You are on page 1of 61

စိတ်ခတ်ကျောက်

ညီလင်းနိုင်

2019

ညီလင်းနိုင်

ကဗျာစာအုပ်လင့်များ PDF
"စိတ်ခတ်ကျောက် ၁"

သတ်ကွင်းထဲကအထိအရှကို ဓားတစ်စင်းလိုဆွဲထုတ်လိုက်မိတယ်

လည်မျိုထဲဓားနှောင့်ရိုးထိစိုက်ဝင်နေတဲ့ဓားကိုဆွဲထုတ်လိုက်သလိုမျိုး

လူ့ဘဝဟာလက်ဆောင်တစ်ခုဆိုရင် ကိုယ့်ရဲ့ဆာလောင်မှုကဗလာ

ဘယ်အကြောင်းတရားက စိတ်ကိုမီးညှိသွားတာလဲ

မနက်ဖြန်ဟာလည်းဒီနေ့လို ခြေကုန်လက်ပန်းကျဦးမယ်

နောက်ဆုံးလက်ကျန်နဲ့တွန်းထုတ်လိုက်တဲ့သက်ပြင်းဟာ သံသရာတစ်ခုစာမီးတွေနဲ့

ညအသားထဲ တဖျတ်ဖျတ်စိုက်နေတဲ့ကြယ်တွေကိုချစ်လို့

ဒီအမှောင်ထဲလက်ကုန်တိုးဝင်ခဲ့တာ

သွေးပျက်လောက်စရာမိုက်လုံးကြီးခဲ့ပုံများ

ဘရိတ်ပေါက်နေတဲ့လမ်းပေါ် ဆယ်ဘဝစာလက်မှတ်တက်ဖြတ်မိတယ်

ကောင်းပေကောင်းရဲ့နဲ့အမြင့်ကိုခေါင်းနဲ့တက်ခဲ့ကြ

စင်ချင်းတူရင်တောင် ငါတို့အခုရောက်နေတာက ကြိုးစင်

မင်းလည်းပြည်ပမှာပြည်လွမ်းနာကျပြီး ပြည်တည်နေသလို

ငါလည်းပြည်တွင်းမှာ ပြင်မရတဲ့ပျက်အစဉ်တွေထဲ ပြည်တည်နေတယ်

အသားထဲလှိုက်မြုံနေတဲ့ပြည်ပုပ်ကို အနာခံညှစ်ထုတ်ပစ်လိုက်သလို

လောက်တွယ်နေတဲ့ခေတ်တစ်ခုကို ဘယ်လိုခွဲထုတ်ပစ်လိုက်ရမလဲ

ကိုယ်ကျူးလွန်ခဲ့တဲ့အပြစ်တွေ ကိုယ့်ကိုကျူးလွန်သွားတဲ့အပြစ်တွေ

သေရေးထက် နေရေးဟာ ပိုမိုအသက်ရှုကြပ်လာတယ်

အဆီအသားတက်တက်စင်အောင်ကျွမ်းလောင်နေတဲ့ ဘဝတွေ
မီးကျီခဲဆမ်းထားတဲ့ လမ်းအကန်းပေါ်က ဘဝတွေ

ငါတိ့မ
ျိုးဆက်တစ်ခုလုံးဟာ သွေးညှီနံ့တွေ တညီးညီး

ကျပ်ခိုးစွဲနေတဲ့ ခေတ်ကြီးတစ်ခုလုံးရဲ့ အကျဉ်းသားတွေ

" မင်းအခုရောက်နေတာ သားသတ်ကွင်း "

" မင်းအခုရောက်နေတာ သားသတ်ကွင်း "

" မင်းအခုရောက်နေတာ သားသတ်ကွင်း "

ငါ ဒီလို အသံပြာအောင် မိုင်ကုန်ခေါင်းလောင်းထိုးမိတယ်

ငါတို့ ယုံကြည်တဲ့ အနာဂတ်

ငါတို့ ယုံကြည်တဲ့ နိုင်ငံတော်

ငါတို့ ယုံကြည်တဲ့ ခေါင်းဆောင်

ယုံကြည်မှုက သစ္စာ စ ဖောက်ရင်တော့ ကိုယ့်အရိပ်ကိုလည်း ဓားနဲ့ ပြန်ထိုးမိမှာပဲ

တစ်ဘဝစာ ပြောရကြေးဆို

ကဗျာဆရာဆိုတာ တိုင်းပြည်ချစ်စိတ်ကို ငယ်ထိပ်တက်ပြီး ငုတ်ရိုက်ထားတဲ့ကောင်တွေ

ကိယ
ု့်အရေးအသားနဲ့ကိုယ့်စိတ်ကို မုန်တိုင်းလိုထိုးခွဲပြီး

မီးတောက်ထဲ ပန်းစိုက်ထားခဲ့ချင်တဲ့ ကောင်တွေပေါ့

အခုတော့ ချစ်ခြင်းမေတ္တာကို နူတ်ခမ်းပြာအောင်ဖွာပြီး

မီးကို အရည်ဖျော်သောက်နေတဲ့ ခေတ်ကြီးတစ်ခုလုံးရဲ့ အံသွားပေါ်မှာ

ငါတိ့အ
ု တ္ထုပ္ပတ္တိဟာ သွေးသံရဲရဲ
"စိတ်ခတ်ကျောက် ၂"

အမှန်တရားတံခါးလာခေါက်မယ့်နေ့ကိုစောင့်နေတာ တဲ့

ပလက်ဖောင်းပေါ်ခေါင်းတင်အိပ်နေရတဲ့ကောင်က ထ အော်တယ်

ဘုရားသခင်နဲ့ စကားပြောချင်တယ်ဆိုတဲ့ ဝါကျကို

ကြိတ်စက်ထဲ လက်တစ်ချောင်းလုံးညပ်ဝင်သွားတဲ့အသံနဲ့ တဖွဖွ ရွတ်ဆိုတယ်

ဘာထူးသေးလဲ

ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်

ဒီနေ့ရလိုက်တဲ့တရားက မတရားမှု

အန္တရာယ်ဟာ အာဏာရှင်လို ကျောနံပါတ်ပြောင်းဝတ်ထားတယ်

ကိုယ့်ကိုရန်သူ့လက်ကလွတ်မြောက်စေခဲ့တဲ့ ဆောင်ဓားက

ကိုယ့်ဇက်ပေါ် အရှိန်နဲ့ပြေးဝင်လာတဲ့ ခံစားမှု

ဘာထူးသေးလဲ

ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်

လျှာတစ်ချောင်းလုံးပြတ်ထွက်သွားလည်း အမှန်တရားအကြောင်းပဲ ငါပြောမယ်

လက်တစ်ချောင်းမှမရှိတော့ရင်လည်း မေတ္တာတရားကိုပဲ ငါပေးမယ်

အခုတော့ စပါးစိုက်ရင်း ထမင်းငတ်နေရတာလောက်

အသည်းနာစရာကောင်းတာ မရှိတော့ဘူး တဲ့

ဘာထူးသေးလဲ

ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်

ဆိုဗိယက်စစ်သည်တော် ၇၀၅ ယောက်ကို ဇီဝန်ချွေပစ်ခဲ့တဲ့ ဆီမိုဟိုင်ဟာ

စတာလင်ဂတ်မှာ နာဇီစစ်သူရဲ ၅၄၂ ယောက်ကို သုတ်သင်ပစ်ခဲ့တဲ့ အီဗန်ဆစ်ဒိုရန်ကို


အဲဒီသူရဲကောင်းတွေရဲ့စနိုက်ပါ ငါ့လက်ထဲရောက်နေရင်တောင်

အခု ငါပစ်ချရမယ့်ကောင်တွေက တစ်ယောက်မှ ခေါင်းမပါဘူး တဲ့

ဘာထူးသေးလဲ

ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်

လေယာဉ်ပျံပေါ်က အရှိန်နဲ့လွင့်စင်ပဲ့ထွက်လာတဲ့ သတ္တုတစ်စလို

ရေဒီယထ
ိဲုက ရုန်းကန်ပွင့်ထွက်လာတဲ့ မိန့်ခွန်း

တန်းတူညီတူမဖြစ်သမျှ ကာလပတ်လုံး ဖာသယ်လိုနိုင်ငံမျိုးဖြစ်နေမှာပဲ

မှန်တယ်

နဖူးကို တည့်တည့်နစ်ဝင်သွားတဲ့ ကျည်ဆန်လို

မှန်တယ်

လည်မျိုကို ထုတ်ချင်းဖောက်ထွက်သွားတဲ့ မြားလို

ဘာထူးသေးလဲ

ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး

တစ် စက် ချင်း

ခေါက် ချ ပစ်။
"စိတ်ခတ်ကျောက် ၃"

လေယာဉ်ပျက်တစ်စီးလိုဝေါခနဲထိုးဆင်းလာတဲ့ အကုသိုလ်တွေပါ

တံစက်မြိတ်ပေါ် တစက်စက်စီးကျနေတဲ့ နေရောင်လို

တစ်ဘဝလုံးစိတ်ပူနာနဲ့ စိုရွှဲခဲ့ရတဲ့မျိုးဆက်

ကုလားအုတ်တစ်ကောင်လို သဲပူပူပေါ် မတ်မတ်ရပ်နိုင်ဖို့

ကိုယ့က
ိုယ်ကျင့်တရားကို ကိုယ့်ဖဝါးမှာ ဘယ်အချိန်ထိ သံမှိုစွဲထားရမလဲ

ယုံကြည်တယ် မွေးရာပါသွေးဆာနေတဲ့ဓားမရှိဘူး

ယုံကြည်တယ် ကျမ်းစာလာရန်ရှာနေတဲ့တရားမရှိဘူး

ဓားလိုထက်ရှတဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ တရားကိုဆက်သဖို့

ရန်လိုစိတ်ကို သတ်ဖြတ်ပစ်ရမယ်

အခုတော့ ပြည်တွင်းစစ်ကြီးက ပြည်သူအပေါ် ကမ္ဘာပျက်မီးလို စွဲလောင်တယ်

ဆင်းရဲတွင်းက ဂုဏ်သိက္ခာကို ဇိမ်ခေါင်းလို ဆွဲဆောင်တယ်

ငါတိ့ဟ
ုာ အညွန့်ခုတ်ခံထားရတဲ့အပင် အမြစ်နှုတ်ခံထားရတဲ့အပွင့်

လမ်းမရှိတဲ့ခရီးမှာ ကျည်မရှိတဲ့သေနတ်နဲ့ လောကဓံကို ဘယ်လိုပစ်ချလိုက်ရမလဲ

ကိုယ့်ရင်ဝထဲစိုက်နေတဲ့ဓားလောက် ဘယ်ဓားမှ အန္တရာယ်မကြီးဘူး

ကိုယ့်ဦးခေါင်းပေါ်တောက်နေတဲ့မီးလောက် ဘယ်မီးမှ အပူမကြီးဘူး

အဲဒီအရှိတရားတွေကို ဝမ်းနဲ့လွယ်ပြီး အမှန်တရားတွေကို မီးလိုငုံခဲ့ကြရတာ ငါတို့ပေါ့

နာကျင်စိတ်ကိုဖောက်ထုတ်လိုက်တိုင်း နာကျည်းစိတ်ဟာ ငရဲလိုပွင့်နေတာ ငါတို့ပေါ့

လူငယ်ဟာ တိုင်းပြည်ရဲ့အနာဂတ်ဆိုရင် ကျောင်းသားဟာ တိုင်းပြည်ရဲ့ ဥာဏ်ပညာပဲ

သူ့အတွေးကိုဓားလိုသွေးရင် သူ့သွေးဟာဓားလိုထက်တယ်

သူ့သွေးကိုဓားလိုတွေးရင် သူ့အတွေးပေါ် သွေးမတင်မိစေနဲ့


လူငယ်ကိုလမ်းပိတ်တာဟာ တိုင်းပြည်ကို အဆိပ်ခတ်တာပဲ

ကျောင်းသားကိုပစ်သတ်တာဟာ တိုင်းပြည်ကို သတ်ပစ်တာပဲ

လူရွှင်တော် တလွဲပြောရင် ရယ်စရာဖြစ်ပြီး သမ္မတ တလွဲပြောရင် ရွံစရာဖြစ်တယ်

Adolf Hitler လွဲခဲ့တယ်

Benito Mussolini လွဲခဲ့တယ်

Idi Amin လွဲခဲ့တယ်

Muammar Gaddafi လွဲခဲ့တယ်

ဘုရားနဲ့နီးပေမယ့် တရားနဲ့မနီးတဲ့ ဒေဝဒတ္ထနဲ့ သုပ္ပဗုဒ္ဓတို့လို လွဲခဲ့တယ်

မီးကုန်ယမ်းကုန်အလွဲတွေထဲကနေ မီးလိုယမ်းလိုပွင့်ပြခဲ့ကြတဲ့ကြယ်တွေ

ကြယ်တွေ ကြယ်တွေ ကြယ်တွေ

ကြယ်တွေဟာ တစ်ပွင့်ပြီး တစ်ပွင့်

Che Guevara ပွင့်ခဲ့တယ်

Nguyen Van Troi ပွင့်ခဲ့တယ်

Mahatma Gandhi ပွင့်ခဲ့တယ်

General Aung San ပွင့်ခဲ့တယ်

ဘယ်တော့မှ မသေမယ့်သမိုင်းနဲ့ ကမ္ဘာထက်သက်တမ်းပိုကြီးတဲ့အထိ

သူတို့ ပွင့်နေကြဦးမယ်

မီးညွန့်ကလေးတစ်စနဲ့ အမှောင်ကို ထိုးခွဲပစ်လိုက်သလို

လေပြေကလေးတစ်စနဲ့ တိမ်တွေကို တောက်ထုတ်ပစ်လိုက်သလို

ငါတိ့အ
ု သံထွက်က စိတ်ကိုခြစ်ထုတ်လိုက်တိုင်း စစ်ကို ချုပ်စေချင်တာပါပဲ။
"စိတ်ခတ်ကျောက် ၄"

