Professional Documents
Culture Documents
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲကို ၂၀၁၀ သြဂုတ် ၂၅ ရက် (ဗုဒ္ဓဟူးနေ့) နေ့လည်ပိုင်းက ရန်ကုန်မြို့ အနောက်
ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဋ္ဌာနချုပ်ရုံးတွင် ကျင်းပရာ ရန်ကုန်မြို့ရှိ သတင်းစာဆရာကြီးများ တက်ရောက်ခဲ့ပါတယ်။ ထို
သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဒီကနေ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်တဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားများကို အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
ပြည်သူများက အဲန်အယ်လ်ဒီကို မဲပေးလိုတယ်။ အဲန်အယ်လ်ဒီ မရှိလို့ရှိရင် ဘယ်သူ့မဲပေးရမလဲ၊ ဘာလုပ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်က
ပြောတာက ဒီ မေးခွန်းရဲ့ အဖြေကို ပြောပါတယ်။ အဲန်အယ်လ်ဒီကိုပဲ မဲပေးချင်တယ်၊ အဲန်အယ်လ်ဒီ မရှိရင် မပေးနဲ့ ပေါ့ တဲ့။ ဒါပဲ။ ဒီ
မေးခွန်းက မကြာခဏလည်း ကြားကြား နေရလို့ ပါ တဲ့။
နောက်တခုက အခု သတင်းဋ္ဌာနတွေကနေပြီးတော့ ကြားနေရတယ်။ တချို့က ခြိမ်းခြောက်စကား၊ သတင်းစာမှာ တွေ့တယ်။ မီဒီယာမှာ
တွေ့တယ်။ တချို့က လှည့်ဖျားတဲ့စကား၊ တချို့ကတော့ ပြည်သူတွေရဲ့ နားမလည်မှုကို အခွင့်အရေး ယူတာ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့
သူ့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး တဲ့။
အဲဒီတော့ နောက်တခုက ကျွန်တော်တို့ သတင်းဋ္ဌာနတခုနဲ့ ပတ်သက်ပြီးတော့ ဒေါ်စု ပြောလိုက်တာ။ ကျွန်တော် ဒီမှာပဲ ပြောလိုက်မယ်။
ဒေါ်စုက သူ သတင်းတခု ကြားနေတယ် တဲ့။ ဘီဘီစီ မြန်မာပိုင်းဋ္ဌာနက တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကြောင့် Funding မှာ
ငွေရေးကြေးရေး အခက်အခဲ ရှိတယ်လို့ ကြားတယ် တဲ့။ သူ စိတ်မကောင်းဘူး တဲ့။ ဘီဘီစီရယ် မဟုတ်ဘူး။ ဘီဘီစီ ဗီအိုအေ အားလုံး၊ ဒီ
သတင်းဋ္ဌာနအားလုံးဟာ ကျွန်တော်တို့ ပြည်သူတွေရော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အားကိုးရတယ် တဲ့။ ဒီအတွက်တော့
စိတ်မကောင်းဘူးဆိုတဲ့သတင်းကို ပြောလိုက်ပါတယ်။
နောက်တချက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို အချိန်တိုလေးမှာ ကြေညာတာဟာ လုံးဝ မတရားဘူး
တဲ့။ သူ့အမြင်ကတော့ ဒါ ပြည်သူတွေကို မလေးစားတာလို့ အဲဒီလို မြင်တယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ နောက် Freedom of
Expression နဲ့ Freedom of Information ၊ သတင်း ရယူခွင့်၊ သတင်းထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ မိမိဆန္ဒ ထုတ်ဖော်ခွင့် ၊ အဲဒါတွေ မပါဘဲနဲ့
တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်မှာမှ မရှိနိုင်ပါဘူး တဲ့။ အခု လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နောင် ဖြစ်လာမယ့်
အစိုးရဟာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းနိုင်တဲ့၊ ပြည်သူ့လွှတ်တော်က တည့်မတ်နိုင်တဲ့ အစိုးရ မဟုတ်ဘူး တဲ့။ သမ္မတ လွှမ်းမိုးတဲ့
အစိုးရမျိုး ဖြစ်တယ်ဆိုတာ ပြည်သူတွေ လေ့လာသင့်ပါတယ် တဲ့။ အဲဒီလို ပြောလိုက်ပါတယ်။
