၁၉၉၀ အာဇာနည်နေ့တိုက်ပွဲနဲ့

“တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မ”ူ
မောင်ကျောင်းသား
(၁)
၁၉၈၈ခုနှစ် ၊ ဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီးက ပြည်သူတွေကို နိုင်ငံရေးနိုးကြားမှု ဖြစ်စေ
ခဲ့သလို အထူးသဖြင့် ကျောင်းသားတွေရဲ့ရင်ဘတ်ထဲ ကျောင်းသားသမဂ္ဂနဲ့ခွပ်ဒေါင်းစိတ်ဓါတ် ရှင်သန်
ခိုင်မြဲစေခဲ့ပါတယ် ။
၁၉၆၂ ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်မှာ နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ဖျက်ဆီးမှုခံရပြီးကထည်းက တိုးတိုးတိတ်
တိတ်ပဲ ဖွဲ့စည်းရပ်တည်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဟာ
ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ခိုင်ခိုင်မာမာပြန်လည် ဖွဲ့စည်းပေါ်ထွက်လာခဲ့ပါတယ် ။
ကျောင်းသားအများစုက နိုင်ငံရေးဆိုတာလဲကောင်းကောင်းနားမလည်ကြသေးပဲ မဆလ လက်ကိုင်
တုတ် လုံထိန်းရဲတွေနဲ့ စစ်တပ်ရဲ့မတရားမှုကို မြင်တွေ့ခံစားရမှုကနေ ပါဝင်လာကြတာသာဖြစ်တဲ့အ
လျောက် တစ်ဦးနဲ့တစ်ဦး ထင်ပေါ်ကျော်ကြားလိုမှုတွေအားပြိုင်ကြရင်း စစ်တပ်ကအာဏာသိမ်းပြီးချိန်
မှာ ကျောင်းသား အဖွဲ့စည်းမျိုးစုံဖြစ်သွားပါတယ် ။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား
များသမဂ္ဂ(မကသ) ၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ)၊ အခြေခံပညာကျောင်းသားများ
သမဂ္ဂ(အကသ)စတဲ့ကျောင်းသားသမဂ္ဂတွေနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ် (လူငယ်) ၊ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးစတဲ့ပါတီဝင်တွေအဖြစ် အဖွဲ့စည်းအမျိုး
မျိုးပေါ်လာတာပါ ။ တောခိုဖြစ်သွားတဲ့ကျောင်းသားတွေကတော့ ကျောင်းသားတပ်မတော်(ABSDF)
လို့ ဖွဲ့စည်း နိုင်ခဲ့ပါတယ် ။
မောင်ကျောင်းသားတို့ အခြေခံပညာကျောင်းသား (အကသ)တွေလဲ နှစ်ဖွဲ့သုံးဖွဲ့ဖြစ်ခဲ့ပါတယ်။ ပထမ
ပိုင်း အကသ/ရန်ကုန်တိုင်း နဲ့ အကသ/ရန်ကုန်ခရိုင် ဆိုပြီးနှစ်ဖွဲ့ကွဲပါတယ်။ နေလင်းအကသနဲ့
မင်းဇင်/သီဟအကသဆိုပြီးခေါ်ကြပါတယ်။ ၁၉၉၀ ကျတော့ ကိုယ်ဘာသာပဲဦးဆောင်ချင်တဲ့
မောင်ကျောင်းသားတို့က အဲဒီနှစ်ဖွဲ့လုံးကခွဲထွက်လာတဲ့သူတွေစုပြီး ဗမာနိုင်ငံလုံးဆိုင်ရာအခြေခံ
ပညာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗခသ) ကိုထပ်ဖွဲ့ပါတယ်။ ဒါပေမဲ့ အကသတွေ ဘယ်နှစ်ဖွဲ့

ကွဲကွဲ ဗကသ ဦးဆောင်မှုနဲ့ ခွပ်ဒေါင်းအလံတော်အောက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေ
အတူညှိနှိုင်းလုပ်နိုင်ခဲ့ပါတယ်။