ဒီထက်သွေးပျက်စရာဘာရှိသေးလဲ

လူ့အသိုင်းအဝိုင်းထဲကနေ လူ့ဘဝကို သူကိုယ်တိုင် လှီးထုတ်ချင်နေတယ်

မြောင်းထဲမှာ လောက်တဖွားဖွားကျနေတဲ့ ခွေးသေကောင်လို

လမ်းပေါ်မှာ ကျည်တဖွားဖွားကျနေတဲ့ လူသေကောင်တွေ

ဘယ်လိုသွေးအမျိုးအစားဖြစ်ဖြစ် ဖောက်ထုတ်ပစ်စရာ တစ်စက်မှမကျန်တော့ဘူး

နာရီတွေက ရပ်နေတယ် အချိန်တွေက ပြေးနေတယ် သူလည်းပြေး

စစ်ဘေးနဲ့ လက်တစ်ကမ်းအလို သေမင်းနဲ့ ခြေတစ်လှမ်းအလို

ချစ်ခြင်းမေတ္တာတရားဆိုတာ ဘယ်လိုဘာသာစကားမျိုးနဲ့ပဲ ခလုတ်ဖွင့်ဖွင့်

တစ်မိုးအောက်မှာ တစ်ရောင်ထဲ ရဲရဲပွင့်နေတာမျိုး

နာကျည်းလိုက်ပုံများ

အခု အဲဒီအပွင့်ကိုပဲ သူက ငါးတစ်ကောင်လို အကြေးခွံလှန်ချင်နေတယ်

ကြွက်တစ်ကောင်လို အရေခွံဆုတ်ချင်နေတယ်

ရင်သားတင်းနေတဲ့ ကလေးအမေက သားပျောက်ကို ဇောနဲ့ရှာသလို

သွေးဆုတ်နေတဲ့ ကျွန်တစ်ယောက်က လွတ်မြောက်မှုကို သွေးနဲ့ရှာသလို

သူ ရှာတယ်

အခု တွေ့ပြီ

မီးဆေးပြီးစ ဓားတစ်ချောင်းလို နေရောင်အောက်မှာ မတ်မတ်ရပ်နေကြ

မာတင်လူသာကင်းအတ္ထုပ္ပတ္တိကို ရင်ဘတ်မှာ တက်တူးထိုးပြီး

ဒက်စ်မွန်တူးတူးရာဇဝင်ကို လက်ဖျံထဲ ဖောက်ထည့်ထားတယ်ဆိုတဲ့ကောင်တွေ

ငါ့မှာ ယုံကြည်အားကိုးစရာ ဘာမှမရှိတော့ဘူးလို့ မြည်တမ်းနေတဲ့ ကောင်မလေးကို


မီးပုံရှို့ပစ်လိုက်ကြသတဲ့

အဲဒီနေ့ကစပြီး လူ့အသိုင်းအဝိုင်းထဲမှာ သူ့ကို တစ်ကြိမ်မှ မတွေ့ရတော့ဘူး

ဟိုး ခပ်ဝေးဝေးမှာတော့ လူတွေကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့ မျောက်တစ်ကောင်

သူ့အရေပြားကို သူဆွဲတင်နေပုံများ

အခုမှ လူ့ဘဝစစ်စစ်ကို အပိုင်ရလိုက်သလိုမျိုး။


"စိတ်ခတ်ကျောက် ၅"

ဒုက္ခပူပူအပေါ် ဘယ်လိုစိမ်းလန်းနည်းမျိုးတွေ သွန်ချပစ်လိုက်ရမလဲ

ပင့်ကူမျှင်တွေအလိမ်းလိမ်းကပ်နေတဲ့အသံတစ်ခု အမှောင်ထဲကခုန်ထွက်လာတယ်

ကမ္ဘာကြီးတစ်ခုလုံးကို ပုခုံးနှစ်ဘက်ပေါ်တင်ထားခဲ့တဲ့လူတွေ

တစ်ဘဝပြီးတစ်ဘဝ သမိုင်းပေါ်ဖြတ်လျှောက်သွားပုံက

သေရာက ရှင်လာသူတွေလို အံ့သြဘနန်း

ကိုယ့်စိတ်ကိုယ်ခြေနဲ့နင်းလျှော်ပြီး ကိုယ့်အသက်ရှုသံကိုယ်ခေါက်သိမ်းထားချင်တဲ့နေ့တွေ

အဆင်မပြေချင်ရင် ကိုယ့်လက်ထဲရောက်နေတဲ့ တစ်နေ့စာလုံး ကျကွဲပေါ့

စားပွဲပေါ်တင်ထားတဲ့စာအုပ်တွေ မီးထတောက်တဲ့အခါ

ငယ်ဘဝရဲ့အမှားတွေ အမှောင်ထဲ ထ ထ ပွင့်တဲ့အခါ

ကိုယ့်အပေါ် အကြိမ်ကြိမ်မှောက်ကျနေတဲ့ အသိဥာဏ်က ညှော်စော်နံလာတယ်

ဒုက္ခနဲ့တွေ့တဲ့အခါ လောကဟာ တစ်ယောက်ထဲ ကွက် ရှင်တယ်

နှုတ်မရတဲ့သပ်တစ်ချောင်းလို အဲဒီအနာဟာ တဆတ်ဆတ်ခါလို့

ဘဝကို လွယ်လွယ်နဲ့ အနိုင်မယူနိုင်တဲ့အခါ

ကိုယ့်နာမည်ကိုယ် ရဲရဲမခေါ်ရဲဘူး

အထီးကျန်ဘဝရဲ့ ခက်ထန်မာကျောမှုဆိုတာ

မီးနဲ့မတွေ့ရသေးတဲ့ ဓား

အချစ်ဆိုတာ ကမ္ဘာပတ်လမ်းကြောင်းထဲ

ပေါက်ဓားတစ်ချောင်းလို ပစ်ထည့်လိုက်ရင်တောင်

နွေပူပူထဲ ထီးလိုပြန်လာပြီး

ဆောင်းအေးအေးကို ပျော်ကျစေမယ့် မီးလင်းဖိုလေးပေါ့


အရိပ်စစ်မယ့် သစ်ပင်တစ်ပင် စိုက်ချင်တယ်

အပြစ်ကင်းတဲ့ သီချင်းတစ်ပုဒ် ဆိုချင်တယ်

အရောင်တွေ ပြစ်ခဲလာတဲ့အခါ ဘဝကိုအရင်းအတိုင်းချွတ်ချထားခဲ့ချင်တယ်

လူ့ဘဝကို အကောင်းမြင်ကြည့်ရင် လျှာတစ်ချောင်းလုံး ဖြတ်သိမ်းထားလိုက်ချင်တဲ့ အရသာ

ဖုန်အလိမ်းလိမ်းကပ်နေတဲ့ အသားစတစ်ဖတ်ဟာလည်း

ဆာလောင်သူအတွက် သေရေးရှင်ရေး

ဘာမှမရေးရသေးတဲ့စာရွက်လောက်ဖြူစင်တာ

ဘာရှိဦးမလဲ အမေရယ်

လူဟာ လူစော်နံလာတဲ့အခါ

လူဟာ လူကိုရွံလာတဲ့အခါ

ကိုယ် ကိုးကွယ်ရာဟာ ကိုယ့်ရင်ထဲ ဓားလို ခုန်ဝင်လာခဲ့တယ်

ဓား လို။
"စိတ်ခတ်ကျောက် ၆"

ငါ့အရသာကို အညစ်အကြေးတစ်ခုလို ငါကိုယ်တိုင်ထွေးထုတ်လိုက်မိတယ်

သွေးကြောအမျှင်တွေခုံးထလာပုံက ဘိန်းစားကိုအရေခွံဆွဲဆုတ်လိုက်တဲ့အတိုင်း

ဆွေးမြည့်နေတဲ့ဆံပင်တွေ အထွေးလိုက်ကျွတ်ထွက်သွားတယ်

ပုတ်ရိနေတဲ့အရည်တွေ တစ်စက်ချင်းစီးထွက်လာတယ်

ဖူးရောင်နေတဲ့လက်ချောင်းတစ်ချောင်းစီတိုင်းက လက်သည်းခွံတွေကအနက်ရောင်

မှုတ်ထုတ်လိုက်တဲ့သက်ပြင်းပူပူတွေနဲ့ရောပြီး ကျွတ်ထွက်သွားတဲ့သွားတွေ

ခပ်ဝေးဝေးကမျောထွက်လာတဲ့အူသံဟာ နားစည်ထဲ တုန်ခါပြီးတိုးဝင်သွားတယ်

ငါ့အသက်နဲ့ဘဝကို ကောင်းစွာသိမ်းထုပ်ထားပါရဲ့

ငါ့ဆန္ဒနဲ့အနာဂတ်ကို ကောင်းစွာမွေးမြူထားပါရဲ့

တစ်ခုခုကိုဆွဲဖွင့်လိုက်တိုင်း လောက်ကောင်တွေ တဖွားဖွားထွက်ကျလာပုံက

ငါတစ်သက်လုံးထမ်းပိုးလာခဲ့ရတဲ့ ငါ့အကုသိုလ်တွေအတိုင်း

လက်ကျန်ကိုချွတ်ယူလိုက်တိုင်း ခြောက်သွေ့မှုအစ အထီးကျန်နေရတာအဆုံး

တိတ်ဆတ်မှုကိုဖြဲကြည့်လိုက်ရင် တစ်ဘဝလုံးမှောင်နေတဲ့ အသက်ရှင်မှုကိုတွေ့ရမယ်

လတ်ဆတ်တဲ့လေပြည်လေညင်းတောင် ငါ့အဆုတ်ထဲ ကန့်လန့်ဖြဲဝင်သွားပေါ့

နံရံပေါ်ချိတ်ဆွဲထားတဲ့ မိသားစုဓာတ်ပုံအချို့ရယ်

ငါ့ချစ်သူ ချွတ်ထားရစ်ခဲ့တဲ့ ဖိနပ်တစ်ရံရယ်

ငါ့ရန်သူအပေါ် အမျှဝေရမယ့်ရက်စွဲရယ်

ငါနဲ့ပက်သက်တဲ့ အညှီအဟောက်မှန်သမျှဟာ

မီးဝနေတဲ့သံပြားပေါ်ကဖယောင်းသားတွေလို ပျော်ကျလာတယ်
ပျော်ရွှင်ဖွယ်ရာတစ်ခုတလေ ထပြန်ချင်နေတာကလွဲရင်

ဘာအဆက်အသွယ်မှ ရောက်မလာဘူး

ငါဟာအလဲလဲအပြိုပြို ငါဟာကယောင်ကတမ်း

ငါ့အသံတွေပြတ်ရွေ့ ငါ့အမြင်တွေပြတ်ရွေ့

ငါ့သူငယ်အိမ်တစ်ခုလုံး ပြည်ပုတ်တွေဖုံးသွားပြီ

ငါ့အသားစိုင်တွေကလည်း ရက်လွန်ခုတ်သားစတွေလို အညှီတလောင်းလောင်း

ငါ့ဦးခေါင်းပေါ် ကျီးတွေပြိုဆင်းလာတယ်

ငါ့အသိဥာဏ်ပေါ် အမှန်အမှားတွေမှောက်ကျကုန်တယ်

ငါဟာ အလန့်တကြား ငါဟာ အထိတ်တလန့်

ငါ့ကိုယ်ငါ ငါ့ခန္ဓာကိုယ်ထဲကနေ သွေးရူးသွေးတန်း ဆွဲနှုတ်လိုက်မိတယ်

ငါ့လက်ထဲမှာ ငါကလွဲရင် ငါဟာ အရင်ကငါ့အတိုင်း။


"စိတ်ခတ်ကျောက် ၇"

