ရေးသားထားသည့် ၀တ္ထုတအုပ် ပေါ်ထွက်လာခဲ့သည်။ ၎င်းနတ်တို့နှင့် ထိမ်းမြား ထားကြသည့်
လိင်တူစုံမက်သူများ၏ နတ်ပွဲတော် အကြောင်း ချယ်မှုန်းထားသော ၀တ္ထုစာအုပ်အသစ်တအုပ်က
မြန်မာအာဏာပိုင်များအဖို့ တမျိုးမြင်ဖွယ်ပင် ဖြစ်သည်။ သူတို့က အမျိုးသားဂုဏ်သိက္ခာ
ထိခိုက်စေသည်ဟု လည်း မြင်လျှင်မြင်ကြလိမ့်မည်။

“အာဏာပိုင်တွေက ဒီဇာတ်လမ်းဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ရော၊ မြန်မာယဉ်ကျေးမှုနဲ့ပါ


ဆန့်ကျင်တယ်တဲ့” ဟု "ပြုံး၍လည်း ကန်တော့ခံပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ"
စာအုပ်ရေးသားရန် အတွက် သုံးနှစ်ကြာ သုတေသန ပြုခဲ့ရသူ စာရေးဆရာမ နုနုရည် (အင်းဝ) က
ဆိုသည်။

“လိင်တူဆက်ဆံတာကို မြန်မာနိုင်ငံမှာ တရားဝင် တားမြစ်ထားပါတယ်” ဟု သူက ပြောပြခဲ့သည်။

လိင်တူချစ်သူ နတ်ကတော်နှင့် မြန်မာလူငယ်တဦးအကြား ချစ်ကြိုးသွယ် ဆက်နွယ်ပုံကို


ဖေါ်ကြူးထားသော သူ ၏ ၀ထ္ထုစာအုပ်က ၂၀၀၇ ခုနှစ် အာရှစာပေဆု ရရှိခဲ့သည်။ ထို့အပြင်
အင်္ဂလိပ်ဘာသာသို့ပြန်ဆိုကာ Hyperion အမည်ဖြင့် ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
စာရေးဆရာမ နုနုရည်ကို ၁၉၅၇ ခုနှစ်တွင် မန္တလေးမြို့အနီး အင်းဝကျေးရွာတွင် ဖွားမြင်ခဲ့သည်။
၁၉၈၄ ခုနှစ်တွင် စာပေလော က အတွင်းသို့ သူ စတင်ချင်းနင်း ၀င်ရောက်လာသည့်အချိန်မှ စ၍
ဝတ္ထုရှည်ပေါင်း ၁၅ အုပ်၊ ၀တ္ထုတိုပေါင်း ၁၀၀ ကျော်နှင့် နာမည်ကြီး မြန်မာမဂ္ဂဇင်းများတွင် ဆောင်းပါး
မြောက်များစွာ ရေးသားခဲ့သည်။ ဆရာမနုနုရည်၏ ရေး သားမှုများသည် မြန်မာနိုင်ငံ ကျေးလက်နေ
ဆင်းရဲသားများအကြားရှိ ဘ၀များနှင့် လူ့အဖွဲ့အစည်းများမှ အပယ်ခံထားရသူများ၏
အကြောင်းများကို တင်ပြထားချက်များ ဖြစ်ကြသည်။

ကြည်ဖြူသျှင်

မကြသေးခင်က နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ကားတိုဆု


ရရှိထားသော ဒါရိုက်တာ ကြည်ဖြူသျှင်

အသက် ၃၂ နှစ်အရွယ် ဒါရိုက်တာ ကြည်ဖြူသျှင်သည်


အမျိုးသားပထ၀ီဝင် အဖွဲ့ကြီး (National Geographic
Society) က အမေရိကန် ပြည်ထောင်စုတွင်
ပြုလုပ်သော All Roads Film Festival ရုပ်ရှင်ပွဲတော်မှ
ချီးမြှင့်သည့် “အတိုဆုံး မှတ်တမ်းရုပ်ရှင်
အကောင်းဆုံးဆု” ကို ဆွတ်ခူးခဲ့သည်။ ထို့ကြောင့်
သူ့ကို မြန်မာ့မှတ်တမ်းတင် ရုပ်ရှင်ကို လူသိအောင်
ဆောင်ရွက်နိုင်ခဲ့သူ အဖြစ် ၂၀၀၈ ခုနှစ်တွင်
မှတ်တမ်းတင်ထားရန် အကြောင်း ရှိလာခဲ့သည်။
ငွေကြေးအကန့်အသတ်၊ ဗွီဒီယို ကင်မရာငယ်တလုံးနှင့်
နည်းပညာ အကူအညီ အနည်းငယ်သာ ရရှိခဲ့သော
ကြည်ဖြူသျှင်သည် မြန်မာ့ပန်းချီဆရာ ၀သုန်၏ ဘ၀ကို
"၀သုန်၏ ကောက်ကြောင်း" အမည်ဖြင့် ၁၄ မိနစ်တာ
မှတ်တမ်းဇာတ်ကားတခု ဖန်တီး ရိုက်ကူးခဲ့သည်။

မယ်သီလရှင်တဦး၏ ဘ၀အကြောင်းကို ချယ်မှုန်းထားသည့် "ငြိမ်းချမ်းသောစိတ်" ဟူသော


မှတ်တမ်းကား အပြီး တွင် ယခု မှတ်တမ်းတင်ကားသည် ဒုတိယမြောက် ၀င်ရောက်ယှဉ်ပြိုင်သော
မှတ်တမ်းကား တကား ဖြစ်သည်။ တတိယမြောက်အနေဖြင့် ရုပ်သေးဆရာတဦး၏
ဘဝနှင့်အနုပညကို တင်ပြရန် စီစဉ်နေသည်ဟုလည်း ဆိုသည်။

နာမည်ကြီး ပန်းချီဆရာတဦးဖြစ်သော ပန်းချီဝသုန် (အမည်ရင်း ဦးခင်လှ) ၏ ကောက်ကြောင်း မှတ်


တမ်းတင်ရုပ်ရှင်တွင် ပန်းချီဆရာက သူ့ဘ၀နှင့် အနုပညာဆိုင်ရာ အမြင်များကို ပြောဆိုထားသည်။
ဝါရှင်တန်ဒီစီ တွင် ကြည်ဖြူသျှင်က ဤဇာတ်ကားအတွက် ဆုလက်ခံအပြီး ရက်သတ္တပတ်
အနည်းငယ်အကြာ၊ အောက်တိုဘာ လ ၂၁ ရက်နေ့တွင် ပန်းချီဆရာ ၀သုန် ကွယ်လွန်သွားခဲ့သည်။

ဦးထွန်းလွင်

မြန်မာနိုင်ငံ၏ မိုးလေ၀သနှင့် ပတ်သက်ပြီး နာဂစ်


မုန်တိုင်း မတိုင်မီ ကာလအထိ ယုံကြည်အားထားရသူ
ဦးထွန်းလွင် (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန


အကြီးအကဲဖြစ်သူ ဦးထွန်းလွင်သည် မြန်မာနိုင်ငံတွင်
လူသိ အများဆုံးသော မိုးလေ၀သ ကြေညာသူတဦး
ဖြစ်ပြီး သူ၏ နောက်ဖြစ်ပေါ်လာနိုင်သော
ညစဉ်မိုးလေ၀သ ခန့် မှန်းချက်များကြောင့်
ယုံကြည်အားထားမှု ခံရသူတဦးလည်း ဖြစ်သည်။

သို့သော် နာဂစ်ဆိုင်ကလုန်း မတိုက်မီ ကာလအထိပင်


သူ့အပေါ် ယုံကြည်ကိုးစား နိုင်ခဲ့ကြသည်။ မေလ ၂
ရက်နေ့နှင့် ၃ ရက်နေ့ သဘာဝကပ်ဘေး အန္တရာယ်
ကျရောက်ခါနီး ရက်ပိုင်း၊ နာရီပိုင်းအထိ ဦးထွန်းလွင်၏
အသံလွှင့်ချက်များတွင် မြန်မာနိုင်ငံသို့
အန္တရာယ်ကြီးမားလှသော
ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ခြင်းနှင့် ပတ်သက်သည့် သတိပေးချက် တစုံတရာ မပါရှိခဲ့ပေ။
အိန္ဒိယနှင့် ထိုင်းနိုင်ငံများမှ မိုးလေ၀သပညာများရှင်များက အချိန်နှင့်အမျှ သတိပေးချက်များ ထုတ်
ပြန်ခဲ့ကြသော်လည်း မြန်မာ့ရုပ်မြင်သံကြားတွင်၊ မြန်မာ့သတင်းတွင်မူ ကြွင်းကျန်နေခဲ့သည်။

မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနနှင့် နီးစပ်သော ယုံကြည်ရသည့် သတင်းများ၏ အဆိုအရ


ဦးထွန်းလွင်က ဆိုင် ကလုန်း ၀င်ရောက်လာမည့် သတင်းအချက်အလက်များကို နေပြည်တော်ရှိ
အစိုးရထံသို့ ပေးပို့ခဲ့သော်လည်း အခြေခံဥပဒေ ဆန္ဒခံယူပွဲမတိုင်ခင်တွင် မငြိမ်သက်မှုများ
ဖြစ်နိုင်သည်ကို စိုးရိမ်သဖြင့် မုန်တိုင်းသတင်းကို ထုတ်ဖော်မပြောဆိုရန် နေပြည်တော်က သူ့ကို
ညွှန်ကြားခဲ့သည်ဟု ဆိုကြသည်။

“မုန်တိုင်းအဆိုးရွားဆုံး ခံခဲ့ရတဲ့နေရာတွေမှာ နေထိုင်သူ လူအများစုကို ဆိုင်ကလုန်း


ဝင်ရောက်လာမှာနဲ့ ပတ် သက်လို့ ကြိုတင်သတိပေးခဲ့ပါတယ်” ဟု ဦးထွန်းလွင်က ဆိုခဲ့သည်။
“ပြဿနာက ဘာလဲဆိုတော့ ဆိုင်ကလုန်း တိုက်ရင် ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့
လူထုအကြားမှာ ဘာမှ ပြည့်ပြည့်၀၀ မသိကြဘူး၊ ဗဟု သုတ မရှိခဲ့ကြဘူး” ဟု သူက ပြောဆိုခဲ့သည်။
သူ၏ မိုးလေ၀သခန့်မှန်းချက်ကို လိုက်နာသောသူ အများစုက အစိုးရသည် ဆိုင်ကလုန်းအန္တရာယ်ကို
သိလျှက် နှင့် သဘာဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် အစီအစဉ်ကို ရည်ရွယ်ချက်ရှိရှိဖြင့်
ပြင်ဆင်ခြင်း မပြု ခဲ့ဟု အဓိပ္ပာယ် ကောက်ယူခဲ့ကြသည်။
မြန်မာ့ နျူကလီးယားဝှက်ဖဲ
Friday, 13 July 2007 07:00

