You are on page 1of 10

မျက်ေ မှာ က် မြန် မာနဲ့  ပညာရေး။

ဒေါက် တာမြင့်ြ မင့် ခ င် ၁၅၊ ဩဂု တ် ၊ ၂ဝဝ၈ ရွ က် နုေ ဝ
ဖေဖော် ဝါရီ ၂ဝဝ၉ အပို င်း (၁)
မျက်ေ မှာ က် မြန် မာနဲ့  ပညာရေး (အ ပို င်း ၁)(ရွက်နုဝေ ဖေဖော်ဝါရီ ၂ဝဝ၉ ဒေါက်တာ မြင့်မြင့်ခင်)
လူတွေပိုင်ဆိုင်တဲ့ အဖိုးထိုက်ရတနာတွေထဲမှာ ပညာနဲ့ ပညာရေးဟာ တန်ဖိုးအရှိဆုံး၊ လူတွေကို အကူညီ
ပေးနိုင်ဆုံး ထက်မြက်ဆုံး၊ တန်ခိုးအရှိအကြီးဆုံး၊ ဒါကြောင့် အရေးကြီးဆုံးဆိုတာ ထာဝစဉ်မှန်တဲ့ အကြောင်း
ဆိုပေမဲ့ အခုခေတ် မှာတော့ ပိုလို့မှန်ပါသေးတော့တယ်။ ပညာတတ်မှုရဲ့ တန်ခိုးအာဏာနဲ့ ဘဝရဲ့ ဘက်စုံမှာ
သက်ရောက်တဲ့ ဩဇာလွှမ်းမိုးမှုဟာလည်း ၁ဝ-၁၅နှစ်နဲ့တောင် မတူတော့ပါဘူး။ အရှိန်အဝါ ပိုတက်လာပါပြီ။
ပညာတတ်သူနဲ့ မတတ်သူ နည်းပညာပိုင်းမှာ ကျွမ်းကျင်သူနဲ့ မကျွမ်းကျင်သူရဲ့ ဘဝနောင်ရေးဟာ
တကယ်ကွာတာပဲ။ ပညာမတတ် ကျွမ်းကျင်မှု (Technology) မကျွမ်းကျင်တဲ့ သူတွေကတော့ လူ့အလွှာရဲ့
အောက်ဆုံးကနေ အထက်တက်လာဖို့ သိပ်မမြင်ဘူး။ ဒါလူတိုင်း အသိဖြစ်မှာပါ။
ဒီဖြစ်ရပ်ရဲ့ အခြေခံ အကြောင်းကတော့ ကမ္ဘာမှာ သိစရာ၊ မှတ်စရာ၊ တတ်စရာတွေ နေ့မခြား တိုးပွားနေတာနဲ့
ဒီတိုးတက်မှုတွေ ပညာအသိတွေကို ဘဝ အတွေ့ ကိုယ်တွေ့၊ လက်တွေ့မှာ အသုံးချနိုင်အောင် အချိန်မီ
အကောင်အထည် ဖေါ်ပေး တီထွင်ပေးနေတာ တကြာင်းကြောင့်ဖြစ်တယ်။ အခု
ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာမှာ လူမှုအဖွဲ့အစည်းရဲ့ ကဏ္ဍ ပေါင်းစုံ လူမှုရေး၊ နေ့စဉ်သွားလာနေထိုင်ရေး၊
စီးပွားရေး၊ နိုင်ငံရေးတို့မှာ ချောမွေ့ အောင်မြင်ဖို့ အရေး ဒီ (knowledge) ပညာရေးအပေါ်မှာ တည်နေတယ်။
ဒီအသိပညာ (knowledge) ကို အခြေခံပြီး လိုအပ်လာတဲ့ ပြောင်းလဲ ပြုပြင်စရာ တွေကိုလည်း
လုပ်ပေးရပါမယ်။ ယဉ်ကျေးမှုအစဉ်အလာနဲ့ လူနေမှုစရိုက်ဟန်ပန်၊ (lifestyle) ဆိုတာ ကလည်း (knowledgebase) ပညာအရင်းခံဖြစ်ရပ်တခုပါ။ တိုးပွား ပြောင်းလဲလာတဲ့ အကြောင်းအခြင်းအရာကနေ တဆင့်ခံပြီး
ဖြစ်ထွန်းလာတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းရှိ လူအားလုံးတို့ဟာ အသိပညာ တိုးပွား
ကြီးလာမှု၊ ချဲ့ထွင်ကျယ်ပြန့်လာမှုနဲ့ မသက်ဆိုင် မပတ်သက်ပါဘူးလို့ ပြောနိုင်သူ ဘယ်သူမှ မရှိတော့ပါဘူး။
အခုလို (ဂလိုဘယ်လိုက်ဇေးရှင်း) အခါသမယမှာ လူတွေရဲ့ တွေးခေါ်အယူအဆနဲ့ ရည်မှန်းချက်
ဒီရည်မှန်းချက် တွေကို အကောင်အထည်ဖေါ်ဖို့ နည်းဗျူဟာနဲ့ နည်းပရိယာယ်တွေကလည်း
တသမတ်တည်းလို ဖြစ်လာတယ်။ ဘယ်သူမှ တကိုယ်တော် သီးခြားလုပ်နေလို့ သိပ်မဖြစ်တော့ဘူး။ “Stream
Line” ရေစီးကြောင်းထဲ မဝင်လို့ကတော့ နောက်ကျ ကျန်ရစ်ခဲ့ဖို့ပဲ ရှိတော့တယ်။ အခုလို ဒုန်းစိုင်းပြေးနေရတဲ့
လောကမှာ ကျန်ခဲ့တယ်ဆိုတာ ကျဆုံးခြင်းပဲ ရှုံးနိမ့်ခြင်းပဲ။ သိပ်နောက်မကျခင် ပြုပြင်ပြောင်းလဲကြပါစို့၊
အခုခေတ်ဟာ Information (သတင်းစကား) ခေတ်တဲ့၊ “Information is power” တဲ့။ Information
တွေကလည်း ထွက်နေလိုက်တာ ပင်လယ်ဝေပဲ။ များလွန်းတော့ ဘာကို စိစစ်ပြီး လေ့လာ ထိုက်တယ် ဆိုတာ
အဆုံးအဖြတ်ပေးဖို့လိုတဲ့ အရေးကြီးအချက် ဖြစ်လာပါပြီ။
နောက်ကွဲကွဲပြားပြား သိထားဖို့လိုတာ ကတော့ Information (သတင်းစကား) ဟာ knowledge (သိမှုပညာ)နဲ့
မတူပါဘူး။ အဆင့်ကွာပါတယ်။ ဒီလိုပဲ နောက်တဆင့်မြင့် ပညာရှိ သုခမိန်ဉာဏ် (wisdom) ရှိဖို့ဆိုတာလည်း
ကွာပါသေး တယ်။ ခုခေတ် လူ့လောကမှာ သောကကင်းဝေး နေသွားနိုင်ဖို့ကလည်း Information နဲ့
မလုံလောက်တာတွေ ရှိပါတယ်။ knowledge နဲ့တင်တောင် မပြတ်သေးပါဘူး။ wisdom အထိလိုတဲ့
အပိုင်းတွေလည်းပါ,ပါတယ်။ နေ့စဉ်လုပ်နေရတဲ့ အဆုံး အဖြတ်တွေ (decision making) ဟာ wisdom နဲ့
ယှဉ်ပြီး လုပ်ရမှာတွေ ပါတတ်ပါတယ်။ wisdom ဆိုတာကလည်း မြန်မာ ဝါဟာရတခု အဖြစ်
သတ်သတ်မှတ်မှတ် မှည့်ခေါ်လို့ မလွယ်ပါဘူး။ ရှိထားတဲ့ အသိအတတ်နဲ့ အတွေ့အကြုံတွေ ဒါတွေကပေးတဲ့
သင်ခန်းစာတွေနဲ့ ရင့်ကျက်တဲ့ နှလုံးသားနဲ့ ဦးနှောက်ကိုသုံးပြီးတော့ ကောက်ချက်ချလိုက်တဲ့ သဘောထား
အယူအဆတွေဖြစ်တယ်။ ဒါတွေဟာ လူတဦး ဘဝတလျှောက် နေရေး လောကအပေါ် ရှုမြင်ခြင်းတို့မှာ
တန်ဖိုးပြည့်ဝတဲ့ အဆင့်မြင့် တွေးခေါ် မြော်မြင်မှုဖြစ်လို့ အင်မတန် အရာရောက်တဲ့ အရည်အသွေးပါ။
တမင်တကာ မွေးထုတ် လေ့ကျင့်ပေးထိုက်ပါတယ်။ အခု ဘွဲ့ရတွေဟာ ပညာရှိ (wisemen) တွေ
မဟုတ်ကြသေးပါဘူး။ ပညာတတ်လို့ ခေါ်ရမှာတောင် ခပ်ခက်ခက်ပါ။