အဲဒီတုန်းက ခေါင်းဆောင်လုလုပ်ကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားမပါတဲ့ ထောင်ကျမဲ့အလုပ်တွေကို
လုလုပ်ကြတာပါ ၊ သေမဲ့လမ်း ကိုလုလျှောက်ကြတာပါ ၊ ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ်ကလေးတွေက
မိဘတွေပေးတဲ့မုန့်ဘိုးလေးတွေ လမ်းစရိတ်လုပ် ၊ ကိုယ့်ပုဆိုးအင်္ကျီရောင်းပေါင်၊ တချို့လဲမိသားစု
ပစ္စည်းထုခွဲပြီး ရတဲ့ငွေလေးရန်ပုံငွေလုပ် ၊ စာထုတ် အခမ်းအနားလုပ် လုပ်ကြရတာပါ ။ ပြည်သူတွေ
တီးတဲ့ လက်ခုတ်သံတွေကြားမှာ သူရဲကောင်းကြီးတွေလို ခပ်ကြွားကြွားရပ်တည်ချင်စိတ်တွေနဲ့ ဒုက္ခ
တရား ရဲ့ပဉ္စလက်တောအုပ်မှန်း သိသိနဲ့ လုတိုးဝင်ကြတာပါ ။
အဲဒီတုန်းက ကျောင်းသားသမဂ္ဂတွေဟာ (မကသ ကလွဲရင်)တရားမ၀င်အသင်းအဖွဲ့ဖြစ်တာကြောင့်
ကိုယ်ပိုင်ရုံးနေရာ မရှိပါဘူး ၊ လူ့ဘောင်သစ်ရုံး ၊ NLDရုံး ၊ ဖဆပလ ရုံး ၊ စတဲ့ နေရာခွင့်ပြုပေးတဲ့ ပါတီ
ရုံးတွေမှာပဲ အဆင်ပြေသလိုရုံးလုပ်ရတာပါ ၊ မောင်ကျောင်းသားတို့ကိုတော့ ရွှေဂုံတိုင်က ဘိုးဘွားရိပ်
သာမျက်စောင်းထိုး(အခုရန်ရှင်းအိမ်ယာမြောက်ဘက်) ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် “အနာဂတ်
ကို ငါတို့ပိုင်ထားသည်”လို့ဆိုင်းဘုတ်ကြီးထူထားတဲ့ မျိုးဆက်သစ်အားမာန် လူငယ့်တပ်ဦးက နေရာ
ပေးထားပါတယ်။
မောင်ကျောင်းသားတို့ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာအခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗခသ)
ဖွဲ့စည်းတဲ့အခမ်းအနားကို ၁၉၉၀ခု ဇွန်(၉)ရက်နေ့က မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးရုံးမှာပဲ
ကျင်းပခဲ့တာပါ။ တက်လာတဲ့ကျောင်းသားတွေရဲ့မဲပေးမှုနဲ့ သိန်းထွန်းကျော်(ဥက္ကဌ)၊ ဗဟိန်း(အထွေ
ထွေအတွင်းရေးမှူး) ၊ တရုတ်ဇေယျာဝင်း(တွဲဘက်အတွင်းရေးမှူး) ၊ နိုင်အောင် ၊ ၀င်းနိုင် (တရုတ်လေး)
နဲ့ စန္ဒာအေးသွင်(စည်းရုံး/၀ါဒဖြန့်) ၊ ထွန်းဇော်မိုး(ခေါင်းကြီး) နဲ့မောင်ကျောင်းသား(သတင်း/ပြန်ဆက်)၊
တရုတ်ကြီးနဲ့ကိုစိုးကြီး(လုံ/စည်း) တာဝန်တွေကို ထမ်းဆောင်ခဲ့ကြပါတယ်။ နာမည်ကျန်ခဲ့သူများ
သည်းခံကြပါကုန် ။
အဲဒီကာလက ရွေးကောက်ပွဲအပြီး NLD အနိုင်ရပြီးကာလဖြစ်တာကြောင့် ပြည်သူတွေကလဲ နိုင်ငံ
ရေးအပေါ်စိတ်ဝင်စားမျှော်လင့်နေကြတာပါ ၊ မောင်ကျောင်းသားတို့ အင်အားသုံးယောက်လောက်ဆို
တရားဟောပွဲတစ်ပွဲဖြစ်ပါတယ် ။ ကားဂိတ်၊ ဈေး၊ ပလက်ဖေါင်းပေါ်က လဘက်ရည်ဆိုင်တွေနဲ့ လူ
စည်ကားရာနေရာတွေမှာ တွေ့ရာခုံတလုံးကောက်ဆွဲ တက်ရပ်ပြီး အတူသွားသူတွေလက်ခုတ်ဝိုင်းတီး၊