ကိုယ့်ထက်မြက်မှုကို အသက်နဲ့လဲပြီးကာကွယ်ပါ တဲ့

ဆယ်ဘဝစာညံ့နေတဲ့ အသံထွက်ဖြစ်ပစေ

မင်းအရောင်အသွေးကို မီးလိုပျိုးထောင်ပြခဲ့လိုက်

လျှပ်စစ်လိုခလုတ်ဖွင့်မှသေမိန့်ထုတ်ခွင့်ရတဲ့

အာဂန္တုဒိန်းဂျား မဖြစ်စေနဲ့

ကိုယ့်ခါးဆစ်ရိုးအပေါ်ကိုယ်ခွေပြီး

ကိုယ့်အဆိပ်အပေါ် ကိုယ်တိုင်သစ္စာစောင့်သိသူဖြစ်ပစေ

ငါ မပြောဘူးလား

အခုတော့

မင်းယဉ်ကျေးမှုကို သူတို့ နွားတံဆိပ်ကပ်လိုက်ကြပြီ

အခု မင်းကို သူတို့ဝိုင်းထားပြီ

မင်းနောက်ကျောကို ရေနံတွင်းလို အစဆွဲထုတ်ပြီး

မီးလို သူတို့ဝိုင်းထားပြီ

မီးကျိုးမောင်းပျက်ပြက်လုံးတွေနဲ့ မင်းကိုကြိုးတုပ်ပြီး

မင်းဂိုးပေါက်ထဲကို ပန်နတီကန်သွင်းကြတော့မယ်

ငါ့အသက်ကိုလောင်းကြေးထပ်ပြီး

မင်းကို သတိပေးခဲ့မယ်

မင်းအသက်ဇီဝကို ကျည်ကာမချွတ်နဲ့

မင်းလျှောက်နေတဲ့ခရီးလမ်းမှာ

ဗလာမပါတဲ့ နင်းမိုင်းတွေချည်းပဲ
မိုင်းနင်းမိလို့ လွင့်စင်ပဲ့ထွက်သွားတဲ့

အသားစတစ်ဖတ်ဖြစ်ပစေ

မင်းနာမည်ကိုသွေးနဲ့ရေးထွင်းပြီး

လျှပ်စီးလို ထစ်ချုန်းပြခဲ့လိုက်

မင်းမျက်မှောက်ကို

မျက်တောင်တစ်ခတ်စာ မျက်ခြေမပျက်စေနဲ့

တစ်တောင့်တည်းသောကျည်ဆန်ဖြစ်ပစေ

အဲဒီကျည်ဆန်ဟာ

မင်းရဲ့နားထင်ကို အမှိုက်ပုံထဲကထမီစလို

တစ်စစီဆွဲဖြဲပြီးမှ မင်းဦးခေါင်းထဲကိုသဲဆမ်းပြီး

တန်းလန်းဖောက်ဝင်ချင်နေတဲ့ ကျည်ဆန်

မင်းထွက်သက်ဝင်သက်တိုင်းကို

အချိန်ပြည့်မိုင်ကုန် အံကြိတ်ထား

အခု လာနေပြီ

ပြောရင်းဆိုရင်း စစ်ချီသီချင်းလို အဲဒီကောင်တွေလာနေပြီ

အပ်နဖားပေါက်ထဲ ဖြဲဝင်နေတဲ့စိတ်ကို

အလံလိုလွှင့်ပြီးလာနေပြီ

မင်းရဲ့ရိုးသားမှုအပေါ်

ဝတ်လစ်စလစ်စိတ်နဲ့ ချဉ်ခြင်းတပ်နေတဲ့

လျှာတော်သလင်းတွေလာနေပြီ

စင်ပေါ်တက်တဲ့ကောင်ဆို

အရူးတံဆိပ်ကပ်ပြီး တံတွေးထွေးကြမယ်
စင်အောက်ကကောင်ဆို

ငယ်ထိပ်ပုတ်ပြီး ဖိနပ်စောင့်ခိုင်းမယ်

အခု အဲဒီကောင်တွေက

မင်းနဲ့ဓားလွယ်ခုတ်တည့်တည့်မှာ ထိုင်နေပြီ

မင်းရဲ့ကျိုးနွံမှုတွေကို နဖားကြိုးထိုးဖို့

မင်းရဲ့ယဉ်ကျေးမှုတွေကို ဖိနပ်လုပ်စီးဖို့

လောကကို အမျှဝေနေရတဲ့ရုပ်နဲ့

ဆောင့်ကြွားကြွားကြီးထိုင်နေပြီ

တစ်ဝိုင်းထဲထိုင်နေတဲ့ကောင်ကိုတောင်

စီးကရက်တစ်လိပ်စာ မသထာဖူးတဲ့ကောင်တွေက

ကမ္ဘာကြီးတစ်ခုလုံးကို တင်ကျွေးထားရတဲ့ရုပ်ကြီးနဲ့

ထိုင်နေပြီ

အခု ထိုင်နေပြီ

မင်းရဲ့အသက်နဲ့ လက်တစ်ကမ်းအကွာမှာ

ဓားတွေလို အန္တရာယ်အပြည့်နဲ့

ထိင
ုနေပြီ
"စိတ်ခတ်ကျောက် ၈"

ခေါက်ရိုးကျိုးအောင်ထိုးချေခံထားရတဲ့တနင်္ဂနွေကိုနေထုတ်လှမ်းလိုက်တယ်

ဒါ အဆိပ်ရှစ်အောင်စထဲက မီးလိုထိုးထွက်လာတဲ့အသံ

အဆီလည်းဝင်းမှည့်မနေပဲနဲ့ မနက်ခင်းတိုင်းဟာသဲတရှပ်ရှပ်

တဖျပ်ဖျပ်ဆွဲလှန်ကြည့်လိုက်ရင် ဒဏ်ရာတိုင်းမှာသွေးဟာမြစ်လိုစီးနေတော့တာပဲ

ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ

နိုင်ငံတော်သီချင်းဟာ မြေသိမ်းခံလိုက်ရသူတွေရဲ့နှလုံးသည်းပွတ်ထဲ

ဓားသံလျက်တွေလို ပြိုးပြိုးပြက်ပြက်စီးဝင်သွားခဲ့တယ်

အိပ်ယာမရှိတဲ့ညဟာ ကမ္ဘာပျောက်တဲ့ညပဲ

လု လု ခံနေရတဲ့အခွင့အ
် ရေးကို သွေးရူးသွေးတန်းဖြဲရှာနေရတဲ့အဓိပ္ပာယ်

ကျွဲပခုံးထနေတဲ့နှစ်ကာလနဲ့ အသားနုမတက်နိုင်သေးတဲ့လောကဓံနဲ့

တစ်လမ်းမှ မမောင်းလိုက်ရပဲနဲ့ လေးဘီးလုံးပွင့်ထွက်သွားတဲ့နေ့တွေ

ငါတိ့ဟ
ုာ ဒေါ်လာသန်းရာချီတန်တဲ့ပန်းချီကားချပ်ထဲက ထမင်းငတ်နေတဲ့သူတောင်းစား

ငါတိ့ဟ
ုာ ဇာတိဂုဏ်ကိုပခုံးမှာထမ်းပြီး ကမ္ဘာပတ်နေတဲ့ဇာတ်ပျက်ကျွန်

ငါတို့ဟာ အမျိုးဂုဏ်ကိုခေါင်းမှာရွက်ပြီး ခြေတော်တင်ခံနေရတဲ့အိမ်ဖော်

ဘယ်နိုင်ငံခေါင်းဆောင်ကမှ ကိုယ့်သမီးကို လိင်ကျွန်ဖြစ်စေချင်မှာမဟုတ်ဘူး

နိုင်ငံခေါင်းဆောင်တိုင်းကလည်း ငါတို့အဖေမဖြစ်ခဲ့ကြဘူး

ထည်လဲစီးနေတဲ့ လန်ဘော်ဂနီနဲ့ ပက်ကြားအက်နေတဲ့ခြေဖဝါးနဲ့

ခွေးကျွေးလိုက်တဲ့ဂျေဒိုးနတ်နဲ့ ရိရွဲနေတဲ့ထမင်းသိုးနဲ့

ဈေးကစားနေတဲ့အိမ်ခြံမြေနဲ့ ခေါင်းအုံးနေရတဲ့ပလက်ဖောင်းနဲ့
ထမင်းတစ်နပ်လျှော့စားရမှာနဲ့ စားစရာထမင်းမရှိတာနဲ့

မီးမလာရင်ဖယောင်းတိုင်ထွန်းနဲ့ ထွန်းစရာဖယောင်းတိုင်ဖိုးမရှိတာနဲ့

နယ်လှည့်ပါးရိုက်ခဲ့တာနဲ့ ပြန်ကိုက်စရာ နား မရှိတာနဲ့

ပုဆိုးလှန်ပြလိုက်မှာနဲ့ လှန်စရာပုဆိုးမရှိတာနဲ့

သတ်ကွင်းထဲမောင်းသွင်းသလို စနစ်ထဲရိုက်သွင်းခဲ့ကြပေါ့

လူငယ်ဟာတိုင်းပြည်ရဲ့အနာဂတ် တဲ့

အဲဒီအနာဂတ်တွေက စည်ဘီယာဆိုင်ထဲမှာ

အဲဒီအနာဂတ်တွေက နိုက်ကလပ်ထဲမှာ

အဲဒီအနာဂတ်တွေက ကေတီဗီထဲမှာ

အဲဒီအနာဂတ်တွေက မာဆတ်ထဲမှာ

အဲဒအ
ီ နာဂတ်တွေက အမှိုက်ပုံထဲမှာ

အဲဒီအနာဂတ်တွေက ချောက်ကမ်းပါးထိပ်မှာ

ရက်လွန်အလောင်းတွေလို အရှင်လတ်လတ်သွန်ချခံနေရတဲ့ဘဝတွေ

အဲဒီဘဝတွေထဲကနေ ငါတို့ထိုးထွက်ခဲ့ကြတယ်

ဓားလိုထိုးထွက်ခဲ့ကြ

တရားလိုထိုးထွက်ခဲ့ကြ

မီးလိုထိုးထွက်ခဲ့ကြ

ငါတိ့ဟ
ုာဓား ငါတို့ဟာတရား

ငါတိ့ဟ
ုာ အဓမ္မတံဆိပ်ခတ်နှိပ်ထားတဲ့သံတုံးသံခဲတိုင်းကို ခါးလိမ်ချိုးပစ်ခဲ့တဲ့

ကြွက်သားအမြှောင်းမြှောင်းပေါ် ဖူးပွင့်နေတဲ့မီးတောက်တွေ

ယိုသူမရှက်တဲ့ခေတ်ပျက်ကြီးထဲမှာ

အသက်ကြောအတွက် ရှက်ကြောတွေကိုပဲဖြတ်ချလိုက်ရမလား
ရှက်ကြောအတွက် အသက်ကြောတွေကိုပဲဖြတ်ချလိုက်ရမလား

ဓားကိုစမ်းလိုက်တိုင်း ဒုက္ခတွေနဲ့ပဲပြတ်ရှခဲ့ရပေါ့ ဟောဒီ ၅၂ နှစ်စာတွင်းနက်ကြီးထဲမှာ။


"စိတ်ခတ်ကျောက် ၉"

အဆင်ပြေလားမေးရင် လောင်မီးကျနေတယ်က စ ရမှာပဲ

လောင်စာဆီ ဆမ်းထားတဲ့လမ်းပေါ်က ထင်းလိုပုံနေတဲ့စိတ်ဖြတ်စတွေ

သံသယတိုင်းဟာ ဓားခုတ်ရာတွေနဲ့လင်းလို့

မြင်ကွင်းတွေကလည်း အလျှံတညီးညီးနဲ့လောင်လို့

အသားလိုလို့ အရိုးတောင်းနေတာလား မျှော်စင်ပြီးဖို့ငြမ်းဝင်ထိုးတာလား

မီးကုန်ယမ်းကုန်ကျိုးကြေသွားတဲ့စိတ်ဟာ ခြေတစ်ဖက်ဆာနေတဲ့လမ်းပေါ်

လိုရာခရီးကနေ နောက်ပြန်လျှောက်ခဲ့တယ်

လူသတ်ရင် တစ်ခါပဲသေမယ် စိတ်ကိုသတ်ရင် သံသရာတစ်ခုစာသေသတဲ့

သေနေတဲ့စိတ်မှာ မြင်လိုစိတ်ဟာဗလာ မြင်ကွင်းကလည်းဗလာ

ဘဝတွေကလည်းဗလာ တိုင်းပြည်ကလည်းဗလာ

ဘယ်လက်ထဲကဖုန်းကို ခေါ်ဆိုလိုက်တိုင်း

ညာလက်ထဲကဖုန်းဟာ လူကြီးမင်းနဲ့ချည်းတိုးနေရတဲ့စနစ်

မင်းညီမလေးတွေက ကေတီဗီမှာ ဘီယာနဲ့အမြည်းခံနေရသလို

ငါ့ညီမလေးတွေလည်း မာဆတ်မှာ အညှာပြတ်ခဲ့ကြရတာပဲ

ပန်းဆိုးတန်းတံတားကြီးအောက်ကဖြတ်လျှောက်လိုက်တိုင်း

" တစ်ခါသွားရင် ငါးထောင်အစ်ကို " တဲ့

တစ်ခါကြားတိုင်း ခေါင်းထဲကို ကျည်ဆံတစ်တောင့်လို ဖောက်ဝင်တယ်

ကိုလံဘတ်လို နယ်မြေအသစ် မရှာနိုင်သရွေ့တော့

ဘေးအိမ်ကကောင်ကိုပဲ ထိုင်အော်ဆဲလိုက်ကြရုံပေါ့
မင်းနဲ့ငါရော ဘာထူးလဲ

ကိုယ်စီဝှက်ထားတဲ့လက်ဖဝါးထဲမှာ မင်းက ယာကူဇာတစ်ဂိုဏ်းစာနဲ့

ငါလည်း မာဖီးယားတစ်ကျိပ်ရှစ်ယောက်နဲ့

ဥာဏ်ရည်ကောက်ကျစ်သူအာဏာရရင် စကြာဝဠာအသစ်လည်း ပြာပုံတိုးတာပဲ

အခု မင်းနဲ့ငါက မီးဆေးပြီးစ ဓားတွေလို နင်းမိုင်းပေါ်တက်ရပ်ပြီး

အဲဒီပြာပုံအလယ်တည့်တည့်မှာ ရောက်နေပြီ

လက်ရည်တစ်ပြင်တည်း ဒေါင်းလန်းကြီးပေါ် ချိုသွေးရင်း

ရှေ့တိုးရင် ချောက် ဆိုတော့လည်း

တစ်ယောက်နောက်ကျောဆီကိုပဲ ကိုယ်စီ ဓားလို ဖောက်ဝင်ခဲ့ကြတယ်။


"စိတ်ခတ်ကျောက် ၁၀"