ဘဝကို ရင်ဆိုင်ရာမှာ အဆင့်မြင်ရပါမယ်။ (thinking) တွေးခေါ်မှု၊ (reasoning) ကျိုးကြောင်း ဆီလျော်စွာ
တွေးခေါ်နိုင်မှု (logical deducation)၊ အဆင့်လိုက် အဓိပ္ပါယ်ရှိရှိ ယုတ္တိတန်တန် တွေးခေါ် ကောက်ချက်
ချနိုင်ခြင်း ပုစ္ဆာအကြီး အသေးကို ဖြေရှင်းနိုင်စွမ်းရှိခြင်း (problem solving)၊ ပညာနဲ့ ယှဉ်တဲ့ မှန်ကန်တဲ့
အဆုံးအဖြတ်မျိုးပေးနိုင်ခြင်း (decision making) တို့ဟာ အဆင့်မြင့် ပညာသင်တန်းကို
အောင်မြင်ပြီးတဲ့သူတွေ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးပါ။ (နောက်ဆုံး အဆင့်ဖြစ်တဲ့ (generation of new
idea = synthesis) စိတ်ကူး စိတ်သန်း အသစ်စက်စက် တီထွင်ခြင်း ဆိုတာကိုတော့ မမျှော်လင့်ပါဘူး။
အခုခေတ်နဲ့ လူတွေရဲ့ပညာရေးကို အပေါ်စီးမြင်ကြည့်မယ်ဆိုရင်၊ ပညာတတ်သူနဲ့ မတတ်သူရဲ့ဘဝဟာ
ကွာချင်တိုင်း ကွာသွားတော့တာပဲ။ အသေးစိတ်လိုက်ကြည့်ရင်တော့ တက်ခနိုလိုဂျီ (technology) စိုးမိုးတဲ့
ဂလိုဘယ်လိုက်ဇေးရှင်းလောကမှာ တက်ခနိုလိုဂျီကိုပိုင်သူ၊ တတ်သူ၊ အဆင့်မြင့်သူဟာ သာသွားတာပဲ။
နောက်ပိုင်းမှာတော့ သိပ္ပံနဲ့ နည်းပညာ အပြန်အလှန် အကျိုးပြုနေတဲ့ အသိပညာနယ်ပယ်ဟာ
ကြီးသထက်ကြီး ကျယ်သထက်ကျယ် ဖြစ်လာတယ်။ ပညာတွေက သင်လို့မဆုံးနိုင်ဘူး။ တတ်နိုင်တဲ့သူတွေ
နည်းလာတယ်။ ဒီမှာ အခု ခေတ် လူငယ်၊ လူလတ်ပိုင်းတွေအတွက် တွေးစရာပမာ ပုစ္ဆာတခု ပေါ်ခဲ့တယ်။
အနာဂတ်လောက အလယ်မှာ လူကြီး (adult) လုပ်ရမယ့် သက်တမ်းက လူတွေအတွက်တော့ ရှေ့ရေးဆိုတာ
ချင့်ချိန်ခွဲခြား စိတ်ဖြာလုပ်ပြီး လေ့လာသုံးသပ် ရမှာတွေ အပြည့်ရှိနေပါတယ်။ ဘဝရှေ့ခရီးကို ယုံကြည်မှု
ပြည့်ပြည့်ဝဝ အာမခံချက် ကောင်းကောင်း ဆက်လက် လုပ်ဆောင်သွားရာမှာ ဘာတွေရွေးလို့ ဘာတွေ
ပယ်မယ်၊ ဘာတွေ ဦးစားပေးရမယ်ဆိုတဲ့ အရေးကြီး ပြဿနာ ပုစ္ဆာတွေ ဖြေရှင်းစရာတွေရှိပါတယ်။
ဒီလိုဖြစ်နေတဲ့ အခြေအနေတွေကို ပြတ်သား ကြည်လင်စွာ သရုပ်ဖေါ်ပြလိုက်တဲ့ (opinion survey) ကွင်းဆင်း
လေ့လာချက်ရဲ့ အစီရင်ခံစာတခု မကြာသေးခင်က ထွက်လာတယ်။ စိတ်ဝင်စားဖွယ်လည်းကောင်း လူတွေ
(society) ရဲ့ အနာဂတ်ရဲ့ ရှေ့ပြေးပုံရိပ်တွေကို ရေးရေးမြင်လာအောင် လုပ်ပေးလိုက်တဲ့ ကားချပ်တခုလို့
ခေါ်နိုင်မယ်ထင်ပါတယ်။ ပြီးတော့ အရှေ့တောင်အာရှတိုက်ရှိ လူတွေ၊ လူငယ်လူရွယ်တွေဟာ
တပုံစံထွက်နေပါလား ဆိုတာကိုလည်း အတည်ပြု မှတ်တမ်းတင်သလိုဖြစ်နေပါတယ်။ ဒီလို အတွေ့အကြုံ
ဖြစ်ထွန်းမှုတွေ့ရှိချက်ဟာ လုံးလုံး အံ့အားသင့်စေတဲ့ အကြောင်း မဟုတ်ဘူးလို့ ဝန်ခံရပေမယ့် ဖွံ့ဖြိုးချမ်းသာမှု
လှေကားထစ်တွေအဆင့်မှာ အဆင့်နည်းနည်း ကွဲပြားနေသေးတဲ့ ကျမတို့ အိမ်နီးချင်း အာရှနိုင်ငံတွေက ဒီပုံစံ
ဒီလေသံ ညီတူဆင်တူလို့ဆိုရအောင် ပုံစံ ရုပ်လုံးပေါ်လာတာကတော့ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊
ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်ပြည်တို့ ဖြစ်တယ်။ စူးစမ်းခံရတဲ့ သူတွေကတော့ အဲဒီ
တိုင်းပြည်တွေက ငွေကြေးတတ်နိုင်သူလူတန်းစား အသက် ၂၅ နှစ်နဲ့ ၅ဝကြား လူပေါင်း ၂,၄ဝဝ ဖြစ်တယ်။
အသက် အာမခံ ကုမ္ပဏီ တခုက လုပ်တာဖြစ်ပြီး ဒီလူတွေဟာ ယခုဘဝဖြစ်ရပ်တွေထဲက အရေးကြီးတဲ့
အပိုင်းတွေဖြစ်တဲ့ သူတို့ရဲ့ အသက်မွေး ဝမ်းကျောင်းဖြစ်စဉ် (career)၊ မိသားစုပိုင်းဆိုင်ရာ ခံယူချက် (family)
နဲ့ ကျန်းမာရေးနဲ့ အငြိမ်းစားယူခြင်း အကြောင်းတွေဖြစ်တယ်။
ထူးခြားစွာတွေ့ရတာကတော့ ဒီမိဘအရွယ်ဖြစ်နိုင်တဲ့အုပ်စုမှာ သားသမီးတွေရဲ့ပညာရေးကို အထူး
အသားပေးပြီး စဉ်းစားကြပါတယ်။ စစ်တမ်းယူထားတဲ့ ငါးရာမျှသော မလေးရှားပြည်သူတွေထဲက
ကလေးရှိသူများနဲ့ ကလေးယူမယ်လို့ စိတ်ကူးနေသူတွေအတွက်ဆို ကလေးတွေရဲ့ ပညာရေးဟာ ဦးစားပေး
အခံရဆုံး အပိုင်းဖြစ်တယ်။ ၇ဝ % က ဆိုတာက ပညာရေးသာလျှင် သူတို့ကလေးတွေရဲ့
နောင်ရေးအောင်မြင်မှုကို ပေးမှာပါလို့ ဆိုတယ်။ အရေးကြီးဆုံးသော တွေ့ရှိချက် ကတော့ ၃ဝ%သော
မလေးရှားတို့ဟာ ကလေးမယူဖို့ ဆုံးဖြတ်ထားတယ်တဲ့။ အကြောင်းကတော့ ကလေးတွေ ကျွေးမွေး
စောင့်ရှောက်ရတဲ့ စရိတ်ကြီးတာရယ်၊ ယခုဘဝနဲ့ နောင်ရှေ့ရေး မရေရာ မသေချာတာတွေ
ရှိလွန်းနေတာရယ်၊ ကိုယ့်ရဲ့ အလုပ် (career) ကို ဂရုစိုက်ဦးစားပေးချင်တာရယ်နဲ့ အခု ကိုယ့်ဘဝ နေမှုဟန်ပန်
(life style) ကို ဆက်လက် ထိန်းသိမ်း သွားချင်တာတွေ ဖြစ်တယ်လို့ဆိုတယ်။ ဒါတွေကိုတော့
အလျှော့မပေးချင်ဘူးဆိုတဲ့ အကြောင်းတွေပါတယ်။
ကလေးရဲ့ ပညာရေးစရိတ်ကလည်း ကြီးလိုက်တာ သင်စရာတွေကများ မတက်မဖြစ်
သင်တန်းတွေကလည်းများ တနေ့တခြား တိုးနေတဲ့ အသိပညာတွေ ဖြည့်ဆည်းဖို့ကလည်း လိုသေးတယ်။
ဘွဲ့လွန်သင်တန်းတက်ပြီးတာတောင် ပညာသင်ကာလက မပြီးဆုံးသေးပါဘူး။ ပညာရေးဟာ
ဘယ်အရွယ်ကစသလဲ၊ ကလေးတွေဟာ ကျမအမြင်တော့ ၄ နှစ် အရွယ်ဆို လုံးလုံးလျားလျား စနေပါပြီ။
ဒါပေမဲ့လည်း အာရှရှိ မိဘတွေကတော့ ကလေးတွေရဲ့ ပညာရေးကို သူတို့ရဲ့ ဘဝမှာ ဦးထိပ်ထားကြပါတယ်။
ဒါကြောင့် ကလေးတွေ ပညာရေးအတွက် ဘယ်လို ပေးဆပ်မှုမျိုးမဆို လုပ်မှာပဲလို့ သန္နိဋ္ဌာန် ချထားတယ်။
မြန်မာမှာလည်း ရေခြား မြေခြားသွားပြီး အလုပ်လုပ်ကြသူ မြန်မာမိဘများရဲ့ အရေးကြီးတဲ့ ရည်မှန်းချက်
ပန်းတိုင်ကလည်း ကလေးတွေရဲ့ ပညာရေး တိုးတက်ရာတိုးတက်ကြောင်းပဲ။