လူတွေအာရုံစိုက်တဲ့အခါ တရားဟောနည်း ကိုသုံးကြပါတယ်၊ ဖမ်းရအောင်လာနေပြီဆိုရင်လဲ ပြေးကြ
ပါတယ် ၊ စစ်တန်းလျားပြန်မှာပါဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ဗိုလ်ချုပ်ခင်ညွန့်တို့ အာဏာလွှဲမပေး
ခဲ့ရင် မိမိတို့ပေးခဲ့တဲ့ ဆန္ဒမဲတွေအတွက် တိုက်ပွဲဝင်ကြဘို့ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ကိုမင်းကိုနိုင်နဲ့
ဖမ်းထားတဲ့ကျောင်းသားတွေကိုမလွှတ်ရင် စစ်တပ်ကို ယုံကြည်လို့ရမှာ မဟုတ်ဘူးဆိုတာတွေ ပြည်

သူကြားမှာလိုက်ပြီးဟောပြောကြပါတယ် ၊ ကြေငြာချက်/လှုံ့ဆော်စာတွေကို ချရေးပြီး အားလုံးသ
ဘောတူပြီးရင် တယောက်တစောင်ကူးရေးရပါတယ် ၊ အိမ်အလုပ်အဖြစ် လူတစ်ယောက်ကို အနည်း
ဆုံးဆယ်စောင်စီလက်ရေးမူနဲ့ကူးခဲ့ပါဆိုတာမျိုး ကိုယ်စီတာဝန် ယူကြ တဲ့အခါ နောက်နေ့မှာ ရာနဲ့ချီတဲ့
ကြေညာချက်/လှုံ့ဆော်စာတွေ ရရှိဖြန့်ဝေနိုင်ကြပါတယ် ၊ လူထုကြားမှာ သတင်းစကားအပြန့်လွယ်
ဆုံးနေရာကို ဈေးလို့ နားလည်သဘော ပေါက်ကြပြီး ဈေးတွေကိုဦးတည်ဖြန့်ဝေပါတယ်။ နေ့ခင်း ၁၂
နာရီကျော်ဈေးနားချိန် ဈေးဘန်းတွေဈေးဆိုင်တွေပေါ် စာရွက်ခေါက်လေးတွေလုပ်ပြီး လိုက်ထားတာ
မျိုးနည်းနဲ့ စာဝေသူအန္တရာယ်ကိုရှောင်နိုင်ခဲ့ပါတယ် ။ အသက်စွန့်/အဖမ်းခံ/တောထဲရောက်သွားကြတဲ့
ကျောင်းသားတွေကိုသစ္စာရှိသောအားဖြင့် “စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှ တို့တ
တွေကျောင်းတက်မည်”ဆိုတာကို ခံယူ ရပ်တည်ခဲ့ကြပါတယ်။ (ဒီအကြောင်းတွေ ပြန်ပြောပြနေတဲ့
ရည်ရွယ်ချက်က ခုလက်ရှိလျှို့လျှို့ဝှက်ဝှက် လုပ်နေကြတဲ့ ကျောင်းသားတွေ စိတ်အားတက်ကြွစေ
ဘို့သာဖြစ်ပါတယ်။)
အာဇာနည်နေ့နီးလာတဲ့တရက်မှာ အားလုံးစုတိုင်ပင်ကြပါတယ် ၊ “တော်လှန်ရဲသူ ၊ အောင်ပွဲယူသည် ၊
ပြည်သူ့သားကောင်း ၊ တို့ခွပ်ဒေါင်း” ဆိုတဲ့ ကဗျာထဲက စာသားကိုဖြတ်ညှပ်ပြင်လုပ်ပြီး အာဇာနည်နေ့
ဆောင်ပုဒ်လုပ်ရအောင်၊ ပြီးတော့ အာဇာနည်ကုန်းကို ချီတက်ကြရအောင် ဆုံးဖြတ်ချက်ချကြပါတယ်။
ဒီလိုနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ” ဆိုတဲ့ ဆောင်ပုဒ်တခုဖြစ်လာခဲ့ပြီး အဲဒီဆောင်
ပုဒ်နဲ့ လက်ကမ်းစာစောင်တွေထုတ် ၊ စတစ်ကာတွေလဲလုပ်ခဲ့ကြပါတယ်။
(၂)
အဲဒီနေ့(၁၉၉၀ခု၊ဇူလိုင်လ၊၁၉ ရက် အာဇာနည်နေ့) က မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးက လူ
ငယ်တွေနဲ့အတူ ရွှေဂုံတိုင်လမ်းဆုံမှာ မနက်ဆယ်နာရီလောက် စုဝေးကြပါတယ်။ ဖိတ်ခေါ်ထားမှု
အရရောက်လာတဲ့ ကျောင်းသားတွေ ၊ တခြားအကသ အဖွဲ့ဝင်တွေ၊၀ိုင်းအုံကြည့်နေကြတဲ့ပြည်သူတွေ