အရက်စက်ဆုံးကျိန်စာတွေကိုပဲ သွေးထဲဖောက်ထည့်နေမိတယ်

ရှော့ခ်တိုက်ခံလိုက်ရတဲ့ဝါယာကြိုးထဲက မီးလိုစီးကျလာတဲ့အသံ

ကမ္ဘာကြီးရွေ့သွားရင်တောင် အဲဒီမှတ်တမ်းတွေကိုရွှေ့မပစ်လိုက်နဲ့

ဓာတ်ပုံထဲထိုးစိုက်ထားခဲ့တဲ့ဓားထဲမှာ မျိုးဆက်တစ်ခုလုံးရဲ့နာကျည်းသံတွေပါတယ်

ခေတ်ကြီးတစ်ခုလုံးရဲ့ခြေကျင်းသံတွေပါတယ်

လိုအပ်လို့ ကိုယ့်အနာကိုယ်ပျိုးထောင်ထားတာ

လိုအပ်လို့ ကိုယ့်အသံကိုယ်မီးကင်ထားတာ

ပြစ်ခဲနေတဲ့နေရောင်ထဲ မြက်ခင်းစိမ်းတွေလည်း ခြောက်သွေ့သွားတာပဲ

မှားယွင်းနေတဲ့စနစ်ထဲ ဥာဏ်ပညာဆိုလည်း သိမ်ဖျင်းသွားမှာပဲ

စိမ်းလန်းတဲ့စိုက်ခင်းထဲ ရေဆုံးရေဖျားထိုးနှစ်ထားလိုက်ချင်တဲ့ ဒဏ်ရာတွေ

မေးကြောတွေထောင်ထလာတဲ့အထိ ပြည်တည်သွားတဲ့နိုင်ငံတော်သီချင်း

နေရောင်ခြည်ကိုမှ အခန်းထဲမှာ အမှောင်ချထားချင်တဲ့ကောင်

မီးတောက်ကိုမှ အာခံတွင်းထဲမှာ ထည့်ငုံထားချင်တဲ့ကောင်

လိင်အလုပ်သမလေးဆီကလွင့်စင်ပဲ့ထွက်လာတဲ့ အမျှဝေသံကို

မိုးကြိုးလို ရှောင်ကွင်းသွားခဲ့တာ ငါတွေ့တယ်

လမ်းကြုံရခဲ့တဲ့ နာကျည်းမှုတွေမှမဟုတ်တာ

အလိုမတူဘဲ သင်းကွပ်ခံခဲ့ရတဲ့မျိုးစေ့တွေ

အရသာကို အငွေ့တထောင်းထောင်းထစေချင်ရုံနဲ့ လျှာကိုမီးမြိုက်ပစ်တဲ့ကောင်

ထီးတစ်ချောင်းစာ အခွင့်အရေးရရုံနဲ့ နွေရာသီကြီးတစ်ခုလုံးရွှေ့ယူလာခဲ့တဲ့ကောင်


ရတနာသိုက်လိုချင်တာနဲ့ ပင်လယ်တစ်ခုလုံး ခပ်ထုတ်ပစ်ခဲ့တဲ့ကောင်

ငါတိ့ဟ
ုာ မတိုက်ခင် ကြိုတင် ပဲ့ထွက်ခဲ့ရတဲ့ဓားတွေ

ငါတိ့ဟ
ုာ မသေခင် ကြိုတင် ပုတ်ရိခဲ့ရတဲ့ငါးတွေ

အခု ဒီကောင်က စိန်တွင်းကြီးတစ်ခုလုံးကို ကားယားခွထိုင်ပြီး

ရာဇဝင်ကို ပြောင်းပြန်ရေးခဲ့ပြီ

အခု ဒီကောင်က ခေတ်ကြီးတစ်ခုလုံးကိုခုတ်လှဲထားခဲ့ပြီး

အညှီနံ့ကို အလံလိုလွှင့်သွားပြီ

ငါတိ့တ
ု တ်နိုင်တာမှန်သမျှအတွက် ငါတို့အသက်ကိုမွေးထားခဲ့ပါတယ်

ငါတိ့မ
ု တတ်နိုင်တာတွေအတွက်လည်း ငါတို့ဘဝတွေကို စတေးထားခဲ့ပါတယ်

ငါတို့ ကိုယ်စီလိပ်ပြာလင်းနေခဲ့ကြလို့များ အမှန်တရားရဲ့အရောင်က မှောင်လွန်းခဲ့တာလား

ငါတိ့ပ
ုခုံးပေါ်ကခေတ်ကြီးကို ထိစမ်းလိုက်မိတိုင်း

အရက်စက်ဆုံးကျိန်စာတွေကိုပဲ သွေးထဲဖောက်ထည့်နေမိတယ်။
"စိတ်ခတ်ကျောက် ၁၁"

အဆင်မပြေချင်ရင် ဦးနှောက်ထဲ ကျမ်းစာတွေအပြည့်ဖောက်ထည့်ထားပေမယ့်

ငါးပါးသီလကို ချိုးဖောက်လိုက်မိတာပဲ

အဆင်မပြေချင်ရင် ကိုယ်ရွေးလျှောက်တဲ့လမ်းက ကိုယ့်တစ်ယောက်တည်းအတွက် ငရဲ

အဆင်မပြေချင်ရင် ကိုယ်မွေးထားတဲ့ကျားတစ်ကောင်ရဲ့ညစာဟာ ကိုယ့်ခန္ဓာပါပဲ

အဆင်မပြေချင်ရင် ကိုယ့်ဆောင်ဓားပေါ်မှာ ကိုယ့်အသက်ဓာတ်ဟာ တိခနဲ

အဆင်မပြေချင်ရင် အရိပ်အောက်ရောက်မှ အကိုင်းကျိုးကျတတ်တာမျိုး

အဆင်မပြေချင်ရင် အဆင်ပြေနေသမျှတွေ အဆင်မပြေကြတော့ဘူး

တရားဓမ္မကိုလည်း ကျောသပ်ရင်သပ်ဖူးပါရဲ့

လောကအလှပေါ်လည်း ပြစ်မှားစော်ကားဖူးပါရဲ့

နေဝင်နေထွက်ရှုခင်းတွေဟာ အရင်အတိုင်း

တိမ်တွေရွေ့လျားနေပုံက အရင်အတိုင်း

အခု ငါအရမ်းအလိုလိုက်ခဲ့မိတဲ့ချစ်သူက ငါ့ကို ပျော်ပျော်ရွှင်ရွှင်သတင်းပေးတယ်

သူ့သားလေးနဲ့သူ့အနာဂတ်အတွက် မကြာခင်အချိန်အတွင်းမှာပဲ

သူရ
ဲ့ နောက်ရည်းစားနဲ့ တိတ်တိတ်ပုန်း လိင်ဆက်ဆံတော့မယ် တဲ့

ရုပ်ရှင်တွေထဲကလို လျှပ်စစ်စီးကြောင်းတွေ ပွင့်ထွက်မလာပါဘူး

ဝတ္ထုတွေထဲကလို ဆွဲကြိုးချခန်းတွေ ဆိုက်ရောက်မလာပါဘူး

ငါ့မှာ ရခဲတဲ့လူ့ဘဝကြီးကို ဆုပ်ကိုင်ထားရအခက်

ပြေးနေတဲ့ခေတ်ကြီးကို အမီလိုက်ရအခက်

ငါ့သိမ်ငယ်စိတ်က ငါ့ကို တဖျစ်ဖျစ် ဝါးမျိုနေပုံများ

အဆင်မပြေချင်ရင်
"စိတ်ခတ်ကျောက် ၁၂"

လုံခြုံမလားလို့ အမှောင်ကိုထိုင်ကြည့်နေမိတယ်

လေတိုးသံအစ ကြယ်တွေကြွေနေတာအဆုံး အရာအားလုံးသူစိမ်းဆန်လွန်းပေါ့

ပျော့ညံ့မှုက အဖြစ်အပျက်မှန်သမျှကို စာရွက်တစ်ရွက်ထဲထည့်ပြီး မီးရှို့လိုက်ချင်တယ်

ခေါင်းမာမှုက ရင်ထဲကမီးတောက်ကလွဲရင် ဘယ်အရာကိုမှ

မလင်းစေချင်တော့ဘူး

အစွန်းတစ်ခုမှာရောက်နေတာသေချာလို့ ငါ ခုန်ချခဲ့ပါတယ်

ဘဝတစ်ခုစာနစ်နေတာသေချာလို့ ငါ ငြိမ်နေခဲ့ပါတယ်

မင်းပိုင်ဆိုင်တဲ့စိတ်က ငါ့ကိုသတ်နေတာ မဆန်းဘူးလား

ငါပိုင်ဆိုင်တဲ့စိတ်က မင်းကိုချစ်နေတာ မဆန်းဘူးလား

မင်းနဲ့ပက်သက်သမျှတိုင်း ငါ့မှာ အဲဒီလိုအဆန်းတကြယ်

အချိန်တန်ရင် အသိုက်အမြုံဆီ ပြန်လာပါ

အချိန်တန်ရင် ပုံပြင်အဟောင်းတွေ ပြန်ဖွင့်ပါ

အချိန်တန်ရင် ငါ့နဖူးကို ပြန်နမ်းပါ

ငါ့ရဲ့ မိုက်မဲမှုက

တဖြည်းဖြည်းထွက်ခွာသွားတဲ့သင်္ဘောကို ရပ်စေချင်လို့

ပင်လယ်ကြီးတစ်ခုလုံး ခပ်ထုတ်နေမိတဲ့ကောင်

ဟုတ်တယ်

ငါ မင်းကို အဲဒီလို ချစ်တယ်။


"စိတ်ခတ်ကျောက် ၁၃"

မသေချာဘူးဆိုတာ သေချာပြီးတဲ့နောက် ဘာကိုဆုပ်ကိုင်ထားရဦးမလဲ

တစ်ခန်းလုံးပြန့်ကျဲနေတဲ့ လဲပြိုမှုတွေကို တစ်ညလုံးထိုင်ဖွာနေမိတယ်

အရေပြားကိုလှီးထုတ်လိုက်ရုံနဲ့ အကြောင်းအရာကရွေ့မသွားတာခက်တယ်

ရေကုန်ရေခမ်းမီးကျွမ်းနေတဲ့စိတ်နဲ့ ပျော်ရွှင်မှုကိုတကယ်ပျော်စေချင်နေတာခက်တယ်

မင်းက ထိပ်ဆုံးရောက်နေတဲ့စိတ်နဲ့ ဘဝကိုထမ်းထားရတာ ပျော်တယ်

ငါက အောက်ဆုံးရောက်နေတဲ့စိတ်နဲ့ ဘဝကိုနင်းထားရတာ ပျော်တယ်

မြက်တစ်ပင်သေသွားတာအစ မြစ်တစ်စင်းကောသွားတာအဆုံး

အရာအားလုံးရဲ့အဖြစ်အပျက်ကရိုးရှင်းတယ်

ငါ့မှာသာ အံလွဲစိတ်နဲ့လွင့်စင်နေရတာက မီးခိုးမဆုံးမိုးမဆုံး

တစ်ယောက်ထဲဆိုတဲ့အသိက စိတ်ကိုတစ်ချိန်လုံးကိုက်ဖြတ်စားသောက်တယ်

မဝရေစာနေ့ထဲမှာ ကိုယ့်အရိုးကိုယ်ပြန်ကိုက်မိတယ်လို့ အိပ်မက်မက်တယ်

နံရံပေါ်မှာ ငါတွေ့နေရတယ်

ငါ ညတိုင်းတွေ့နေရတယ် နံရံပေါ်မှာ

အဲဒီနံရံပေါ်မှာ တရွေ့ရွေ့လှုပ်နေတဲ့ကြိုးစင်တွေ သားသတ်ရုံထဲကသားလှီးဓားတွေ

အညှီနံ့ဟောင်နေတဲ့အဆိပ်ခွက်တွေ တစ်စစီပြန့်ကျဲနေတဲ့အရိုးစုတွေ

ဒီထက်အခိုးအငွေ့ဆန်တာဘာရှိသေးလဲ

ကမ္ဘာကြီးကိုလိုချင်လို့ လက်နှစ်ဖက်မြှောက်ပြီး အော်ကြီးဟစ်ကျယ်ဆုတောင်းနေတဲ့

အရူးကိုမြင်တော့ ငါ့မှာ မျက်ရည်စက်လက် ရယ်ရတယ်

ငါးတစ်ကောင်ကိုမီးကင်သလို ကိုယ့်အသက်ဓာတ်ကို ကိုယ့်သောကနဲ့ကင်နေတဲ့


ငါ့ကိုမြင်တော့ အရူးခမျာ ခွက်ထိုးခွက်လန် ငိုရှာတယ်

အနာအဆာများတဲ့လူ့ဘဝဟာ သံသရာထဲက ပဲ့ထွက်လာတဲ့မီးတောက်များလား

ဘာရယ်မဟုတ်ဘူး

ပေါ့ပေါ့ပါးပါးပြောရရင် ကိုယ့်အကြောင်းကိုယ် ရိုက်စစ်လိုက်တုန်းက

တစ်ကွက်ချင်းထွက်ကျလာတဲ့ တရားနဲ့ငါ ဝေးနေပုံတွေ။


"စိတ်ခတ်ကျောက် ၁၄"

အန္တရာယ်က ကိုယ့်ရဲ့ဓားလွယ်ခုတ်နေရာလောက်မှာရှိနေမလား

မီးကွင်းထဲကျွမ်းပစ်ဝင်သွားတဲ့ဖျံတစ်ကောင်လို

ဘယ်လက်ခုပ်သံကိုမှ အရသာမခံမိဘူး

အဆံချောင်နေတဲ့ကျောက်တုံးကို ရွှေချရကောင်းနိုးနိုး

ရေကုန်ရေခမ်းကူးခတ်နေသူကို လက်ကမ်းရကောင်းနိုးနိုး

ဘာမှမရှိတဲ့ရေခဲသေတ္တာထဲမှာ ဘာမှမရှိခြင်းတွေရှိနေလား

သေချင်စော်နံသွားတဲ့မနက်ခင်းနဲ့ မင်္ဂလာမနက်ခင်းပါ

ဘယ်ဝါကျက ဘယ်သူ့စိတ်ထဲ ပန်းလိုပွင့်သွားလဲ

မွေးရာပါအကန်းတစ်ယောက်လို သက်တံ့ကို အဓိပ္ပာယ်ဖွင့်မိတယ်

အတွေးအခေါ်မပါတာကလွဲရင် ခေါင်းမော့ပြီးလမ်းသလားနေတဲ့

ပါမောက္ခတွေကိုတွေ့တယ်

အမှောင်ထဲမီးသီးကျွမ်းနေတဲ့ဓာတ်တိုင်ကို အမှောင်ထဲမှာတွေ့တယ်

လောကဓံကို အနိဌာရုံတစ်ခုလို ဝမ်းနည်းစိတ်ပျက်နေတဲ့လူတစ်ယောက်

လောကဓံကို ပြိုင်ဘက်ကောင်းတစ်ယောက်လို အလဲထိုး သရော်ချင်နေတဲ့လူတစ်ယောက်

သေနေ့မစေ့ဘဲ သေပေးလိုက်ရတဲ့ အလောင်းကောင်လို

သေလည်းသေရသေး တစ္ဆေလည်းထင်ကြသေး

လေထဲမှာ တွဲလွဲကျနေတဲ့ကြိုးတစ်ချောင်း

စားပွဲပေါ်မှာ ငြိမ်သက်အေးစက်နေတဲ့ ဓားတစ်ချောင်း

အလိုမတူဘဲဖျောက်ဖျက်ခံလိုက်ရတဲ့သန္ဓေသားလို
ငြင်းဆန်ခွင့်အစစ်ကို တရားလိုဆာတယ်

မီးကုန်ယမ်းကုန်မွန်းကြပ်မှုက တုန်လှုပ်စိတ်ပေါ် သေပန်းလိုလာပွင့်နေပြီ

အရေပြားပေါ်မှာ ဇောချွေးတွေ တဒီးဒီးစိုစွတ်လာတယ်

အသက်ဓာတ်ဟာ သွေးလို တစ်စက်ချင်းစီးထွက်နေတယ်

လက်လှမ်းမီရာ အလန့်တကြားကုတ်ခြစ်လိုက်မိတော့ လက်သည်းကြားထဲ သစ်သားစတွေစိုက်ဝင်ကုန်တာကိုသိတယ်

