You are on page 1of 3

ပို၍ဝေးသွားတဲ့ အနီးဆုံးသူငယ်ချင်း

သူငယ်ချင်း ….. မင်းနဲ့ငါ ငယ်ငယ်က… မယ်မယ်ရရမဟုတ်သေးတဲ့ ကာလတွေမှာ ၀ါသနာတူတာလေးအကြောင်းပြု ခေါင်းခုအိပ်ခဲ့ကြ ဒဿနစာအုပ်တွေ ငြင်းခုံကြ စကားနိုင်လုကြ ညနက်သန်းခေါင် တစ်ခါတစ်လေလည်း .. အရွယ်နဲ့ မမျှအောင် ပုလင်းပါထောင်ဖြစ်ခဲ့ကြ တက်ကြွတဲ့မင်းရဲ့ အတွေးတွေ ထက်ရှတဲ့မင်းရဲ့ ခံယူချက်တွေကြားမှာ အရံလူအဆင့်ထက် ငါကပိုပြီး မဖြစ်ထွန်းခဲ့ မင်းနဲ့ပြိုင်ငြင်းဖို့တောင် မလွယ် မင်းပြောခဲ့တယ်ငါ့ကို .. `ဝေးလိုက်တာကွာ` တဲ့….. ဇာတိမြေကခွာ မြို့ပြထဲတိုးဝင် ပိုးမျှင်လိုရစ်ထပ်နေတဲ့ဘ၀တွေ ရှိုက်ငင်ဆွဲချပင့်သက်ရှည် မျက်ရည်စစွန်းထင်းနေတဲ့ ဖြူလျော်လျော်ပါးပြင် အားအင်ချိနဲ့လက်ချောင်းများ ရွေ့လျားမှုကန့်သတ်ခံရတဲ့ ခြေထောက်အစုံနဲ့ ရေသောက် ဗိုက်မှောက် ဘ၀ရဲ့ အိပ်မက်ရှည် ငါစတင်ချိန်မှာ … မင်းဟာ .. စစ်ဗိုလ်ဖြစ် ထပ်ပြောဖြစ်ခဲ့တယ် မင်းငါ့ကို… ဟေ.ကောင် … `ဝေးရပြန်အုံးမယ်ကွာ` တဲ့…..

တစ်ကယ်တော့ .. မဝေးလှပါဘူးကွာ မင်းပခုံးမှာ အပွင့်တွေဖုံးလာနေတဲ့အကြောင်း မင်းရုံးမှာ အဆင့်တွေတိုးလာနေတဲ့အကြောင်း မင်းနှလုံးမှာ အကျင့်တွေဆိုးလာနေတဲ့အကြောင်း အကြောင်း…. အကြောင်း…. အကြောင်း….တွေ ငါကြားနေခဲ့ပါတယ်…. ခါးမှာဗျောက်တိုချိတ် စကားဖွာ (ေ….ာက်)အပိုတွေ သိပ်လုပ်ပြီး ဟိတ်ထုတ်နေတဲ့ မင်းကို တစ်ခါတစ်ခါ တီဗွီပေါ်မှာတောင်မြင်ခဲ့ရသေး အေး … တစ်ဖြည်းဖြည်းတော့ ဝေးစပြုပြီမှန်း ငါသတိထားမိလာခဲ့…… ဘာတဲ့… တစ်လောကကြားလိုက်မိ ၀န်ပိနေတဲ့စစ်တပ်.. မလစ်လပ်တဲ့ဌာနတွေထဲ ဆွဲဖြဲအတင်းဝင်ထိုင် မင်းကိုယ်တိုင်ပါသွားခဲ့ လုပ်ရမည့်အလုပ်နဲ့ မင်းရဲ့စစ်ဗိုလ်ပြုတ်အရည်အချင်း အဟင်းဟင်းဟင်း … အတင်းမပြောချင်ဘူး သူငယ်ချင်းရာ….. ဟော.. တံခါးခေါက်သံ တစ်နေ့ရဲ့နံနက်ခင်း .. အော်… သူငယ်ချင်း မင်း..ကိုး ဘူစီဘောင်းကွဲသွားလို့ ယူနီဖေါင်းလဲလာတဲ့ မင်း.. ခပ်မြှင်းမြှင်းအပြုံးနဲ့ ငါ့ကိုပြော

`ဆောရီး သူငယ်ချင်းရာ… ငါတို့ဝေးသွားတာ .. အကြာကြီးပဲနော` တဲ့….. အော်… အင်း .. အင်း … မင်းပြောတာ ဟုတ်သားပဲ… မင်းတအား အလုပ်တွေ အရှုပ်တွေ များနေခဲ့လို့ဆိုတာ ငါသိနေသားပဲလေ.. တောင်းပန်နေစရာ မလိုပါဘူး ကျေးဇူးတော့ အတင်သားကွာ.. အားနာပါတယ်… ငယ်ငယ်က ဒဿနတွေပြန်နွှေးချင်တယ်ဆိုရင်တော့ အင်း .. မင်းဟာသတွေလာပြောမနေနဲ့တော့ကွာ….. အခု .. မင်းနဲ့ဝေးရာကို သွားရမှာက … ငါ လက်လှုပ်ပါမှ .. ပါးစပ်လှုပ်ရတဲ့ ဘ၀မို့… မင်းလို ဘ၀မှာ .. အချိန်ပိုမရှိ မင်းသိရင်နားလည်ပေး အေး … ဝေးနေတာပဲကောင်းတယ် သူငယ်ချင်း။ ညီညီ (ထားဝယ်) ၂ ဇူလိုင် ၂၀၀၈

You might also like