အင်အားအခြေအနေပေါ် မူတည်ပြီး မောင်ကျောင်းသားတို့ ဗခသတွေ စိတ်အားတက်ကြွလာတာနဲ့
ပထမဆုံးဖြတ်ထားတဲ့ သာမန်လမ်းလျှောက်ချီတက်ရုံဆိုတာကနေ အလံကိုင်သီချင်းဆို ချီတက်မယ်
တိုင်ပင်ကြပါတယ်။
ပြဿနာက တရားဝင်နိုင်ငံရေးပါတီဖြစ်နေတဲ့ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးကလူငယ်တွေပါပဲ။
သူတို့ပါတီရဲ့ အနီရောင် တူညီဝတ်စုံတွေကလဲဝတ်ထားသေးတော့ ထင်းထင်းကြီးဖြစ်နေတော့ တချို့
ကကန့်ကွက်ကြပါတယ်။ ကိုသိန်းထွန်းကျော်နဲ့ ကိုဗဟိန်းတို့ကရှင်းပြစည်းရုံးပါတယ်။ “ကျွန်တော်တို့က
အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုဘို့သွားမှာဖြစ်တယ်၊ အာဏာပိုင်တွေက လူငါးယောက်
ထက်ကျော်ပြီိး စီတန်းမလှည့်ဘို့ပြောတယ်/ ကျွန်တော်တို့မကျော်ဘူး ၊ ငါးယောက်စီ တန်းပြီးလျှောက်

ကြမယ် ၊ အလံမထောင်ရဘူးပြောထားတယ် ၊ မထောင်ဘူး ကိုင်ပြီးလျှောက်မယ် ၊ ကြွေးကြော်သံ
မတိုင်ရဘူးပြောထားတယ်၊ မတိုင်ဘူး သီချင်းဆိုမယ်။ ဒီလောက်တော့ ကျွန်တော်တို့ရဲရင့်မှဖြစ်မယ်၊
ကျွန်တော်တို့အခွင့်အရေးကို ကျွန်တော်တို့ကိုယ်တိုင်ဆုပ်ကိုင်ရဲမှ ရမှာဖြစ်တယ် ၊ ကျွန်တော်တို့ ဦး
ဆောင်ပါ့မယ်။ ဖမ်းရင်ပစ်ရင်ထွက်မပြေးပဲ ကျွန်တော်တို့ရှေ့ကနေခံပါမယ်” ဆိုတော့မှ နောက်ကနေ
လိုက်တန်းစီ ပါလာကြပါတယ်။
အရေးရယ်အကြောင်းရယ်ဆိုတော့ ခွပ်ဒေါင်းအလံကပါမလာကြဘူး ၊ အစီစဉ်ထဲမပါလို့ပဲ ကျန်နေခဲ့
တာလား ၊ ဘာကြောင့်လဲ တော့မမှတ်မိတော့ဘူး ၊ တိုက်ပွဲဖေါ်ပါ့မယ်ဆိုတော့မှ အလံမပါဘူးတဲ့ ၊
မောင်ကျောင်းသားနဲ့ဇေယျာဝင်း ၊ နိုင်အောင်တို့ ကောက်ကာငင်ကာစီစဉ်ကြည့်တော့ အဆင်ပြေချင်
တော့ အနားဝန်းကျင် (ရွှေဂုံတိုင်လမ်းဆုံ) တ၀ိုက်က အလံလုပ်ရောင်းတဲ့ဆိုင်တွေချည်းပဲလေ ၊ ဒါပေမဲ့
အာဇာနည်နေ့မို့ ဆိုင်တွေကပိတ်ထားကြတာ ၊ တမင်ကိုကူညီချင်တဲ့တဆိုင်က အဖြူရောင်တစတော့
ရှိတယ်။ ကိုယ်ဘာသာ လိုသလိုဖြတ်သုံးဆိုပြီးပေးလိုက်တော့ အနေတော်အလံဆိုက်ဖြတ်လိုက်ကြပြီး
ဘယ်သူဘယ်ကနေရှာလိုက်မှန်းမသိတဲ့ နှုတ်ခမ်းနီတောင့်နဲ့ ပန်းချီတော်တဲ့ (နိုင်အောင်လား/ဇေယျာ
ဝင်းလား) တယောက်က ခွပ်ဒေါင်းပုံဆွဲလိုက်တာမှာ သမိုင်းတခုရဲ့တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတစ်ခု ဖြစ်
သွားတော့တာပါပဲ ။
ဒီလိုနဲ့ မောင်ကျောင်းသားနဲ့ဇေယျာဝင်းက ခွပ်ဒေါင်းအလံကို ပန်းချီကားကိုင်သလိုဖြန့်ကိုင်လိုက်တယ်။
သိန်းထွန်းကျော် ,ဗဟိန်း, တရုတ်ကြီးတို့ကရှေ့ဆုံးကနေ ဦးဆောင်ချီတက်ကြတယ်။ လက်ခုပ်တွေ
တဖြောင်းဖြောင်းတီး စည်းချက်လိုက်ပြီး ကျောင်းသားသမဂ္ဂသီချင်းကို သံပြိုင်ဆိုလိုက်ကြတယ်။ စ