ရုရှနိုင်ငံ အဏုမြူစွမ်းအင်အေဂျင်စီ Rosatom ၏ အကူအညီဖြင့် ၁၀


မီဂါဝပ်အင်အားရှိ အဏုမြူဓါတ်ပေါင်းဖို တလုံး တည်ဆောက်ရန်
အစီအစဉ်ကို မြန်မာစစ်အစိုးရက အတည်ပြုလိုက်ခြင်းကြောင့်
မြန်မာ့အရေး လေ့လာ အကဲဖြတ်နေ သူများအကြားတွင် ထိတ်လန့်မှု၊ စိုးရိမ်ပူပန်မှုများကို
ဖြစ်ပေါ်စေခဲ့ပါသည်။

နိုင်ငံတကာမှ ဖယ်ကျဉ်ထားမှုနှင့် ပိတ်ဆို့ခြင်းများ ရင်ဆိုင်နေရသော နေပြည်တော်ရှိ စစ်အစိုးရက


အဏုမြူဓာတ် ပေါင်းဖိုကို “ငြိမ်းချမ်းသောကိစ္စများအတွက် သက်သက်သာ” အသုံးချရန် ရည်ရွယ်၍
တည်ဆောက်ခြင်းဖြစ်သည် ဟု အခိုင်အမာ ပြောဆိုနေသည်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလတွင်
ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးခင်မောင် ၀င်းက မြန်မာနိုင်ငံသည်
ငြိမ်းချမ်းစွာအသုံးချရေးရည်မှန်းချက်အတွက် အဏုမြူလောင်စာအပေါ် စိတ်ဝင်စားမှုသည်
ရှေးယခင်ကာလများ ကတည်းက ရှိနေခဲ့သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။

သို့သော်လည်း မြန်မာပြည်တွင်းနှင့် ပြည်ပရှိ အင်အားစုများအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းကမူ


ဤအာမခံချက်ကို သံသယဖြင့်သာ စောင့်ကြည့်နေဆဲ ဖြစ်သည်။

ဤသံသယကို အခြားအချက်များကလည်း အားဖြည့်ပေးပြန်သည်။ ရိုဆာတွမ် Rosatom


အာဏာပိုင်များ၏ အဆိုအရ ယူရေနီယမ် ၂၃၅ (Uranium 235) ၂၀ ရာခိုင်နှုန်းထက်လျော့နည်း၍
လောင်စာပေးရန် လိုအပ်သော ၁၀ မီဂါဝပ် အဏုမြူ ဓာတ်ပေါင်းဖိုသည် မြန်မာနိုင်ငံ၏
နျူကလီးယားရူပဗေဒ၊ ဇီဝ-သိပ္ပံနည်းပညာ၊ ရုပ်ဝတ္ထုသိပ္ပံ သုတေသနလုပ်ငန်းများအတွက်
အထောက်အကူဖြစ်စေပြီး ဆေးဝါးပေါင်းများစွာ ထုတ်လုပ်ရာတွင်လည်း
အထောက်အကူဖြစ်စေမည်ဟု ဆိုခဲ့ကြပါသည်။ လုပ်ငန်းစီမံကိန်းဆိုင်ရာအသေးစိတ် ပထမအဆင့်
ဆွေးနွေးပွဲ များ စတင်နေပြီဖြစ်ပြီး နောက်ထပ် ဆွေးနွေးပွဲများကိုလည်း ယခုနှစ် ဒုတိယပိုင်းတွင်
ဆက်လက်ဆွေးနွေးရန် ပြင်ဆင်ထားကြပါသည်။

နျူကလီးယားစွမ်းအင်ထုတ်လုပ်လိုသော မြန်မာနိုင်ငံ၏ စိတ်ဝင်စားမှုသည် အသစ်အဆန်းတော့


မဟုတ်ပေ။ ၁၉၅၀ ခုနှစ် များကပင် ပြည်ထောင်စုမြန်မာနိုင်ငံအဏုမြူစွမ်းအင်ဌာန (UBAEC) ကို
တည်ထောင်၍ ဦးလှညွန့်အား ဦးဆောင်စေခဲ့ ပါသည်။ ဦးလှညွန့်သည် ၁၉၄၉ ခုနှစ်တွင်
နိုဘဲလ်ဆုချီးမြှင့်ခံခဲ့ရသော နာမည်ကျော် ဂျပန် လူမျိုး ရူပဗေဒပညာရှင် ဟိုင်ဒီကီ ယူကာဝါ (Hideki
Yukawa) ထံတွင် ဆည်းပူးလေ့လာခဲ့သည့် ကျောင်းသား တဦး ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစမ်းအင်ဌာန (UBAEC) သည် လူငယ်များ၊ ထူးချွန်သော


ရူပဗေဒပညာရှင်များကို စုစည်း၍ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့
နောက်ထပ်လေ့လာမှုများပြုလုပ်ရန် စေလွှတ်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ်တွင်
အမေရိကန်စွမ်းအင်ဝန်ကြီးဌာန၏ အကြီးဆုံးသုတေသနဌာနများအနက်မှ တခုဖြစ်သော အာဂိုနဲ
အမျိုးသား ဓာတ်ခွဲခန်း (Argonne National laboratory) တွင် အနည်းဆုံး ခြောက်ဦး လေ့လာခွင့်ရခဲ့
ပါသည်။

ထိုကာလများတွင် မြန်မာနိုင်ငံသည် အိမ်နီးနားချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နျူကလီးယား


လုပ်ငန်းတွင်များစွာ ရှေ့တန်း ရောက်ရှိနေခဲ့ပါသည်။ ၁၉၆၀ ခုနှစ် အစောပိုင်းကာလများတွင်ပင်
ရန်ကုန်မြို့လှိုင်တက္ကသိုလ် ကျောင်း ပရ၀ဏ်အတွင်း၌ အဏုမြူသုတေသန ဓာတ်ပေါင်းဖိုတခု
တည်ဆောက်ရန်အတွက် နေရာလျာထား သတ်မှတ်ခဲ့ဖူးပါသည်။

၁၉၆၂ ခုနှစ်၌ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းအပြီးနောက်ပိုင်းတွင် (UBAEC) သည်


ရပ်ဆိုင်းအသက်မဲ့ သွားခဲ့ရပါသည်။ ဗိုလ်ချုပ်ကြီးက သူ၏ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”
ထူထောင်ရေးအတွက် အလုပ်ရှုပ်နေခဲ့သလို ကြီးမားသည့် ခြိမ်းခြောက် မှုဖြစ်နေသော
ကွန်မြူနစ်သူပုန်များနှင့် တိုင်းရင်းသားလက်နက်ကိုင်သူပုန်များ၏ရန်ကို တန်ပြန်တိုက်ခိုက်ရန်အတွက်
သူ၏အာဏာအုတ်မြစ်ကို အခြေခိုင်အောင် တည်ဆောက်နေရင်းဖြင့် အချိန်ကုန်နေသော
ကာလဖြစ်သည်။ ၎င်းတို့ထက် ပို၍အရေးကြီးသောအချက်မှာ အာဏာရှင်ဗိုလ်ချုပ်ကြီးက ဦးလှညွှန့်ကို
မယုံကြည်ခြင်း ဖြစ်သည်။

၁၉၈၄ ခုနှစ် ညစာစားပွဲ တခုတွင် တက္ကသိုလ်ပါမောက္ခများအား ၎င်းလုပ်ငန်းကို


အဆုံးသတ်ခဲ့ခြင်းကြောင့် သူ့အနေဖြင့် အမှားတခုကို ကျူးလွန်မိခဲ့သည်ဟု ဦးနေ၀င်းက
ဝန်ခံခဲ့ပါသော်လည်း မြန်မာ့အဏုမြူစီမံကိန်းသည် ဤသို့ဖြင့် တိမ်မြုပ် သွားခဲ့ရတော့သည်။

လက်ရှိစစ်အစိုးရက ၎င်းအဏုမြူစီမံချက်ကို ပြန်လည်ဆန်းသစ်လာစေခဲ့သည်။ ၁၉၅၀ ခုနှစ်များတွင်


ဦးလှညွှန့်၏ ကျောင်းသားတဦးဖြစ်သော ရခိုင်လူမျိုးပါမောက္ခ ဦးသိန်းဦးဖိုးစောက ၁၉၉၀ ခုနှစ်တွင်
အဏုမြူစွမ်းအင် ကော်မတီအား အသစ်ပြန်လည်မွေးဖွားခဲ့ပြီး နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ
(IAEA) နှင့် အသစ်တဖန် စတင် ဆက်သွယ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် ၎င်း၏
“ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက်” အဏုမြူစွမ်းအင်ထုတ်လုပ်ရေး ဆန္ဒရှိနေ သည်ကို
ဖော်ပြလာခဲ့သည်။

အပြင်ပန်းအားဖြင့် စစ်အစိုးရသည် နျူကလီးယားကင်းလွတ်သောနယ်မြေဟူသော အယူအဆကို


ထောက်ခံထားသည်။ ၁၉၉၅ ခုနှစ်တွင် ဘန်ကောက်သဘောတူညီချက် စာချုပ်ဟု လူသိများသော
အရှေ့တောင် အာရှဒေသအတွင်း နျူကလီးယားလက်နက်ကင်းလွတ်ရေးဇုန် စာချုပ်ကို
လက်မှတ်ရေးထိုးခဲ့သည်။ နောင်တနှစ် အကြာတွင် မြန်မာနိုင်ငံက နျူကလီးယားစမ်းသပ်မှုများ
လုံးဝကင်းရှင်းစေရေးစာချုပ် Comprehensive Nuclear Test Ban Treaty ကို လက်မှတ်
ရေးထိုးခဲ့ပြန်သည်။
တချိန်တည်းမှာပင် မြန်မာနိုင်ငံသည် နျူကလီးယားဓာတ်ပေါင်းဖို တခုတည်ဆောက်ရန်
စီစဉ်နေခဲ့သည်။ သိပ္ပံနှင့် စွမ်းအင်ဝန်ကြီး ဌာနအား ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး
စစ်တက္ကသိုလ် (ဒီအက်စ်အေ) အပတ်စဉ်- ၁ ဆင်း အစွန်းရောက်အမျိုးသားရေးဝါဒီ ဦးသောင်းကို
ဦးဆောင်စေခဲ့သည်။ နောင်၂ နှစ်ကြာသောအခါတွင် မြန်မာ နိုင်ငံသည် ရုရှနိုင်ငံနှင့်စတင်၍
နျူကလီးယားစီမံချက်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ စတင်ပြုလုပ်လာခဲ့သည်။ ၂၀၀၂ ခု
ဇန်န၀ါရီလတွင် စစ်အစိုးရသည် နျူကလီးယားသုတေသန ဓာတ် ပေါင်းဖိုတခုအား ငြိမ်းချမ်းသော
ရည်ရွယ်ချက်ဖြင့် တည်ဆောက်ရန် အစီအစဉ်ရှိကြောင်းကို အတည်ပြုပြောကြားလာခဲ့သည်။