ပညာကို အမြတ်တနိုးထားရမယ်၊ ပညာသာလျှင် တဦးရဲ့ တိုးတက်မှု အနာဂတ်ရဲ့ ဘဝအောင်မြင်မှုမျိုးစုံကို
ပေးမယ်ဆိုတာ ခေတ်အခါခါက သိပြီးသား သံမှိုစွဲပြီးသားခံယူချက်ပါ။ အခုအခါမှာတော့ သိစရာ (knowledge)
တွေက နေ့စဉ်နဲ့အမျှဆိုသလို တိုးပွားနေတော့ ကျောင်းသားဘဝက လွန်မြောက်ပြီး လုပ်ငန်းခွင်ပါ
စဉ်ဆက်မပြတ် ဆည်းပူးသင်ယူ ရမှာဖြစ်တယ်။ မိဘဖြစ်နိုင်မယ့်အရွယ် လူငယ်အုပ်စုအတွက် ပိုလာတဲ့
တာဝန်ကတော့ သူတို့ရဲ့ရင်သွေးငယ်တွေရဲ့ ပညာရေးပဲ။ ဒီပညာရေးနယ်ပယ်ဟာ
ဘယ်လောက်ပဲကျယ်ဝန်းပါစေ၊ မိဘတွေအတွက် ကလေးတွေရဲ့ ပညာရေး အတွက်ဆို ဘာမဆို
ပေးဆပ်နိုင်ပါတယ်လို့ ခံယူထားတာ အနစ်နာခံဖို့ကတော့ အဆင်သင့်ပဲ။
အခုခေတ်ကာလက (knowledge-base cociety) ပညာကို အခြေခံတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အလွန်လိုပါတယ်။
ဒီလို အခြေမျိုး မဟုတ်လျှင်တော့ တိုင်းပြည်ဟာ ဘယ်လိုမှ တိုးတက်မှု မရှိတဲ့အပြင် အခုလို
အပြိုင်အဆိုင်ခေတ်မှာ ပြုတ်ကျ ကျန်ခဲ့ဖို့ သေချာပါတယ်။ (knowledge-base cociety) ဖြစ်ဖို့ အရေး လူမှု
အဖွဲ့အစည်းထဲရှိသူ အားလုံး အလွှာတိုင်းက လူတိုင်းလူတိုင်းတို့ဟာ (literate) စာတတ်ပေတတ် ဖြစ်ရပါမယ်။
ဘွဲ့ရ ဘွဲ့လွန်ရှိဖို့ပြောတာမဟုတ်ဘူး၊ တတ်ဖို့ သိဖို့ပြောတာ၊ အားလုံးဆိုရာမှာ အိမ်ရှင်မတွေလည်းပါ,ပါတယ်။
ဥပမာ - (welder) ဂဟေဆက် လုပ်သား ဆိုပါတော့။ သူ့လုပ်ငန်းဆိုင်ရာ အသက်ဝမ်းကြောင်းအတွက်
ကျွမ်းကျင်မှုဆိုင်ရာတို့မှာ ပညာတတ်(ရှ)ိ ရပါမယ်။
တနည်းဆိုသော သက်ဆိုင်ရာ scientific literacy ရှိရပါမယ်။ မြင်ဖူးကြမယ်ထင်ပါတယ်၊ ဝါယာရိန်၊ ဒူးဆစ်၊
ဘိုးရင်း၊ ကလပ်၊ ပါဝါဝင်းဒိုး၊ ဒါတွေဟာ မြန်မာကားပြင်ဆရာ (မက်ကဲနစ်)တွေ ပါးစပ်ဖျားရှိ အင်္ဂလိပ်စကား
ဝေါဟာရ တွေပါ။ အားလုံးသာ ပညာတတ်တွေဆိုရင် (ပညာတတ်ဆိုင်ရာ အင်္ဂလိပ်စာ တတ်ရုံတင်
မကသေးဘဲ သိပ္ပံအခြေခံ (ရူပဗေဒ၊ ဓာတုဗေဒ)နဲ့ ကိုယ့်အလုပ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို
ရေရေလည်လည် တတ်သိခြင်းလို့ ပါ,ပါတယ်။) ဒီလိုဆိုရင် ဘယ်လောက် အဆင့်မြင့်သွားမလဲ၊
အဓိပ္ပာယ်ရှိလိုက်မလဲ၊ အလုပ် တွင်ကျယ်လိုက်မလဲ၊ ဒါမျိုးကို ဆိုလိုတာပါ၊ ဖြစ်စေချင်တာပါ။
လောလောဆယ်မှာ ကျင့်သုံးနေတဲ့ ပညာသင်ကြားရေး ယခုခေတ် ပညာသင်ကြားရေး မြင်ကွင်းကို
တထောင့်ကြည့်ရမယ်ဆိုရင်
၁။ နှုတ်တိုက် အာဂုံဆောင်တာကို အလွန်အမင်းသုံးနေတဲ့ စနစ်ထဲ နစ်မြုပ်သွားသူများက အများစုဖြစ်တယ်။
တချို့သော လူထု အစိတ်အပိုင်းရဲ့ သားသမီးတွေက ၄ တန်းက ထွက်ရတယ်၊ အချို့အထက်တန်း အဆင့်မြင့်
အထိ ရောက်တယ်။ ဘဝနဲ့ နေ့စဉ်နေထိုင်နိုင်ရေးမှာလိုတဲ့ (reasoning) ကျိုးကြောင်းဆီလျော်တွေးခြင်း၊
(thinking) စဉ်းစားခြင်း၊ (problem solving) ပြဿနာ ဖြေရှင်းနိုင်ခြင်းနဲ့ (decision making) အဆုံးအဖြတ်
ပေးတတ်ခြင်းတို့မှာ အလေ့အထ သိပ်မရလိုက်ဘူး။ အချို့သော အမျိုးသမီးလေးများ ၄ တန်းက
ထွက်ရတယ်။ ဒါလည်း မကောင်းပါဘူး။ အမျိုးသမီးတွေ ပညာတတ်မှ တိုင်းပြည် အကျိုးပိုများတာ။ ဒီအုပ်စု
(၁) က မြန်မာ လူထုရဲ့ အများစုဖြစ်တော့ အရေးကြီးပါတယ်။ တိုင်းပြည်ကို ပညာတတ်အောင် လုပ်ရာမှာ
သူတို့သာလျှင် အကြီးဆုံးသော ပစ်မှတ်ဖြစ်ထိုက်တယ်။ ပညာရေး စနစ် တခုလုံး အထူးသဖြင့် သင်ကြားပုံ
သင်ယူပုံ နည်းစနစ်နဲ့ စာမေးပွဲစနစ်ကို အထူးဂရုစိုက်ပြီး ပြုပြင်သင့်တာတွေကို ပြုပြင် ရပါမယ်။ ဒီအုပ်စုထဲမှာ
အလွန်တရာသေးငယ်တဲ့ အုပ်စုလေး တွေ့ထားပါတယ်။ အသစ်အဆန်း သမားရိုးကျ မဟုတ်တဲ့ လမ်းစဉ်
(innovative) ဖြစ်ပြီး ထူးခြားသီးခြားဖြစ်တဲ့ အစထွင် တီထွင်တာ (innovative) တွေသုံးထားတာရှိပါတယ်။
ကျမသိတာ တနေရာတည်း ဆိုပေမယ့် ဒါကို ဖြန့်ကြက် ပြန့်ပွားလုပ်နိုင်လျှင် ကောင်းမှာပါ။
၂။ မြန်မာပြည်တွင်းမှာပဲ ငွေကြေးတတ်နိုင်သူတွေက သူတို့ကလေးတွေကို အခြားကျောင်းတမျိုးတွေမှာ
ထားကြတယ်။ ငွေအကြီးအကျယ်ပေးရတဲ့ အဆင့်မြင့် အင်တာနေရှင်နယ်ကျောင်း သံတမန်ကျောင်းနဲ့ အခြား
အခုတလောဖွင့်လာတဲ့ ခေတ်မီစနစ်နဲ့ သင်ကြတဲ့ ကျောင်းတွေပါ။ တော်တော်များများရှိပါတယ်။
ဈေးအလွန်ကြီးပါတယ်။ မန္တလေးက ကျောင်းတခုဆို လစဉ်ကြေး ကျပ်သုံးသိန်းရှိပြီး ထမင်းကျွေးအတွက်
နောက်ထပ် တသိန်းလို့ ဆိုပါတယ်။ ဘယ်လောက်ကောင်းသလဲဆိုတော့ စိစစ်ပြီး မှတ်ကျောက်တင်
ထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တတ်နိုင်သူတွေ၊ ခေတ်ဆန်သူတွေက တန်းဝင်နေကြတာပဲ။ ဒါတင်မက
သေးပါဘူး။ အင်္ဂလိပ်စာခေတ်မို့ အစိုးရကျောင်းတွေက သင်တာ မလုံလောက်ဘူးထင်လို့ အင်္ဂလိပ်
ကျူရှင်တွေကလည်း အသက် ၄နှစ် ၅နှစ်ကစ ဆယ်တန်းလွန် အထိပါပဲ။ ဒီတော့ စဉ်းစားသာကြည့်ပါတော့။
မိဘတွေအနေနဲ့ ငွေဘယ်လောက် ကုန်လိုက်မလဲလို့ ရှာလို့ မလောက်ပါဘူး။ ပြည် ပ မှ
မြန် မာက လေးများရဲ့  သ င်ြ ကားရေး
၃။ (က) ပြည်ပမှာ စာသင်နေတဲ့ ကလေးတွေကလည်း မများပေမယ့် တနေ့တခြား တိုးနေပါပြီ၊ မိဘတွေ
အလုပ်လုပ်သွားရာမှာ လိုက်သွားတဲ့ ကလေးများဖြစ်တယ်။ မိဘက အထက်မှာဆိုခဲ့တဲ့အတိုင်း တိုင်းပြည်က
ထွက် ကတည်းက အရေးကြီးတဲ့ ရည်မှန်းချက်ကတော့ ကလေးတွေရဲ့ ပညာရေးဖြစ်တယ်။ ချွေတာ ခြိုးခြံပြီး

