You are on page 1of 2

ကလေးတွေ….

ပုတ်သင်ညိုဖြစ်မှာ စိုးတယ်
လူထုစိန်ဝင်း

“ ပဲပြားပင်ကဲ့သို့ မကျင့်မူဘဲ သစ်ပင်ကြီးကဲ့သို့ ကျင့်ကြံခဲ့သဖြင့် ရာဇ၀တ်ဘေး သင့်ခဲ့ရပေသည်တကား”

ငယ်ငယ်က ရာဇ၀င်သင်တော့ ရှင်ဘုရင်က ရာဇမာန်ရှပြီး တစ်နယ်တစ်ကျေး ပို့စေ အမိန့်တော်ချခံရတာကြောင့် မိမိရဲ့ အိုးအိမ်နဲ့


ဝေးရာရောက်နေတဲ့ အမတ်ကြီးတစ်ဦးရဲ့ ရေရွတ်မြည်တမ်းသံ ဖြစ်ပါတယ်။ လေပြင်းမုန်တိုင်း အပြင်းအထန်တိုက်ခတ်တဲ့အခါ
ပင်စည်တုတ်ခိုင်ကြီးမားတဲ့ သစ်ပင်ကြီးတွေက အလဲလဲ အပြိုပြိုဖြစ်ကြပြီး မြေမှာကပ်ပေါက်တဲ့ ပဲပြားပင်လို အပင်တွေကတော့
လေတိုက်ရာဘက်ကို အလိုက်သင့် ယိမ်းလိုက်နွဲ့လိုက်လုပ်ရင်းနဲ့ ရှင်သန်ကျန်ရစ်တာကို မြင်တွေ့ရတဲ့ ပညာရှိ အမတ်ကြီး
သံဝေဂစကား မြွက်ကြားလိုက်တာ ဖြစ်ပါတယ်။

ရေလိုက်ငါးလိုက်နေမယ်တဲ့
ခပ်ငယ်ငယ် နှစ်တန်း၊ သုံးတန်းအရွယ်က သင်ခဲ့ရတာဖြစ်ပေမဲ့ အမတ်ကြီးရဲ့ စကားနဲ့ အဖြစ်အပျက်ကိုတော့ မှတ်မိနေသေးပါတယ်။
မကြာခဏ လူကြီးသူမတွေက ပုံခိုင်းပြီး ဆုံးမသြ၀ါဒ ပေးခဲ့ကြလို့ မှတ်မိနေတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခုခုကို ခေါင်းမာမာနဲ့
ပြောဆိုမိတဲ့ အခါများမှာ ခေါင်းမာတာမကောင်းဘူး၊ အလိုက်အထိုက် ၊ ရေလိုက်ငါးလိုက်၊ ပြောတတ်ဆိုတတ်၊
နေတတ်ထိုင်တတ်ရတယ်လို့ ဆုံးမလေ့ရှိကြတယ်။ အချိုကြိုက်သူကို အချိုပေး၊ အချဉ်ကြိုက်သူကို အချဉ်ကိုပေးပြီး
ပေါင်းသင်းဆက်ဆံတတ်ဖို့လည်း သြ၀ါဒပေးကြတယ်။ လူကြီးသူမများရဲ့ စကားမို့ စောဒကမတက်ပေမဲ့ စိတ်ထဲတော့ တယ်ပြီး
ဘ၀င် မကျလှဘူး။ အဲဒါကြောင့် “ မငြင်းနားမထောင်” ဆိုသလိုပဲ တစ်သက်လုံးကျင့်သုံးနေလာခဲ့တယ်။

ညာဝါးဖြီးဖြန်းတတ်အောင်လား
ငယ်ဘ၀လွန်မြောက်ပြီး အသက်ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်နီးပါးအရွယ်ရောက်တဲ့အထိလည်း သစ်ပင်ကြီးကဲ့သို့ မကျင့်နဲ့၊
ပဲပြားပင်ကဲ့သို့ ကျင့် ဆိုတဲ့စကားကို လက်ခံလို့ မရသေးပါဘူး။ ဒီစကားက ကလေးသူငယ်တွေကို ညာဝါးဖြီးဖြန်းလုပ်တတ်အောင်၊
လိမ်တတ်အောင်၊ မျက်နှာချိုသွေးတတ်အောင် သင်ကြားပေးသလိုပဲလို့ ခုထိ ယုံကြည်နေဆဲ ဖြစ်တယ်။ ဒါတင်မက ဒီစကားဟာ
ဘာပဲဖြစ်ဖြစ် အညံ့ခံအောက်ကျို့ခိုင်းတဲ့ စကားဖြစ်တဲ့အတွက် ကလေးငယ်တွေကို သိမ်ငယ်စိတ်ဝင်စေတယ်လို့ ထင်ပါတယ်။
အောက်ကျို့အညံ့ခံစိတ်ဆိုတာ မညှာမတာပြောရရင်တော့ “ကျွန်စိတ်”ပါပဲ။