မျှော်မှန်းထားသလိုပင် ပြည်ပရောက်မြန်မာအတိုက်အခံများသည် ဤကိစ္စအပေါ်


သတင်းအချက်အလက်များ အနံ့ခံစုစည်းခြင်းဖြင့် အလုပ်များနေခဲ့သည်။ သို့သော် ခိုင်မာသော
သက်သေ အထောက် အထားအနည်း အကျဉ်းသာ ရရှိခဲ့ကြသည်။ နျူကလီးယား
ဓာတ်ပေါင်းဖိုတည်ဆောက်ရန် သတ်မှတ် ထားသောနေရာသည်ပင် အတိအကျ မသိရှိကြရသေးပေ။
အချို့သော အတိုက်အခံများက ကောင်းကင်ဂြိုဟ်တု မြေပုံကိုဖော်ပေးနိုင်သော ဂူးဂဲလ် အတ်သ်
(Google Earth) ကွန်ပျူတာစနစ်ကို အသုံးပြု၍ ဖြစ်နိုင်ခြေနေရာ များကို ထောက်ပြကြသလို
မြန်မာပြည်အလယ်ပိုင်းရှိ အဆောက် အဦများကိုပင် ညွှန်ပြကြသည်။ မကွေးမြို့ဟု တောက်လျှောက်
ညွှန်းပြပြောဆိုနေကြသည်။ အကယ်၍သာ အဏုမြူဓာတ်ပေါင်း ဖိုအား စစ်ရေးရည်ရွယ်ချက်အတွက်
အသုံးပြုရန်တည်ဆောက်မည် ဆိုပါက တည်ဆောက်မည့်နေရာသည် နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ်
ထားမည်မှာ သေချာလှသည်။ သို့သော်လည်း နျူကလီးယား ပိုင်ဆိုင်သော မြန်မာနိုင်ငံ
ဖြစ်လာမည့်အရေးမှာ မည်သို့ပင်ဆိုစေ နှစ်ပေါင်းများစွာကြာမြင့်ပါလိမ့်ဦးမည်။

ယခုအချိန်တွင်တော့ မြန်မာနိုင်ငံ၏ နျူကလီးယားပိုင်ဆိုင်လိုသည့် စိတ်ဆန္ဒကို


ဖြည့်ဆည်းပေးနေသော ရုရှနိုင်ငံ၏ အခန်းကဏ္ဍအပေါ်တွင်သာ ပို၍အာရုံစိုက်လာကြသည်။
တပြိုင်နက်တည်းမှာပင် ပြည်ပရှိ အတိုက်အခံ အုပ်စုများနှင့် စစ်အစိုးရကို ဝေဖန်ပြောဆိုနေသူများက
မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ လည်း နျူကလီးယားနည်းပညာများကို ရယူရန်
ကြိုးပမ်းနေသည်ဟု ဆိုကြသည်။ မြောက်ကိုရီးယားနိုင်ငံမှ စစ်ရေးသံတမန်များက
အလည်အပတ်လာရောက်ခဲ့ သည်ကို တွေ့ခဲ့ကြရသည်။ ဤမျှမက မြောက်ကိုရီးယား
နည်းပညာရှင်များသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် မီးရထားတွဲ များပေါ်မှ ဆောက်လုပ်ရေး
ပစ္စည်းများချပေးနေ သည်ကို မြင်ခဲ့ကြရသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိလာကြသည်။ ရုရှ
လေယာဉ်ပျံများလည်း မြန်မာနိုင်ငံအလယ် ပိုင်းတွင် ဆင်းသက်နေသည်ကို
တွေ့မြင်ကြရကြောင်းဖော်ပြခဲ့ကြသည်။

အမေရိကန်အစိုးရကပင်လျှင် သံသယများရှိနေခဲ့သည်။ ၂၀၀၄ ခုနှစ်အစောပိုင်းတွင် အမေရိကန်


အရာရှိများနှင့် ကွန်ဂရက် လွှတ်တော် အမတ်များက မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားအကြား
လျှို့ဝှက်ဆက်ဆံရေး ပြန်လည်ထူ ထောင်နေမှုနှင့် ပတ်သက်၍ သတိပေးပြောဆိုမှုများ ရှိလာခဲ့သည်။
အမေရိကန် ဆီးနိတ်၏ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌဟောင်း ရစ်ချတ် လူဂါက ၂၀၀၅ ခုနှစ်တွင်
မြောက်ကိုရီးယားနိုင်ငံ၏ အဓိကပြည်ပပို့ကုန်မှာ အန္တရာယ်ရှိသော လက်နက်နည်းပညာများဖြစ်ပြီး
၎င်းသည် အာရှဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ် ရေးကို အဓိကခြိမ်းခြောက်မှုတခု ဖြစ်သည်ဟု
သတိပေးပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာအစိုးရထံသို့
မြောက်ကိုရီးယားနိုင်ငံမှ ဒုံးကျည်များ လွှဲပြောင်းလက်ခံခဲ့သည်ဟူသော ကောလာဟလထွက်လာမှု
အပေါ် စိုးရိမ်မကင်းဖြစ်မှုကို တရားဝင်စာရေး ပေးပို့ လာခဲ့ဖူးသည်။

၎င်းဖြစ်ထွန်းမှုများတွင် အရေးအကြီးဆုံးသော အချက်တချက်မှာ လွန်ခဲ့သော ဧပြီလက


မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့ သံတမန်ဆက်ဆံရေး ပြန်လည်လမ်းဖွင့်ခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတ ချွန်ဒူးဝမ် ဦးဆောင်သော အစိုးရဧည့်ကိုယ်စားလှယ်အဖွဲ့ကို
မြောက်ကိုရီးယား အကြမ်းဖက်သမားများက ရန်ကုန်မြို့တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သော (၁၉၈၃ ခုနှစ်)
လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေး ပျက်စီးရပ်ဆိုင်းခဲ့ရပြီးနောက်ပိုင်း
လူသိရှင်ကြား ပြန်လည်ဆက်ဆံကြခြင်း ဖြစ်သည်။

အမှန်တွင် ဤနှစ်နိုင်ငံကြား နှစ်များကြာမြင့်စွာကပင် ပြန်လည်၍ လျှို့ဝှက်ဆက်ဆံနေပြီး ဖြစ်သည်။


မြန်မာနိုင်ငံက ၎င်း အတွက်လိုအပ်နေသော သမားရိုးကျလက်နက်များ အပူတပြင်းရှာဖွေနေရင်း
ယခုကဲ့သို့ ပို၍ အဆင့်မြင့် တိုးတက်လာ နေခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ
ကာကွယ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ တစိုက် မတ်မတ်လေ့လာနေခဲ့သူ အင်ဒရူး ဆဲလ်သ်
(Andrew Selth) က မကြာသေးခင်ကမှ ထုတ်ဝေခဲ့သည့် “မြန်မာ နိုင်ငံနှင့်
နျူကလီးယားနည်းပညာပြန့်ပွားမှု။
မူဝါဒရေးရာနှင့် ထင်မြင်သုံးသပ်ချက်များ” (Burma and nuclear proliferation: policies and
perceptions) ဟူသော အစီရင်ခံစာတွင် ၁၉၉၀ ခုနှစ်များ၌ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ
၁၅၀ မမဒုံးကျည် ၁၆ လက်၊ M 46 အမျိုးအစား တိုက်ပွဲဝင်လက်နက်များအပါအ၀င်
သမားရိုးကျလက်နက်များနှင့် ကျည်ဆံ အမြောက်အများ ၀ယ်ယူခဲ့သည်ဟု
ဖော်ပြရေးသားထားခဲ့ပါသည်။ သတင်းများအရ မြန်မာနိုင်ငံကလည်း စစ်ရေးမစ်ရှင်အဖွဲ့များနှင့်
အရာရှိများကို ပြုံယမ်းသို့ စေလွှတ်ခဲ့သည် ဟုလည်း ဆိုပါသည်။ ထိုကဲ့သို့သော
စစ်ရေးအရဆက်ဆံမှုများသည် ပြဿနာပိုကြီးရန်၊ အန္တရာယ်ပိုများ ရန်သာ ဖြစ်စေနိုင်ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ထိပ်တန်းစစ်ခေါင်းဆောင်များအကြား မည်သို့တွေးခေါ်နေကြသည်ကို


အတိ အကျသိရန် ခက်ခဲလှသော်လည်း စစ်အင်အားကို အခြေခံ၍ “စတုတ္ထမြန်မာနိုင်ငံတော်”ကို
တည်ထောင်မည် ဟူသော အိပ်မက်များ ကိန်းအောင်းနေကြသည်မှာ လူအများသိထားကြသည့်ကိစ္စ
ဖြစ်ပါသည်။ ၎င်းတို့၏ နျူကလီးယားမျှော်လင့်ချက်အပေါ် မရေရာမှုများ ရှိနေခြင်းကပင်လျှင်
အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံကဲ့သို့သော နိုင်ငံများအပေါ် ခြိမ်းခြောက်မှု
ဖြစ်လာစေပါသည်။ နျူကလီးယားလက်နက် လက်ဝယ်ပိုင်ဆိုင်ထားပါက အနောက်နိုင်ငံများနှင့်
ဆက်ဆံရာတွင် လည်းကောင်း၊ ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ရာတွင် လည်းကောင်း
အသာစီးရစေနိုင်မည်ဟု မြန်မာစစ်ဗိုလ်ချုပ်ကြီး များက ယုံကြည်ကောင်း ယုံကြည်နေနိုင်ပါသည်။
မြန်မာနိုင်ငံမှ သုတေသနပညာရှင်များအဆိုအရ စစ်အစိုးရသည် ၂၀၂၅ ခုနှစ်တွင်
နျူကလီးယားပိုင်ဆိုင်သော တိုင်းပြည်တခုအဖြစ် အပြီးတည်ဆောက်ရန် မျှော်မှန်းထားသည်ဟု
သိရသည်။ ဦးနေ၀င်းအစိုးရလက်ထက်နှင့် လက်ရှိ စစ်အစိုးရကိုပါ အကြံဥာဏ်များ
ဆက်လက်ပေးနေသော မြန်မာပါမောက္ခအချို့ကပင် စစ်အစိုးရသည် မီဂါဝပ် ၁၀၀ မှ ၄၀၀
အင်အားရှိသည့် နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်ရန် စီစဉ်နေသည်ဟု ဖွင့်ဟ
ပြောဆိုလာခဲ့ကြသည်။ ဤအစီအစဉ်များတွင် အသေးစားဓာတ်ပေါင်းဖိုများ တည်ဆောက်ရန်နှင့်
နျူကလီးယား သုတေသနလုပ်ငန်းများ ထပ်မံ တိုးချဲ့ဆောင်ရွက်ရန်လည်း ပါရှိသည်ဟု
အဆိုပါပညာရှင်များက ပြောပြကြသည်။

ဦးသိန်းဦးဖိုးစောအပြင် ၀န်ကြီး ဦးသောင်းသည်လည်း မြန်မာပြည်၏ နျူကလီးယားစီမံချက်


အထမြောက်ရေး အတွက် ဆောင်ရွက်လျှက်ရှိသည်။ ရုရှ အဏုမြူအေဂျင်စီ၏တာဝန်ရှိသူဖြစ်သော
ဆာဂျီ ကီရီယန်ကို (Sergi Kiriyenko) နှင့် ဦးသောင်းသည် မော်စကိုမြို့၌ ပြီးခဲ့သည့် ဇွန်လတွင်
ဓာတ်ပေါင်းဖိုတည်ဆောက်ရေး သဘော တူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဦးသောင်းက
ဗိုလ်ချုပ်သန်းရွှေနှင့် နီးစပ်သူ၊ ၎င်း၏လက်ထောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့်
နီးစပ်သူတဦးဟုလည်း လူအများ သိထားကြသူ ဖြစ်သည်။