ထွက်ထွက်ခြင်း ပေလေးငါးရာမှမရောက်သေးဘူး ၊ တဘက်ယာဉ်ကြောမှာ စစ်ကားနှစ်စီး လာရပ်
ကြည့်နေတယ်။ ဟန့်တားတာတော့မလုပ်ပါဘူး ၊ မောင်ကျောင်းသားတို့လဲ ခပ်တည်တည်ပဲ။ ကိုယ့်
လာအားပေးတဲ့ပြည်သူတွေလိုပဲသဘောထား သီချင်းကိုအားမာန်အပြည့်ဆိုပြီးဆက်ချီတက်ကြတာ
ပထမရွံ့တွံ့တွံ့ရှိခဲ့တဲ့ မျိုးဆက်သစ် လူငယ်တွေတောင် တက်တက်ကြွကြွဖြစ်ကုန်ကြပါတယ်။ စန္ဒာ
အေးသွင်၊ ကိုစိုးကြီး၊နိုင်အောင်နဲ့ ဗခသ အဖွဲ့ဝင်တွေက ဘေးက ရပ်ကြည့်အားပေးနေတဲ့ ပြည်သူတွေ
ကို “တော်လှန်ရဲသူအောင်ပွဲယူအာဇာနည်တို့မူ” ဆိုတဲ့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်ကို ဝေနေကြ
တယ်။
“ဗမာပြည်ဆိုင်ရာကျောင်းသားသမဂ္ဂတို့သည် ရာဇ၀င်တွင်လောက်ပေသည်။ တော်လှန်ရာတွင် ရှေ့က
ပင် ဦးစီးချီ သက်စွန့် ကြိုးပမ်းထမ်းရွက်ခဲ့ပေပြီ”တဲ့။ ဟိန်းထွက်နေတဲ့ကျောင်းသားသမဂ္ဂသီချင်းသံ
နောက်ကို ပြည်သူတွေပါ တစစလိုက်ပါလာကြပါတယ်။ အခု M3 စားတော်ဆက်ရှေ့၊ အာဇာနည်
ကုန်းဘက်ကို ချိုးမကွေ့ခင်နားမှာ ကြိုရောက်နှင့်နေတဲ့ ဗကသ ၊ အကသ ကျောင်းသားတွေ ၊ NLD
လူငယ်တွေ အုပ်လိုက်ကြီးတွေ့လိုက်ရပါတယ်။ သူတို့ပါ လက်ခုပ်တွေ ၀ိုင်းတီးပြီး ကျောင်းသားသမဂ္ဂ

သီချင်းဝိုင်းဆိုလိုက်ကြတာ။ အာဇာနည်ကုန်းပေါ်က စောင့်ကြပ်နေတဲ့စစ်သားတွေရင်ထဲတောင် တခုခု
နက်နက်ရှိုင်းရှိုင်း ခံစားရမှာအသေအချာပါပဲ။
တိုက်ပွဲထဲမှာ အဖွဲ့မကွဲဘူး ၊ ကျောင်းသားတိုင်းညီညွတ်ကြပါတယ်။ အာဇာနည်ကုန်းပေါ်ကြည့်လိုက်
တော့ အာဇာနည်ကြီးတွေရဲ့မိသားစုတွေ ကန်တော့ပြီး ပြန်ကြပြီ။ မောင်ကျောင်းသားရဲ့လက်ထဲကို
တယောက်က ဗကသရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံစစ်စစ်ကို ၀ါးလုံးတပ်ပြီးသားလာပေးတယ်။ ဖျင်းက
နဲ ဆူတက်သွားတဲ့စိတ်က မျက်စိထဲဘာမှမမြင်တော့ပဲ အာဇာနည်ကုန်း အနီရောင်ကြီးသာပေါ်နေသ
လိုပါပဲ။ အလံကိုဝှေ့ရမ်းပြီး အာဇာနည်ကုန်းပေါ်အပြေးတပိုင်း တက်ချသွားတော့ ကျောင်းသားအုပ်
ကြီးလဲ သီချင်းသံပြိုင်ဆိုလိုက်ပါလာတာ ဘယ်အာဏာရှင်မှမတားပါဘူး။ တားတား ပစ်ပစ် အာဇာနည်
ကြီးတွေရဲ့ခြေရင်းမှာ အာဇာနည်အသစ်လေးတွေအဖြစ် ရဲရဲရင့်ရင့် အသေခံကြမယ်လို့ ဆုံးဖြတ်ထား
ကြတာပါပဲ။
အေးစက်မာကျောတဲ့ မျက်နှာသေ လုံခြုံရေးတွေရဲ့ရှေ့မှာ ၊ တဖျတ်ဖျတ်ရိုက်နေတဲ့ သတင်းဌာနတွေနဲ့
စစ်ထောက်လှမ်းရေးတွေရဲ့ကင်မရာတွေအောက်မှာ ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်
အာဇာနည်ကြီးတွေရဲ့ခြေရင်းမှာ အားလုံးနေရာယူလိုက်ကြတယ်။ မောင်ကျောင်းသားလက်ထဲက ခွပ်