ကလေးတွေ ပညာရေးအတွက် ပုံအောပြီး အကုန်ခံတယ်။ ကလေးတွေကတော့ အသက်အားဖြင့် ငယ်သူ ၅
နှစ် - ၉ နှစ် ကနေ အကြီးတက္ကသိုလ်တန်း တန်းဝင်တွေအထိရှိမယ်။
(ခ) ပြည်တွင်းကမိဘတွေက နည်းအမျိုးမျိုးရှာပြီး ပြည်ပကိုလွှတ်ပြီး သင်သူများ ဒါကလည်း အခုနောက်ပိုင်း ၈
နှစ် - ၁ဝ နှစ်မှာ ပိုများလာပါတယ်။ အဲဒီထဲက မဆိုစလောက်သော သူတွေအတွက်တော့ ပညာသင်
ထောက်ပံ့ကြေးရကြတယ်။ ဥပမာ (စင်္ကာပူမှာ စာသင်ရသော) (ASEAN) မှပေးသောဆု၊ ဘွဲ့လွန်နဲ့ အသက်
မွေးဝမ်းကျောင်းအတွက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သွားသူများလည်း ရှိပါတယ်။ ခန့်မှန်းလို့မရတဲ့
အရေအတွက် ဖြစ်ပါတယ်။ ခေတ်မီတဲ့ child psychology အခြေခံ သင်ရိုးတွေနဲ့ သင်တာလည်း ရှိတယ်လို့
ကြားရတယ်။ ဘယ်လောက် ကျယ်ပြန့်စွာ လုပ်နိုင်တယ် ထိရောက်တယ်ဆိုတာ မသိရပါ။ သိရသလောက်
သင်ရိုး အချို့တွေကတော့ အထက်မှာ ဆိုခဲ့သလို အထင်ကြီးစရာအကြောင်းတွေ ရှိပါတယ်။ ခုနက
ပြောသလို ပညာမသင်လိုက်ရဘဲ ရှိနေသူများမှာသာ စိုးရိမ်ရတာ။ များမှာကတော့ သေချာသလောက်ပါပဲ။
လက်ရှိ ပညာရေး အခြေအနေမှာ အုပ်စုချင်း ကွာဟမှုလည်း ရှိမှာ မလွဲဧကန်ဖြစ်တော့မယ်။ အထူးသဖြင့်
တိုင်းပြည်အတွက် အလားအလာ ဆိုးလှတဲ့ကြောက်မက်ဖွယ်ရာ ကွာဟမှုကြီး ကတော့ ဆင်းရဲသူ အုပ်စုနဲ့
ချမ်းသာသူ အုပ်စု ကွာဟခြင်းပဲ။
အပေါ်ထပ် အင်္ဂလိပ်ကျူရှင်က ဆင်းလာတဲ့ ခပ်ဝဝ ၆နှစ် ၇ နှစ်အရွယ် ကလေးလေးက
သောင်းကျော်တန်မယ့် ကျောပိုးအိတ်ကလေးနဲ့ လာကြိုတဲ့သူက လမ်းတဘက်မှာရပ်ထားတဲ့ ကားကနေ
ကူးလာပြီး ထီးမိုးပြီး ကလေးကို ကူခေါ်သွားတယ်။ ဆီထမင်းသည်ကလေး လမ်းပေါ်မှာ ဆက်ပြီး
လျှောက်မသွားခင် ကလေးငယ်ပါတဲ့ ကားက ထွက် သွားတယ်။ ဒါကတော့ အခုခေတ် ပညာသင်ကြားရေးရဲ့
နှစ်ဘက်စွန်း မြင်ကွင်းဖြစ်တယ်။ တတ်နိုင်သူတွေက အဆင့်မြင့် ပညာတွေ သင်ကြပြီး သွားနိုင်သူတွေ
သွားလျှင်လည်း တိုင်းပြည်အတွက် အကျိုးဖြစ်လာမှာပဲ။ မတတ်နိုင်သူနဲ့ ကွာဟမှုကို
ကျဉ်းသွားစေချင်ရင်တော့ မတတ်နိုင်သူတွေရဲ့ အဆင့်ကို မြှငတ
့် င်ပေးဖို့ပဲ ရှိပါတယ်။
အခုလို အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ အခါကာလမှာ လောကအပေါ် ယူဆချက်တွေ ဘဝအပေါ် ခံယူချက်
တွေ၊ ရှေ့ရေး (future) အတွက် မျှော်လင့်ချက်တွေ၊ ဦးတည်နေတဲ့ ပန်းတိုင်ဟာလည်း ပြောင်းလဲသွားတယ်။
ဂလိုဘယ် လိုက်ဇေးရှင်းကမ္ဘာမှာ တိုင်းပြည်တပြည်နဲ့ တပြည်မှာ နယ်ခြား စည်းခြားဆိုတာ တွေဟာ
မှေးမှိန်လာပါပြီ။ လူတွေရဲ့ ပြောင်းလဲလာတဲ့ ပုံစံက မတိမ်းမယိမ်းတွေ ဖြစ်လာတာမို့ နောက်ဆုံးပုံစံက ပုံစံတူ
(stereotype) ဖြစ်သွားတော့မှာပဲ။ ပြင်ပတိုင်းပြည်တွေ အနည်းဆုံး အိမ်နီးချင်းနိုင်ငံတွေကို လှမ်းပြီး
ကြည့်ကြည့်ပါဦးလို့ သတိပေးချင်ပါတယ်။ မြန်မာတွေက ကိုယ့်ကိုယ်ကို အထင်ကြီးတာတော့ အမှန်ပဲ။
“ကျွန်တော်သည် အလွန်တော်သော ကျွန်တော်” ဆိုပြီး ကိုယ့်ကျောကိုယ် သပ်ပြီး
ချီးမွမ်းခန်းထုတ်ချင်ကြသူတွေ၊ “အခွင့်အရေးသာ ရလိုက်စမ်းပါ မြန်မာပဲ” လို့ ဝင့်ကြွားတာမျိုး
အရင်ကတည်းက ကျမ အကြိမ်ကြိမ်အခါခါ ကြားခဲ့ဖူးပါတယ်။
အခွင့်အရေးရအောင် ဘာကြောင့်မလုပ်တာလဲ တကယ်ရရင်ကော တကယ်ကြိုးစားမှာလား
လို့မေးချင်ပေမယ့် အကျိုး သိပ်ရှိမယ်မထင်လို့ မမေးခဲ့ပါဘူး။ ဒစ်ဂျစ်တယ်ကမ္ဘာကို ကျောခိုင်းပြီး အမှောင်ထဲ
ပြန်သွားနေတာမျိုး မလုပ်ချင် ပါနဲ့။ လာမယ် ကြာမယ် ဆိုတာမျိုး မလုပ်ပါနဲ့။ အခု လုပ်နေတာ နည်းလွန်းတယ်
နောက်ကျလွန်းတယ်လို့ ပြောရမှာပါ။ အခုခေတ်က ဟိုးရှေးကလို တိုးတက်မှုဆိုတာ ဆယ်စုနှစ်မှတခါ
သိသာလာတာမျိုး မဟုတ်ပါဘူး။
ဘယ်တိုင်းပြည်ပဲဖြစ်ဖြစ် အထင်ကြီးထိုက်တယ်လို့ကိုယ်က အထင်ရှိရင် အထင်ကြီးရမှာပဲ။ တရုတ်ကို
အထင်ကြီး တယ်၊ စင်္ကာပူဆို ပိုပြီး အထင်ကြီးတယ်၊ ဒီတိုင်းပြည်တွေ ယခင်က အတုယူခဲ့တဲ့ အင်အားကြီး
ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုလည်း အထင်ကြီးတာပဲ။ ဒီတိုင်းပြည်အားလုံးရဲ့ မကောင်းကွက်ကိုလည်း မြင်ပါတယ်။
ဒီမိုကရေစီ မဆန်တာနဲ့ လူ့အခွင့်အရေး မပြည့်ဝတာတွေလည်း ရှိတယ်။ ယူကေ၊ ယူအက်စ်အေ မှာလည်း
ဒီလို ချို့ယွင်းချက်တွေ ရှိတာပဲ။ ဘယ်တိုင်းပြည်မှ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။ ဒီလိုဆို သူတို့ကို
အားမကျရဘူးလား၊ အတုမယူသင့်ဘူးလား၊ နည်းတွေ မယူရဘူးလား၊ ဒုံးပျံအဟုန်နဲ့ တိုးတက်နေတဲ့
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ငြိမ်ငြိမ်ရပ်နေလို့ ဖြစ်မှာတဲ့လား “You have to keep running to be on the
same spot” တနေရာတည်းမှာ တည်နေဖို့အရေးက ပြေးနေရတာ။ Alice in Wonderland ထဲက Alice
ပြောတဲ့ ခေတ်ပါ။ အမီမလိုက်နိုင်ရင်တော့ အမှောင်ခေတ်ထဲ နောက်ပြန်သွား နေတယ်လို့ ဆိုရတော့မှာပဲ။
ဂလို ဘ ယ် လို က်ေ ဇးရှ င်း က တောင်း ဆို လာတာကြောင့် ပညာရေးအ ပေါ် အ မြင်
ပြောင်း လဲ လာပုံ
ဒီ ဂလိုဘယ်ခေတ်ဟာ သူ့ထက်ငါ အသာမခံနိုင်တဲ့ အခါသမယဆိုတော့ တိုင်းပြည်တွေဟာ အမြင်တွေ
ပြောင်းလာခဲ့တယ်။ ဒီလို အတွေးအခေါ် သစ်ဆန်းမှုအပိုင်းမှာ အမြဲတမ်း ရှေ့ကပြေးနေတဲ့ စင်္ကာပူကတော့