ဦးသောင်းသည် မြန်မာပြည်၏ ဓာတ်သတ္တုနှင့် ယူရေနီယမ်လုပ်ငန်းများတွင် အထူးကျွမ်းကျင်သူ


တဦးဖြစ်ပြီး စစ်တပ် ရာထူးမှ အနားယူချိန် ၁၉၈၀ ခုနှစ်များမှစ၍ မြန်မာနိုင်ငံ၏
ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေတူးဖေါ် ရေးဌာနတွင် ညွှန်ကြားရေးမှူးချုပ်
တာဝန်ယူလာခဲ့သူလည်း ဖြစ်သည်။

စစ်တပ်အပေါ် သူ၏သစ္စာရှိမှုမှာ မေးခွန်းထုတ်စရာမလိုအောင် အပြည့်အ၀ဖြစ်ပြီး


လက်ရှိစစ်အစိုးရအောက်တွင်လည်း ဆက်လက်တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။ ၁၉၉၆
ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခံရပြီး
နောက်ပိုင်းတွင် ရန်ကုန်သို့ပြန်ခေါ်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနကို ဦးဆောင်
တည်ထောင်စေခဲ့ခြင်း ဖြစ်သည်။ ရုရှနိုင်ငံနှင့် ဆက်ဆံရေး တည်ဆောက်ရန်၊ ဓာတ်ပေါင်းဖို
စီမံချက်အား စတင်ရန်ကိုပါ တဆက်တည်း ညွှန်ကြားခံခဲ့ရသည်။

တာဝန်ယူချိန်မှစ၍ လွန်ခဲ့သော ၇ နှစ်တာကာလအတွင်း သဘောတူစာချုပ်


အထမြောက်စေရန်အတွက် ဦးသောင်းသည် မော်စကိုသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ပြီး
ငွေပေးချေရေးကိစ္စများအပေါ် သဘောတူညီမှု မရနိုင်ခဲ့သောကြောင့် ကနဦး ဆွေးနွေးပွဲများသည်
၂၀၀၃ ခုနှစ်တွင် ရပ်နားထားခဲ့ရသည်။ သို့သော်လည်း ယခု အချိန်တွင်
သဘာဝဓာတ်ငွေ့သိုက်ကြီးများ အသစ်ထပ်မံ တွေ့ရှိလာနေသည်နှင့်အမျှ ငွေကြေးကိစ္စအတွက် စစ်
အစိုးရက ပြဿနာအဖြစ် ပူပန်နေစရာ မလိုတော့ပေ။
မြန်မာနိုင်ငံတွင် သိပ္ပံနှင့်အင်ဂျင်နီယာကျောင်းသားများ ရှိသော်လည်း ဦးသောင်းက
သဘောပေါက်လာသည်မှာ ၎င်းတို့တွင် နျူကလီးယားပညာရပ်ဆိုင်ရာ အသိပညာ နှင့်
သင်တန်းများလိုအပ်နေသေးသည်ဟု နားလည်လာခဲ့ သည်။ ဤသို့ဖြင့် ကျောင်းသားများနှင့်
စစ်တပ်အရာရှိများကို မော်စကိုသို့ ပညာသင်စေရန် စတင်၍ စေလွှတ်လာ ခဲ့သည်။၂၀၀၆ ခုနှစ်တွင်
နျူကလီယား ရူပဗေဒဌာနများကို ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များတွင် စတင် ဖွင့်လှစ်ခဲ့ပြီး
ကျောင်းဝင်ခွင့်ကို အစိုးရက ကိုယ်တိုင် ထိန်းချုပ်ထားသည်။

လွန်ခဲ့သောနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှသံအမတ်ကြီး ဒေါက်တာ မီခေးလ် အမ် မတ်ဂလဒ်ဇီ (Dr.


Mikhail M. Mgeladze) က နှစ်နိုင်ငံ သဘောတူညီချက်အရ ရုရှနိုင်ငံ၏ အဆင့်မြင့်ကျောင်း ၁၁
ကျောင်းတွင် မြန်မာကျောင်းသား ၂,၀၀၀ ခန့်ကို ပညာသင်ကြားခွင့်ပြုထားကြောင်းနှင့် ကျောင်သား
၅၀၀ ခန့်သည် ဘွဲ့ကြို၊ မဟာဘွဲ့၊ သို့ မဟုတ် ဒေါက်တာ ဘွဲ့များရ၍ မြန်မာနိုင်ငံသို့
ပြန်သွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ငြိမ်းချမ်းသောဦးတည်ချက်ဖြင့် နျူကလီးယားနည်းပညာအသုံးချရေးကို ရည်ရွယ်၍ IAEA မှ


မြန်မာနိုင်ငံသားများကို သင်တန်းများပေးနေဆဲဖြစ်သည်ဟု ၂၀၀၂ ခုနှစ် ဇန်န၀ါရီလတွင် ဒုတိယ
နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်ဝင်းကလည်း ထုတ်ပြန်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏နျူကလီးယားစီမံကိန်းကို ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးကိုယ်တိုင် ကြီးကြပ်နေသည်ဟု


တရုတ်ထောက်လှမ်းရေး သတင်းရပ်ကွက်များက ယုံကြည်ကြသည်။ ဒု ဗိုလ်ချုပ်မှူးကြီး
မောင်အေးသည် ယမန်နှစ်က ရုရှနိုင်ငံသို့ပင် တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့သေးသည်။

ဓာတ်ပေါင်းဖိုစီမံကိန်းတွင် မြန်မာနိုင်ငံအတွင်း ယူရေနီယမ် အပူတပြင်းရှာဖွေရေးလည်း


ပါဝင်နေသည်။ ၂၀၀၂ ခုနှစ် အစောပိုင်းတွင် စစ်အစိုးရက မြန်မာနိုင်ငံ နေရာ ၅ ခုတွင် ယူရေနီယမ်
ဓာတ်သတ္တုများ ရှာဖွေတွေ့ရှိခဲ့သည်ဟု တရားဝင် လူသိရှင်ကြား အတည်ပြုပြောကြားခဲ့သည်။
ယင်းနေရာများမှာ မကွေး၊ တောင်တွင်းကြီး၊ ကျောက် ဖြူကုန်း၊ မိုးကုတ်မြို့ အနီး ဖောင်းပြင်နှင့်
ကျောက်ဆင်ဒေသတို့ ဖြစ်သည်။ မကြာသေးမီက မန္တလေးမြို့မြောက် ဘက် မိုင် ၆၀ ဝေးသော
သပိတ်ကျင်းမြို့နယ်တွင်လည်း ရှာဖွေမှုများ ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံများက ပြောပြကြသည်။
တောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း လုပ်ငန်းဆောင်ရွက်မှုများ ရှိနေခဲ့ကြောင်း သတင်းပေးပို့
အစီရင်ခံမှုများလည်း ရှိခဲ့သည်။

တရုတ်သတင်းရပ်ကွက်များ၏ အဆိုအရ ရုရှသတ္တုတူးဖေါ်ရေးကုမ္ပဏီတခုသည် မြန်မာပြည်


အထက်ပိုင်းဒေသတွင် ယူရေနီယမ်အမြောက်အများရှိနေသော သိုက်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ရုရှကုမ္ပဏီ Zarubezneft, Itera, Kalmykia နှင့် ရုရှား၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတခုဖြစ်သော
Tyazhpromexport တို့သည် လောင်စာနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင် ပါဝင်လုပ်ကိုင်နေကြပြီး၊
ရှမ်းပြည်နယ်တွင် သံရိုင်းဖေါ်ထုတ်ရန်အတွက် စက်ရုံတရုံတည်ထောင်ခဲ့ကြသည်။
Tyazhpromexport ၏ ရင်းနှီးမြုပ်နှံမှုတခုတည်းကပင်လျှင် အမေရိကန် ဒေါ်လာ သန်း ၁၅၀
တန်ဖိုးရှိနေသည်။

မြန်မာပြည်အတွင်း နျူကလီးယားလုပ်ငန်းများတွင် ရုရှားနိုင်ငံ၏ ပါဝင်ပတ်သက်မှုကို


တုန်လှုပ်ခြောက်ခြားဖွယ် မဖြစ်ကြ သော်လည်း စိုးရိမ်မှုများနှင့် မှန်းဆချက်များမှာ
မြောက်ကိုရီးယားနှင့် အသစ်တဖန် မိတ်ဆွေပြန်ဖွဲ့မှုကြောင့် ပို၍ကြီးထွား လာစေခဲ့သည်။

ဧပြီလတွင် ကန်နမ် ၁ (Kang Nam 1) ဟုခေါ်သော မြောက်ကိုရီးယား ကုန်တင်သဘောင်္တစင်းသည်


ရန်ကုန်မြို့မှ တောင်ဘက် ကီလိုမီတာ ၃၀ အကွာရှိ သီလ၀ါဆိပ်ကမ်းတွင် ရပ်နားလာခဲ့သည်။
သံတမန်ဆက်ဆံရေး ပြန် လည်စတင် သည့်အချိန်မှစ၍ ပထမဦးဆုံးအကြိမ် မြန်မာပြည်သို့
ဆိုက်ကပ်လာခဲ့သော မြောက်ကိုရီးယားသင်္ဘောသည် မုန်တိုင်း လာခိုခြင်းသာဖြစ်သည်ဟု
မြန်မာအာဏာပိုင်များက ရှင်းပြခဲ့ကြသည်။

သီလ၀ါဆိပ်ကမ်းသည် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏ အေးရှဝေါကုမ္ပဏီမှ


ပိုင်ဆိုင်လည်ပတ်နေပြီး ဆိပ်ကမ်းသို့ သတင်းစုံစမ်းရန် သွားရောက်ခဲ့သော
ဂျပန်သတင်းအေဂျင်စီအတွက် အလုပ်လုပ်နေသူ ဒေသခံ သတင်းထောက်နှစ်ဦး ကိုလည်း
အာဏာပိုင်များက ခေတ္တခေါ်ယူထိန်းသိမ်းခဲ့သည်။

မြန်မာ့ရေပိုင်နက်သို့ ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုဖြင့် ဒုက္ခရောက်၍ပြေးဝင်ခိုလှုံလာသော


မြောက်ကိုရီးယား သင်္ဘောသည် ပထဦးဆုံးတော့ မဟုတ်ပေ။ လွန်ခဲ့သော နိုဝင်ဘာလတွင်
မြောက်ကိုရီးယားကုန်တင်သင်္ဘော အမ် ဗွီ ဟောင်ဖန်း (M V Bong Hoafan) သည်လည်း
မုန်တိုင်းမိ၍ မြန်မာ့ဆိပ်ကမ်းတခုသို့ ၀င်ရောက် ခိုနား ခဲ့ဖူးသေးသည်။ သင်္ဘောပေါ်သို့
တက်ရောက်ရှာဖွေ စစ်ဆေးရာတွင် မင်္သကာစရာပစ္စည်းနှင့် စစ်သုံးပစ္စည်းများ မတွေ့ရှိခဲ့ရကြောင်း
မြန်မာစစ်အစိုးရက သတင်းထုတ်ပြန်ပေးခဲ့သော်လည်း ရန်ကုန်ရှိ သတင်းထောက်များနှင့်
သံတမန်များအကြားတွင် သံသယများ မပြေနိုင်ခဲ့။