ဒေါင်းအလံကို တရတပ်ကြီးကလှမ်းယူလိုက်တယ်။ သူ့လက်ထဲက အော်လံကို လှမ်းပေးတယ်။ (ဗခ
သနဲ့ မျိုးဆက်သစ်လူငယ့်အားမာန်လူငယ့်တပ်ဦးပေါင်းလုပ်ခဲ့တဲ့ June 21 မြေနီကုန်း အရေးတော်ပုံ ၂
နှစ်ပြည့်အခမ်းအနားနဲ့ 7July (၂၈)နှစ်ပြည့် အခမ်းအနားတွေမှာ မောင်ကျောင်းသားပဲ အသံအောင်
အောင် အခမ်းနားမှူးလုပ်ခဲ့တော့ ထန်းတက် လက်မှတ်ရတာထင်ပါရဲ့။)
ရင်ထဲမှာကျေနပ်နေတယ်။ ဒါ ကျောင်းသားသတ္တိကိုပြရတဲ့ တိုက်ပွဲတပွဲပဲ။ မင်းတို့ကို ငါတို့မကြောက်
ဘူးဆိုတာ တွေ့ပြီလားလို့ ကြည့်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ခိုင်းဖတ်တွေကိုပြနေရတာ။ မင်းတို့ ဘာ
တားနိုင်မှာလဲ ငါတို့ရဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေကို။ တွေးရင်း ကျောင်းသားအုပ်ဘက် လှည့် တချက်အော်
လိုက်တယ် ၊ “ကျောင်းသားကျောင်းသူ မိဘပြည်သူအပေါင်းတို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်
ကြီးတွေကို အလေးပြုဘို့ ကျေးဇူးပြုပြီးငြိမ်ပေးကြပါ ၊”
သွေးစွန်းနေသော အမိမြန်မာနိုင်ငံတော်အား……အလေး….ပြု ။
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အား အလေး……ပြု ။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်းကျဆုံးခဲ့သော
အာဇာနည်အပေါင်းတို့အား…. အလေး…..ပြု။

ဒီမိုကရေစီရေးတိုက်ပွဲများအတွင်းကျဆုံးခဲ့ရသော ရဟန်းရှင်လူ သူရဲကောင်းအပေါင်းတို့အား…..
အလေး…ပြု ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေရှေ့မှောက်မှာ သစ္စာအဓိဋ္ဌာန်ဆိုမယ်၊ အားလုံးလိုက်ဆိုပါ
…။
ကျွန်ုပ်တို့သည် မွေးရာပါအခွင့်အရေးများဖြစ်သော ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးများအတွက်
အာဏာရှင်တို့၏ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း အသက်စန
ွ့်သွားကြသော ရဟန်းရှင်
လူကျောင်းသားပြည်သူအပေါင်းတို့၏ လေးစားဘွယ်ရာစွန့်လွှတ်မှုများအပေါ် ဂုဏ်ပြုဦးညွှတ်ပါ၏။
အာဇာနည်သူရဲကောင်းအပေါင်းတို့၏ အစဉ်အလာကြီးမြတ်မှုကို ဆက်လက်စောင့်ထိန်းသောအားဖြင့်
ကျွန်ုပ်တို့သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ခံစားရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်
ဖြစ်ကြောင်း ခိုင်မာစွာအဓိဋ္ဌာန်ပြုပါ၏….. ။ခိုင်မာစွာအဓိဋ္ဌာန်ပြုပါ၏ ……..။ ခိုင်မာစွာအဓိဋ္ဌာန်ပြုပါ၏
………။
အားလုံး…ခေတ်သစ်ကမ္ဘာမကြေ သီချင်း..စဆို …။
ကမ္ဘာမကြေဘူး…ငါတို့သွေးနဲ့ရေးခဲ့ရတဲ့မော်ကွန်းတွေ…တော်လှန်ရေး..ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ
ကျဆုံးသော…….