အမှောင်ထဲကနေ အမှောင်ကို အငမ်းမရစိုက်ကြည့်နေမိတယ်

အသံပြာအောင် အကြိမ်ကြိမ်အော်မိတယ်

" ငါ မသေသေးဘူး "

" ငါ အသက်ရှိသေးတယ် "

" ငါ့ကို ခေါင်းတလားထဲကထုတ်ပေးပါ "

ကိုယ်ကလွဲရင် ကိုယ့်အသံ ဘယ်မှမရောက်နိုင်တော့ဘူးလား

ဘာမှမစဉ်းစားချင်တော့ဘူးဆိုတာကို

လေးလေးနက်နက်စဉ်းစားလိုက်မိတယ်

အဖြစ်အပျက် အားလုံး

ငြိမ်သက် တိတ်ဆိတ်

ပြီးတော့။
"စိတ်ခတ်ကျောက် ၁၅"

လူ့ဘဝက ခဏလေးလို့ ကြားဖူးတာပဲ

ရည်ရွယ်ချက်နဲ့ အိပ်မက်လား

ပေါ့ပေါ့ပါးပါးပြောရရင် လေးလေးနက်နက်ရထားတဲ့ဘဝကိုရင်းပြီး

ကမ္ဘာ့လူဦးရေသန်းခြောက်ထောင်ကျော်အတွက် သူရဲကောင်းဖြစ်ချင်တယ်

မိန့်ခွန်းတစ်နာရီစာလောက်နဲ့အကြမ်းဖက်သမားတွေကိုချေချွတ်နိုင်တဲ့ သူတော်စင်ဖြစ်ချင်တယ်

နျူကလီးယားကင်းစင်ပြီး အနာရောဂါကင်းရှင်းတဲ့လူ့ဘုံလူ့ရွာကြီးအဖြစ်
နိုင်ငံသမ္မတတစ်ယောက်နေရာကနေ ကြိုးစားကြည့်ချင်တယ်

ရုပ်ဝတ္ထုမှန်သမျှကို မေတ္တာတရားနဲ့ပေးဝယ်မှရမယ့် ခရက်ဒစ်ကဒ်စနစ်ဖန်တီးနိုင်တဲ့

နည်းပညာအကျော်အမော်တစ်ယောက်ဖြစ်ချင်တယ်

ဘယ်ဘာသာတရားမှကိုးကွယ်မှုမရှိရင်နေ

ကျောင်းသုံးစာအုပ်တိုင်းမှာ ကိုယ်ချင်းစာတရားကို အသက်လိုပြဌာန်းထားနိုင်တဲ့


ပါမောက္ခတစ်ယောက်ဖြစ်ချင်တယ်

လေလွင့်ပေတေနေတဲ့မိဘမဲ့ကလေးငယ်တွေကို ပြုစုပျိုးထောင်ပေးနိုင်တဲ့
ဘီလျံနာပရဟိတသမားတစ်ယောက်ဖြစ်ချင်တယ်

လူလူချင်းသတ်ဖြတ်မှုကင်းတဲ့ လူသားဆန်မှုကိုအသက်သွင်းပေးနိုင်တဲ့

လူသားဝါဒီတစ်ယောက်ဖြစ်ချင်တယ်

အခုလောလောဆယ်တော့ ခေတ်စကားနဲ့ပြောရရင်

အကြောလျှော့ပေးတယ် ပြောင်းတိုက်ပေးတယ် အပူထုတ်ပေးတယ်

နတ်ပြည်ကို ရေမီးအစုံနဲ့ တစ်နာရီဆက်ရှင် စားရိတ်ငြိမ်းပို့ပေးတယ်

အရပ်စကားနဲ့ပြောရရင်တော့ ဖာခံစားတာပေါ့
ဝန်ကြီးအစ ခရိုနီအလယ် အခြေခံလူတန်းစားအဆုံး ဈေးနှုန်းတစ်မျိုးတည်းယူတယ်

အပူလား အအေးလား ခပ်နွေးနွေးလား ကြမ်းတစ်ပြေးတည်းဆက်ဆံတယ်

ဒါနဲ့ ရှင်က ကဗျာဆရာလား

ဒါဆိုရင် ကျွန်မအနေအထားကို ထိရောက်ပြင်းထန်တဲ့စကားလုံးတွေနဲ့

ကဗျာတစ်ပုဒ်ရေးကြည့်လေ

ခေါင်းစဉ်ကို ကျွန်မကိုယ်တိုင်ရွေးပေးမယ်

" ပြာပုံထဲကနေ သူမရုန်းထွက်နေပုံက နေလို လလို ပြီးတော့ မီးလို "

ဒါဆို အဆင်ပြေမလား။
"စိတ်ခတ်ကျောက် ၁၆"

ကျွန်မရဲ့နေထိုင်မှုက မအောင်မြင်တဲ့သီချင်းတစ်ပုဒ်နဲ့ကျောရိုးချင်းဆင်တယ်

ကျွန်မဘဝထဲကပန်းထွက်နေတဲ့အနံ့သက်ရဲ့အရသာက ဒုက္ခ

ကျွန်မရဲ့အသက်ရှုသံက ဖုန်တထောင်းထောင်းထနေတဲ့နွေရာသီကြီးတစ်ခု

ကျွန်မအပြုံးက အူအခွေလိုက်ထွက်ကျနေတဲ့ခွေးတစ်ကောင်ရဲ့နာကျင်မှုမျိုး

ကျွန်မရဲ့အသံထွက်က ဒုတိယကမ္ဘာစစ်အတွင်းက မြုံအခဲ့ရတဲ့ လက်ကျန်ဗုံးတစ်လုံး

ကျွန်မဆာလောင်မှုက မီးကုန်ယမ်းကုန်သေကြောင်းကြံစည်ခြင်း

ငွေစနည်းနည်းပေးနိုင်ရင် ကျွန်မကို လိင်ဆက်ဆံနိုင်မှာဖြစ်ပြီး

ချစ်ခြင်းမေတ္တာစစ်စစ်ပေးနိုင်ရင်တော့

လူ့ဘဝရဲ့အရသာကို ကျွန်မက လိင်ဆက်ဆံနိုင်မှာဖြစ်တယ်

တစ်နပ်စာသက်ပြင်းလောက်နဲ့ ကမ္ဘာကြီးကိုလှုပ်နှိုးပစ်စရာလား

တစ်ရက်စာသောကလောက်နဲ့ အမှန်တရားကိုရိုက်ခွဲပစ်စရာလား

မျက်ရည်ကျတိုင်းသာတန်ဖိုးမြင့်တက်လာကြေးဆို

ကမ္ဘာကြီးကို ကျွန်မဝယ်နိုင်ခဲ့တာကြာပြီ

ဟောဒီမှာ ပိုင်ရှင်မဲ့ခွေးသေကောင်တွေ

ဟောဒီမှာ ဘီလျံနာလူသေကောင်တွေ

ဟောဒီမှာ ဝဲစားနေတဲ့လူမိုက်တွေ

ဟောဒီမှာ နူနာစွဲနေတဲ့တရားဟောဆရာတွေ

တစ်စုံတစ်ယောက်ကို ကျွန်မပွေ့ဖက်ထားချင်တယ်

တစ်စုံတစ်ယောက်ရဲ့ပွေ့ဖက်မှုကိုလည်း ကျွန်မလိုချင်တယ်
အခု ကျွန်မဗိုက်ထဲမှာ ကျွန်မ မမြင်ရသေးတဲ့ ကလေးလေးရှိနေပြီ

လူ့ဘဝရဲ့သွေးသံရဲရဲတွေ သူ့ကိုမမြင်စေချင်လို့

ကျွန်မ ကိုယ့်ခေါင်းကိုယ် ရဲရဲ ဖြတ်ထုတ်ပစ်လိုက်တယ်။


"စိတ်ခတ်ကျောက် ၁၇"

အရေးပေါ်ဥသြသံတွေထဲမှာ မြို့ကြီးတစ်ခုလုံးဟာ အရှင်လတ်လတ်ငရဲ

သိမ့်ခနဲလှုပ်ခါသွားတဲ့မြေပြင်ပေါ်

ဝုန်းခနဲပြိုဆင်းသွားတဲ့ အထပ်မြင့်အဆောက်အဦးကြီးတွေ

တစ်ဝက်တစ်ပျက်မီးလောင်ကျွမ်းနေတဲ့ လူသေကောင်တွေ

ငါးတစ်ကောင်လို ခုတ်ထစ်ခံထားရတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ

သေလူတွေရဲ့ခြောက်သယောင်းနေတဲ့ သွေးစီးကြောင်းတွေ

ရှင်လူတွေရဲ့ ပူနွေးစွတ်စိုနေဆဲ သွေးစီးကြောင်းတွေ

ကျည်ဆန် ဗုံးဆန်တွေကို ကျော်ဖြတ်

အော်သံ ငိုသံတွေကို ကျော်ဖြတ်

သွေးနံ့ ယမ်းနံ့နဲ့ အော်ဂလီဆန်စရာညှော်နဲ့တွေကို ကျော်ဖြတ်

ဦးခေါင်းပြတ်တွေကို ကျော်ဖြတ်

ခြေပြတ်လက်ပြတ်တွေကို ကျော်ဖြတ်

တိုက်ခေါင်မိုးပေါ်ရောက်တဲ့အချိန်အထိ စိတ်နဲ့လူ ဘယ်အပေါ်မှီကပ်ထားရမှန်းမသိ

လူဟာလူစိတ်ပျောက်နေပြီဆိုရင် ဘယ်ဘုရားမှဆင်းမကယ်နိုင်တော့ဘူး

လူဟာလူစိတ်ပျောက်နေပြီဆိုရင် ဘယ်တရားမှ ဆွဲမတင်နိုင်တော့ဘူး

လာနေပြီ သူတို့လာနေပြီ

သေမင်းဆီက သတ်မိန့်ရထားတဲ့ကောင်တွေလို သူတို့လာနေပြီ

ဟိုးခပ်ဝေးဝေးမှာ ရဟတ်ယာဉ်တစ်စင်းနဲ့အပြိုင်

ငါ့ဆီကို သူတို့လာနေပြီ
ငါကန့်လန့်ချထားတဲ့တံခါးကို သူတို့ချိုးဖျက်နေကြပြီ

ကြမ်းပြင်ပေါ်ကသေနတ်ကိုကောက်ယူပြီး

ရှေ့ဆုံးကကောင်ကိုပစ်ချလိုက်ရမလား

ငါ့ဦးခေါင်းထဲ ငါကိုယ်တိုင်ပစ်ထည့်လိုက်ရမလား

သေနတ်ထဲမှာ ကျည်ဆန်ရှိ မရှိဆိုတဲ့အဖြေကို

ဘယ်ဘုရားဆီ မက်ဆေ့ခ်ျပို့လိုက်ရမလဲ။
"စိတ်ခတ်ကျောက် ၁၈"

အခြားတစ်ဘက်မှာ တပ်ခ်ျမဟာရှိနိုးနဲ့ နံရံကိုတဂျစ်ဂျစ်ကုတ်ခြစ်နေတဲ့အသံကို

စိတ်မမှန်တော့တဲ့ အိန္ဒိယနိုင်ငံသားအဖိုးကြီးဆီကကြားရတယ်

အခုနေများ ကုလအတွင်းရေးမှူးချုပ်ဦးသန့် သက်ရှိထင်ရှားရှိနေသေးရင်

အနည်းဆုံးတော့ ကျွန်တော်တို့အဝတ်အစားတွေအပိုယူခွင့်ရှိမှာ

အခုတော့ ကိုယ်လုံးတီးရေချိုးပြီး ဒီအဝတ်ပဲပြန်ဝတ်နေရလို့ လူလည်းဝဲစွဲနေပြီဆိုတဲ့အသံကို

ပဲခူးမြို့သားလေး သန့်ဇော်ဦးဆီကကြားရတယ်

နောက်ဘဝရောက်ရင် ငုရင်ဗန်ထရွိင်းနဲ့ဆုံနိုင်မယ်ထင်လို့

ခေါင်မိုးပေါ်တက်ပြီးခုန်ချလိုက်တဲ့အသံကို ဗီယက်နမ်ကောင်လေးဆီကကြားရတယ်

ထိုင်းမှာဆို ဒီလိုမဆိုးဘူး အခုက ၅ ရက်လောက်ရေမလာတော့ အကုန်သွားပြီပေါ့

အိမ်သာအပုပ်နံ့ကတစ်မျိုး အာခေါင်ခြောက်လို့ထွေးထားကြတဲ့တံတွေးအပုပ်နံ့ကတစ်မျိုး

ဘယ်သွားရမလဲမသိ အကုန်လုံးသေမှ အေးတော့မှာပေါ့ဆိုတဲ့အသံကို

မော်လမြိုင်မြို့သားလေး နိုင်ဝင်းထွန်းဆီကကြားရတယ်

အူအတက်ရောင်ပြီး တစ်ကိုယ်လုံးပြာနှမ်းနေတဲ့အချိန်

သူ့ကိုကျောပိုးပြီးဆေးရုံလိုက်ပို့ခဲ့တာကို မမေ့ဘူးထင်ပါရဲ့

သူမသေခင် ၆ မိနစ်ခန့်အလိုမှာ ပြောဖြစ်အောင်ပြောသွားတဲ့

တက်ရီးမားကားစေးဆိုတဲ့အသံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဆီကကြားရတယ်