အတိုက်အခံသတင်းရပ်ကွက်များ၏ အဆိုအရ လွန်ခဲ့သောနှစ် ဇူလိုင်လအစောပိုင်းတွင်


မြောက်ကိုရီးယား သင်္ဘော တစင်းဖြင့် မြောက်ကိုရီးယား အကြီးတန်း နျူကလီးယားနည်းပညာ
ကျွမ်းကျင်သူ ဗိုလ်မှုးဟွန် ကီးလ် ဒွန် (Maj. Hon Kil Don) သည် ရန်ကုန်သို့ ရောက်လာခဲ့ပြီး ဇီဝနှင့်
နျူကလီးယားဆိုင်ရာ ပစ္စည်းများလည်း ၎င်းနှင့် အတူ ပါလာသည်ဟု ဧရာဝတီမဂ္ဂဇင်းသို့
ပြောပြခဲ့သည်။ နိုင်ငံခြားသား လေ့လာသုံးသပ်သူများနှင့် ထောက်လှမ်း ရေးသတင်းရပ်ကွက်များက
ဤသတင်းကို ချက်ချင်းပယ်ချခဲ့သော်လည်း မြန်မာနိုင်ငံသည် ပြုံယမ်းထံမှ အဆင့် မြင့်
တာဝေးပစ်ဒုံးကျည်များအစား သမားရိုးကျလက်နက်များနှင့် နည်းပညာများ ရယူရန် ကြိုးပမ်းခြင်း
ဖြစ်နိုင် သည်ဟု သဘောတူခဲ့ကြသည်။

သို့သော်လည်း စစ်အစိုးရပြောစကားကို မယုံကြည်နိုင်ကြသူများအတွက်မူ နျူကလီးယား


ဓာတ်ပေါင်းဖိုစီမံချက်အား ဆက်လက်ဆောင်ရွက်နေချိန်နှင့် မြောက်ကိုရီးယားသင်္ဘောနှစ်စင်း
ရောက်ရှိလာမှုသည် သာမန်တိုက်ဆိုင်မှုတော့ မဟုတ်တန်ရာဟု မြင်နေခဲ့ကြသည်။ ရုရှနိုင်ငံ၏
မြန်မာနိုင်ငံ နျူကလီးယားလုပ်ငန်း စီမံချက်တွင် ပါဝင် ပတ်သက်လာမှုနှင့် မြောက်ကိုရီးယား
သင်္ဘောများ ရောက်ရှိလာမှုသတင်းသည် အိမ်နီးချင်း တရုတ်အစိုးရကို လှုပ်နှိုးသတိပေးသလို
ဖြစ်စေခဲ့ သည်။ သို့သော်လည်း မြန်မာစစ်အစိုးရ၏ အရင်းနှီးဆုံး အင်အားကြီး နိုင်ငံရေး မိတ်ဆွေကြီး
ဘေဂျင်းအစိုးရသည် ဤကိစ္စရပ်အပေါ်တွင် ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံ အတွက်မူ
နျူကလီးယားပိုင်ဆိုင်သော အိမ်နီးနားချင်း နှစ်ဦး အနားတွင်ထားရန် ဆိုသည်ကမူ မလွယ်ကိန်း
ဖြစ်မည်။

ခက်ခဲရှုပ်ထွေး၍ ဘေးအန္တရာယ်များလှသော လုပ်ငန်းစဉ်ဖြစ်သည့် ယူရေနီယမ်မှ


လက်နက်ထုတ်နိုင်သော ပလူတိုနီယမ် အဆင့်ကို တက်လှမ်းရန်ဆိုသည်မှာ
ခက်ခဲမလွယ်ကူလွန်းလှသော ကိစ္စဖြစ်ပြီး မြန်မာစစ်အစိုးရက ဤသို့ ကြံရွယ်ချက်ရှိနေ သည်ဟု
နိဂုံးချုပ်သုံးသပ်ချက် ချရန်မှာ လက်ရှိအခြေအနေများအရ အချက်အလက် မခိုင်လုံ
အလွန်စောလွန်းလှပါသေး သည်။ သို့သော်လည်း သံသယများက ပို၍ပို၍ ကြီးထွားလာနေပါသည်။
မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် နျူကလီးယား စွမ်းအင်ပိုင်ဆိုင်သော နိုင်ငံတခုအဖြစ်သို့
ရောက်ရှိစေရေး အတွက် ရည်မှန်းချက်ထားသည်ဟု ဆိုသည်မှာ နျူကလီးယား
လက်နက်ထုတ်နိုင်သော အဆင့်ကို ဆိုလိုခြင်း လည်း ဖြစ်နိုင်ပါသည်။ ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မည်။
မသေချာပါ။

သို့သော်လည်း ခြောက်ခြားဖွယ် ဖော်ပြကြသော တွေးခေါ်ပြောဆိုချက်များလည်း ရှိနေပါသေးသည်။


ဆိုပါစို့။ အကယ်၍ လွန်ခဲ့သော နိုဝင်ဘာလနှင့် ယခုနှစ်ပိုင်းများအတွင်း ရောက်ရှိခဲ့သော
မြောက်ကိုရီးယား ကုန်တင် သင်္ဘောများက သမားရိုးကျလက်နက်များကို သယ်ဆောင်လာခြင်း
မဟုတ်ဘဲ ပလူတိုနီယမ်နှင့် ဓာတ်ပြုပစ္စည်းများပါ သယ်ယူလာသည် ဆိုပါက မြန်မာနိုင်ငံသည်
ပလူတိုနီယမ် ထုတ်ယူရသော ရှုပ်ထွေးသောအဆင့်ကို ကျော်လွန်၍ လက်နက်ထုတ်နိုင်သည့်
အဆင့်ကို တိုက်ရိုက်ကျော်လွှားတက်သွားနိုင်ပါသည်။ ဤသို့ သံသယ ဖြင့်
ခန့်မှန်းဖော်ပြနေသူများလည်း ရှိနေပါသည်။

ခိုင်မာသော သက်သေအထောက်အထား ယခုအချိန်အထိ မပြနိုင်သေးသော်လည်း မြန်မာနိုင်ငံသည်


ပြုံယမ်းထံမှ နျူကလီးယားနည်းပညာ ရရှိရေးကြိုးပမ်းနေသည်ကို အလွယ်တကူ
တွက်ထားနိုင်ပါသည်။ ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရ၏ စိတ်ရင်းအမှန်ကို သိရှိရစေရန်
အတွက်သော်လည်းကောင်း၊ တာဝန်မဲ့ အစိုးရများ၏လက်ဝယ်တွင်
နျူကလီးယားနည်းပညာမရောက်ရှိရေး ကာကွယ်တားဆီးရန်အတွက် သော် လည်းကောင်း
လူသိရှင်ကြား ဖေါ်ထုတ်၍ စုံစမ်းမှုများ ပြုလုပ်ရန်မှာ တရားဝင်သော၊ ကျိုးကြောင်းဆီလျော် လှသော
လုပ်ငန်းတခု ဖြစ်ပါသည်။

မြန်မာအစိုးရက နျူကလီးယားလက်နက် ထုတ်လုပ်လိုစိတ် လုံးဝမရှိကြောင်းကို ထုတ်ဖေါ်


ပြောဆိုခဲ့ပြီး ၎င်း၏ အဏုမြူ စီမံကိန်းသည် အစိုးရ၏မူဝါဒနှင့်အညီ ငြိမ်းချမ်းရေးအတွက်သာ
ဖြစ်သည်ဟုလည်း ပြောဆိုထားခဲ့သည်။ သို့သော်လည်း အာမခံနေသူကိုယ်တိုင်က
ယုံကြည်စရာမရှိသော အခြအနေဖြစ်နေပါသည်။ သို့မဟုတ် ယုံကြည်စရာ ကောင်းနေသည်
ဆိုဦးတော့ ဤ နျူကလီးယားစွမ်းအင် စီမံကိန်းကိစ္စသည် မွေးခွန်းထုတ်စရာ မလိုအပ်သော
အားလုံးကောင်း၊ အားလုံး အဆင်ပြေမည့်ကိစ္စမျိုး မဟုတ်ပေ။

၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ အောင်ဇော်ရေးသားသော Burma Plays Nuclear


Card ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ဦးသိန်းဦးဖိုးစော သို့မဟုတ် မြန်မာ့ နျူကလီးယား ရေးရာ ပြောရေး

ဆိုခွင့်ရှိသူ
Friday, 13 July 2007 07:00

၁၉၉၃ ခုနှစ်မှစ၍ ပြတ်တောင်းပြတ်တောင်း ကျင်းပလာခဲ့သော ဖွဲ့စည်းပုံအခြေခံ


ဥပဒေမူကြမ်းရေးဆွဲရာ အမျိုးသားညီလာခံတွင် မြန်မာနိုင်ငံ၏ နျူကလီးယား ရည်ရွယ်ချက်သည်
အလေးအနက်ဆွေးနွေးကြရသော အကြောင်းအရာတခု ဖြစ်လာခဲ့သည်။ ဤဆွေးနွေးမှုများကို
ဦးဆောင်သူက အမေရိကန်နိုင်ငံတွင် ပညာဆည်းပူးလာသည့် နျူကလီးယားသိပ္ပံပညာရှင်
ဦးသိန်းဦးဖိုးစော ဖြစ်သည်။

ဦးသိန်းဦးဖိုးစောက ၁၉၅၀ ခုနှစ်များတွင် အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ် တက္ကသိုလ်တွင်


နျူကလီးယား အင်ဂျင်နီယာ မဟာဘွဲ့ကို ဆည်းပူးရရှိလာသူ ဖြစ်သည်။

သူက အစိုးရပညာတော်သင်အဖြစ် သွားရောက်လေ့လာခဲ့ရခြင်းဖြစ်ပြီး ကွယ်လွန်သူဝန်ကြီးချုပ်ဦးနုမှ


ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနသိပ္ပံ၊ အဏုမြူစွမ်းအင် အစီအစဉ်ဖြင့်
တိုင်းတပါးသို့စေလွှတ် ပညာသင်ကြားစေခဲ့သော ကျောင်းသားများထဲမှ တဦးဖြစ်သည်။
ဤပညာရှင်များအနက် လက်ရှိစစ်အစိုးရအတွက် ဆက်လက်အလုပ်လုပ်ပေးနေဆဲ တဦးတည်းသော
ပညာရှင်ပုဂ္ဂိုလ်မှာ ဦးသိန်းဦးဖိုးစော ဖြစ်သည်။

ဦးသိန်းဦးဖိုးစော အမေရိကန်မှပြန်ရောက်ချိန်တွင် UBARI ခေါ် အဏုမြူစွမ်းအင်အစီအစဉ်မရှိတော့။


ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ ထို့နောက်ပိုင်းတွင် သူက ၁၉၆၂ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ မေမြို့ကာကွယ်ရေး
စစ်တက္ကသိုလ် (ဒီအက်စ်အေ) ၏ ရူပဗေဒ ဌာနကို ဦးဆောင်ခဲ့သည်။ ဆက်လက်၍ သူက ယခုအခါ
မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာသုတေသနဌာနဟု ပြောင်းလဲ
ခေါ်ဝေါ်ခဲ့သော မြန်မာနိုင်ငံ ဗဟိုသုတေသနအဖွဲ့၏ သုတေသနဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ်
တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

ဒီအက်စ်အေတွင် သိပ္ပံဘာသာရပ်လေ့လာခဲ့သော ယနေ့မြန်မာနိုင်ငံရှိ ထိပ်တန်း


စစ်ဗိုလ်ချုပ်ကြီးများသည် သူ၏ ကျောင်းသားဟောင်းများဖြစ်ကြ၍ ဤအတွက်ကြောင့်ပင်
သူ့ကိုယုံကြည်ကိုးစားမှုရသည်ဟုလည်း ယူဆနိုင်ပါသည်။

ဦးသိန်းဦးဖိုးစောသည် စစ်အစိုးရ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အကြံပေးတဦးအဖြစ်


ထမ်းဆောင်နေသည့်အပြင် မြန်မာနည်းပညာတက္ကသိုလ်၏ ဥက္ကဋ္ဌအဖြစ်လည်း
တာဝန်ထမ်းဆောင်လျှက်ရှိသည်။ ၀န်ကြီးဌာနက သူ့အား အင်ဂျင်နီယာ ဘာသာရပ်အတွက်
ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့်ခဲ့ပြီး ရန်ကုန်စက်မှုတက္ကသိုလ်၏ ဘွဲ့လွန်သင်တန်းများတွင်
ဆက်လက် စာသင်ကြားပေးနေဆဲလည်း ဖြစ်သည်
မြန်မာနိုင်ငံရှိ အဏုမြူစွမ်းအင်ကော်မတီအား ပြန်လည်ထူထောင်ရန်နှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်
အေဂျင်စီနှင့် ပြန်လည်ချိတ်ဆက်ခြင်း လုပ်ငန်းများတွင် သူသည် အရေးပါသော အခန်းကဏ္ဍမှနေ၍
ပါဝင်လှုပ်ရှားခဲ့သည်။ အာရှနှင့် ပစိဖိတ်ဒေသအတွင်း နျူကလီးယား သိပ္ပံနှင့် နည်းပညာဆိုင်ရာ
သုတေသန ဖြစ်ထွန်းတိုးတက်မှုနှင့် သင်တန်းများအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
သဘောတူစာချုပ် (RCA) ၌ ပါဝင်ရန်လည်း ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရသို့ အကြံပြုခဲ့သူလည်း
ဖြစ်သည်။

၂၀၀၅ ခုနှစ်အစောပိုင်းမှစ၍ အမျိုးသားညီလာခံတွင်လည်း အရေးပါလာပြန်သည်။


ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကာကွယ် ရေးနှင့် ဆက်နွယ်သော အခြေခံဥပဒေမူကြမ်း
ဆွေးနွေးပွဲများတွင် သူနှင့်အတူ အသိပညာရှင် လုပ်ဖော်ကိုင်ဖက်များက
များစွာစိတ်ဝင်စားဖွယ်ကောင်းသော အကြံပြုဆွေးနွေးချက်များကို တင်ပြခဲ့ကြသည်။

၂၀၀၅ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဆွေးနွေးခဲ့သော ဖွဲ့စည်းပုံဆိုင်ရာ အခန်းတခုတွင်


အမျိုးသားလုံခြုံရေးနှင့် ပတ်သက်၍ အဓိကအချက် ၇ ချက်ကို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့တွင် ဓာတုနှင့်
ဇီဝလက်နက်များဆိုင်ရာ ကိစ္စလည်း အပါအ၀င်ဖြစ်သည်။

ဤကဏ္ဍတွင် ဦးသိန်းဦးဖိုးစောက “အကြမ်းဖက်သမားများရန်နှင့် ဖိအားများမှ ကာကွယ်ခြင်း”


ဟူသည့် ခေါင်းစဉ်ကို ဖြည့်စွက်အကြံပြုတင်ပြခဲ့ပြီး “ပြည်ထောင်စုမြန်မာနိုင်ငံ၏ နယ်မြေအသီးသီးကို
ကာကွယ်ခြင်းနှင့် ကာကွယ်ရေးအစီအစဉ် တခု ပြင်ဆင်ခြင်း”နှင့် ပတ်သက်၍
ဥပဒေတခုပြဌာန်းသင့်ကြောင်း ဆွေးနွေး အကြံပြုခဲ့သေးသည်။

ယင်းအစီအစဉ်တွင် ပါဝင်ဖွယ်ရှိသည့် အကြောင်းကိစ္စများနှင့် ပတ်သက်၍ နိုင်ငံပိုင်


မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့ ရာတွင် “သမားရိုးကျလက်နက်များ၊ ကျည်များ၊
ပေါက်ကွဲစေသော ပစ္စည်းများနှင့် သမားရိုးကျ မဟုတ်သော ခေတ်မီ မဟာဗျူဟာမြောက်
လက်နက်များ” သာမက “နျူကလီးယားစွမ်းအင်၊ နျူကလီးယား လောင်စာနှင့် ရေဒီယို သတ္တိကြွ
ပစ္စည်းများ၊ ၎င်းတို့ကို ထုတ်လုပ်နိုင်သည့် တွင်းထွက်ပစ္စည်း အရင်းအမြစ်များပါဝင်ပြီး ၎င်းတို့မှ
ထုတ်လုပ်သော အထူး လျှို့ဝှက်အပ်သည့် ပစ္စည်းများ၊ အရာဝထ္ထုများ၊ နေရာဒေသများ၊
နည်းပညာများ၊ သုတေသနလုပ်ငန်းများ၊ သတင်းအချက် အလက်များနှင့် အထူးလုံခြုံရေးဆိုင်ရာ
ကိစ္စရပ်များအပြင်၊ အထူးလျှို့ဝှက်အပ် သောလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေ ကြသူများနှင့်
ပတ်သက်သော မတော်တဆ ဖြစ်မှုများနှင့် ယင်းမတော် တဆဖြစ်မှုများ ဖြစ်ပွားခဲ့ပါက ၎င်းတို့အတွက်
လျော်ကြေးဆိုင်ရာကိစ္စများ၊ အာမခံချက်များ”လည်း ပါဝင်သေးသည်။

ညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအောင်တိုးကပင် ဖွဲ့စည်းပုံ၏ ကာကွယ်ရေးနှင့်


လုံခြုံရေးဆိုင်ရာအခန်းတွင် ၎င်းနျူကလီးယားအစီအစဉ်ကိုသာ ထည့်သွင်းပါက
နိုင်ငံတကာဝေဖန်မှုများ ခံရနိုင်သည်ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
ဦးအောင်တိုးက အခြားရွေးချယ်စရာ နည်းလမ်းတခုကို တင်ပြခဲ့သည်။ “ထို့အတွက်ကြောင့်
ယင်းကိစ္စရပ်အား ကာကွယ် ရေးနှင့် လုံခြုံရေးအခန်းကဏ္ဍတွင် ထည့်သွင်းမည့်အစား စွမ်းအင်၊
လျှပ်စစ်၊ သတ္တုတွင်းနှင့် သစ်တောဆိုင်ရာ အခန်းကဏ္ဍ တွင် ထည့်သွင်းသင့်ကြောင်း”
ဦးအောင်တိုးက ညီလာခံတက်ရောက်လာသူ ကိုယ်စားလှယ်များကို ပြန်လည်ဖြေကြား ခဲ့သည်။

“ကာကွယ်ရေးနှင့် လုံခြုံရေးအခန်းပါ နျူကလီးယား စွမ်းအင်၊ နျူကလီးယားလောင်စာ၊


ရေဒီယိုဓာတ်သတ္တိကြွ ပစ္စည်း များနှင့် ၎င်းတို့ကိုထုတ်လုပ်နိုင်သော တွင်းထွက်အရင်းအမြစ်များသည်
နောင်အနာဂတ်တွင် လိုအပ်ချက်အရ ပြည်ထောင်စု မြန်မာနိုင်ငံ ဥပဒေပြုသင့်သောစာရင်းတွင်
ရှိသင့်သော ကိစ္စကြောင်းရပ်များ ဖြစ်သည်။ ကာကွယ်ရေးအခန်းတွင် ထည့်သွင်း ဖေါ်ပြခြင်းအားဖြင့်
စစ်ရေးအရ အသုံးပြုခြင်းတခုတည်းအတွက် ယူဆ၍ မရနိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရေး၊ နျူကလီးယားစွမ်းအင်နှင့် လောင်စာအား
လူသားအကျိုးဖြစ်ထွန်းမှုအတွက်အသုံးပြုရန်ကိစ္စများအတွက်လည်း ရည်ရွယ်ခြင်း ဖြစ်သည်” ဟု
ဦးအောင်တိုးက အမျိုးသားညီလာခံတွင် ပြန်လည်ဖြေကြားခဲ့လေသည်။ [Top]

၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ အောင်ဇော်ရေးသားသော Thein Oo Po Saw:


Burma’s Spokesperson for Nuclear Power ကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။
ပွင့်လင်း မြင်သာမှု ရှိရန် လိုသည်
Friday, 13 July 2007 07:00

ရုရှနိုင်ငံ၏ အကူ အညီ ဖြင့် မြန်မာ နိုင်ငံက နျူကလီးယား သုတေသန ဌာနတခု တည်ဆောက်ရန်
စီစဉ် နေသည်ဟူသော သတင်းများ ထွက်ပေါ် လာခဲ့သည်။ ဤ အချက်ကြောင့်ပင် ပြည်ပရှိ
အတိုက်အခံ ဒီမိုကရေစီ အုပ်စုများအကြား၊ စစ် အစိုးရကို ဝေဖန်နေကြ သူများအကြား၊ နောက်ဆုံး
အမေရိကန် အစိုးရ၏ အချို့သော ဌာနများ၊ အရာရှိများ ကြားတွင် ပွက်လော ရိုက်သွားရသည်။
ဆွေးနွေးငြင်းခုန်စရာတွေ ဖြစ်လာခဲ့သည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့ ၁၀ မီဂါဝပ်


အပူပေးသုတေသနဓာတ်ပေါင်းဖိုတခုနှင့် ၎င်းနှင့် သက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ
ပေးမည်ဖြစ်သည်။ ဤသတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှ စစ်အစိုးရ၏ နျူကလီးယားအစီအစဉ်
ရည်ရွယ်ချက်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အကြောင်းမှာ စစ်အစိုးရကိုယ်နှိုက်က ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဆိုးရွားသော


လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် နေခြင်း၊ နိုင်ငံရေးအရ ဖိနှိပ်မှုများရှိနေသည့်အပြင်
တိုင်းပြည်စီးပွားရေးအရလည်း ကျဆင်းနေသည်။ အနောက်ကမ္ဘာ နှင့်လည်း သင့်လျော်သော
နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ပျက်ကွက်နေခြင်း ကြောင့်
ကာလကြာရှည် အငြင်းပွားနေရမှုများကြောင့်လည်း ဖြစ်သည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့သူမှာ