အရှေ့တောင် အာရှအတွက် မီးရှူးတိုင်လို့တောင် ခေါ်လောက်ပါတယ်။ ဇူလိုင် ၂ဝဝ၈ အလယ်မှာလုပ်တဲ့
“Asia Pacific conference on giftedness” မှာ စင်္ကာပူ ပညာရေးဝန်ကြီး ပြောပြသွားတာကတော့ (gifted
children) အထူးဉာဏ်ရည် ထက်မြက်တဲ့ ကလေးတွေကို ရှာဖွေပြီး မြေတောင်မြှောက်အားပေး ကျွေးမွေးပြုစု
လုပ်ရမယ်။ သမိုင်းက အကြိမ်ကြိမ် ထောက်ပြခဲ့တာက အထူးဉာဏ်ရည်ကောင်းတဲ့ လူတစုရဲ့
အကြံဉာဏ်တို့ဟာ သန်းပေါင်း ချီသော လူတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။
အခုခေတ်ကလည်း (economy) စီးပွားရေး ကြီးစိုးတဲ့အခါ အီကော်နိုမီမှာလည်း ဆန်းသစ်တီထွင်ထားတဲ့
(innovation) အကြံဉာဏ်တွေ ရှိဖို့ရာလိုတာ။
ဒီတော့ ဘယ်တိုင်းပြည် နိုင်ငံရေး အရောင်အသွေး ဘယ်လိုရှိပါစေ။ ဒီလို (gifted) ထူးကဲ ထက်မြက်တဲ့
ကလေးတွေအတွက်တော့ အထူးအစီအစဉ်တွေ လုပ်ပေးဖို့ လိုပါတယ်တဲ့။ စင်္ကာပူအတွက်တော့
လူ့အရင်းအမြစ်ဟာ တန်ဖိုးအရှိဆိုး အဖိုးအနဂ္ဃထိုက်တန်ဆုံးဟာ လူ့အရင်းမြစ်ပဲတဲ့။ စင်္ကာပူကတော့
ပြောတဲ့အတိုင်းပါပဲ၊ (ASEAN) အာဆီယံ တိုင်းပြည်ထဲက ကလေးငယ်တွေကို ထောက်ပံ့ကြေး (scholarship)
ပေးပြီးခေါ်တယ်။ သူတို့ဆီ နေခွင့်ရအောင် လုပ်ပေး တယ်။ မြန်မာကလေးတွေကိုတော့ တော်တော်
သဘောကျပုံရပါတယ်။ ဒီတော့ ကျမတို့ မြန်မာကလေးတွေဟာ မညံ့ကြ ပါဘူး။ မှန်ကန်ပြီး
အားပေးထောက်ကူမယ့် စနစ်အတွင်း ရှိနေဖို့သာလိုတာပါ။ စင်္ကာပူဟာ ဦးနှောက်အားကိုးနဲ့ပဲ ရပ်တည်
ရှေ့သွားတိုးတက်အောင် လုပ်နေတဲ့တိုင်းပြည်၊ ဒီနေရာမှာ သူ့ကို အတုခိုးဖို့ မကောင်းပေဘူးလား။
ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ကလည်း လူငယ်တွေ ဉာဏ်အရည်အချင်းနဲ့ တောပိုင်းမှ ထွက်ပေါ်လာတဲ့
ပြဿနာ ပုစ္ဆာတွေကို အလေးပေးဖို့ ဇူလိုင်လထဲလုပ်တဲ့ ကွန်ဖရင့်မှာ ပြောတယ်။ ဗီယက်နမ်မှာ
တိုင်းပြည်ဖွံ့ဖြိုးမှု အစီအစဉ်တွေအတွက် အဲဒီက ထွက်ပေါ်လာတဲ့ ခေတ်မီရေး၊ စက်မှု အင်အား
ချဲ့ထွင်ရေးအတွက် ကျွမ်းကျင်သူတွေ (technicians)၊ အထူးပညာရှင် (experts) တွေ လိုပါတယ်။ တိုင်းပြည်က
ဒီလိုပညာရှိ၊ ပညာတတ်တွေ မလုံလောက် ဖြစ်နေတာဆို့ဆိုတယ်။ တောပိုင်းနဲ့ စိုက်ပျိုးရေး အပိုင်းကလည်း
တိုင်းပြည်အတွက် အရေးပါတာတွေ ဖြစ်နေတော့ ဒီအပိုင်းတွေလည်း ပညာရှိ၊ ပညာတတ်၊
ဉာဏ်ထက်မြက်သူ (intellectual) တွေ လိုမှာပါတဲ့။ ဒါမှသာလျှင် တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မယ်၊
တည်ငြိမ်မယ်၊ စီးပွား အခြေခိုင်လာမှာလို့ ဆိုတယ်။
ခေတ်မီရေး စိုက်ပျိုးထွန်းကားရေး၊ စက်မှုအင်အား တိုးတက်ရေးကို ဦးတည်နေတဲ့ ကျမတို့တိုင်းပြည်မှာလည်း
လူငယ်တွေကို ဒီဦးတည်ချက် ပန်းတိုင်တွေနဲ့ ဘောင်ဝင်အောင် ပညာရေးမြှင့်တင်ပေးဖို့
အလွန်လိုအပ်နေပါပြီ။ အခုခေတ်က ဆယ်စုနှစ်တခါဆိုရာမှာသာ သိသာတဲ့ တိုးတက်မှုတွေ
အပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့ကာလ မဟုတ်ဘူး။ နေ့မခြား ညမခြား တိုးတက်မှု တွေ
အသစ်အဆန်းတွေ ပေါ်နေတဲ့ခေတ်ပါ။ အချိန်က အလွန်စကားပြောမှာပါ။ ပညာရေးမှာလည်း
လက်နှေးလက်တွန့်နေလို့ မဖြစ်ပါဘူး။
လက်တွေ့ကျကျ အခုလုပ်ပေးနိုင်တာ ဘာရှိသလဲလို့မေးရင် ပြုပြင်နိုင်စရာလေးတွေတော့ ရှိပါတယ်။
ပညာရေး စနစ် တခုလုံးရဲ့ (orientation) ဦးတည်သွားနေတဲ့ လမ်းကြောင်း (direction) ကို ဖြစ်နေတဲ့ ရှိနေတဲ့
ဘဝရဲ့အခြေအနေ ကို ထပ်ဟပ်အောင် ပြုပြင်ပေးရမယ်။ ကျောင်းကနေထွက်ပြီး တကယ့်လောကကို
ဝင်လာတဲ လူငယ်အတွက် အံဝင်ခွင်ကျ ဖြစ်အောင် ကြီးကျယ်ပြင်းပြတဲ့ အပြောင်းအလဲတွေလုပ်ဖို့ မလိုဘဲ
လုပ်ငန်းခွင်မှာ လုပ်နိုင်ကိုင်နိုင်ရှိအောင် လေ့ကျင့်မှု သင်ကြားမှုတွေရှိရမယ်။ ဥပမာပြရရင် အမေရိက
တက္ကသိုလ်ဘွဲ့ သင်တန်းတွေမှာသုံးနေတဲ့ (internship) လုပ်ငန်းခွင် အတွေ့အကြုံမျိုး အနည်းအကျဉ်းဖြစ်ဖြစ်
ပေးတာ၊ ဒီပုံစံကို အခုဆို စင်္ကာပူ တို့လို တက္ကသိုလ်စနစ်တွေကလည်း စသုံးနေပါပြီ။
ဆင်းရဲချမ်းသာ ကွာဟမှုကြောင့် ဖြစ်ပေါ်လာရတဲ့ မမျှတမှုမျိုး မရှိရလေအောင် အထက်မှာ ဖေါ်ပြခဲ့တဲ့
ပြည်သူကျောင်း အစိုးရကျောင်းတွေရဲ့ ပညာရေး အဆင့်အတန်းမြှင့်ပေးလျှင်ကို ဒီအချက်ကို အတော်အတန်
ကုစားနိုင်ပါတယ်။
သင်ကြားရာမှာ science and Technology ကို အခုထက်ပိုဦးစားပေးရန်၊ scientific Literacy ကိုမြှင့်တင်ရန်၊
(life skills) လို့ခေါ်တဲ့ ဘဝမှာ နေနည်းကို ဦးစားပေးရန်၊ reasoning skill, critical thinking တို့ကို
ဦးစားပေးရန်၊ တနည်းပြောရလျှင် (teaching,learning method) လို့ခေါ်တဲ့ သင်ကြားပုံ သင်ယူပုံနည်းတွေကို
အကြီးအကျယ် ပြောင်းရလိမ့်မယ်။
ပညာဆိုတာ သင်လို့မဆုံးပါဘူး၊ ဒါကြောင့် သင်တန်းဆိုတာလည်း တက်လို့မဆုံးပါဘူး၊ သိစရာ တတ်စရာ
အသစ်အဆန်းတွေကလည်း တပေါ်တည်း ပေါ်လာနေတာပဲလို့ ဆိုရမယ်။ အချို့က နေ့စဉ်ဘဝ
နေထိုင်ရေးအတွက် လိုအပ်သလို အလုပ်အကိုင်လုပ်ရာမှာ အောင်မြင်ရာ အောင်မြင်ကြောင်းအတွက်
ရှိသင့်ရှိအပ်တဲ့ လိုအပ်ချက်တွေလည်း ဖြစ်နိုင်တယ်။