မလေးရှားဆိုတာ ဗဟာဒူးတို့ခေတ်က ဘောလုံးကွင်းထဲမှာ ငါတို့မြန်မာတွေဂိုးပြတ်သွင်းနေကျ

အခုတော့ ငါတို့မြန်မာတွေကို ဘဝထဲအထိပါသူတို့က ဂိုးပြတ်သွင်းနေပြီဆိုတဲ့အသံကို


အသက် ၆၀ နားနီးနေတဲ့ မန္တလေးသား ဦးတိုက်စိုးဆီကကြားရတယ်

ဆိုဗိယက်မပြိုကွဲခဲ့ဘူးဆိုရင် လက်ထိပ်ကိုလက်သီးမှာစွပ်ပြီး

ငါ့ကိုမေ့လဲသွားအာင်အထိ ဒီကောင်တွေထိုးရဲမှာမဟုတ်ဘူးဆိုတဲ့အသံကို

မျက်နှာတစ်ခုလုံးဖူးရောင်နေတဲ့ ကာဇက်စတန်နိုင်ငံသားဆီကကြားရတယ်

ဘိတ်သားကခင်ရင် ဘိတ်သားကိုလည်းတဖန်ပြန်ခင်ရမယ်ဆိုပြီး

အမြဲနောက်ပြောင်လေ့ရှိတဲ့အသံကို

အေကိုက်လို့အရိုးပဲကျန်တော့တဲ့ မြိတ်သားလေးဆီကကြားရတယ်

အာဖရိကသားတွေထဲမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရတာ ဂျော့ခ်ျဂျီဝဲလ်

ဒီတစ်ခုတည်းနဲ့တင် လူခြောက်သိန်းကျော်သေခဲ့ရတဲ့ပြည်တွင်းစစ်ကိုမေ့ထားပြီး

ငါ ဂုဏ်ယူနိုင်ခဲ့တယ်ဆိုတဲ့အသံကို

အိမ်နဲ့အဆက်အသွယ်မရသေးလို့ ထိန်းသိမ်းရေးစခန်းမှာ ၂ နှစ်ကျော်ကြာနေတဲ့

လိုက်ဘေးရီးယားနိုင်ငံသားဆီကကြားရတယ်

ထူးအိမ်သင်ရဲ့ မေမေချစ်တဲ့သားကြီး သီချင်းကိုဆိုမိတိုင်း

ငါ မျက်ရည်မထိန်းနိုင်ဘူးညီလေးရာ ဆိုတဲ့အသံကို

ရွှေဘိုသား ကိုအောင်မိုးဆီကကြားရတယ်

ဖျားနာလို့ဆေးသွားတောင်းတဲ့အခါ ဖျားရင်ရေချိုးဆိုတဲ့အသံကို

တာဝန်ကျနေတဲ့ အင်မီဂရေးရှင်းအစောင့်တွေဆီကကြားရတယ်

ဒါဘဝပေါ့ကွာ ငါထောင်ကျနေတုန်း ငါ့မိန်းမနောက်လင်ယူသွားတာဘာဆန်းလဲဆိုတဲ့အသံကို

မျက်ရည်ခိုင်ပုံရတဲ့ စစ်တွေမြို့သား ခိုင်မြတ်ကျော်ဆီကကြားရတယ်

မလေးရှားမှာ ငါတို့နိုင်ငံသား ပြည့်တန်ဆာတွေအရမ်းများလာတာ

အန်ကောဝပ်ကိုအားနာဖို့ကောင်းတယ်ဆိုတဲ့အသံကို

ကမ္ဘောဒီးယားနိုင်ငံသားဆီကကြားရတယ်
အိမ်ကိုငွေလွှဲချင်လို့ ကိုတာရာယာကိုသွားတာ

ပက်စပို့ ဘယ်နားကျပျောက်သွားမှန်းမသိလို့ အဖမ်းခံရတယ်

အသိပြည့်ဖို့အတွက် သတိဖြည့်နေရတယ်ပဲသဘောထားပါတယ်ဆိုတဲ့အသံကို

မြင်းခြံမြို့သား ကျောင်းဆရာလေးဆီကကြားရတယ်

ငါ့အစ်ကိုက မင်းတို့မြန်မာမလေးကိုယူထားတာ

မြန်မာတွေအရမ်းသဘောကောင်းတယ်လို့ပြောပြီး မြန်မာမြင်တိုင်းအမျိုးလိုက်စပ်နေတဲ့အသံကို

အရပ်ပုပုနဲ့ ခတ်မန္ဒူမြို့သား နီပေါကောင်လေးဆီကကြားရတယ်

ကာဂျန်းထောင်ထဲကညီအစ်ကိုသုံးယောက်က သံရုံးမီးရှို့တာ ဘာအကျိုးရှိလို့လဲ

ကျွန်တော်ကတော့ ဟောဒီ Lenggeng Camp ကြီးကိုမီးရှို့ပစ်ချင်တာဆိုတဲ့အသံကို

နံရိုးအပြိုင်းပြိုင်းနဲ့ ခါးကိုင်းနေတဲ့ တောင်ငူသားလေးဆီကကြားရတယ်

ဘွေးနော့စ်ဒီးယက်စ်ကို အသံထွက်မှန်အောင်ပြောရင် ဂရာဆီးယက်စ်ကို ထပ်သင်ပေးမယ်

လောလောဆယ်ငါဖျားနေလို့ ဆေးတစ်လုံးလောက်တောင်းပေးပါဆိုတဲ့အသံကို

ကိုလံဘီယာနိုင်ငံသားဆီကကြားရတယ်

ဘယ်ဘာဝင်ဖြစ်ဖြစ် စိတ်ကောင်းရှိမှ ဘုရားချစ်တာကွ ဆိုတဲ့အသံကို

အစ္စလာမ်ဘာသာဝင် မိတ္ထီလာမြို့သား အဘိုင်ကြီးဆီကကြားရတယ်

ကိုယ့်ဘာသာဝင်အချင်းချင်း နှုတ်ခမ်းကွဲအောင်အထိမထိုးသင့်ပါဘူးလို့ငါပြောတော့

အင်မီဂရေးရှင်းတွေက ငါ့ရင်ဘတ်ကို ထပ် ထိုးကြတော့တာပဲဆိုတဲ့အသံကို

ရင်ဘတ်တစ်ခုလုံးအညိုအမဲစွဲနေတဲ့ ပါလက်စတိုင်းနိုင်ငံသားဆီကကြားရတယ်

ဒီကောင်တွေက ငါတို့နာမည်ခေါ်တာကျတော့အသံမပီဘဲနဲ့

သူတ့လ
ို က်ယားတိုင်း အလကားရိုက်နေတော့တာပဲဆိုတဲ့အသံကို

ချင်းတိုင်းရင်းသားလေး ထျန်ဖရဲ့ဆီကကြားရတယ်

ဒီ အီဂျစ်ကောင်က ငါ့ထမင်းခွဲတမ်းကိုယူစားသွားတာ ကြက်ဥတစ်လုံးတည်းဆိုလည်းငါ့ခွဲတမ်းပဲ


အခု အဲဒီပြဿနာကို မင်းဖြေရှင်းပေးဆိုတဲ့အသံကို

အီရတ်နိုင်ငံသား အက်ဇမီးဆီကကြားရတယ်

ငါးခြောက်က လက်သန်းလောက်ရှိတာကို ငန်လိုက်တာမှ ဆားကဘုရားခေါ်ရမယ်ဆိုတဲ့အသံကို

နာဂတိုင်းရင်းသားလေး ကျော်ဦးဆီကကြားရတယ်

ပတ်စပို့ရှိနေလည်း အလုပ်နေရာမှားတယ်ဆိုပြီးထောင်ချလိုက်တာပဲ

ပက်ကွီယိုလက်သီးခဏငှားပြီး အေးဂျင့်တွေကိုသေအောင်ထိုးပစ်လိုက်ချင်တယ်ဆိုတဲ့အသံကို

ဒဗာအိုမြို့သား ဖိလစ်ပိုင်ကောင်လေးဆီကကြားရတယ်

ဒီအဆောင်သေးသေးထဲမှာတောင် ငါတို့နေ့တိုင်းရန်ဖြစ်နေကြတာ

မြန်မာပြည်ကြီးငြိမ်းချမ်းရေးရဖို့ကိစ္စ ဘယ်ကနေ စ ရမလဲမသိပါဘူးဆိုတဲ့အသံကို

နမ့်ခမ်းမြို့သား ရှမ်းတိုင်းရင်းသားလေးဆီကကြားရတယ်

ငါ့ လက်ပ်တော့ပ်ထဲမှာ ပွန်းဗွီဒီယိုဖိုင်တွေသိမ်းထားတာတွေ့လို့ အဖမ်းခံရတာ

ငါတိ့န
ိုင်ငံမှာဆို အမျိုးသမီးက အမျိုးသားကိုမုဒိမ်းကျင့်တာတောင်ဘာမှမဆန်းဘူးဆိုတဲ့အသံကို

တောင်အာဖရိကနိုင်ငံသားဆီကကြားရတယ်

ကျွန်တော်တို့ဆီမှာ ဘိန်းရှုရတာကမှတကယ့်အစစ်အဖြူရောင်ကို အမှန်အကန်ရှုရတာ

အခု ဒီမလေးရှားကဘိန်းတွေက ပန်းရောင်တွေ ချောကလက်ရောင်တွေ

ဘာတွေမှန်းမသိ ရှုပ်နေတာပဲဆိုတဲ့အသံကို ကချင်တိုင်းရင်းသားလေးဆီကကြားရတယ်

မွေ့ယာမရှိ အခင်းမရှိ စောင်မရှိ ခေါင်းအုံးမရှိ စီးစရာဖိနပ်မရှိ အဝတ်အစားအပိုမရှိ

ဒီလိုသာအမြဲတမ်း သမံတလင်းပေါ်အိပ်နေရရင် ကြာရင်ကျန်းမာရေးထိခိုက်မယ်ဆိုတဲ့အသံကို

လက်ဝှေ့ထိုးတတ်တဲ့ ဂါနာနိုင်ငံသားဆီကကြားရတယ်

ငါတိ့န
ိုင်ငံထက်ဆယ်နှစ်နောက်ကျပြီးမှ လွတ်လပ်ရေးရတဲ့နိုင်ငံမှာ

ငါတိ့ခ
ိုးဝင်ပြီးအလုပ်လုပ်လို့အဖမ်းခံရတာလည်း အမှန်တရား

ခေတ်အဆက်ဆက်အာဏာရှင်စနစ်နဲ့ ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ကြောင့်
အခုအချိန်အထိ ငါတို့ဘဝတွေ အောက်ကျပြီးနောက်ကျနေခဲ့ရတာလည်း အမှန်တရား

အဲဒီကြားမှာ မှားနေခဲ့ရတာက ငါတို့ဘဝတွေပေါ့ညီလေးရာဆိုတဲ့အသံကို

ကယားပြည်နယ်က ရှေ့နေကြီးဆီကကြားခဲ့ရတယ်

ဟိုအင်ဒိုနီးရှားကောင်က တမာခေါက်ဆေးသားအထုပ်နှစ်ဆယ်ကို စအိုထဲထည့်ပြီး

ကာဂျန်းထောင်ထဲသယ်သွားခဲ့တာကို ထောင်ထိန်း UKP တွေမိသွားတယ်

ငါက အထုပ်လေးဆယ်တိတိကိုမျိုချပြီး စွန်ဂိုင်းဗလို့ထောင်ထဲသယ်သွားတာ အေးဆေးပဲ

အထဲရောက်တော့ ဘီစကစ်တွေနဲ့ လဲလှယ်စားတာ စားလို့တောင်မကုန်ဘူးဆိုတဲ့အသံကို

ပြင်သစ်စကားပြောတဲ့ အိုင်ဗရီကို့စ်နိုင်ငံသားဆီကကြားရတယ်

ကြိမ်ဒဏ် ၃ ချက်ရိုက်ခံထိထားလို့ အခုထိမှောက်အိပ်နေရတုန်း

အရိုက်ခံရတာမနာပါဘူးဗျာ ဖင်ကွဲသွားတာကိုပဲ ရင်နာမဆုံးဘူးဆိုတဲ့အသံကို

အမြဲတမ်းဟာသတွေပြောတတ်တဲ့ မြောက်ဥက္ကလာသားထွန်းမင်းနိုင်ဆီကကြားရတယ်

မလေးရှားရောက်ခါစမို့ မလေးစကားလည်းမပြောတတ်ကြ

ဘင်္ဂလားတွေနဲ့ရန်ဖြစ်တော့ မလေးလိုပြောတတ်တဲ့ဒီကောင်တွေက

ရဲကိုဘယ်လိုပြောလိုက်လည်းမသိပါဘူး

တရားရုံးတက်ပြီးထောင်ကျတော့မှ ဓားပြမှုမှန်းသိရတယ်ဗျာဆိုတဲ့အသံကို

တစ်ရွာတည်းသား ၉ ယောက်အဖွဲ့ရေနံချောင်းသားတွေဆီကကြားရတယ်

သြစတေးလျသတင်းထောက်က camp ထဲအထိဝင်လာပြီးရုပ်သံအင်တာဗျူးလုပ်တော့

နိုင်ဂျီးရီးယားနိုင်ငံသား အလီက သူ့အသံကို အလံလိုလွှင့်ပြီးပြောတယ်

"ဒီလို ပုံစံခွက်မျိုးနဲ့ခွေးကိုကျွေးရင် ခွေးတောင်မစားဘူး" တဲ့

SBS Dateline ချန်နယ်၊ ခေါင်းစဉ်က Welcome to Malaysia

၁၇ မိနစ် ၁၃ စက္ကန့စ
်ာ ဗွီဒီယိုဖိုင်

Youtube မှာတင်ထားတဲ့ အဲဒီဗွီဒီယိုဖိုင်ကြည့်ဖြစ်တိုင်း


အခုအချိန်အထိ အလီ့ကို သတိရနေတုန်း

၁၀ မိနစ် ၂၅ စက္ကန့က
ို မှတ်ဥာဏ်က အလိုလို သိမ်းထားပေးနေတုန်း

သူ့လက်မနဲ့ ထရေးကိုခြစ်ထုတ်လိုက်တော့ ရေညှိဟာ လက်မပေါ်မှာလက်တစ်ဆစ်စာ

ကျွန်တော်တို့အားလုံး နာနာကျင်ကျင်ရယ်မောခဲ့ကြ

ကျွန်တော်တို့အားလုံး ရယ်ရယ်မောမောနာကျင်ခဲ့ကြ

အလီပြောခဲ့တဲ့ ခွေးတောင်မစားတဲ့ အဲဒီပုံစံခွက်နဲ့ စားခဲ့ရတဲ့တစ်နပ်ဟာ

အရင်ရက်တွေကထက် ပိုပြီး ထမင်းဝခဲ့တယ်ဆိုတဲ့ ကျွန်တော့်ရဲ့အသံကို

အလီ့ကို ကြားစေချင်လိုက်တာ။
"စိတ်ခတ်ကျောက် ၁၉"