နောက်တချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တရားမျှတမှု မရှိတဲ့အချက်တွေ၊ နောက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာ
တရားမျှတမှု မရှိတဲ့အချက်တွေ၊ အဲဒါတွေကို ပြည်သူတွေသိဖို့ တတ်နိုင်သမျှ ဥပဒေ ပညာပေးတွေ လုပ်ကြဖို့ လိုတယ် တဲ့။ ဒါတွေကို
မသိဘဲနဲ့ မဲဆန္ဒရှင်တယောက်က မဲပေးလို့ရှိရင် အဲဒီမဲက ဘာ အဓိပ္ပါယ်မှ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နောက်တခု ပြောတာက အခုလို တရားမျှတမှု မရှိတဲ့ ဥပဒေတွေကိုတောင်မှ မလိုက်နာဘူးဆိုရင်တော့ အဲဒီ မလိုက်နာတဲ့သူတွေဟာ
Anarchy ပဲ တဲ့။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောပါတယ်။ ဒါဟာ မင်းမဲ့စရိုက်ပဲ လို့ ပြောလို့ရတယ်လို့ အဲဒီလို ပြောပါတယ်။
ကျွန်တော် ပြောဖို့ကတော့ အဲဒါပဲ၊ ဘာများ မရှင်းတာ ရှိပါသလဲ။
သတင်းထောက်တဦး။ ။ အဲဒီလိုင်းလေး နည်းနည်း ပြန်ရှင်းပြပါ။ ဘယ်လိုဟာမျိုးမှာ ………
သတင်းထောက်တဦး။ ။ မလိုက်နာဘူး က အစိုးရက မလိုက်နာတာ လား။
ဦးဉာဏ်ဝင်း။ ။ အစိုးရလို့ ပြောဖို့ထက်ကို ဥပဒေကို ကိုင်တွယ်တဲ့သူတွေကိုပဲ ပြောရမှာပေါ့။
သတင်းထောက်တဦး။ ။ ဟုတ်ကဲ့။ အန်ကယ်လ်၊ ဘီဘီစီအပိုင်းက ဘယ်နေရာကို ……
ဦးဉာဏ်ဝင်း။ ။ သူ rumor ကြားတယ်။ rumor လို့ သုံးပါတယ်၊ စကားလုံး။ အဲဒီလို ကြားနေတယ် တဲ့။ ဒီအတွက် သူ စိတ်မကောင်းဘူး
တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဘီဘီစီ အပါအ၀င် သတင်းဋ္ဌာနတွေကို မြန်မာပြည်သူလူထု၊ သူ အပါအ၀င် ဒါပဲ အားကိုးပြီး နားထောင်နေကြတာ
လို့။ အဲဒီလို ပြောပါတယ်။
သတင်းထောက်တဦး။ ။ နံပါတ် ၁ အချက်ကလေး ပြန် ပြောပေးပါ။ စစချင်း လေ၊ အဲန်အယ်လ်ဒီကို မဲပေးချင်တယ် ဆိုတာ။
ဦးဉာဏ်ဝင်း။ ။ အဲန်အယ်လ်ဒီကိုပဲ မဲပေးချင်တယ်၊ အဲန်အယ်လ်ဒီ ရွေးကောက်ပွဲ မ၀င်တော့ဘူး၊ ကျွန်တော်တို့ ကျမတို့ ဘာလုပ်ကြမလဲ၊
ဒီလိုမေးခွန်းမျိုးကို မီဒီယာက ကြားတယ်။ အဲန်အယ်လ်ဒီကိုပဲ ပေးချင်တယ်။ အဲန်အယ်လ်ဒီ မရှိရင် မဲ မပေးဘဲ နေရုံပဲ တဲ့။ နောက်တခု
ကျွန်တော် ပြောစရာ ရှိတာက ဒီ ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြောတာ သူတို့နဲ့ ဆိုင်တယ်။
သူတို့ဆိုတာ ကျွန်တော်တို့ အပါအ၀င် ပေါ့၊ အဲန်အယ်လ်ဒီနဲ့ မဆိုင်ဘူး။ သို့သော် အဲဒီ ဥပဒေတွေ၊ အဲဒီလုပ်ငန်းစဉ်တွေကို ကျွန်တော်တို့
လစ်လျူရှုလို့ မရဘူး တဲ့။ အဲဒီမှာ မမှန်ကန်တဲ့အလုပ်၊ ပြစ်မှု ကျူးလွန်ရာရောက်တဲ့ အမှုတွေ တွေ့လို့ရှိရင် ပြည်သူတွေက ရဲစခန်းမှာ
အမှုတိုင်နိုင်တယ် တဲ့။ အခု ပြဋ္ဌာန်းတဲ့ဥပဒေအရ ဒီ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေအားလုံးဟာ organizable ပါ။ ရဲ အရေးပိုင်တဲ့ ဟာ ပါ။
ဥပဒေမှာ ပြဋ္ဌာန်းပြီးသား ပါ။ ဒါတွေကိုလည်း ပြည်သူတွေ သိဖို့ လိုပါတယ်။
သတင်းထောက်တဦး။ ။ အန်အယ်လ်၊ အန်တီ့လွတ်ရက်က ဘယ်တော့လောက် ပတ်ဝန်းကျင် မှန်းသလဲ။ အဲဒါ သိလို့ ……
ဦးဉာဏ်ဝင်း။ ။ မှန်းတာမဟုတ်ဘူး၊ ကျွန်တော်တို့ သိနေတာကတော့ နိုဝင်ဘာ ၁၃ ရက်နေ့ဟာ ချုပ်ရက် ကုန်သွားပါပြီ။
သတင်းထောက်တဦး။ ။ အန်တီ အခု နေကောင်းပါသလား။
ဦးဉာဏ်ဝင်း။ ။ ကောင်းပါတယ်။ ကောင်းပါတယ်။ ခါတိုင်းကဲ့သို့ပါ ပဲ။
ဘာ ရှိမလဲ။ နောက်မှ ဖုန်းဆက်ပြီး မမေးနဲ့။ (ရယ်သံများ) – မေးမှာပဲ ဖုန်းက တခါ မဆက်ဘူး၊ နှစ်ခါ၊ သုံးခါ။ ထပ်ရှိလဲ
ထပ် ဆက်။ ….
