Professional Documents
Culture Documents
ရန်ကုန်တောင်ပိုင်းခရိုင် ကျေးရွာများနဲ့ ပဲခူးတိုင်း သာယာဝတီခရိုင်များတွင်
၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား ဆန့်ကျင်တဲ့
လှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့
ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်ပါတီ) အား ဆန့်ကျင်တဲ့ လှုပ်ရှားမှုများ
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။
ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားတဲ့
ကျောင်းသားလူငယ်များ အင်အားစုက ယနေ့ (အောက်တိုဘာ ၁၄ ရက်)
ညနေပိုင်းက ရန်ကုန်တောင်ပိုင်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာများ ဖြစ်ကြတဲ့
ဘုရားကုန်း၊ ကညင်ပင်၊ ကွမ်းခြံကုန်း၊ လက်ယက်စမ်း၊ တားမလုံ၊
အောင်ချမ်းသာ၊ အေးသာယာ၊ အေးမေတ္တာ၊ ရုံးသပြေကန်နဲ့ မင်းဂလွန်းစတဲ့
ကျေးရွာများမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ရွေးကောက်ပွဲ
ဆန့်ကျင်ရေး ကာတွန်းရုပ်ပြောင်များ ဖြန့်ဝေခဲ့ပါတယ်။
အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုရန်နိုင်က “ကျနော်တို့အနေနဲ့
၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုအမျိုးမျိုးကို
ရန်ကုန်တိုင်းအတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ လုပ်ခဲ့ပြီးပြီ လေ။ ဒါပေမဲ့
ကျေးလက်နေပြည်သူတွေကို ပစ်မှတ်ထားပြီး ဆောင်ရွက်တဲ့ လှုပ်ရှားမှုမျိုး
မလုပ်ရသေးဘူး ဗျ။ သူတို့အနေနဲ့ စားဝတ်နေရေး အခက်အခဲက
ရှိနေတာကတကြောင်း၊ လယ်ယာလုပ်ငန်းခွင်မှာ အချိန်ကုန်နေရတာက
တကြောင်းကြောင့် ရွေးကောက်ပွဲဆိုတာ စိတ်ဝင်စားမှု မရှိကြဘူး။ ဒါ့ကြောင့်
သူတို့ စိတ်ဝင်စားမယ့် ကာတွန်းဟန်လေးရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး
ရုပ်ပြောင်တွေကို ဖြန့်ဝေရတာ ပါ၊“ လို့ ပြောပါတယ်။
ဒီ လှုပ်ရှားမှုတွေကို နယ်မြေခံများက ပူးပေါင်း ပါဝင်ကူညီပြီး ရွာထိပ် လျှပ်စစ်ဓါတ်အားပေးတိုင်တွေ၊ ရေအိုးစင်တွေ၊ ဗီဒီယိုရုံတွေနဲ့
လူသွားလူလာများတဲ့ နေရာတွေမှာ ဖြန့်ဝေခဲ့ကြောင်း ရှင်းပြပါတယ်။ သူတို့အနေနဲ့ ကျန်ရှိတဲ့ ကျေးရွာတွေကို ကွင်းဆင်းပြီး ရွေးကောက်ပွဲ
မဲမပေးရေးနဲ့ ဆန့်ကျင် သပိတ်မှောက်ရေး လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်သွားကြမှာဖြစ်ကြောင်း သိရပါတယ်။
ထို့အပြင် ပဲခူးတိုင်း သုံးဆယ်နဲ့ သာယာဝတီမြို့နယ်မှာတော့ ရွေးကောက်ပွဲကို ၀င်ရောက်မယ့် ကြံ့ဖွတ်ပါတီကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ
ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားပုံကတော့ ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ ကြံ့ဖွတ်ပါတီက အင်္ကျီတွေဝေပြီး ပါတီစည်းရုံးရေး
လုပ်ဆောင်တာတွေ၊ စည်းရုံးဟောပြောခွင့် ပိတ်ပင်ထားလျှက်နဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ၀င်ရောက် ဟောပြော စည်းရုံးနေတာတွေနဲ့
နယ်ခံလူမိုက်တွေကို ပါတီဝင်အဖြစ် စည်းရုံးပြီး ခြင်္သေ့ကိုပဲ မဲထည့်ရမယ်လို့ ဖိအားပေးပြောဆိုတာကြောင့် နယ်မြေခံလူငယ်တွေက
မကျေမနပ်ဖြစ်ပြီး စစ်အစိုးရ ဆိုင်းဘုတ်တွေနဲ့ ကြံ့ဖွတ်ပါတီဆိုင်းဘုတ်တွေမှာ ကြံ့ဖွတ်ပါတီဆန့်ကျင်ရေးစာသားတွေကို မှုတ်ဆေးအနီနဲ့
ဒီကနေ့ (အောက်တိုဘာ ၁၄ ရက်နေ့) မနက်မှာ ရေးခဲ့ကြပါတယ်။