မင်းအဆင်ပြေတယ်လို့ဖုန်းဆက်တဲ့နေ့က

ငါတိ့အ
ိုမ်ကလေးရဲ့အပြုံး တစ်သက်မှာအလှဆုံးပွင့်ခဲ့တယ်

ပုံမှန်စားနေကျညစာထဲ မင်းအကြောင်းအရာတွေချည်းပဲရွေးပြီး ခူးခပ်မိကြ

မင်းက မင်းရှာလို့ရသမျှငွေတွေ ငါတို့ဆီပုံမှန်လွှဲတယ်

ငါတိ့က
ု ငါတို့ပြုသမျှကုသိုလ်တိုင်း မင်းဆီပုံမှန်ပို့တယ်

အချိန်မှန်မှန်စားပါ အချိန်မှန်မှန်အိပ်ပါ

ကျန်းမာရေးဂရုစိုက်ပါ အသွားအလာသတိထားပါ

မိုင်ထောင်ချီအကွာအဝေးဟာ စိတ်တစ်ခုန်စာနီးကပ်

မီးမစွဲတဲ့လောင်စာဟာ ငါတို့ပ့တ
ိဲု့မေတ္တာပါပဲ

အိမ်ကလေးအပေါ် လရောင်ဆမ်းချင်တော့

ရောက်လေရာအရပ်မှာ မင်းဟာ မှောင်နေရတာကြာပေါ့

မိသားစုဆိုတာ တစ်ရွက်ကြွေရုံနဲ့ တစ်ပင်လုံးသေတဲ့တရား

တစ်ပွင့်တည်းအဖတ်တင်လည်း တစ်သက်မွှေးနေမယ့်ပန်းပဲ

အခု အိမ်ကလေးထဲမှာ တစ်ပွင့်တည်းသောမင်းရနံ့ကလွဲရင်

ငါတိ့အ
ုားလုံးဟာ အသေ။
"စိတ်ခတ်ကျောက် ၂၀"

ရေ မြေ လေ မီး နဲ့ ဘာသာကြီးလေးမျိုး

ဘယ်တရားမှ မလုံလောက်တော့ဘူးလား

သေခြင်း ရှင်ခြင်း

ချစ်ခြင်း မုန်းခြင်း

တစ်ယောက်ကိုတစ်ယောက် မုန်းလို့မဝခင်

တစ်ယောက်ကိုတစ်ယောက် ချစ်လို့မဝခင်

အခု ငါ့အရှေ့မှာတင်

သူတို့ မရှိကြတော့ဘူး

လူ့ဘဝကို တစ်ကြောင်းတည်းပြောချင်လို့ပါ

မေတ္တာစိတ်ကင်းနေတဲ့ အရသာက

လျှာတစ်ချောင်းလုံးကို အရင်းကဖြတ်ယူသွားတယ်။
"စိတ်ခတ်ကျောက် ၂၁"

ငါးသက်စေ့လွှတ်ပြီးပြီ

ငှက် ၃ ကောင်လွှတ်ပြီးပြီ

ဘုရားကိုဆွမ်းကပ်ပြီးပြီ

စေတီကို ဆီမီးပူဇော်ပြီးပြီ

အမိအဖကို အမျှဝေပြီးပြီ

သတ္တဝါတွေကို မေတ္တာပို့ပြီးပြီ

အများဆိုင်နာမ်က ခင်မြန်မာ

အလုပ်အကိုင်က ပြည့်တန်ဆာ

သေနေ့နီးလာတဲ့ မွေးနေ့မှာ

ဘဝဟာ ပျော်စရာ။
"စိတ်ခတ်ကျောက် ၂၂"

"ဘယ် အ ချိန် ရှိ ပြီ လဲ"

တစ်စုံတစ်ယောက်ရဲ့နှုတ်ခမ်းဖျားက သဲ့သဲ့လေးတိုးထွက်လာတဲ့မေးခွန်း

"သူ တို့ ရောက် လာ တော့ မှာ ပါ"

နောက်တစ်ယောက်ရဲ့နှုတ်ခမ်းဖျားက ဖြည်းဖြည်းလေးတိုးထွက်လာတဲ့အဖြေ

အလင်းရောင်မလုံလောက်တဲ့ အခန်းကျဉ်း

ညှီစော်နံနေတဲ့ အနံ့အသက်

ဝန်းကျင်တစ်ခုလုံးဟာ ပန်းချီကားတစ်ချပ်လိုအငြိမ်

လူတစ်ယောက်ရဲ့လက်ဖျားလေးကို

လူတစ်ယောက်က ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား

အခန်းလေးထဲက နောက်ဆုံးအချိန်

အခန်းလေးထဲက လူနှစ်ယောက်ရဲ့နောက်ဆုံးဝင်သက်

အရာအားလုံးတိတ်ဆိတ်

ပြီးတော့

ကမ္ဘာကြီးကတော့ လက်ကျန်လူတွေနဲ့ လည်နေမြဲ။


"စိတ်ခတ်ကျောက် ၂၃"

ကြိုးတစ်ချောင်းပြတ်တောက်သွားကစတယ် လိင်အင်္ဂါအထားအသိုနေရာမှားတာကစတယ်

ဖောက်ထုတ်လိုက်ရုံနဲ့ အညှီနံ့က လောက်စီးပြီးထွက်လာတယ်

လက်ရှိအရေးအသားက လျှပ်စစ်ထိုင်ခုံပေါ်မှာ စိတ်ပွက်ပွက်ဆူနေတဲ့အကျဉ်းသား

ကွန်ဒုံးစွပ်ပြီးပွင့်လာတဲ့နေရောင် အငွေ့တထောင်းထောင်းထနေတဲ့အဆိပ်ခွက်

လူကြီးမင်းရဲ့ဘယ်ဘက်မှာ မှန်ရှေ့ကိုယ်တုံးလုံးချွတ်ပြီး လက်ခလယ်စုံထောင်နေတဲ့ကောင်

လူကြီးမင်းရဲ့ညာဘက်မှာတော့ ပြည့်တန်ဆာလက်ထဲကလိင်တံအတုကို
ကျူးဘားတံဆိပ်ဆေးပြင်းလိပ်လို ငုံခဲထားတဲ့ကောင် အမြီးပြတ်နေတဲ့ကောင် ခွာညပ်နေတဲ့ကောင်
ဆေးခြောက်ရှုပြီးစိတ်ကြီးဝင်နေတဲ့ကောင်

အဟောင်းကိုအသစ်လို မချိမဆန့်မျိုချနေတဲ့ကောင် ပတ်မကြီးထိုးဖောက်နေတဲ့ကောင်

သင်္ဘောဝယ်စီးရတာပျင်းလာလို့ ပင်လယ်ဝယ်ပြီးလှိုင်းစီးချင်နေတဲ့ကောင်

နားကွင်းဆွဲရတာရိုးလာလို့ နားရွက်စုံလုံးဖြတ်ထားတဲ့ကောင်

သက်ငယ်မုဒိမ်းမှုမြောက်သွားတဲ့ကောင် သက်ကြီးမုဒိမ်းမှုမြောက်နေတဲ့ကောင်

သစ်စေ့တစ်စေ့ဖင်ခုထိုင်ပြီး ပဲခူးရိုးမနဲ့အရပ်ချင်းတိုင်းချင်နေတဲ့ကောင်

လူကြီးမင်းရဲ့တံတွေးတစ်ခုန်စာအကွာကကောင် ခဲတစ်ပစ်စာအကွာကကောင်

လက်မောင်းမှာသတ္တိဆေးမင်ကြောင်နဲ့ ကမ္ဘာကြီးကိုတက်သိမ်းဖို့
ရေချိုးခန်းထဲမှာမိန့်ခွန်းကျင့်နေတဲ့ကောင်

အသံထွက်အပ်တစ်ဖျားစာနဲ့ ကမ္ဘာဦးမီးထက်တစ်ရက်ပိုစောချင်နေတဲ့ကောင်

နားနဲ့ကြားဖို့ခက်ခဲရင် ဖဝါးနဲ့ဖိပြီးဖောက်ချလိုက် ဒီကောင့်အသံအဖြောင့်အတိုင်းထွက်လာမယ်

ဘဝကတိုတယ် အရင်းအနှီးကရှည်တယ် တစ်ချက်ခုတ်ရုံနဲ့တစ်ခေတ်လုံးပြတ်ကျရမယ်


အရိအရွဲလိုစီးထွက်လာတယ် ပြည်ပုပ်လိုစိမ့်ထွက်လာတယ်

ဒီကောင့်အသံကိုကြားလိုက်သလား

သားအိမ်ထဲဝင်ပြီးအော်နေတာကြားလား အတွင်းခံဘောင်းဘီထဲကစိမ့်ထွက်လာတာကြားလား

အရိပ်နဲ့အရောင်နဲ့ လည်ပင်းမှာနွားတံဆိပ်နဲ့ ခေတ်ကြီးတစ်ခုလုံးအတွက် ဓားကိုအလံလိုလွှင့်ပြီး

ဒုက္ခကိုဇက်ကုန်ဖွင့်ထားခဲ့တဲ့ကောင်။
"စိတ်ခတ်ကျောက် ၂၄"

အော်သံ ငိုသံ ဆုတောင်းသံတွေလျှံကျနေတဲ့ ဒုက္ခသည်စခန်း

နယ်စပ်စည်းရိုးကိုကာရံထားတဲ့ သံဇကာကွက်တွေကိုကိုင်ပြီး

အဝေးကို တိတ်တဆိတ်ငေးနေတဲ့ကောင်လေး

မြင်ကွင်းအားလုံးကို ရှူ့ထောင့်မျိုးစုံကနေ ဓာတ်ပုံရိုက်နေတဲ့

ကမ္ဘာကျော်သတင်းထောက်

အရောင်ဖျော့နေတဲ့ကောင်လေးရဲ့ မျက်လုံးတွေကိုကြည့်ပြီး

သတင်းထောက်က ကရုဏာပြုံးနဲ့မေးတယ်

"ကောင်လေးရေ မင်းကြီးလာရင် ဘာလုပ်မလဲ"

ကောင်လေးက အဝေးကိုအငေးမပျက် ပြန်ဖြေတယ်

"စစ်ပြေးလမ်းထဲကို ပြန်သွားချင်တယ်"

သတင်းထောက်ဟာ အထိတ်တလန့်

ဘာဖြစ်လ့လ
ိဲုကလေးရယ်လို့ ဆက်မေးတော့

"သေနတ်မှန်ပြီးလဲကျကျန်နေခဲ့တဲ့

အဖေနဲ့ အမေကို သွားပြန်ရှာချင်လ့"ို တဲ့။


"စိတ်ခတ်ကျောက် ၂၅"

မင်းဆီက အရှိန်အဟုန်နဲ့ပန်းထွက်နေတဲ့စိတ်ကူးက နယူးယော့ခ်မြို့က လစ်ဘာတီရုပ်တုလို

မင်းဆီက တလက်လက်ဖြာထွက်နေတဲ့အနုပညာက ဂန္ဒီပစ်ချပေးခဲ့တဲ့လက်ကျန်ဖိနပ်တစ်ဖက်လို

နံရံမှာချိတ်ဆွဲထားတဲ့ပန်းချီကားထဲကနေရောင်ကို ဓားဦးချွန်နဲ့ဖဲ့ထုတ်ယူချင်နေတဲ့ကောင်

သောက်လက်စအရက်ခွက်ထဲ လူ့ဘဝရဲ့အမှောင်ကိုပါဖျော်စပ်ရောထည့်ချင်နေတဲ့ကောင်

မင်းရဲ့အရောင်အသွေးပေါ်က အမှတ်တံဆိပ်ဟာ လူငယ်

မင်းအသိဥာဏ်ထဲက ထက်မြက်မှုဟာ သွေးပြီးစဓား

မင်းရဲ့ကဗျာထဲမှာ လူ့ဘဝရဲ့အနာတရတွေဟာ အငွေ့တထောင်းထောင်း

မင်းအနာဂတ်ဟာ မြက်ခင်းစိမ်းစိမ်းပေါ်က တလူလူလွင့်တက်နေတဲ့အလံလို

မင်းရဲ့စိတ်ကူးဟာ အမြင့်ဆုံးတောင်ထိပ်က အရှိန်အဟုန်နဲ့စီးကျလာတဲ့ရေတံခွန်လို

အခုတော့ မင်းအရေးအသားတွေထဲကနေ ဘိန်းဖြူနံ့တွေထွက်လာတယ်

မင်းအကြောင်းအရာတွေထဲကနေ ဆေးပြားနံ့တွေမွှန်လာတယ်

အိမ်လွမ်းစိတ်ဟာ မီးစွဲနေတဲ့သီချင်း

အထီးကျန်မှုဟာ မီးဝိုင်းနေတဲ့သစ်စေ့

ဒီလောက်လေးနဲ့များကွာ

လောကဓံကို မင်း လက်နက်ချခဲ့တာ တစ်ညလုံးကြွေနေတဲ့ကြယ်တွေလို

ငါ မရောက်နိုင်တဲ့အရပ်မှာ မင်းဟာ သွေးသံရဲရဲမှောင်နေပေါ့

စစ်ကြီးပြီးတဲ့နောက် လောက်ကျနေတဲ့အလောင်းကောင်ဆီက အနံ့အသက်တစ်ခုလို

သွေးသားဆာလောင်နေတဲ့ ပြည့်တန်ဆာအိပ်ယာပေါ်က သုံးပြီးစကွန်ဒုံးတစ်ခုလို

စိတ်ရိုင်းဝင်နေတဲ့ ခွေးတစ်ကောင်ရဲ့ပါးစပ်ထဲက တွဲလောင်းကျနေတဲ့ လျှာတစ်ချောင်းလို

မင်းရဲ့ပျော့ညံ့မှုက မင်းအသက်ကိုဖောက်ထုတ်နေပုံများ မီးကုန်ယမ်းကုန်။


"စိတ်ခတ်ကျောက် ၂၆"

ဒါဟာ

ငါတိ့လ
ု က်ကျန်အသက်နဲ့နောက်ဆုံးတွန်းဖွင့်ရမယ့်

တံခါးတစ်ချပ်

ရွှဲစိုအောင်မှောင်နေတဲ့ ဟောဒီသတ်ကွင်းထဲ

ငါတိ့အ
ု သံဟာ စူးစူးဝါးဝါးလင်းနေရမယ်

ကောက်ရိုးတစ်မျှင်ဟာ ငါတို့သွေးကြောတွေဖြစ်ပြီး

မြက်တစ်ပင်ဟာ ငါတို့အမြဲတမ်းလွှင့်ထူထားရမယ့်အလံပဲ

နာကျင်စိတ်ကို သန်မာတဲ့စိတ်ကူးစိတ်သန်းတွေနဲ့ခုတ်လှဲ

အထီးကျန်မှုကို ခိုင်မာတဲ့ခံနိုင်ရည်ရှိမှုတွေနဲ့လှီးဖြတ်

ဝင်ရိုးစွန်းတစ်ဖက်ခြားနေတဲ့သီချင်းကို

ငါပြုခဲ့ဖူးသမျှကုသိုလ်တွေနဲ့လိမ်းကျံပြီး

မင်းခြေရင်းဆီ အရောက်ပို့လိုက်တယ်

တစ်ခုပဲ ...