ဒါ့ကြောင့် ပညာကြောကြီးဟာ လိုက်လေရှည်လေပဲ။ ဒီလိုမရှိမဖြစ် ရှိထိုက်တဲ့ ပညာ မသိမနေ
သင်ရမှာတွေက များတဲ့အထဲမှာ ပင်ရင်း ကျောင်းနေစဉ်က သင်လာခဲ့ရတာတွေကလည်း
လုံလောက်တာမဟုတ်ဘူး။ ပျော့ကွက် ဟာကွက် တွေ ဖြည့်စရာတွေကများ ဆိုတော့ ကျောင်းထွက်ပြီး
လူ့လောကထဲ ဝင်လိုက်တယ်ဆိုကတည်းက ထပ်ပြီးပညာရှာမှီးစရာ တွေ ရှိလာတယ်။ တနည်းပြောရရင်
အစဉ်တစိုက် ပညာရှာမှီးရေး (continuing education) ဆိုတာ ယခုခေတ် လူအများစုရဲ့ လိုအပ်ချက်
ဖြစ်လာတယ်။
အသက် နည်းနည်းကြီးတဲ့သူအတွက်ဆို ဖြည့်ရမယ့် ဟာကွက်တွေက များလွန်းလို့ အခြေအနေက (cope)
အထိန်းအကျောင်း လွတ်သွားနိုင်တယ်။ ဥပမာ - အခုခေတ်မှာ ကွန်ပျူတာ ကို အနည်းအကျဉ်းမျှ
မခေါက်မိရင် ဖြစ်ပါ့မလား၊ လူရာဝင်ပါ့မလား။ အခု အသက် ၆ဝကျော်တွေထဲက ကွန်ပျူတာ ကျွမ်းကျင်သူ
ဘယ်နှရာနှုန်းလောက် ရှိမယ်ထင်သလဲ။ ဒါက အောက်ခြေအကျဆုံးကို ပြောချင်တာပါ။ ကွန်ပျူတာမှာတောင်
ဆင့်ကဲတတ်ချင်စရာ အသစ်အဆန်းတွေက ပေါ်နေသေးတာ။ ဒီလိုပါပဲ အခြားကဏ္ဍတွေမှာလည်း
အကျယ်အကျယ် မငြိမ်းဖွယ်ဆိုသလို သင်လို့မဆုံး လိုက်လို့မမှီ ဖြစ်နေတာပါ။ ဒီတော့ ကျောင်းပြီးသူတွေ ဒီ
အသိပညာတွေကို ဘယ်လိုရှာမှီးရမှာလဲ။
ချက်ချင်း သွားပြီး သတိရရမှာတော့ (web) အင်တာနက်ပဲ။ ဒါကတော့ အတိုင်းအတာမရှိဘူးဆိုတဲ့ တွင်း
(mine) မိုင်းကြီးပဲ။ နှိုက်လေ ရလေ မဆုံးတော့ပါဘူး။ အင်တာနက်မှာ ဒီလို များပြားထွေလာ ရှိနေတာလည်း
အသုံးပြုသူတွေ အတွက် ကြီးမားတဲ့ အတားအဆီးကြီးဖြစ်နေတယ်။ လိုချင်တာ တွေ့ဖို့အရေး
လုပ်ရတာတွေက အဆင့်ဆင့် အပြန့်ပြန့် လက်ဝင်လွန်းလို့ တော်ရုံတန်ရုံဆို စစ်မရောက်ခင်
မြားကုန်ချင်စိတ်ပေါက်လာတယ်။ အချိန်ကလည်း ကုန်လိုက်တာ ဘယ်သူမှ ဒီလို အချိန်မျိုးမပေးနိုင်ပါဘူး။
အငြိမ်းစား အလုပ်မရှိသူ ဆိုရင်တောင်မှ ဒီလို အချိန်မျိုးတော့ ရှာမရဘူး။ အီးမေးလ် (E-mail) တခုတည်း
ကြည့်ပါဦး။ Computer ဖွင့်ပြီး စာမပြန်ဘူးဆိုတောင် အချိန်တော့ အကုန်သား။ အင်တာနက် “လှိုင်း” ကို
လျှောစီး (surf) လိုက်မယ် ဆိုရင်တောင် အချိန်က ကုန်မှန်းမသိ ကုန်သွားတယ်။ ဒီတော့ ကိုယ်လိုချင်တာ
ကိုယ့်အတွက် အသုံးတည့်မှာတွေကို ဘယ်လိုရအောင် လုပ်မလဲ။ ပထမအဆင့်အနေနဲ့ ဘယ်သူက
ရွေးမှာလဲ။ မရွေးပေးရင်လည်း မဖြစ်နိုင်တော့ဘူး။ စိတ်မောစရာ သိပ်ကောင်းပါတယ်။ ဒါ့ပြင် ဒီ web
ကွန်ယက်ကို လက်လှမ်းမီသူ မြန်မာလူဦးရေမှာ ဘယ်လောက်ရာနှုန်း ရှိလို့လဲ။
ဒါ့အပြင်လည်း အင်တာနက်မှာ တွေ့တာတွေက ဘယ်လောက်ယုံကြည်ရမှာလဲ။ (evidence based)
အခြေခံတွေ ဘယ်လောက် ကောင်းလို့လဲ။ သက်သက်မဲ့ လိမ်ညာလှည့်စားမှုမျိုး (internet fraud) တွေတောင်
ရှိနေမှတော့ ဒီလို မယုံကြည်ရဘူးဆိုတာကလည်း သိပ်ကြီးထွားတဲ့ ပြဿနာ ဖြစ်လာတယ်။ အထူးသဖြင့်
သိပ္ပံဆိုင်ရာ အချက်အလက်တွေဆိုရင် အထူးသတိထားရပါတယ်။ ဥပမာ ကျန်းမာရေးအတွက်ဆောင်းပါး
သင်တန်းမျိုးစုံလည်း web (အင်တာနက်) မှာရနိုင်ပါတယ်။ ခုနပြောတဲ့ စိစစ်ရွေးချယ် လုပ်ဖို့တော့ လိုမယ်။
ဒီတော့ အချိန်တော့ ပေးရဦးမှာပဲ။ တချို့ကျတော့ ဒါကို အသုံးချပြီး ကြည့်သူ၊ ရှုသူ လွယ်အောင်
လုပ်ပေးထားတာ ရှိတယ်။ ယူအက်စ်မှာဆို ဆေးပညာနဲ့ ပတ်သက်တဲ့ သင်တန်း (course)တွေရှိတယ်။
အောင်ပြီး နှစ်ကြာဆရာဝန်တွေကို ပြန်လည် စိစစ်ပြီးမှ လက်မှတ်ထုတ် ပေးမယ်။ recertification,
revalidation ဆိုတာတွေ စတော့မယ်ကြားတော့ အင်တာနက်မှာ သင်တန်းတွေ (training course) တွေ
အများကြီးပေါ်လာတယ်။ အဲဒါကို တာဝန်ရှိသူ အဖွဲ့အစည်းတွေက် လေ့လာစိစစ်ပြီး အသိအမှတ်ပြု မပြုဆိုပြီး
မှတ်ချက်တွေချပေးတယ်။ အသိအမှတ်ပြုပြီးသားကို တက်ကြမယ်ဆိုရင် အမှတ် (credit)ပေးတယ်။
အသိအမှတ်ပေးတယ်။ ဒီလို အသိအမှတ် အမှတ်များ (credit) ဘယ်လောက်ရှိရင် စာမေးပွဲ
အရည်အချင်းစစ်ပွဲ ဝင်ခွင့်ရှိတယ်လို့ ကြေညာတယ်။ သူ့နည်း သူ့ဟန်နဲ့ ဖြစ်လာနိုင်တာတွေတော့
ရှိနိုင်ပါတယ်။ နောက်ဆုံးတော့ (reader) စာဖတ်သူများမှာ မူတည်ပါတယ်။ သူက ရွေးချယ်စိစစ်ပြီးရင်
သူလိုချင်တဲ့ပုံစံပဲ ထွက်လာမှာပဲ။ ဒီတော့ သူ့ကို ရွေးချယ် စိစစ်တတ်အောင် ဘာလုပ်နိုင်သလဲ။ ဒါကို
ဘာသာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် သင်ကြားရေးသမားတွေက လမ်းညွှန် ပေးနိုင်ပါတယ်။ ဥပမာ ဆေးပညာ၊ အင်ဂျင်နီယာ၊ ဥပဒေ စသည်များ ဖြစ်ပါတယ်။
နောက် အားကိုးစရာကတော့ ဘာသာပြန်စာအုပ်တွေဖြစ်တယ်။ ဘာသာပြန်စာပေများ အခုခေတ်မြန်မာမှာ
များများ လိုတာတော့ အမှန်ပဲ။ ပိတ်ထားတဲ့ မြန်မာဟာ ကျန်တဲ့ ပြင်ပလောကတခုလုံးက တရှိန်ထိုး နေ့မခြား
ဆိုသလို တိုးတက်နေတော့ ဒီအကြောင်းအရာ အပြောင်းအလဲတွေ မြန်မာပရိသတ်သိမှ ဖြစ်တော့မယ်။
ဒါကြောင့် ဘာသာပြန်စာပေ ကဏ္ဍဟာ မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့လိုပါတယ်။ အထူးသဖြင့်
သိပ္ပံဆိုင်ရာ အသစ်အဆန်းများနဲ့ အခြား တိုးတက်နှုန်း မြန်ဆန်နေတဲ့ အစိတ်အပိုင်းများကို
ဦးစားပေးထိုက်ပါတယ်။ ဘာသာပြန်သူများကလည်း အခြားတိုင်းပြည် တွေမှာ ဘာတွေ ရေပန်းစားပြီး

အဲဒီအထဲ မြန်မာတွေ စိတ်ဝင်စားမယ်ထင်တာတွေကို ရွေးကြရတော့မှာ အမှန်ပဲ။ ကမ္ဘာ့ပြဿနာတွေ
ဖြစ်လာတဲ့ climatic change, environment, ecology တွေဟာ အဲဒီအထဲ အကျုံးဝင်မယ် ထင်ပါတယ်။
ဒါပေမဲ့လည်း ဒီလိုအပ်ချက်မှာ အချိန်ကာလ အပိုင်းအခြားတော့ ရှိရမယ် ထင်ပါတယ်။ အရေးကြီးဆုံးကတော့
ဒါတွေကို ဘယ်သူတွေ ဖတ်သလဲဆိုတာပါပဲ။ ပစ်မှတ် ပရိသတ် (target audience) ရဲ့ ဂုဏ်ပုဒ် လက္ခဏာတွေ
ဘယ်လို ရှိသလဲဆိုတာ တကမ္ဘာလုံးအတွက်ပြောရရင် စာအုပ်ထွက်တာက များလိုက်တာ။ အားလုံး
ကောင်းပါတယ်လို့ ဘယ်လိုမှ အပြတ်ပြောလို့မရပေမယ့် ကောင်းတာတွေလည်း ရှိပါတယ်။ မြန်မာ
စာဖတ်ပရိသတ်တွေနဲ့လည်း လိုက်ဖက်တာတွေ အများကြီးပါ,ပါတယ်။ ဒါပေမဲ့ မြန်မာတွေဟာ ဘာသာပြန်
ချည်းပဲ ဆုံးတန်းမရှိ အားကိုးနေကြတော့မှာလား၊ လူဦးရေ သန်း ၅ဝ ကျော်ရှိတဲ့အထဲ ဘယ်လောက် မြန်မာစာ
တတ်ကြသလဲ။ သူတို့အားလုံး မဟုတ်တောင် အများစုက ဘာသာပြန်တွေ ဖတ်ဖြစ်ကြရဲ့လား။ ကိန်းဂဏန်း
အတိအကျ အသိရပေမယ့် များတော့ များမယ် မထင်ပါဘူး။
ဒီတော့ အကြောင်းအရာတခုကို အမျိုးသားရေး လိုအပ်ချက်အနေနဲ့ ဆိုပါတော့။ မဖြစ်မနေ လူအများဆီ
ရောက်ချင်ရင် ဘယ်လိုလုပ်မလဲ။ တတိုင်းပြည်လုံးရဲ့ ပညာအဆင့်အတန်း သိမှုပညာ (knowledge) ကို
များအောင် လုပ်မယ် ဆိုတဲ့ ရည်မှန်းချက်ကို ဘယ်လို ပေါက်မြောက် အောင်လုပ်မလဲ။ ဥပမာ
အခုခေတ်ကလေးတွေဟာ သိပ္ပံတတ်မှု အလွန်နည်းပါတယ်။ အဲဒီအတွက် ဘာသာပြန်တွေ လိုမှာတော့
သေချာတယ်။ ဒီတော့ ဘယ်လိုလုပ်မလဲ၊ ဘယ်သူတွေ ပြန်မှာလဲ၊ အမြတ်အစွန်း အကျိုးမရှိလျှင်
လုပ်ကြမှာလား။ လုပ်ပြီဆိုပါတော့၊ ရောက်စေချင်တဲ့ ပရိသတ် ကလေးငယ်တွေဆီ ရောက်အောင်
ဘယ်လိုပို့ပေးမလဲ။

 