သြော်..သူရဲကောင်းတို့ရေ…အာဇာနည်တွေနေတဲ့တိုင်းပြည့်………ရဲရဲတောက် တို့ဗမာပြည်..။
ကိုယ်တော်မှိုင်း…ရာဇ၀င်တွေလဲရိုင်းခဲ့ရပြီအဖိုးရေ့ ……သ္ခင်အောင်ဆန်း…နိုင်ငံတော်လဲသွေးစွန်းခဲ့ပြီ
အဖရေ့ ……
သြော်..လုပ်ရက်ကြပေ….ပေတရာပေါ်မှာပြည်သူအလောင်းတွေ့
….အတုန်းရုန်းထပ်လဲပြိုကာနေ…..,။
မောင်ကျောင်းသားသီချင်းဆိုရင်းအံကြိတ်မိတယ် ၊ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။
အသားတွေတဆတ်ဆတ်တုန်နေပြီး တစ်ကိုယ်လုံးကြက်သီး ဖြန်းဖြန်းထနေတယ်။ မောင်ကျောင်း
သား သိတယ်။ တချို့သီိချင်းအော်ဆိုရင်းမျက်ရည်တွေကျနေကြတယ်။
ခုတောင်..ဒီစာကိုရေးနေရင်းပြန်သတိရပြီး ရင်ထဲမှာစို့လာရင်း မျက်ရည်ဝဲမိပါတယ်။
အာဇာနည်ကုန်းပေါ်ကနေ ကျောင်းသားသမဂ္ဂသီိချင်းပဲ ပြန်ဆိုဆင်းခဲ့ကြတယ်။ ပြီးတော့ ရွှေဂုံတိုင်
ဘက်ကိုပြန်လျှောက်ပြီး ရွှေဂုံတိုင်လမ်းဆုံမှာ လူစုခွဲလိုက်ကြပါတယ်။ တချို့လဲ ဆက်လျှောက်သွားပြီး
တာမွေအ၀ိုင်းထိပ်ဘက်ရောက်မှ လူစုခွဲဖြစ်ကြတယ်ပြောပါတယ်။
အဲဒီနောက်မှာ ဗခသ အဖွဲ့ဝင်တွေအတော်များများအဖမ်းခံရပါတယ်။ ဂန္ဒီမှာ NLD ကိုဝန်းရံရေးဆိုပြီး
ဆော်သြလှုံ့ဆော်မှုတွေ၊ ဆန္ဒပြပွဲငယ်တွေ၊ စာဝေစာဖြန့် လှုပ်ရှားမှုတွေလုပ်ကြပြီး နောက်ပိုင်း ဗခသ
အဖွဲ့ဝင်တွေသာမက တိုက်ပွဲဝင်အခြေခံပညာကျောင်းသားထုတရပ်လုံးရော ၊ ဗကသ ကျောင်းသား

တွေပါ တဖြည်းဖြည်းအဖမ်းခံကြရပြီး ကျောင်းသားလှုပ်ရှားမှုတွေအားပျော့သွားခဲ့ရပါတယ်။ ဘယ်လိုပဲ
ဖြစ်ဖြစ် ကျောင်းသားခေါင်းဆောင် အာဏာရှင်ကိုလှရွှေ ပြောခဲ့သလိုပါပဲ။
“အမိမြေလွတ်မြောက်ဘို့အတွက် အရိုးတွေ
တွေတောင်လိုပုံမှရမယ်ဆို ငါတို့ကျောင်းသားအရိ
သားအရိုးတွေ
တွေက
အောက်ဆုံးအလွှာကရှ
……။”
ကရှိစေရမယ်……။
……
(၃)
အဲဒီဖြတ်သန်းခဲ့ဘူးတဲ့အတွေ့အကြုံလေးတွေကို ပြန်စဉ်းစားရင်း မောင်ကျောင်းသားတို့ သတိပြု
မိတာလေးတွေ၊ လက်ရှိခေတ်နဲ့ဆက်စပ်စဉ်းစားမိတာလေးတွေ ရှိပါတယ်။ အဲဒါကတော့ ကနဦး
တိုက်ပွဲကို ကျောင်းသားကပဲအစပြုတယ်ဆိုတာပါ။ ကျောင်းသားတွေက စုစည်းလွယ်ပါတယ်။
နောက်ဖြစ်ထက် လတ်တလောကိစ္စကိုသာ သွေးဆူဖြေရှင်းကြသော ဖိရင်ကြွ ထိရင်ချတတ်သော
ငယ်ရွယ်သူများဖြစ်သည့်အလျောက် နိုင်ငံရေးနားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ မတ
ရားမှု မြင်တွေ့ရာကနေ တွန်းလှန်အံတုမှာကျောင်းသားတွေသာဖြစ်ပါတယ်။
ဒီကနေ့လိုနေတာက ဦးဆောင်မှုပါပဲ ၊ လူတွေကို တိရစ္ဆာန်တွေလို လက်နက်ပြခြိမ်းခြောက်အုပ်ချုပ်
ထားတော့ ကျောင်းသားပဲဖြစ်ဖြစ် ၊ပြည်သူပဲဖြစ်ဖြစ် ၀တ်ကျေတန်းကျေတော့ ကြောက်ပြကြရတာပါပဲ။