ကျေးဇူးကြီးလို့ နှမြောတာ
ပဲပြားပင်နဲ့ သစ်ပင်ကြီးအကြောင်းစဉ်းစားကြည့်ရအောင်ပါ။ ပင်စည်တုတ်ခိုင်ကြီးမားတဲ့ သစ်ပင်ကြီးဟာ လေပြင်းဒဏ်ကြောင့်
ပြိုလဲကျသွားခဲ့ရတယ်။ တွေ့မြင်သမျှ လူတိုင်းက နှမြောကြတယ်။ ဘာဖြစ်လို့ နှမြောကြတာလဲ။ သစ်ပင်ကြီးဟာ မလဲမပြိုခင်
နှစ်ပေါင်းများစွာ သတ္တ၀ါအပေါင်းကို အေးမြတဲ့ အရိပ်အာဝါသကိုပေးခဲ့တယ်။ လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ်တွေကြားမှာ ဒဏ်ရာ
အနာတရ ရခဲ့တဲ့ ကျေးငှက်သာရကာအပေါင်းကို နားခိုစရာပေးတယ်။ ဆာလောင်မွတ်သိပ်သူများအတွက် အာဟာရဖြစ်စေတဲ့
သစ်သီးဝလံတွေကိုပေးတယ်။ မောပန်းနွမ်းနယ်လာတဲ့ ခရီးသွားတွေ အပန်းပြေစေဖို့ ရနံ့သင်းတဲ့ ပန်းတွေ ပွင့်ပေးတယ်။
သစ်ပင်ကြီးရဲ့ ကျေးဇူးဟာ သတ္တ၀ါအားလုံးအတွက် ပြောမပြနိုင်လောက်အောင် ကြီးမားတယ်။ အဲဒီလိုကျေးဇူးကြီးမားလွန်းလို့
တန်ဖိုးထားကြတာ။ တန်ဖိုးထားလွန်းလို့ နှမြောကြတာ။ လဲပြိုသွားပြီးတဲ့နောက်တောင် အချည်းနှီး မဖြစ်ဘူး။ လူတွေအတွက်
နေစရာ အိုးအိမ်ဆောက်ရာမှာ သုံးနိုင်တယ်။ စားစရာတွေ ထွန်ယက်စိုက်ပျိုးဖို့၊ ထွန်တွေထယ်တွေ၊ ထွန်တုံးထွန်တံတွေ
လုပ်နိုင်တယ်။ အဲဒီတော့ မနှမြောဘဲ ဘယ်သူနေနိုင်မှာတဲ့လဲ။

ဘာကျေးဇူးပြုသလဲ
ပဲပြားပင်က ဘယ်နေရာမှာများ နှမြောစရာရှိသလဲ၊ လေတိုက်ရာလိုက် ယိမ်းနွဲ့ နေတတ်လို့ ရှင်သန်နေရစ်တာပဲ ရှိတယ်။
သတ္တ၀ါအပေါင်းကို ဘယ်လို အကျိုးကျေးဇူးများ ပြုနိုင်တာ ရှိလို့လဲ။ အရိပ်အာဝါသကိုလည်း မပေး၊ အာဟာရဆိုတာ ဝေလာဝေး၊
နွားတို့ ဆိတ်တို့တောင် မစားဘူး မဟုတ်လား။ ရှင်သန်နေတုန်းကလည်း သတ္တ၀ါတွေကို အကျိုးမပြု၊ သေသွားတော့လည်း ဘာမှ
အသုံးမကျ၊ ဘယ်သူက နှမြောတော့မှာလဲ။ ဒီလိုပဲပြားပင်မျိုးကို အတုယူဖို့ ဘာကြောင့်သြ၀ါဒ ချွေကြတာလဲ။ စဉ်းစားလို့တောင်
မရနိုင်ပါဘူး။

တန်ဖိုးရှိတဲ့လူဖြစ်ပါစေ။
လောကမှာ ဘယ်အရာမဆို အများသူငါကို အကျိုးပြုမှ တန်ဖိုးထားကြတာဖြစ်တယ်။ ကလေးတွေကို သွန်သင်ဆုံးမ သြ၀ါဒ
ချွေကြတဲ့အခါမှာ “တန်ဖိုးရှိတဲ့လူ” ဖြစ်အောင်ကြိုးစားဖို့သာ ညွှန်ပြသင့်ကြပါတယ်။ “လေယူရာတိမ်းပြီး ယိမ်းနွဲ့” ရှင်သန်နေတဲ့
ဘာတန်ဖိုးမှ မရှိတဲ့ ပဲပြားပင်လို “တန်ဖိုးမဲ့လူ” ဖြစ်မသွားအောင် ဂရုစိုက်ပျိုးထောင်ပေးဖို့ လိုပါတယ်။

ပုတ်သင်ညိုမဖြစ်စေချင်
တန်ဖိုးရှိတဲ့လူဆိုတာ ဘယ်တော့မှ ပဲပြားပင်လို “လေယူရာတိမ်း ပြီးယိမ်းနွဲ့” မနေပါဘူး။ သစ်ပင်ကြီးသဖွယ် ခိုင်ခိုင်မာမာ၊
ဖြောင့်ဖြောင့်မတ်မတ် ရပ်တည်ပါတယ်။ အများသတ္တ၀ါအကျိုးကို သယ်ပိုးဆောင်ရွက်ဖို့ဆိုတဲ့ ရည်မှန်းယုံကြည်ချက်ကို ဘယ်တော့မှ
ရောင်းမစားပါဘူး။ ဘာနဲ့မှလည်း မလဲပါဘူး။ အဲဒီယုံကြည်ချက်ကြောင့် အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်လည်း လိုလိုလားလားနဲ့
စွန့်လွှတ်ဖို့ ၀န်မလေးပါဘူး။ အနာဂတ်ရဲ့ ကလေးသူငယ်တွေကို ပဲပြားပင်တွေ မဖြစ်စေချင်ပါဘူး။ ဥတုရာသီကိုလိုက်ပြီး
အရောင်ပြောင်းလေ့ရှိတဲ့ ပုတ်သင်ညိုလို အမြဲတမ်းခေါင်းငြိမ့်နေတာမျိုးလည်း မဖြစ်စေချင်ဘူး။ အရေးကြီးတာက တန်ဖိုးရှိတဲ့
လူကလေးတွေ” ဖြစ်အောင် ဂရုစိုက်ကြဖို့သာ ဖြစ်ပါတယ်။

(Weekly Eleven 27-8-2008 မှ ကူးယူဖော်ပြပါသည်)

You might also like