မျက်ေ မှာ က် မြန် မာနဲ့  ပညာရေး။
ဒေါက် တာမြင့်ြ မင့် ခ င် ၁၅၊ ဩဂု တ် ၊ ၂ဝဝ၈ ရွ က် နုေ ဝ
ဖေဖော် ဝါရီ ၂ဝဝ၉ အပို င်း (၂)
မျက်ေ မှာ က် မြန် မာနဲ့  ပညာရေး (အ ပို င်း ၂)(ရွက်နုဝေ ဖေဖော်ဝါရီ ၂ဝဝ၉ ဒေါက်တာ မြင့်မြင့်ခင်)_
ဒါကြောင့် အလွန်အရေးကြီးတဲ့ အကြောင်းတခုကတော့ ဘာသာရပ် (subject) စာအုပ်တွေကို နဂိုမူလ
ဘာသာနဲ့ ဖတ်နိုင်ရပါတော့မယ်။ ဒါကတော့ လက်တွေ့မှာတော့ အင်္ဂလိပ်စာ သွက်သွက်လက်လက်
စာသွားသွား ဖတ်နိုင် ရတော့မယ်။ မူရင်း ဖတ်နိုင်ရင် အကောင်းဆုံးပဲ။ ဒီလိုပဲ တတိုင်းပြည်လုံး ဖတ်နိုင်အောင်
ကြိုးစားရမယ်။ မြန်မာ အိမ်နီးချင်း မလေးရှားမှာဆို ၄၉%သော တိုင်းသူ ပြည်သားတို့ဟာ အင်္ဂလိပ်စာကို
ကောင်းကောင်း ဖတ်နိုင် ပြောနိုင်တယ်တဲ့။ ထိုင်းကတော့ ဒီလောက်ရာခိုင်နှုန်းရှိချင်မှရှိမယ်။ စင်္ကာပူကတော့
ပိုမှာပဲ။ ဒီတော့ မြန်မာတွေ အရေးကြီးတဲ့စာအုပ်တွေကို မူရင်းဘာသာ (အင်္ဂလိပ)် နဲ့ ဖတ်ဖို့ကောင်းကြပါပြီ။
ဒီအတွက်တော့ အင်္ဂလိပ်စာကို မြှင့်တင်ပေးရမယ်။ ဒါလည်း နှစ်မကြာခင်မှာ တိုးတက်လာမယ် ထင်ပါတယ်။
ဘာသာပြန်စာအုပ်တွေ မှာတော့ မူရင်း အဓိပ္ပာယ်မူမကွဲဖို့ လုံးဝဥဿုံ မလွဲဖို့လိုပါတယ်။ ဒီနေရာမှာ
အမှားမရှိဖို့ အလွန့်အလွန် အရေးကြီးပါတယ်။ အချို့စာအုပ်တွေမှာ အဓိပ္ပာယ် ကောက်ယူတာ မှားလို့
နားလည်မှားလို့ ထင်ပါရဲ့။ အဓိပ္ပာယ်က ပြောင်းပြန် ဆန့်ကျင်ဘက်ဖြစ်နေတာတောင် တွေ့ရပါတယ်။ ဒါမျိုးကို
လက်မခံကြပါနဲ့။ အကောင်းဆုံးက စာဖတ်သူ လက်မခံတာက အကောင်းဆုံးပဲ။ ဒါဆို
သူဆက်မရေးတော့ဘူးပေါ့။ မဟုတ်ရင်တော့ ထုတ်ဝေသူတွေက စိစစ်ရွေးချယ်ပါ၊ လုပ်ပေးပါလို့
အဆိုပြုချင်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အလုံးစုံပညာရေးကို ထိခိုက်တာမို့ မီးမောင်းထိုးပြရတာပါ။
အလွန်တရာ အရေးကြီးတယ်ဆိုတာ ထပ်လောင်း ပြောပါရစေ။
စာအုပ်တွေကတော့ ဘာသာပြန်သူရဲ့တာဝန်မို့ထားပါတော့၊ ဆောင်းပါတွေ ဘာသာပြန်ရာမှာလည်း
အကျိုးကြောင်း ဆီလျော်မှုနဲ့ အတွေး အခေါ် အမြော်မြင်ပိုင်းကိုလည်း အလေးပြုဂရုထားထိုက်ပါတယ်။
ခပ်လွယ်လွယ်နဲ့ ဆောင်းပါးဖြစ်လာအောင် အတုံးလိုက် အတစ်လိုက် မပြန်လိုက်ပါနဲ့။ စာဖတ်သူအတွက်
အကျိုးသက်ရောက်မှုချင်း မတူပါဘူး။ ကျမယဉ်ပါးနေတဲ့ ကျန်းမာရေး ဆောင်းပါးတွေ မူတည်ပြီး
ပြောရရင်တော့ ဒီလို မြန်မာ စာဖတ်ပရိသတ်နဲ့ အပ်စပ်တဲ့ ကောက်ချက်ချမှု၊ ဝေဖန်မှုမပါကြပါဘူး။ အချို့ဆို
အလွန်တရာမှ အံမဝင်ခွင်မကျဖြစ်နေပါတယ်။

ဥပမာ အစားအသောက်ဆိုင်မှာ brussel sprout နဲ့ broccoli ကို စားဖို့တိုက်တွန်းပါတယ်။ သူတို့ဆီမှာ
ပေါပေါလောလော နေရာတကာရတာမို့ သူတို့ အခြေအနေနဲ့ ဆီလျော် ကိုက်ညီပါတယ်။ မြန်မာမှာတော့
brussel sprout ဟာ မရှိသလောက်ရှားပါတယ်။ အဆင့်မြင့် စူပါမတ်ကက်တွေမှာ ဈေးကြီးပေးပြီး
ဝယ်ချင်ပါတယ်ဆိုတာတောင် မရနိုင်တာမျိုးပါ။ broccoli ကတော့ တခါတခါ စူပါမတ်ကက်တွေမှာ ရပါတယ်။
ဈေးထဲမှာလည်း ပေါ်နေပါတယ်။ အမြင်ပေါတာတော့ မဟုတ်ဘူး။ ဒီလိုဆိုရင် ဖြစ်ထိုက်တာက ဒါတွေဟာ
သူတို့ဆီမှာ ဈေးပေါတယ်။ မြန်မာမှာတော့ ရှားလို့ ဝယ်လို့ သိပ်မလွယ် ဖြစ်နိုင်တယ်။ သူ့အစား
စားသုံးနိုင်တာတွေက … လို့ဆိုသင့်ပါတယ်။ ဒီလိုပြောနိုင်အောင် အနည်းအကျဉ်း
သတင်းထောက်လှမ်းတာတော့ လုပ်ရမှာပေါ့။ ဒါ စာရေးသူရဲ့ စေတနာက ဖေါ်ပြပေးနေတဲ့တာဝန်
မဟုတ်လား။ လုပ်ကို လုပ်ပေးရမှာပါ။ မဟုတ်ရင် ထိရောက်မှုအားပျော့သွားပါတယ်။
ဒီလိုပါပဲ အဲဒီအထက်က ညွှန်းတဲ့ ဆောင်းပါးတွေမှာဆို ဓာတ်ပုံတွေလည်း မသင့်တော်တာတွေ များပါတယ်။
ဥပမာ တခု ထုတ်ပြရရင် အသက် ၁၂ဝ ကျော်နေနိုင်ဖို့ဆိုတဲ့ ဆောင်းပါးမှာ ထည့်ထားတဲ့ ဓာတ်ပုံပေါင်း ၄-၅
ခုကတော့ အားလုံး ပျိုမျစ်နုနယ်တဲ့ အမျိုးသမီး မော်ဒယ်လှလှလေးတွေပုံ၊ ဖေါင် (form) ကောင်းကောင်း
ဒေါက်ကောင်းကောင်း၊ ရင်သား မောက်မောက် တင်ကဖြိုးဖြိုး နိုင်ငံခြားသား
အနောက်တိုင်းသူပုံတွေဖြစ်တယ်။ တယောက်က လူငယ်လူရွယ် တွေသုံးတတ်တဲ့ music player နားမှာ
တပ်ထားတယ်။ နောက်တပုံက ဂေါက်သီးရိုက်နေတာ၊
ဒီပုံတွေ ဘယ်သူ့ကို ရည်စူးပြီး ထည့်ထားတာလဲ။ ၆ဝ-၇ဝ ကျော်တွေအတွက်တော့ မဟုတ်လောက်ဘူး။
ဒီလိုလူတွေ (အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ)က တို့အတွက်မဟုတ်ပါဘူးလို့
မှတ်ချက်ပေးလိုက်မှာအမှန်ပဲ။ ဒီတော့ စိတ်ဝင်စားမှု လျော့နည်းသွားတယ်။ တို့သိစရာလိုတာတွေ
မဟုတ်ပါဘူး။ ယုတ္တိမတန်လို့ ဆွဲဆောင်မှု မရှိဘူး။ အကြောင်းအရာတွေကို တကယ်နှလုံးသွင်းပြီး
တကယ်လုပ်ရမယ့် သူတွေအတွက် ရည်စူးသင့်ပါတယ်။ ဒါမှ ကိုယ်လိုချင်တဲ့ အကျိုးသက်ရောက်မှုရှိမှာ။
မဟုတ်ရင်လည်း ဘယ်လို အကျိုးသက်ရောက်မှုမျိုးရှိရှိ၊ ရေးလိုက်တာပဲလို့ ဆိုချင်တာလား။
အ ခြား စဉ် ဆ က် မ ပြတ် ပညာရှာ ဖွေ န ည်း များ
ခေတ်အလိုက် လိုအပ်ချက်တွေကို ဖြည့်စည်းပေးနေတဲ့ သင်တန်းတွေ အလွန်များနေပါတယ်။ ဒါက
လိုတာရှိလို့ ပေးနိုင်အောင် ဖန်တီးထားတာပဲ၊ ကောင်းပါတယ်။ မဟုတ်ရင် ဘယ်ဘက်ကလှည့်ပြီး
အကူအညီတောင်းရမယ် မသိဘူး။ သိကြတဲ့အတိုင်း အခုအချိန်က နိုင်ငံခြားသွားပြီး လုပ်ရတဲ့သူတွေ
ခပ်များများပဲ။ တိုင်းပြည်တော်တော် များများ အထူးသဖြင့် ဆင်းရဲတဲ့တိုင်းပြည်တွေ ဒီလိုလုပ်လာကြတာ
ကြာပါပြီ။ (service export) လို့ အမည်တပ်ထားတဲ့ ဝန်ဆောင်မှုကို ထွက်ကုန်သဖွယ် သဘောထားပြီး
တိုင်းပြည်အတွက် နိုင်ငံခြားငွေရှာပြီး အလုပ်ဖြစ်နေတဲ့ တိုင်းပြည်တွေ အများကြီးရှိပါတယ်။ မြန်မာပြည်က
ဒီဈေးကွက်ထဲ ဝင်လာတာ နောက်ကျပါသေးတယ်။
လက်လုပ်လက်စား လူတန်းစားထက် အထက်တန်းကျတဲ့ နိုင်ငံခြားထွက်မည့်သူတွေလည်း ရှိကြပါတယ်။
ဒါ့အပြင် တိုင်းပြည်တွင်းမှာပဲ အလုပ်ရဖို့ လုပ်ငန်းခွင်မှာ တတ်တတ်မြောက်မြောက် ကျွမ်းကျွမ်းကျင်ကျင်
လုပ်နိုင်ဖို့ သင်တန်းမျိုး မွမ်းမံသင်တန်းဆိုပါစို့ တက်ကြရပါသေးတယ်။ ဒီသင်တန်းတွေက
အမျိုးအစားအားဖြင့် နှစ်မျိုးခွဲနိုင်ပါတယ်။
(၁) အထွေထွေသင်တန်းများ ဒီမှာ အင်္ဂလိပ်စာသင်တန်းများ ထိပ်တန်းက ပါ,ပါလိမ့်မယ်။ အင်္ဂလိပ်စာ၊
စကားကို အခြေခံလောက်မှ မပြောတတ်မဆိုတတ်ရင် အလုပ်မှာ မတွင်ကျယ်နိုင်ဘူးဆိုတော့ ဆက်လက်
သင်ကြရတာ။ နိုင်ငံခြားသွား အလုပ်လုပ်မည့်သူကတော့ ပိုလိုတာပေါ့။ ဒီထဲမှာ အထက်ကပုံဖေါ်ခဲ့သလို
ကလေးငယ်တွေလည်း ပါ,ပါတယ်။ ဒါကတော့ ဆက်လက် အစဉ်တစိုက် ပညာသင်ကြားရေး (continuing
education) မျိုး မဆိုနိုင်တော့ပါဘူး။ တကယ့်အခြေခံပညာ သင်ယူရေး ဖြစ်သွားပြီး မိဘတွေအနေနဲ့
ဟာကွက်တွေ ဖြည့်ပေးတာဖြစ်တယ်။
(၂) သတ်သတ်မှတ်မှတ် ပိုမိုကျဉ်မြောင်းတဲ့ ဦးတည်ချက်များရှိတဲ့ သင်တန်းများ၊ လက်ရှိဖြစ်ပေါ်လာတဲ့
အခြေအနေကို ရင်ဆိုင်ကိုင်တွယ်နိုင်မည့် ပညာနဲ့ အတတ်တွေ တိကျစွာသင်ကြားပေးခြင်းဆိုတဲ့
သင်တန်းမျိုးတွေ ဖြစ်ပါတယ်။ သတင်းစာထဲမှာ အထူးသဖြင့် ၄-၅-၆ လအတွင်း များပြားထင်ရှားလာတာတွေ
ဖြစ်တယ်။ ဘယ်လောက်စုံတယ်၊ ဘယ်လောက် အသေးစိတ်ကျတယ်။ သီးခြားထူးကဲတဲ့ ရည်ရွယ်ချက်တွေ
ရှိတယ်ဆိုတာ သူတို့ကြော်ငြာတဲ့ စာသားတွေ ခေါင်းစဉ်တွေကြည့်မှ သိမှာမို့ အချို့ကို တင်ပြလိုက်ပါတယ်။