စစ်အစိုးရထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ သစ္စာရှိသော နောက်လိုက် မြန်မာနိုင်ငံ
သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းဖြစ်ပြီး ၎င်းက စစ်အစိုးရ၏ ဒုတိယ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်မှူးကြီး
မောင်အေးနှင့် စစ်တက္ကသိုလ်တွင် တတန်းတည်းကျောင်းနေဘက် သူငယ်ချင်းဟောင်းလည်း
ဖြစ်သည်။ တဘက်က ရုရှနိုင်ငံ အဏုမြူအေဂျင်စီဝန်ကြီးဌာန လက်အောက်ခံ ကုန်ပစ္စည်း
ရောင်းချသောကုမ္မဏီဖြစ်သည့် AtomStory Export က လက်မှတ်ရေးထိုးခဲ့သည်။

စစ်အစိုးရက ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပါမည်ဟု ပြောသည့်အပေါ်


သံသယရှိသူကမရှား။ ထို့အပြင် အချို့သူများက စစ်အစိုးရက နျူကလီးယားလက်နက်များ
ထုတ်လုပ်နိုင်ရေးအတွက် စိုင်းပြင်းလာနိုင်သည်ဟု လော၍ ကောက်ချက်ချနေကြသည်။
သို့သော်လည်း သံသယရှိနေသူများနှင့် မီးလှန့်သံချောင်းခေါက်နေသူများ သတိမမူမိသည့်
နောက်ကွယ်အကြောင်းအရာများလည်း ရှိနေသေးသည်။ ၎င်းမှာ မြန်မာပြည်အနေဖြင့်
ကာလကြာရှည်ကပင် အဏုမြူနည်း ပညာပိုင်ဆိုင်ရေးအတွက် ဆန္ဒရှိပြီး
ကြိုးပမ်းအားထုတ်ခဲ့ကြသည်ဟူသော နျူကလီးယားနည်းပညာ ရှာပုံတော်ဆိုင်ရာ သမိုင်းဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်ခန့်က ဦးနု၊ ဦးဘဆွေတို့နှင့် သုံးပွင့်ဆိုင် နိုင်ငံအုပ်ချုပ်ရေးတွင်
ဦးဆောင်နေသူ တဦးဖြစ်သည့် ဦးကျော်ငြိမ်းသည် လက်တွေ့ကျကျမြင်တက်သော
ခေတ်မီရေးဝါဒီတဦးဖြစ်သည်။ သူက မြန်မာ နိုင်ငံ၏ ထွန်းသစ်စ စက်မှုဖွံ့ဖြိုးရေးကို နောက်ကွယ်မှ
အဓိကမောင်းနှင်ပေးသူ တဦးလည်း ဖြစ်ခဲ့သည်။ ထိုကာလတွင်ပင် အမေရိကန်နိုင်ငံ
လက်နက်သုတေသနဖောင်ဒေးရှင်း (American Armour Research Foundation) နှင့် တွဲဖက်၍
စက်မှုဝန်ကြီးဌာနလက်အောက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနအဖွဲ့ကို ၁၉၅၃
ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဦးကျော်ငြိမ်းက ကြီးကြပ်လာခဲ့သည်။

၁၉၅၅ ခုနှစ်အကုန်ပိုင်းတွင် အဏုမြူစွမ်းအင်ဌာနနှင့် အဏုမြူဆိုင်ရာ


တွင်းထွက်သယံဇာတများဌာနကို တည် ထောင်ခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသို့
ထူးချွန်သော လူငယ်ပညာရှင်များနှင့် နည်းပညာရှင်များကို စေလွှတ်ခဲ့ကြသည်။
သင်ကြားရသည့်ဘာသာရပ်များမှာ ဘွဲ့လွန်အဆင့် ကျန်းမာရေး ရူပဗေဒ၊ နျူကလီးယား ရူပဗေဒ၊
သတ္တုဗေဒဆိုင်ရာ နှင့် ဓာတ်သတ္တုတူးဖေါ်ရေးအင်ဂျင်နီယာပညာရပ်တို့ အပြင် ကရိယာပစ္စည်းများ
ထုတ်လုပ်ရာ ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စက်မှု လုပ်ငန်းများတွင် နျူကလီးယားနည်းပညာ
အသုံးချမှုဆိုင်ရာ နည်းပညာသင်တန်းများကို လည်း တက်ရောက်စေခဲ့သည်။

စာသင်သွားသူအများစုက မြန်မာပြည်သို့ပြန်လာခဲ့ပြီး UBARI ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ


အသုံးချသုတေသနအဖွဲ့၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး
သုတေသနသိပ္ပံများတွင် ၀င်ရောက်အမှုထမ်းခဲ့ကြသည်။ AEC ခေါ် အဏုမြူစွမ်းအင်ဌာနကို
ဦးဆောင်သည့် ဦးလှညွှန့်က ရှေ့ဆောင်သင်ပြခဲ့ပြီး ၎င်း၏ လမ်းညွှန်မှုမှုအောက် တွင် နိုင်ငံတော်
ပညာတော်သင်အပတ်စဉ်ဆင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဦးလှညွန့်က လွတ်လပ်ရေး
မရမီ ကတည်းက ဂျပန်နိုင်ငံတွင် ပညာဆည်းပူးနေခဲ့သူလည်း ဖြစ်သည်။ ဤသို့သော ပထမအသုတ်
ပညာတော်သင် များအနက် ဦးသိန်းဦးဖိုးစောလည်း အပါအ၀င်ဖြစ်ပြီး သူတဦးသာလျှင်
လက်ရှိစစ်အစိုးရအောက်တွင် ဆက်လက်၍ အမှုထမ်းနေဆဲ လည်း ဖြစ်သည်။ ဦးသိန်းဦးဖိုးစောက
ယခုတော့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အကြံပေး တဦး ဖြစ်ပြီး ရန်ကုန်
စက်မှုတက္ကသိုလ်တွင်လည်း တွဲဖက်ပါမောက္ခတဦးအဖြစ် တာဝန်ယူလျှက်ရှိသည်။

၁၉၅၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံသည် ဂျနီဗာ၌ကျင်းပသော အဏုမြူစွမ်းအင်ကို


ငြိမ်းချမ်းစွာအသုံးပြုရေး နိုင်ငံ တကာညီလာခံကို တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် နိုင်ငံတကာ
အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တည်ထောင်သော အခါတွင်လည်း ယင်းအဖွဲ့သို့
ဝင်ရောက်ခဲ့သည်။ များမကြာမီပင် မြန်မာနိုင်ငံ၏ AEC ခေါ် အဏုမြူစွမ်းအင်ဌာနအား
“ပြည်ထောင်စုမြန်မာနိုင်ငံ အဏုမြူစွမ်းအင် စင်တာ” (UBAEC) အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

၁၉၅၀ ခုနှစ် နှောင်းပိုင်းကာလများသည် အဏုမြူခေတ်သစ်အတွက်


ရောင်ခြည်သန်းနေဆဲကာလဖြစ်သည်။ ဤ ကာလတွင် မြန်မာနိုင်ငံ၏ UBAEC တွင်ဝန်းရံ
ဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံ၏ နျူကလီးယားပညာရှင် ထိပ်သီး များတွင် မြန်မာ နိုင်ငံကို
ခေတ်မီစက်မှုနိုင်ငံတော်သစ်ဆီသို့ မောင်းတင်ပေးနိုင်သည်ကို သံသယလုံးဝ မရှိခဲ့ကြပေ။ စွမ်းအင်
ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းနှင့် ပညာရေးနယ်ပယ်များတွင်
အပတ် တကုတ် သုတေသနလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် ဆောင်ကြဉ်းပေးနိုင်မည်ဟု
ယုံကြည်ခဲ့ကြသည်။

သို့သော် အကြွားသန်ခဲ့ကြသော “ပြည်တော်သာစီမံကိန်း”၏ ကျရှုံးမှုနှင့်အတူ နှစ်အနည်းငယ်အတွင်း


နျူကလီးယား ရည်မှန်းချက်၏ ပထမအဆင့်ကာလသည်လည်း အိပ်မက်ပြိုကွဲ
တုန့်ဆိုင်းသွားခဲ့ရသည်။ UBAEC ၏နာယကဖြစ်သူ ဦးကျော်ငြိမ်းလည်း နိုင်ငံရေးဂိုဏ်းဂဏ
အကွဲအပြဲများ၊ ဝေဖန်မှုများအောက်တွင် အရှက်ရခဲ့သည်။

၁၉၆၂ ခုနှစ် မတ်လတွင် စစ်တပ်က အာဏာသိမ်းပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို


နိဂုံးချုပ်စေလိုက်သည်။ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းတွင် အခြားဦးစားပေးကိစ္စများသို့
ပြောင်းသွားခဲ့သည်။ အဏုမြူအသိပညာ၊ အဏုမြူပါဝါ ရှာပုံတော်ဆီသို့ ဦးမလှည့်နိုင်တော့။ ဤသို့နှင့်
တချိန်က လျှမ်းလျှမ်းတောက်ခဲ့သော UBAEC ၏ ကံတောက်ပမှုသည်လည်း ကွယ်ပျောက်ခဲ့ရသည်။

စစ်အေးတိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ ဈေးပေါပေါဖြင့် အဏုမြူပါဝါ ရရှိမည်ဟူသော ကိစ္စများမှာ


မဖြစ်နိုင်တော့။ ပို၍ ခက်ခဲလာသည်နှင့်အတူ မြန်မာနိုင်ငံ၏ အဏုမြူရည်မှန်းချက်ကိုလည်း
ရင်ထဲသိမ်းထုတ်ထားလိုက်ရတော့သည်။ တိုင်းပြည် တော်တော်များများက
နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုများနှင့် နျူကလီးယားစက်ရုံများ တည် ဆောက်နိုင်ခွင့်ရရှိခဲ့
ကြသော်လည်း မြန်မာနိုင်ငံ၏ အတိအကျ ဘက်မလိုက်ကြားနေရေးမူဝါဒကြောင့် အမေရိကန်
ပြည်ထောင်စုထံမှရော၊ ရုရှနိုင်ငံ နှစ်နိုင်ငံစလုံးမှပါ နျူကလီးယားဆိုင်ရာ အကူအညီများ ရယူနိုင်ခြင်း
မရှိခဲ့ပါ။ ဤအခွင့်အရေးများ လက်လွတ်ဆုံးရှုံး ခဲ့ရပြန်သည်။ နောက်ပိုင်းတွင် ဦးလှညွှန့်သည်လည်း
မြန်မာနိုင်ငံမှ ထွက်ခွာ၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တွင်
အကြီးတန်းအရာရှိအဖြစ် ဆက်လက်အလုပ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်း ပြည်ပတွင်ပင်
သူကွယ်လွန်ခဲ့သည်။

သို့သော်ငြားလည်း နိုင်ငံခြားတိုင်းပြည်များတွင် ပညာသင်ကြားခဲ့ကြသော တက္ကသိုလ်ကြီးများတွင်