ရင်ထဲတွေမှာတော့ မခံချင်စိတ်တွေရှိနေတာ အသေအချာပါ။ အဲဒါကို ဖြည်ထုတ်နိုင်တာက ပြတ်သား
ရဲရင့်တဲ့ ဦးဆောင်မှုပါပဲ ၊ ဗမာပြည်သူပြည်သားတွေက တကယ်တမ်းအကြောက်ကြီးသူတွေမဟုတ်ပါ
ဘူး။ ရှေ့က အစလေးပဲ လိုနေတာပါ။ ကျောင်းသားကဖြစ်ဖြစ် ၊ သံဃာကဖြစ်ဖြစ် သတ်သတ်ရိုက်ရိုက်
ဖမ်းဖမ်း(ရေကုန်ရေခန်း) ငါတို့ရှေ့ကခံမယ်။ ဒီမတရားတဲ့ရွေးကောက်ပွဲကို ရအောင်ဖျက်ကြမယ်ဆို
တာမျိုး ဦးဆောင်ပြရင် လူထုတိုက်ပွဲတွေပေါ်ပေါက်လာမှာပါ။
ခေတ်အခြေအနေတွေပြောင်းတယ်ဆိုပေမဲ့ တကယ်တမ်းက လွန်ခဲ့တဲ့နှစ်၂၀နဲ့အတူတူပါပဲ။ သဏ္ဌာန်
အားဖြင့် မူကွဲသွားတာတွေကလွဲရင် ဖိနှိပ်ခံဘ၀ကဖိနှိပ်ခံ ဘ၀တွေသာပါပဲ။ ပြည်သူတွေဆင်းရဲမွဲတေမှု
တိုင်းပြည်ချွတ်ခြုံကျမှုက ပိုဆိုးလာတာပဲ ရှိပါတယ်။ ဒါကြောင့်ပြည်သူတွေရဲ့ စစ်အာဏာရှင်တွေအ
ပေါ် မကျေနပ်စိတ်က လျော့ကျသွားတာတော့မဟုတ်ပါဘူး။ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ မီးသတ်၊ ရဲနဲ့လုံ
ထိန်း အင်အားပိုသုံးထားပြီး ကြောက်လောက်အောင်နှိပ်ကွပ်ပြနေလို့သာ ငြိမ်နေရမယ်။ ထဆန့်ကျင်
တဲ့ကျောင်းသားကိုတော့ လက်ခုပ်တီးအားပေးမှာပါပဲ။ ဘေးမဖြစ်အောင် ကူပေးကာပေးကြမှာပါပဲ။
လက်ရေးမူနဲ့ ၀ိုင်းရေးဝိုင်းဖြန့်နည်းတွေ၊ လူထုအားကိုးပြီး ကြံ့ဖွတ/် ရဲ အခြေအနေကြည့်ပြီး
စည်းရုံးလှုံ့ဆော်တဲ့နည်းတွေဟာ ခုထိလုပ်လို့ရနေတဲ့နည်းတွေဖြစ်ပါတယ်။
ခေါင်းဆောင်မှုမှာ ငယ်တာကြီးတာ ပြဿနာမဟုတ်ပါဘူး။ ရဲဝံ့မှု နဲ့ရိုးသားမှုသာအဓိကဖြစ်ပါတယ်။
မောင်ကျောင်းသားတို့ခေတ်မှာ အတွေ့အကြုံနည်းပါးမှုတွေ ကြောင့် အခက်အခဲနဲ့ ပြဿနာအနည်းအ

ကျင်းရှိခဲ့ပေမဲ့ ဗကသ လိုကျောင်းသားကြီးတွေက နေရာပေး လုပ်ပိုင်ခွင့်ပေးပြီးဝိုင်းထိန်းသွားတဲ့အခါ
ဖေါ်ပြခဲ့သလို အောင်မြင်မှုကို ရရှိခဲ့တာပါပဲ။
အာဏာရှင်တွေကတော့ သူတို့အာဏာတည်မြဲရေးအတွက် အမိန့်တွေ သူတို့ဘာသာဥပဒေသတ်မှတ်
တာတွေ အမျိုးမျိုးထုတ်ပြန်မှာပါပဲ။ အချုပ်အခြယ်တွေနဲ့ တုပ်နှောင်မခံရအောင် တရစ်ရတရစ် ရုန်းရ
မှာက လွတ်မြောက်လိုသူတွေရဲ့တာဝန်သာဖြစ်ပါတယ်။ ဖြစ်ပါ့မလားတွေးပူနေရင် ဒုံရင်းဒုံရင်းပဲရှိမှာပါ။
အာဇာနည် စိတ်ဓါတ်နဲ့ တွန်းလှန်ရဲသူသာ အောင်ပွဲရမှာမို့ ၁၉၉၀အာဇာနည်နေ့တိုက်ပွဲနဲ့ “တော်လှန်ရဲ
သူ အောင်ပွဲယူ အာဇာနည်တို့မူ” ဆောင်ပုဒ်ကို အမှတ်ရ ပြန်တင်ပြလိုက်ရပါတယ်။
စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ
မောင်ကျောင်းသား

Sign up to vote on this title
UsefulNot useful