- Engilsh Course - Foundation English Program - Communicative English - IELTS - သူနာပြုအကူနှင့်
ဆေးဝါး ကျွမ်းကျင်မှုသင်တန်း - Capacity Enhancement Training Course - စီးပွားရေးနှင့်
စီမံခန့်ခွဲမှုမိတ်ဆက် - ဆေးတက္ကသိုလ်ဝင်ခွင့်နှင့် ကွန်ပျူတာနည်းပညာတက္ကသိုလ် GTC/GTI ဝင်ခွင့် Tourism English
တကယ်ပဲ လိုရင်းလိုအပ်ချက်ကို ကျဉ်းကျဉ်းမြောင်းမြောင်း ထဲထဲဝင်ဝင် သင်ပေးမယ်ဆိုတဲ့ စင်္ကာပူမှာ
အလုပ်သွားလုပ်မယ့် အင်ဂျင်နီယာတွေအတွက် သင်တန်းတွေဖြစ်တယ်။ ဒီစာရင်းဟာ မဆုံးသေးပါဘူး။
ဒါတွေအားလုံး အထူးစပယ်ရှယ်ဝန်ဆောင်မှုတွေဖြစ်လို့ ဒါမျိုးတွေလိုနေတဲ့ အလုပ်ရှာသူများအတွက်
ကောင်းပါတယ်။ တိကျသေချာပြီး အသေးစိတ်ကျတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာတွေပါ။
မြန်မာတွေဟာ ပြင်ပလောကနဲ့ ထိတွေ့မှုနည်းသူဆိုတော့ ဒီလို အချောသပ်သင်တန်းများမရှိရင်
အလုပ်,လုပ်မယ့်သူတွေ နိုင်ငံခြား ရောက်တော့ ခေတ်မဆန် လုံးလုံးနောက်ကျနေတာတွေ ချောမွေ့ပြေလည်
မဖြစ်တာတွေ ရှိနိုင်ပါတယ်။ ဒီသင်တန်း တွေရဲ့ တကယ်ထိရောက်မှုနဲ့ အောင်မြင်မှုကိုတော့ စနစ်တကျ
ဆန်းစစ်ထားတာတွေ မတွေ့ရသေးပါဘူး။ သင်ကြားရမယ့် သူတွေအတွက် ကုန်ရမယ့်ငွေကတော့
များသထက်များလာမှာ အမှန်ပါပဲ။
အခြားပညာတိုးတက်ရေးအတွက် လုပ်နိုင်တာတွေ ရှိပါသေးတယ်။ ငွေလည်း သိပ်မကုန်ပါဘူး၊
ဒါတွေကတော့ အသင်းအဖွဲ့အသီးသီးတို့က ပေးနေတဲ့ ဟောပြောမှု သင်တန်းများဖြစ်ပါတယ်။ နီးစပ်ရာတွေနဲ့
ဆက်သွယ်ပြီး ဘယ်မှာ ဘာတွေရှိမယ်ဆိုတာ စုံစမ်းပါ။ သတင်းစာထဲမှာလည်း ပါတတ်ပါတယ်။
ဆရာဝန်လောကအတွက်ဆို မြန်မာနိုင်ငံဆရာဝန်အသင်းက ဒီလို ပညာပေးမှုတွေကို နယ်မြို့များ အပါအဝင်
မှန်မှန် လုပ်ပေးနေပါတယ်။ ရန်ကုန်မှာဆို စဉ်ဆက်မပြတ် ပညာပေးသင်တန်းတွေဟာ ဆက်တိုက်ဆိုသလို
ရှိနေပါတယ်။ တချို့တွေက ငွေကြေးပေးရတယ်ဆိုပေမယ့် အမြတ်အစွန်းယူတာမျိုးမဟုတ်လို့
အထူးသက်သာပါတယ်။ ဒီလိုပါပဲ အခြား အထူးပညာရှင် (professional) အဖွဲ့ဖြစ်တဲ့ အင်ဂျင်နီယာ၊
ဗိသုကာအဖွဲ့ စတာတွေကလည်း အလားတူ သင်တန်းတွေ ပြောပြောပွဲတွေရှိတယ်။ ဝိဇ္ဖာသိပ္ပံ
ပညာရှင်များအဖွဲ့ဆို အဆင့်မြင့်ဘာသာရပ်ဟောပြောမှုတွေ ရှိပါတယ်။ ပြပွဲတွေ ဟာလည်း ပညာရှာမှီးဖို့ရာ
အဖိုးတန် အခါအခွင့်တွေဖြစ်တယ်။ ဥပမာ အိတ်ခ်ျအိုင်ဗီ အကြောင်းအခြေခံရော အခြား ကုသရေး၊
မပြန့်ပွားရေး နောက်ဆုံးပေါ်တွေ့ရှိချက်တွေ၊ သိနိုင်တာပဲ။ ဒါဟာ ဗဟုသုတတွင်မကဘဲ ကိုယ့်လုပ်ငန်းမှာ
အသုံးဝင်နိုင်ပါတယ်။ ဝါသနာအဖုံဖုံအတွက်ပေးတဲ့ ဟောပြောမှုသင်တန်းတွေလည်း ရှိတတ်ပါတယ်။ ဥပမာ ပန်းစိုက်ခြင်း၊ ပန်းအိုး ထိုးခြင်း၊ ဒါတွေလည်း သူ့နေရာနဲ့သူ ပညာရှာမှီးရာမှာ အသုံးချနိုင်ပါတယ်။
စာအု ပ် ၊ စာဖတ်ြ ခင်း
အထက်ပါ ဘာသာပြန်စာတွေမကဘဲ ကိုယ်လိုချင်တဲ့ ပညာအတွက် ဖတ်စရာတွေလည်း ရှိပါတယ်။
မဟုတ်ရင်လည်း လိုနေတဲ့ သစ်ဆန်းနေတဲ့ ဗဟုသုတအတွက်လည်း ဖတ်နိုင်ပါတယ်။ ဒီမှာတော့ (Scientific
Literacy) လို့ခေါ်တဲ့ သိပ္ပံပညာ တတ်မြောက်သိရှိရေး အတွက် ကြိုးပမ်းမှုတွေ ရှိရပါလိမ့်မယ်။ မြန်မာ
လူထုဟာ ဒီကဏ္ဍမှာ ပြည့်စုံဖူလုံခြင်း မရှိဘူးလို့ဆိုရမယ့် အခြေအနေမှာရှိပါတယ်။
တကယ်တော့ ခေတ်မီတိုင်းပြည် ဖြစ်လာဖို့အရေး နိုင်ငံတကာအဆင့်မဆိုနဲ့ဦး၊ အိမ်နီးချင်းနိုင်ငံများနဲ့
ရင်ပေါင်တန်းလိုက်နိုင်ဖို့မှာ မြန်မာတွေ ကြိုးစားရမှာက အများကြီးပါ။ ပညာတတ်တယ်ဆိုရာမှာလည်း
လက်တဆုပ်စာ အပေါ်ဆုံးက မလိုင်သကာ အလွှာကိုပြောနေတာ မဟုတ်ပါဘူး။ အလွှာတိုင်း အလွှာတိုင်းမှာ
ပညာတတ် (Literate) ဖြစ်ဖို့လိုပါတယ်။ အထူးအလေးပေးရမှာတွေကတော့ အင်္ဂလိပ်စာနဲ့ သိပ္ပံဆိုင်ရာ
အတတ်အသိများ (Scientific Literacy) ဖြစ်ပါတယ်။
ကျမတို့တိုင်းပြည်ကို အခြား သူတကာတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် (knowledge-based society) ပညာကို
အခြေခံထားတဲ့ လူမှုအဖွဲ့အစည်းဖြစ်လာလိုရင် ကြိုးစားပြီး အနာဂတ်တိုင်းပြည်၊ အနာဂတ်လူငယ်တွေ
မနစ်နာဖို့ အရေး အတွက် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။
ပညာရေးမှာ ရင်းနှီးမြှုပ်နှံပါ။ ဒီလို မြှုပ်နှံမှုမျိုးဟာ နောင်အခါမှာ အတိုင်းမသိကြီးမားတဲ့ အကျိုးအမြတ်မျိုး
ပေးနိုင်ပါတယ်။ ဒီလို ရင်းနှီး ရာမှာလည်း အထက်က ပြောခဲ့သလို ဆင်းရဲချမ်းသာမရွေး အလွှာပေါင်းစုံ ကျား၊
မ မခြား ပါရပါမယ်။ ကျမတို့တိုင်းပြည်အတွက်တော့ နောက်ကျပေမယ့် တခြားတိုင်းပြည်တွေကို အမီလိုက်
ကျော်လွန်သွားဖို့ဆိုတာ ပညာရေးကိုပဲ အဓိက အားကိုးရပါတော့မယ်။ သတိဖြစ်ကြပါစေ၊ ဝီရိယ
စိုက်ထုတ်နိုင်ကြပါစေ၊ အချိန်မလင့်ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

ဒေါက်တာမြင့်မြင့်ခင် ၁၅၊ ဩဂုတ်၊ ၂ဝဝ၈ ရွက်နုဝေ ဖေဖော်ဝါရီ ၂ဝဝ၉

 

from Zaw Lynn Dwe's Facebook notes by Zaw Lynn Dwe