တာဝန်ထမ်းဆောင် နေကြသည့် ပထမနှင့် ဒုတိယမျိုးဆက်၊ လက်တဆုပ်စာ ရူပဗေဒပညာရှင်များ၊
သိပ္ပံပညာရှင်များနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အသုံးချသုတေသနသိပ္ပံ (UBARI) တို့သည် အခြေခံ
နျူကလီးယားသိပ္ပံ အသုံးချ သုတေသနကို ဆက်လက် သင်ကြားဆဲ၊ လေ့လာဆောင်ရွက်ဆဲ
ပြုနေခဲ့သည်။ နျူကလီးယား သုတေသနစင်တာ တခုတည်ဆောက်ရေးအပြင် (IAEA) နှင့်
အစိုးရအထောက်အပံ့များဖြင့် နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုတခု တည်ဆောက်နိုင်ရေး
မျှော်လင့်ချက်ကိုလည်း ဆက်လက်ကိန်းအောင်းနေခဲ့ကြသည်။

(IAEA) နှင့်ရင်းနှီးသော အစိုးရများ၏ နည်းပညာအကူအညီများနှင့် ၁၉၆၀


ခုနှစ်အစောပိုင်းကာလများမှစ၍ ရန်ကုန်ဝိဇ္ဖာနှင့် သိပ္ပံတက္ကသိုလ်တွင် ဘွဲ့ကြိုတန်းကျောင်းသားများ၊
ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသန ပညာရှင်များ အတွက် နျူကလီးယားဓာတ်ခွဲခန်းတခု
တည်ဆောက်လည်ပတ်ထားခဲ့သည်။ ဘွဲ့ကြိုဂုဏ်ထူးတန်း သင်ခန်းစာများတွင် နျူကလီးယား
ရူပဗေဒအား မသင်မနေရဘာသာရပ်တခုအဖြစ် သင်ကြားစေခဲ့ပြီး ၁၉၆၄ ခုနှစ်မှစတင်
ကျင့်သုံးခဲ့သော အဓိက ဦးစားပေး ဘာသာ “မေဂျာ”ယူရသော ပညာရေးစနစ်သစ်အောက်ရှိ
မဟာဘွဲ့များတွက် စိတ်ကြိုက်ရွေးချယ် သင်ကြားနိုင်သော ဘာသာရပ်တခုအဖြစ်
သင်ကြားပြသခဲ့ကြသည်။ နောက်နှစ်များတွင် မန္တလေးတက္ကသိုလ်ကလည်း အလားတူ သင်ကြားမှု
ပုံစံမျိုး ဆက်လက်ကျင့်သုံးခဲ့ကြသည်။

အလားတူပင် (UBARI) ကလည်း ၁၉၅၀ ခုနှစ်များတွင် သုတေသနစာကြည့်တိုက်နှင့်


သတင်းအချက်အလက်စင်တာများကို တည်ထောင်ခဲ့ပြီး ထိန်းသိမ်းဖွင့်လှစ်ထားခဲ့သည်။
ကုန်ပစ္စည်းများ ထုတ်လုပ်ရေး၊ ရေဒီယိုအိုင်ဆိုတုပ် အသုံးချ ဘာသာရပ်၊
ကျန်းမာရေးရူပဗေဒဘာသာရပ်၊ ဓာတ်သတ္တိကြွထိန်းချုပ်မှုဘာသာရပ်၊ စက်မှုလုပ်ငန်းအသုံးချ
ဘာသာ ရပ်များနှင့် ဓာတ် သတ္တု ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဘာသာရပ် နယ်ပယ်များတွင်
သုတေသနလုပ်ငန်းများ လုပ်ဆောင် ခြင်းနှင့် အခြား ဖြစ်ထွန်းဖွံ့ဖြိုးစေမှု လုပ်ငန်းများကို
ဆက်လက်ဆောင်ရွက်ခဲ့သည်။ (IAEA) ၏ ရုပ်ဝထ္ထုပစ္စည်း၊ သင်တန်းအထောက်အပံ့နှင့်
ကျွမ်းကျင်မှုနည်းပညာအထောက်အပံ့စသော နည်းပညာအကူအညီများ ဆက်လက်ရယူ နေခဲ့သည်။

၁၉၆၀ နှောင်းပိုင်းနှစ်များတွင် တော်လှန်ရေးကောင်စီသည်


သုတေသနမူဝါဒညွှန်ကြားရေးဘုတ်အဖွဲ့ဟု ခေါ်ဝေါ်သော
ဝန်ကြီးအဆင့် သုတေသနကြီးကြပ်ရေးအဖွဲ့တခုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ
ဝန်ထမ်းများနှင့် ဖွဲ့စည်းလာ ခဲ့သည်။ နောက်ပိုင်းတွင် ၎င်း၏စီမံမှုအောက်တွင်
အဏုမြူစွမ်းအင်ကော်မတီကို ဖွဲ့စည်းခွင့် ပြုခဲ့သည်။ ၁၉၇၀ ခုနှစ်များ အတွင်းတွင် ၎င်းကော်မတီက
မြန်မာနိုင်ငံ နျူကလီးယားသုတေသနလုပ်ငန်းများ အားလုံးကို ကြီးကြပ်ခဲ့သည်။
နျူကလီးယားဓာတ်ပေါင်းဖို အသေးစားတခုတည်ဆောက်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း
ဤကော်မတီတွင် ဆွေးနွေးခဲ့ ကြသည်။

အဆင့်နှိမ့်ထားသော သင်တန်း၊ သုတေသနဆိုင်ရာ အိုင်ဆိုတုပ်ထုတ်လုပ်ရေးနှင့် အထွေထွေ


အက်တမ်ပိုင်းဆိုင်ရာ အမေရိကန်ပုံစံ အစီအစဉ် American TRIGA (Training, Research Isotope
Production, General Atomic) တခုကို ဒေါ်လာ ၅ သိန်းအောက်တန်ဖိုးမျှဖြင့်
တည်ဆောက်နိုင်ရေးအတွက် ကမ်းလှမ်းရန် ထိုအချိန်က စဉ်းစားခဲ့ကြသေး သည်။ သို့သော်
လက်တွေ့တွင် အကောင်အထည် ပေါ်မလာခဲ့ပေ။ အကြောင်းမှာ နိုင်ငံခြားငွေ မရှိသလောက်
ပြတ်တောက်နေ ခြင်းနှင့် တပါတီဆိုရှယ်လစ်အစိုးရ၏ အာဏာအ၀န်းအ၀ိုင်းထဲတွင်
ဤအစီအစဉ်အတွက် စည်းရုံးပေးမည့် ဦးကိုင်ဖခင် တဦးမျှ မရှိသောကြောင့် ဖြစ်သည်။

ယခုဆိုလျှင် ဦးသောင်းက ဤအဏုမြူအစီအစဉ်အတွက် ဦးကိုင်ဖခင်ဖြစ်လာခဲ့သည်။


စစ်အုပ်စု၏ခေါင်းဆောင် ဗိုလ်ချုပ် မှုးကြီးသန်းရွှေကိုလည်း နားချထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင်
သဘာဝဓာတ်ငွေ့ရောင်းရငွေများမှ နိုင်ငံခြားငွေ အမြောက် အများလည်း လှိမ့်၍ရနေချိန် ဖြစ်သည်။
၁၉၉၇ ခုနှစ် သူ၏၀န်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော
အဏုမြူစွမ်းအင်ဌာနသည်လည်း ဓာတ်ပေါင်းဖိုကို အခြေခံသော နျူကလီးယားသုနေသန ဌာနတခု
တည်ဆောက်ရန်
တာဝန်ကို အထမြောက်အောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု သူက ယုံကြည်ချက်အပြည့် ရှိနေပုံ
ရသည်။ (ဦးသောင်း၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တနှစ်စော၍ ဖွဲ့စည်းခဲ့သည်။)

မြန်မာပြည်တွင် နျူကလီးယားသုတေသနလုပ်ငန်းများကို ထိရောက်လုံခြုံစွာ၊ ဘေးကင်းစွာ


လုပ်ဆောင်နိုင်စွမ်းရှိပါ သလားဟု မေးခွန်းမေးလာပါကလည်း မြန်မာနိုင်ငံ၏
ကာလကြာရှည်စွာကတည်းက သန္ဓေတည်လာခဲ့သော နျူကလီးယား သုနေသနနှင့် ဖွံ့ဖြိုးရေး
လုပ်ငန်းများကို ပြရန်ရှိနေသည်။ ၎င်းတို့လုပ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်ကြာ
အတွေ့အကြုံရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် နိုင်ငံတွင်း (အဓိကအားဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်၊
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များ)နှင့် နိုင်ငံခြားပြည်ပ (ရုရှနိုင်ငံ) များတွင် နျူကလီးယား
အတတ်ပညာရှင်များကို လေ့ကျင့် ပေးနေခဲ့သည်မှာ ဆယ်စုနှစ်တခုပင် ရှိတော့မည်ဖြစ်သည်။
ဤအချက်များကို ဦးသောင်းက မလွဲမသွေ ထောက်ပြနိုင် လိမ့်မည် ဖြစ်သည်။

သို့သော်လည်း အရေးကြီးလှသောမေးခွန်းမှာ နျူကလီးယားလုပ်ငန်းများကို လုပ်နိုင်စွမ်းမဟုတ်ပါ။


ထို့ထက်ပို၍ အရေးကြီးသည်မှာ ဤအစီအစဉ်၏ ပွင့်လင်းမြင်သာမှုပင် ဖြစ်ပါသည်။ ထို့အပြင်
ခက်ခဲပင်ပန်းစွာရထားသော နိုင်ငံခြား ငွေမာများကို မည်သို့မည်ပုံ စီမံသုံးစွဲသနည်းဟူသော သူတို့၏
ချင့်ချိန်စဉ်းစားမှုကိုလည်း မေးရန် ရှိပါသည်။ ဤ အဏုမြူ လုပ်ငန်းများအတွက် နှစ်စဉ်ကုန်ကျစရိတ်
ဒေါ်လာ သောင်းဂဏန်း၊ သိန်းဂဏန်းကုန်ကျပါလိမ့်မည်။

အမေရိကန် ဒေါ်လာ ဆယ်သန်းမှ သန်း တစ်ရာအထိလည်း ရှိနိုင်ပါသည်။ ဆင်းရဲသော


မိမိတို့တိုင်းပြည်တွင် အခြေခံ လိုအပ်ချက်များဖြစ်သည့် သောက်ရေသန့်နှင့် လျှပ်စစ်မီးမှန်မှန်
မပေးနိုင်သေးသောအချိန်၌ ဤကဲ့သို့သော အရေးပေါ် လိုအပ်ချက်များအတွက် နိုင်ငံတော်၏
ငွေမာများကို ပို၍အကျိုးရှိရှိအသုံးချရန် သင့်ပါကြောင်း တင်ပြလိုပေသည်။

မောင်သုတသည် နိုင်ငံရပ်ခြားတွင်နေထိုင်လျှက်ရှိသော မြန်မာပညာရှင်တဦးဖြစ်သည်။

၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ မောင်သုတရေးသားသော Transparency Needed


ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။