လောကဓံကို တိမ်ဝင်စားလို့ မင်း ယုံကြည်တ့တ


ဲ စ်နေ့

ငါ့ သီချင်းဟာ မင်းဖွင့်စရာမလိုဘဲ

သူ့အလိုလို ဆိုညည်းနေတော့မှာ။
"စိတ်ခတ်ကျောက် ၂၇"

လေဟာနယ်ထဲ သက်တံတစ်စင်းထိုးဆင်းသွားသလို

ခန္ဓာကိုယ်ထဲ မိုးစက်မိုးပေါက်တွေဖြတ်စီးနေ

ကမ္ဘာသစ်တစ်ခုလို့ ထင်မှတ်မှားရလောက်အောင်

အဝေးပြေးလမ်းမကြီးတစ်ခုလုံး ငြိမ်သက် တိတ်ဆိတ်

ဦးခေါင်းပိုင်းတစ်ခုလုံး ကြေမွပြီး

အငွေ့တလူလူထွက်နေဆဲ မော်တော်ကား

မှန်ကွဲစတွေထိုးစိုက်ခံထားရတဲ့ သွေးသံရဲရဲမျက်နှာနဲ့

လူ နှစ်ယောက်

နာကျင်မှုတွေနဲ့ အပြုံးတစ်ခု

မယုံနိုင်မှုတွေနဲ့ ထိတ်လန့်ခြင်းတစ်ခု

ပိန်းပိတ်အောင်မှောင်နေတဲ့ ကောင်းကင်ကြီးအောက်

နောက်ဆုံးချစ်ခြင်းမေတ္တာရဲ့ သူမတူအောင် တောက်ပနေပုံက

နောက်ဆုံးလက်ကျန်အသက်နဲ့ လောင်ကျွမ်းပစ်လိုက်တဲ့

နောက်ဆုံး မီးတောက်လို
"စိတ်ခတ်ကျောက် ၂၈"

ပထမဦးဆုံးအကြိမ်ဆိုတဲ့ စိတ်က

တစ်သက်စာအလေ့အကျင့်တွေကို မျှဉ်းသတ်နေ

အသက်ဝဝရှူပြီး ရှေ့ကို အာရုံစူးစိုက်ကြည့်လိုက်တယ်

အသက်မဲ့နေတဲ့ ပျင်းရိငြီးငွေ့ဖွယ်မျက်လုံးတွေ

လေးညှို့ကိုမာန်ပါပါဆွဲယူပြီး ဆတ်ခနဲ လှည့်ပစ်လိုက်တယ်

ပစ်မှတ်အလယ်ဗဟိုစက်ဝိုင်းထဲစိုက်ဝင်ပြီး တုန်ခါနေတဲ့မြားတံ

အသက်ဝဝပြန်ရှူပြီး ရှေ့ကို အာရုံစူးစိုက်ကြည့်လိုက်တယ်

အသက်မဲ့နေဆဲ ပျင်းရိငြီးငွေ့ဖွယ်မျက်လုံးတွေ

မျက်လုံးကိုအဝတ်စည်းလိုက်ပြီး ဆတ်ခနဲ လှည့်ခုတ်ချလိုက်တယ်

မီးညွန့်ကလွဲပြီး ငြိမ်ငြိမ်သက်သက် မတ်ကျန်ရစ်ခဲ့တဲ့ဖယောင်းတိုင်

အသက်ဝဝထပ်ရှူပြီး ရှေ့ကို အာရုံစူးစိုက်ကြည့်လိုက်တယ်

အသက်မဲ့နေဆဲ ပျင်းရိငြီးငွေ့ဖွယ်မျက်လုံးတွေ

ဓားကိုရင်ဝပေါ်ထောက်ထားပြီး အားကုန်ထိုးစိုက်ချလိုက်တယ်

နောက်ကျောအထိတိုးလျှိုပေါက် ဖောက်ထွက်သွားတဲ့ဓား

အသက်မျှဉ်းမျှဉ်းထပ်ရှူပြီး ရှေ့ကို အာရုံစူးစိုက်ကြည့်လိုက်တယ်

ရုတ်ခနဲသက်ဝင်လှုပ်ရှားပြီး ပျော်ရွှင်မြူးထူးသွားတဲ့မျက်လုံးတွေ

ရုံပြည့်ရုံလျှံလက်ခုပ်သံတွေကို ရသလောက်သယ်နေတုန်း

စိတ်နဲ့ခန္ဓာဟာ

တ အိ အိ

ညွတ် တွား ကျ ဆင်း လာ


"စိတ်ခတ်ကျောက် ၂၉"

ဆွေးမြေ့ဖွယ်သီချင်းသံကို

နောက်ဆုံးခံတပ်တစ်ခုလို ခုခံကာကွယ်နေရတယ်

လေထဲ ဝေ့ဝဲကျသွားတဲ့ သစ်ရွက်ခြောက်ကလေးကအစ

လမ်းမကြီးပေါ် တစ်စက်စက်စီးကျနေတဲ့လရောင်အဆုံး

အရာအားလုံးဟာ

ကိုယ့်အသက်ဓာတ်ကိုလှီးဖြတ်နေတဲ့ ဓားတွေလို

မိုးစက်မိုးပေါက်တွေထဲမှာတောင်

တဖျစ်ဖျစ်တောက်လောင်နေတဲ့စိတ်

နောက်ဆုံးတစ်စက်ကျန်နေသေးတဲ့အထိ

အရသာရှိနေတဲ့အတိတ်

ပြောစမ်းပါ

ချစ်ခြင်းမေတ္တာဆိုတာ ဘယ်အထိလှိုက်စားတတ်တဲ့ ငရဲလဲ

နောက်ဆုံးဆုတောင်းရဲ့အလျှံတညီးညီးထဲမှာ

မင်းနာမည်တစ်ခုသာ ဆောင်းလိုပွင့်နေရဲ့။
"စိတ်ခတ်ကျောက် ၃၀"

တစ်ယောက်အသက်တစ်ယောက် မီနိုင်ပါဦးမလား

အဝေးကသတင်းစကားဟာ

ကြွေလက်စကြယ်လို ဖျတ်ခနဲ

ရေညှိအထပ်ထပ်နဲ့ ပုံပျက်သွားတဲ့မြို့ရိုးလို

ကျပ်ခိုးအထပ်ထပ်နဲ့ မှိုင်းတက်သွားတဲ့အလံလို

နားလည်မှုကို နောက်မကျစေချင်တော့ဘူး

မင်းဘက်ကသာ သေချာနေပစေ

လောကဓံဟာ အမှောင်ဆိုရင်တောင်

ဒုက္ခကိုမီးစာမြှင့်ပြီး

ငါ့အသက်ကို ဖျော်ထည့်လာခဲ့မယ်

မိုင်ကုန်။
"စိတ်ခတ်ကျောက် ၃၁"

စောင့်နေတယ်

'တစ်နေ့တော့ သေချာပေါက်ပွင့်ရမယ်'

ထပ် စောင့်နေတယ်

'မကြာခင် သေချာပေါက်ပွင့်လိမ့်မယ်'

အခု

ဆံဖြူသွားကျိုးနေတဲ့ ငါ့ရှေ့မှာ

နှစ် ၆၀ စာ ပန်းချီကားချပ်ထဲက

ဖူးလက်စနှင်းဆီဟာ

အသေ။
"စိတ်ခတ်ကျောက် ၃၂"

သေခြင်းတရားရဲ့ နောက်ဆုံးအရသာကိုသိဖို့

သေကြည့်ဖို့ လိုအပ်သလား

နေရာင်ခြည်ကို သိမ်းထားလို့မရဘူး

မနက်ဖြန်ကို ဆွဲဆန့်လို့မရဘူး

ပွင့်လက်စပန်းကို မခူး

သောက်လက်စရေကို မသွန်

စားလက်စအသီးကို မပစ်

ဖောက်လက်စ လမ်းတွေနဲ့

ပြောလက်စ စကားတွေကြား

ငါတို့ အသက်ရှင်ခဲ့ပုံက

ခမ်းလက်စ အိုင်ထဲက ငါးတွေရဲ့အပျော်လို။


"စိတ်ခတ်ကျောက် ၃၃"

လေထဲ တလူလူလွင့်နေတဲ့အလံတော်

စိတ်ထဲ တစိမ့်စိမ့်စိုက်နေတဲ့စစ်ချီသီချင်း

အမိန့ဟ
်ာ

နာခံတတ်မှုကို နဖားကြိုးထိုးလိုက်တယ်

သေနတ်ထဲကျည်မကုန်ခင်

ငါ့ကိုးကွယ်ရာဟာ

ငါ့ရှေ့မှာ သွေးသံရဲရဲ။
"စိတ်ခတ်ကျောက် ၃၄"

အမြင့်ဆုံးအထပ်ဆိုတာ သေချာပြီးတဲ့နောက်

တရှိန်ထိုးခုန်ချပစ်လိုက်ဖို့ အသင့်

လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်က ...

တကယ်ဆိုရင် ငါ အထင်လွဲတာလည်း ဖြစ်နိုင်ပါတယ်

တကယ်ဆိုရင် မင်း မာနကြီးတာလည်း ဖြစ်နိုင်တာပဲ

တစ်ယောက်ကိုတစ်ယောက် အဆုံးထိ နားလည်ခဲ့ရင်

တစ်ယောက်ကိုတစ်ယောက် အဆုံးထိ ခွင့်လွှတ်ခဲ့ရင်

ငါ့စိတ်ထဲ မင်း ခဏ ရှင်ခဲ့ရင်

မင်းစိတ်ထဲ ငါ ခဏ ဝင်ခဲ့ရင်

ငါတိ့တ
ွုဲလက်နဲ့ တိမ်တွေကို ဆွဲဖျက်နိုင်ခဲ့မှာ

ပြီးတော့

မင်းက လရောင်ကို ငါ့အပေါ် စောင်းငှဲ့လို့

ငါက ကြယ်တွေကို မင်းအပေါ် ပက်ဖြန်းလို့

အခု

အဲဒီအတွေးတွေနဲ့ အပျော်လွန်နေတဲ့ ငါဟာ

လေ ထဲ မှာ။
"စိတ်ခတ်ကျောက် ၃၅"

ငါတို့ အမြင့်ကို ပျံခဲ့ကြ

ငါတို့ အရှေ့ကို လျှောက်ခဲ့ကြ

ဆုံးရှုံးခဲ့ရင်လည်း

ကိုယ့်တရားနဲ့ကိုယ်ပါပဲ

ဘာမှ မရခဲ့ခြင်းကို

ငါတို့ ရခဲ့တယ်။
"စိတ်ခတ်ကျောက် ၃၆"

အချိုးအဆစ်ကျနတဲ့ပန်းပုရုပ်အတွက်

ဖဲ့ထုတ်ခံလိုက်ရတဲ့အသားစတွေ

နာကျင်မှုဆိုတာ အရက်စက်ဆုံးကျဆုံးမှုအတွက်

အလှပဆုံး စကားလုံး

အိပ်နေကျအိပ်ရာဟာ သားရဲတွင်း

စားနေကျအစားအစာဟာ အဆိပ်အပင်း

လတ်ဆတ်တဲ့နေရောင်ခြည်ထဲမှာတောင်

မနက်ခင်းဟာ လောက်တဖွားဖွား

ချစ်သူ မုန်းသူတွေကို ထားခဲ့ရမယ့်လမ်း

ပျော်စရာ ဝမ်းနည်းစရာတွေကို ထားခဲ့ရမယ့်လမ်း

သွေးသားချင်းပေါင်းစည်းဖို့ စိတ်ကစ
ိုတ်ချင်းနှီးနှောဖို့

ငါတို့ ကွေ့ကောက်ခဲ့ကြ

ငါတို့ စီးဆင်းခဲ့ကြ

ခင်ဗျားတို့ဆီရောက်မလာနိုင်ခဲ့ရင် အမျှဝေပါ

ငါးမျှားချိတ်မှာ ချိတ်ပါသွားတဲ့အသက်အတွက်

ငါးတစ်ကောင်ဘဝကိုပဲ ကျိန်ဆဲနေမိတယ်။

ညီလင်းနိုင်
ကဗျာစာအုပ်လင့်များ PDF Page
………………………………………..

ဖတ်ရှုအားပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

ကဗျာကောင်းများကိုထပ်မံဖတ်ရှုနိုင်ဖို့ ကဗျာစာအုပ့်လင့်များ PDF Pageကို Like & Follow

လုပ်ထားနိုင်ပါတယ်။ စာအုပ်ပါကဗျာစာသားများအတွက် မူရင်း စာစီသူကိုလည်း

လေးစားစွာ Credit ပေး ကျေးဇူးတင်ပါတယ်။

ကဗျာဆရာကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

You might also like