သတင်းထောက်တဦး။ ။ အန်ကယ်လ် မနေ့က ပြောတယ် လေ။ လူတွေက ရွေးကောက်ပွဲကို စိတ်ဝင်စားဖို့ သင့်တယ်လို့ အန်တီ
ပြောတဲ့ဟာလေးကို ကျွန်တော်တို့ အခု ဒီနေ့ ပြောတဲ့ဟာလေးနဲ့ ဆက်စပ်ပြီး ကျွန်တော့်ကို နည်းနည်း ပြန် ရှင်းပြပါလား။
ဦးဉာဏ်ဝင်း။ ။ ကျွန်တော်တို့ ပြည်သူတွေက ဒီ ရွေးကောက်ပွဲကို စိတ်ဝင်စားဖို့ သင့်တယ်။ ပြည်သူတွေက မဲဆန္ဒရှင်တွေ။ အဲဒီတော့
လက်ရှိ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲဥပဒေအရ ပြစ်မှုတွေ တွေ့လို့ရှိရင် ရဲစခန်း တိုင်နိုင်တယ်။ ပြည်သူတွေဟာ ဒီအတိုင်း ငြိမ်ခံနေဖို့
မဟုတ်ဘူး ဆိုတဲ့၊ ဒီ အဓိပ္ပါယ် ပြောတာ။
ဦးဉာဏ်ဝင်း။ ။ ဥပဒေ ပြန်ကြည့်ပါဦး။ ပြစ်မှုတွေက ကျင်းပတဲ့အချိန်က ပြစ်မှုတွေ ဖြစ်နေတယ်။ ဟိုမှာ မကျင်းပသေးဘဲနဲ့ ခင်ဗျား
ဘယ်လိုလုပ် တိုင်မလဲ။ (ရယ်သံများ …)
သတင်းထောက်တဦး။ ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ရွေးကောက်ပွဲကို monitor လုပ်ခိုင်းတဲ့ သဘောလား ခင်ဗျ။
ဦးဉာဏ်ဝင်း။ ။ monitor လုပ်တယ်ဆိုတာ အတော် မြင့်ပါတယ်။ ပြည်သူတွေဟာ ဒါတွေကို နားလည်ဖို့တောင် တတ်နိုင်သမျှ
ပြောကြပါလို့ ဒီလို မှာလိုက်ပါတယ်။ ပြည်သူတွေက ကိုယ် နားလည်မှ ကိုယ် တိုင်နိုင်တယ် ပေါ့။ နားမလည်ရင် မတိုင်နိုင်ဘူး ပေါ့။
သတင်းထောက်တဦး။ ။ ဒါ့ကြောင့် ပြည်သူလူထုကို awareness ရှိအောင် လုပ်ပါ ပေါ့။
ဦးဉာဏ်ဝင်း။ ။ ဟုတ်တယ်၊ မှန်တယ်။ အဲဒီ အဓိပ္ပါယ် ပါ။
ရပြီနော်။ (ရပါတယ်။) ကျေးဇူးတင်ပါတယ်။
အခု ဖော်ပြခဲ့တာတွေကတော့ ဦးဉာဏ်ဝင်း ပြောကြားသွားတဲ့အတိုင်း၊ သတင်းထောက်များ မေးမြန်းထားတဲ့အတိုင်း ပြန်လည် ဖော်ပြခြင်း
ဖြစ်ပါတယ်။ သို့သော် စာမျက်နှာ ၂၊ ဒုတိယစာကြောင်းတွင် ဖော်ပြထားတဲ့ ဒီ တရား (မ) မျှတတဲ့ ဥပဒေကိုတောင်မှ ဆိုတဲ့နေရာမှာတော့
ဦးဉာဏ်ဝင်းက (မ) ထည့်ပြီး ပြောသွားတာ မတွေ့ရပါဘူး။ ဒါပေမယ့်လည်း ပြောသွားခဲ့တဲ့ အဓိပ္ပါယ်များအရ ထိုသို့ ထည့်သွင်း
သုံးနှုန်းထားတာ ဖြစ်ပါတယ်။